မောင်ခေတ်စည် - ဖေ့စ်ဘွတ်စာပေ ၄-၅ (အခန်းဆက်)

ဆရာမောင်ထင် (Image- Crd)

ဖေ့စ်ဘွတ်စာပေ
မောင်ခေတ်စည် 
(သစ်ခက်သံလွင်) နိုဝင်ဘာ ၅၊ ၂၀၂၂

# ဖေ့စ်ဘွတ်စာပေ (၄) #
23.10.22

ရယ်ရွှင်ဖွယ် အပြောအဆို အရေးအဖွဲ့ အသုံးအနှုန်းဝေါဟာရတို့ကြောင့် ဟဿရသတွင်အကျုံးဝင်သည်ဟုဆိုနိုင်သည့် အချို့သောရယ်မောဖွယ်ရာစာများကိုဖတ်ကာရယ်မောပြီးသည်၏နောက် စိတ်သန္ဌာန်တွင် အဖတ် တင်ကျန်ခဲ့တတ်သည့်အရာများမှာကား နာကျည်းဖွယ်ကရုဏာသက်ဖွယ် သင်ခန်းစာယူဖွယ် သံဝေဂရဖွယ်တွေးတောစဥ်းစားဖွယ် များဖြစ်ဖြစ်နေတတ်ပါသည်။ 
ထိုအဖြစ်မျိုးကို ဆရာ(ကြီး)မောင်ထင်၏စာများ (အထူးသဖြင့် ဝတ္ထုတိုရှည်ဝတ္တုတိုများ ဖတ်မိသည့်အခါတိုင်းကျွန်တော်ခံစားမိသည်။ 
 ဆရာကြီးရေးသည့် "ငဘ"ဝတ္ထုဖတ်ရင်းအထက်ပါအတိုင်းကျွန်တော်ရယ်ပြုံးခံစားမိခဲ့သည့် ဆရာကြီး၏ အထေ့အငေါ့ရောစွက်ထားသည့် ဟာသလက်ရာလေးများကို ဤနေရာတွင်ထုတ်နုတ်ပြချင်ပါသည်။
 (ဝတ္ထု ဇာတ်သွားတစ်ခုတွင်) ငဘနှင့် ရွာသားအဖေါ်တစ်စုတို့ဈေးဝယ်ရန် မြို့ရောက်ခိုက်တွင် မြို့ပေါ်၌ဂျပန်စစ်
ပုလိပ်(ကင်ပေတိုင်) ချွေးတပ်ဆွဲသည်နှင့်ကြုံရ၍ ဖရိုဖရဲထွက်ပြေးကြရာမှ အခြားသူများရွာသို့ပြန်ရောက်လာသော်လည်း ငဘကားပါမလာခဲ့။
ထို့ကြောင့် ငဘ၏ဇနီးက ရွာပြန်ရောက်လာသူတဦးကို ငဘအကြောင်းမေးမြန်းစုံစမ်းရာ၌ ထိုသူအဖြေပေးသည်မှာ...
"ချွေးတပ်ဟဲ့...ချွေးတပ်ဟဲ့ နဲ့လည်း အော်ကြရော ဂျပန်ကင်ပေရုံးထဲကို ငဘဝင်ပြေးတာ မြင်လိုက်တာပဲ ဟေ"
(စကားလုံးအတိအအကျမဟုတ်ပါ)
ဤစာဖတ်ရသောအခါ 'ဖြစ်ရပလေဟယ်'ဟု စိတ်၌မြည်တမ်းရင်းကျွန်တော်ရယ်မိ၏။
 (ထို့နောက် ဇာတ်ဝင်တစ်ခန်းတွင်) ငဘတို့ရောက်သွားသောသံဖြူဇရပ်ချွေးတပ်စခန်း၌ချွေးတပ်သားတို့ ဆင်း ရဲခြင်းကြီးစွာနေထိုင်ကြရပုံ ငှက်ဖျားထူပြောလှသော်လည်း ကုသပေးသူလည်းမရှိ ကုစရာဆေးလည်းမရှိဖြင့် ရောဂါနှိပ်စက်သမျှ ခါးဝတ်ပုဆိုးစုတ်ကိုသာခြုံကာ ဝါးကြမ်းခင်းပေါ်၌ကွေးလျှက်ခုခံရင်း သေကျေပျက်စီးကြရပုံကို ရေးဖွဲ့ရာ၌ ...
"ဤသိုကွေးရင်း စန့်သွားသူတွေလည်း မနည်းလှ" ဟု...
ရေးထားသည်ကိုဖတ်ရသောအခါ ရင်နင့်စွာစုတ်သပ်ရင်းပင်ကျွန်တော်မပြုံးပဲ မနေနိုင်အောင်ဖြစ်ခဲ့ရသည်။
"ကွေးရင်း စန့်" သည်ဟူသောစကားအသုံးကိုနှစ်ချိုက်သဘောကျသောကြောင့်ကျွန်တော်ပြူံးမိခြင်းဖြစ်ပါသည်။
ငဘ ဝတ္ထုထဲမှ ကျွန်တော်ပြုံးရယ်မိသော ဆရာကြီးမောင်ထင်၏ နောက်ထပ် ထေ့ငေါ့သရော်ချက်မှာ "ဂျပန်မျိုးဖြုတ်နည်း" ဟူသော ဝတ္ထုအခန်းခွဲခေါင်းစဥ် ဖြစ် သည်။
ငဘ ဝတ္ထုကို အခန်းခွဲပြီးရေးသားခြယ်မှုန်းရာ၌ တစ်ခန်းချင်းကိုဆရာကြီးက ခေါင်းစဥ်အမည်လေးများတပ်တပ်ထားသည်ဂျပန်မျိုးဖြုတ်နည်းအခန်းမှာ ချွေးတပ်စခန်းမှသက်စွန့်ဆံဖျား ထွက်ပြေးလွတ်မြောက်လာသောငဘ သူ့အိမ်(တဲ) သို့ပြန်ရောက်လာသောအခန်းဖြစ်သည်။
 သေတွင်းမှလွတ်လာသော်လည်း သေမင်း၏စက်ကွင်းမှမကင်းနိုင်သေးသည်ကို သိနေသည့်ငဘက မိမိ၏အိမ်အနီးသို့ရောက်လာသည့်တိုင် အိမ်တွင်းသို့ ရဲရဲတင်တင်း မဝင်ဝံ့သေးသဖြင့် မှောင်ရိပ်ခိုလျှက်အိမ်အနီးသို့ ရွေ့ရွေ့ချဥ်းကပ်သည်။ 
အိမ်ခန်းထဲတွင် သူ့ဇနီးမိဖော့နှင်းမိန်းမတစုတို့ ရေနံဆီမီးခွက် အရောင်မှိန်မှိန်အောက်၌ တစုံတခုက်ုတိုးတိုးကျိတ်ကျိတ် လုံးပမ်းလုပ်ကိုင်နေကြသည်ကို ငဘရိပ်မိလာ၍ ထိုမိန်းမသားတို့ ခပ်အုပ်အုပ်ပြောဆိုနေကြသည့်စကားများကိုလည်းဂရုတစိုက်နားစွင့်ထောင်ကြည့်လိုက်သည်။ 
သူ့သမီးမိနီ ဂျပန်မုဒိမ်းကျင့်ခံရသောကြောင့် ကိုယ်ဝန်ရသည်။ အနှီကိုယ်ဝန်ကိုဖျက်ချရန် မိဖော့တို့လုံးပမ်းနေကြခြင်းဖြစ်သည်ဟု ငဘ အလင်းရလိုက်သည်နှင့်ဒေါသအမျက်ချောင်းချောင်းထွက်သည်။ 
သမီးပျိုး၏အဖြစ်ဆိုးအတွက် မချိတင်ကဲဝမ်းနည်းရခြင်းနှင်အတူ ဂျပန်တို့အား ချက်ချင်းလက်ငင်း ဓါးဖြင့်နုတ်နုတ်စင်းပစ်ချင်လောက်အောင်ပင် ကြိတ်မနိုင်ခဲမရ ငဘဒေါသထွက်သည်။ 
သို့စေ ငဘ၏ဒေါသကိုငြိမ်းအေးစေမည့်အတွေးတခု သူ့ခေါင်းထဲတွင်ပေါ်လာသည်။
ယခု မိဖော့တို့တွေ ဖျက်ချလိုက်မည့်သန္ဓေသားမှာ ဂျပန်လူမျိုး၏သွေး။  ထို့ကြောင့်ယခုမိဖော့တို့ကြံစည်လုပ် ကိုင်နေသည်မှာ ဂျပန်မျိုးဖြုန်ရေးအလုပ်ဖြစ်သည်ဟူသော အတွေးဖြစ်သည်။
ထိုအတွေး၌ဘဝင်ကျသောကြောင့်ငဘ၏ ထောင်းထောင်းထနေသောဒေါသတို့ငြိမ်ဝပ်သွားသည်။
*(သဘောသွားတူသော်လည်း မူရင်းစာသားများနင့်မတူနိုင်ကြောင်း အသိပေးပါသည် သဘောမျှတူလျှင် ယခုရေးနေသောဤဆောင်းပါးအတွက် လိုရင်းရောက်ပြီးဖြစ်သောကြောင့် ငဘဝတ္ထုပါ ဤအခန်း၏လိုရင်းသဘောမျှကိုသာ ရေးလိုက်ခြင်းဖြစ်ပါသည် )*
ဤအခန်းမျှသက်သက်အတွက် (ဤအခန်းကို)
"ဂျပန်မျိူးဖြုတ်နည်း" ဟု အမည်တပ်သည်ဆိုလျှင် ဂျပန်နှင့်ရသော ကိုယ်ဝန်ဖျက်ချသည့်အလုပ်အား ဂျပန်ကို
လက်စားချေသည့်အလုပ်သဖွယ် ငဘ ကျေနပ်သွားပုံကိုသာလျှင်ဆရာမောင်ထင်က ဟာသစွက်ကာသရော်ထားသည်ဟုဆိုနိင်ပါ၏။ 
မိနီအားဂျပန်စော်ကားခံရသည့်အခန်းနှင့်ဆက်စပ်ကြည့်လျှင်သော်ကား ဤခေါင်းစဥ်မှာဂျပန်တော်လှန်ရေးတစ်ခုလုံးအပေါ် ဆရာ၏သဘောထားအမြင်ထင်ဟပ်ပြလိုက်သည့်နှယ်ရှိပါ၏။
_ငဘကို ဂျပန်ကင်ပေတိုင်က ဖမ်းကာ ချွေးတပ်စခန်းပို့
_ငဘကိုချွေးတပ်မှ ပြန်ရွေးနုတ်ရေးအတွက် ငဘ၏သမီးအပျိုပေါက်မိနီကို ဂျပန်ကင်ပေတိုင်မာစတာထံ ကိုယ်တိုင်သွားရောက်အသာနားခံစေရန်အတွက် သစ္စာဖေါက်သခင်ဖြိုးတုတ်က ဆွယ်လှည့်စီမံ
_ဂျပန်ကင်ပေတိုင်မာစတာက မုဒိမ်းကျင့်လွှတ်လိုက်သဖြင့် မိနီကိုယ်ဝန်ရ_
ထိုကိုယ်ဝန်ဖျက်ချသည့်အခန်းကို ငဘအနေဖြင့် ဝံသာနုမျိုးချစ်တာဝန်ကြီးတခုထမ်းဆောင်သည့်သဖွယ် "ဂျပန်မျိုးဖြုတ်နည်း" ဟုမှတ်ယူသည် ဟူ၍ဖြစ်ရာ ကျွန်တော်သည် ငဘ၏အယူလွဲပုံကိုလည်းရယ်မိ၏။
 ထိုအခန်းကို ထိုနာမည်တပ်လိုက်သည့် ဆရာ(ကြီး)မောင်ထင်၏ အံဝင်ခွင်ကျ ဟာသရသဖန်တီးနိုင်စွမ်းကိုလည်းသဘောကျ၍ ပြုံးခဲ့မိပါ၏။
သို့သော် ထိုရယ်မှု ပြုံးမှုတို့၏ နောက်ဝယ် ခံစားစရာကြေကွဲဆို့နင့်ရသည်များ တွေးတောချိန်ဆ,စရာအချက်အလက်များ ဂယက်ထ,လျှက်ကျန်ခဲ့ပါ၏။
အနုပညာမြောက်သော ဟာသစကား ဟာသစာတို့သည်ကား ပျော်ရ ရယ်ရရုံမျှထက် ပိုလွန်သောအစွမ်းရှိကြကုန်၏ဟုသာ ဆိုလိုက်ချင်ပါသည်။

**********
ဖေ့စ်ဘွတ်စာပေ  (၅)
24.10.22

လူ့ဘဝဖြတ်သန်းမှုတလျှောက်တွင် လူတိုင်းပင်ကောင်းဆိုးနှစ်တန်လောကဓံကို ကြုံတွေ့ရသည်ချည်းဖြစ် သည်။
အမှုမဲ့အမှတ်မဲ့ လစ်လျူရှုထားနိုင်ခဲ့သည့် အသေးအဖွဲလောကဓံ ဖြစ်ချင်ဖြစ်မည် တသက်တာပတ်လုံး မေ့မရလောက်အောင်စွဲထင်နေရသည့် ကြီးကျယ်သောလောကဓံလည်းဖြစ်ချင်ဖြစ်မည် မည်သူမဆို ကြီးငယ်မဟူ ကျားမ မရွေး လောကဓံတမျိုးမျိုးနှင့်တော့ အခါခပ်သိမ်း ရင်ဆိုင်တွေ့ကြုံနေရသည်ချည်းဖြစ်သည်။
လူတို့၏ဘုံဓလေ့ လူ့ဘုံခန်းဝါအကြောင်းရေးဖွဲ့ကြသည့် ရသစာဟူသမျှမှာ မိမိကိုယ်တိုင်ကြုံတွေ့ရသည့် လောကဓံ သို့မဟုတ် တပါးသူတို့ကြုံတွေ့ရသည့် လောကဓံတို့အကြောင်းကိုရေးသည့် စာများချည်းဖြစ်သည်။
 စာပုံစံအမျိုးအစားနှင့် ရေးသားတင်ပြသည့် ဟန်ပန်ခြားနားကြသည်မှာကား ရေးသူ၏အားသန်ရာ စရိုက်အကြိုက်ကြောင့်ဖြစ်သည်။ ထို့ကြောင့် ဝတ္ထု ပြဇာတ်ပုံပြင် အထုပ္ပတ္တိ ဆောင်းပါးစသည်ဖြင့် စာပုံစံလည်းကွဲပြားကြ၍ အသောအလွမ်း အတည်အခန့် စသည်ဖြင့် ရေးဟန်လည်း ကွဲပြားကြသည်။
ဝတ္ထုရေးရန်လည်းအားသန်၍ ဟာသဉာဏ်လည်းရှိသူဆရာတို့က လောကဓံကို ရယ်ဖွယ်ဇာတ်လမ်းဇာတ် ကွက်ဆင်၍ ဟာသဝတ္ထုအရှည်အတိုများ ရေးကြသည်။
 ဆောင်းပါးရေးရန် အားသန်သူတို့က ခေါင်းစဥ်အမျိုးမျိုးတပ်ကာ ဟာသရဿ ပါသော ဆောင်းပါးအတိုအရှည်
များရေးကြသည် ဟာသဥာဏ်လည်းရှိ၍ အဆိုးလောကဓံ မဖွယ်မရာအဖြစ်သနစ်များအပေါ်တွင် စိတ်ချဥ်ပေါက်ချင်တတ်သည့်ညာဥ်လည် းရှိသူတို့က အရယ်တဝက် အငိုတဝက်ပါသည့် သရော်စာ(satire) ဝတ္ထုဆောင်းပါးများရေးတတ်ကြသည်။
စိတ်ကူးနှင့်ဖွဲ့ဆိုသော ဝတ္ထုတပုဒ်လုံးကို ရယ်ဖွယ်ချည်းဖြစ်အောင် ဇာတ်လမ်းဆင်ထားခြင်းမျိုးမဟုတ်စေကာမူ ဇာတ်လမ်း၏အစိတ်အပိုင်းတခု၌ ရယ်ရွှင်ဖွယ်ကလေးများကြားညှပ်ကာ ရေးကြသည့်စာများလည်းရှိသည်။
ဟဿရသ၏ အစွမ်းသတ္တိမှာ စိတ်နှလုံးကိုရွှင်လန်းပေါ့ပါးစေခြင်းဖြစ်သည် ထို့ကြောင့်အဆိုးလောကဓံဖြစ်လင့်ကစား ဟာသစွက်၍ ရေးလိုက်ပြောလိုက်သည်ကိုဖတ်ရကြားရသောအခါ (ဟာသ၏အစွမ်းသတ္တိကြောင့်) ဖတ်သူ နာကြားသူတို့၏စိတ်ဘဝင်တွင် လောကဓံဟူသည်ကို လူ့အဖြစ် လူ့ဘဝရလာရောက်လာ၍ လူဟုအမည်တွင်သော သတ္တဝါတို့အတွက် သဘာဝတရားက ဖန်တီးပေးလိုက်သော ဖြစ်ရိုးဖြစ်စဥ် ဓမ္မတာတရားအဖြစ် ပေါ့ပါးစွာခံယူနိုင်ကြသည်။
ထို့ကြောင့်ပင် ရှေးပညာရှိတို့က ဟဿ(ရယ်ရွှင်ဖွယ်ဖန်တီးခြင်းအတတ်)ကို လောကကောင်းကျိုးပြု သာယာမှုပေးသည့်(ဒြပ်မဲ့ပစ္စည်းထုတ်လုပ်မှုအတတ်ပညာ)အဖြစ် အဋ္ဌာရဿ တစ်ဆယ့်ရှစ်ရပ်ထဲတွင် ထည့်သွင်းထားခဲ့ဟန်တူသည်။
ဟာသစကားပြောတတ်သူတို့ကိုလူချစ်လူခင်များပြားသည် ထိုသူတို၏စကားဝိုင်းတွင် လူစည်ကားတတ်သည် ရယ်ရွှင်ဖွယ်ရေးသည့် ဆရာ ဆရာမများကို လူချစ်လူခင်များပြားသည် ထိုဆရာများရေးသည့်စာကိုဖတ်သူများပြားသည်။
ဤအချက်မှာ  "ဟာသဓာတ်"ကို လူတို့ စွဲမက်နှစ်ချိုက်ကြခြင်း၏ သရုပ်ပင်ဖြစ်သည်ဟု ကျွန်တော်ယူဆပါ သည်။
လူမှုစာပေ(လူ့လောကဓံအကြောင်းရေးဖွဲ့သည့်စာ) ရေးသည့် ဆရာ ဆရာမ ကြီးငယ်တို့တွင် ဟာသဉာဏ်လည်းရှိကြ၍ ဟာသ၏အစွမ်းသတ္တိတန်ဖိုးကိုသိသည့် အသိလည်းရှိကြသည်ချည်းဟု ကျွန်တော်ထင်ပါသည်။ ထို့ကြောင့်ပင်လည်း ထိုထိုဆရာဆရာမတို့က သူတို့ရေးသည့်စာများကို( တစ်ပုဒ်လုံးအနေဖြင့်ရယ်ရွှင်ဖွယ်မဟုတ်သည့်တိုင်) စာဖတ်သူတို့ ပေါ့ပါးရွှင်ပျစွာဖတ်စေခြင်းငှာ စီရင်ရေးသားကြခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။
တပုဒ်လုံးအနေဖြင့် ဟာသစာအဖြစ် ရေးသည်မဟုတ်ဘဲ ရေးသည့်အထဲတွင် ရယ်စရာပြုံးစရာအရေးအဖွဲ့ကလေးများ ညှပ်ကာညှပ်ကာရေးထားသည့် (ကျွန်တော်အမှတ်ထင်ထင်မှတ်မိနေသေးသော) စာအချို့ကို ဆရာ(ကြီး)မန်းတင်၏ "မြို့ပိုင်မောင်ပြုံးချို" ဆောင်းပါးစုထဲမှကောက်နုတ်ဖော်ပြချင်ပါသည်။

ဆရာကြီး၏စာတပုဒ်တွင် ဂျပန်ခေတ်၌သူ(မောင်ပြုံးချို) လက်ထောက်မြို့ပိုင်ရာထူးဖြင့်ကြို့ပင်ကောက်မြို့
(မြို့အမည်မသေချာပါ)တွင်အမှုထမ်းစဥ် အသစ်ပြောင်းရွှေ့ ရောက်ရှိလာသည့် ထိုမြို့၏အာဏာပိုင်အစစ် ဖြစ်သော ဂျပန်အရာရှိကြီးအား ကြိုဆိုဂုဏ်ပြုသည့် အငြိမ့်ဇာတ်ပွဲစီစဥ်ပေးရသည်။ 
အငြိမ့်ပွဲကို ဂျပန်အရာရှိက်ုယ်တိုင်အားပါးတရ ရှုစားချီးမြှောက်နေသည်ဖြစ်၍ညဥ့်သန်းခေါင်ကျော် ထိုအရာရှိပြန်ကြွသွားမှသာ ပွဲသိမ်းရ၏။

သူ့အားဂုဏ်ပြုကြိုဆိုသည့်ပွဲလမ်းအပေါ် ဂျပန်မာစတာကြီးက အားရကျေနပ်မှုရှိသည်ကို မြင်တွေ့ရ၍လည်း ကောင်း အခမ်းအနား ချောချောမောမောအောင်မြင်ပြီးစီးသည်ဖြစ်သောကြောင့်လည်းကောင်း မောင်ပြုံးချို စိတ်လက်ပေါ့ပါးစွာအိမ်ပြန်လာကာ အင်္ကျီပုဆိုးလဲ ရေချိုးသန့်စင်ပြီး ညအိပ်ရာဝင်တော့အံ့ဟု ပြင်ဆင်နေစဥ် သူ့အထက်အရာရှိ မြိုပိုင်ကြီးထံမှ အခေါ်ရောက်လာသဖြင့် မြို့ပိုင်ကြီး၏အိမ်သို့လ်ုက်သွားရ၏ (မြို့ပိုင်ကြီး၏ အမည်မှာ ဦးသူတော် ဆိုလား ?)
"အမိန့်ရှိပါ မြို့ပိုင်ကြီး"
မြို့ပိုင်ကြီးကား မောင်ပြုံးချိုအား လွန်စွာ စိတ်မချမ်းသာသောမျက်နှာထားဖြင့် တချက်ကြည့်ကာ ချက်ချင်းမျက်နှာလွှဲသွားပြီး...
"ဂျပန်မာစတာကြီးက ခုန က သွားတဲ့အငြိမ်းမင်းသမီးနဲ့အတူအိပ်မယ်ဆိုပြီး အခေါ်ခိုင်းနေလို့ သွားခေါ်ပေးရမယ်ဗျာ" ဟု ခြောက် သွေ့ညှိုးငယ်သောလေသံဖြင့် ညည်းညူကာ ခေတ္တတိတ်ဆိတ်သွားပြီးနောက် "မြို့ပိုင်လို့သာဆိုတယ် ကျုပ်လည်းဟိုသင်း ဖြစ်ပြီပဲ" ဟု ရေရွတ်လိုက်လေ၏။
*(ကောက်နုတ်ဖော်ပြသည်ဆိုသော်လည်း မူရင်းအတိုင်းအတိအကျမဟုတ်ပါ သဘောသိရုံမျှသာ မှတ်မိသလို ရေးလိုက်ခြင်းဖြစ်ပါသည်။)
ဤစာပိုဒ်ကိုဖတ်ပြီး ကျွန်တော်ပြုံးရယ်မိပါသည်။ ဂျပန်ဖက်ဆစ်ခေတ် မြို့ပိုင်တယောက်၏အောက်ကျ နောက်ကျ အခြေအခြေအနေနှင့် ထိုအခြေအနေအပေါ် အသည်းနာသွားပုံတို့ကို "မြို့ပိုင်လို့သာဆိုတယ် ဟိုသင်းဖြစ်ပြီပဲ" ဟူသောစကားဖြင့် ကျစ်လျစ်စွာဖွဲ့ဆိုသော ဆရာ(ကြီး) မန်းတင်၏ရသစာ အရေးအဖွဲ့လိမ္မာကျွမ်းကျင်ပုံကိုလည်း နှစ်ထောင်းအားရ ဖြစ်ရပါသည်။
မိန်းမနှင့်ပျော်ပါးလိုသူအား သူအလိုရှိရာမိန်းမခေါ်ပေးရသူကို "ဟိုသင်း"ဟု သုံးနှုန်းလိုက်ခြင်းကြောင့်ပေါ် ပေါက်လာသည့် ဟသာရသသတ္တိကြောင့်လည်း ကျွန်တော်မရယ်မပြုံးဘဲ မနေနိုင်အောင် ဖြစ်ခဲ့ရပါသည်။

(ဆက်ရန်)

Comments