မောင်ခေတ်စည် - ဖေ့စ်ဘွတ်စာပေ ၁- ၃ (အခန်းဆက်)

Image- Crd
ဖေ့စ်ဘွတ်စာပေ
မောင်ခေတ်စည်
(သစ်ခက်သံလွင်) နိုဝင်ဘာ ၃၊ ၂၀၂၂

ဖေ့စ်ဘွတ်စာပေ ၁ #

20.10.22


၂၀၁၂ ခုနှစ်မှစ၍ မိုဘိုင်းဖုန်းကိုအများသူငါ သုံးစွဲခွင့်ရကြပြီး ဖေ့စ်ဘွတ်အသုံးပြမှုမှာလည်းလူအများကြားတွင် တွင်ကျယ်လာခဲ့သည်။ မိမိကိုယ်တိုင်တော့ ၂၀၂၀ ပြည့်နှစ်ကျမှသာရွေးကောက်ပွဲကာလနိုင်ငံရေးလှုပ်ရှားမှုသတင်းများကိုဝေဝေဆာဆာ သိမြင်လိုသည့်အတွက် ဖေ့စ်ဘွတ်ကိုသုံးဖြစ်သည်။
ဖေ့စ်ဘွတ်ပလက်ဖောင်းတွင် မကြားဝံ့မကြည့်ဝံ့စရာ အပြောအဆိုအရေးအသားများ ရုပ်သေရုပ်ရှင်ပုံများကိုလည်ကြားရဖတ်ရမြင်ရသည် နှစ်လိုဖွယ်ကောင်းသည့် စာ စကားနှင့် ရုပ်သေရုပ်ရှင်များကိုလည်း ကြားရ ဖတ်ရ မြင်ရသည်။
ဤစာတွင် မိမိမနှစ်သက်သောအရာများကိုရေးမည်မဟုတ်ပါ။ နှစ်သက်သည့်အရာများကိုသာရေးပါမည်။ နှစ်သက်သည့်အရာအများအပြားရှိရာတွင်လည်း ဖေ့စ်ဘွတ်တွင် နှစ်သက်စရာ စာကောင်းပေကောင်းလေးများ ရေးသားတင်ပြလာကြမှုကို နှစ်သက်မှုအဖြစ်ဆုံးဟု အာရုံကျသည်နှင့်အညီ ဖေ့စ်ဘွတ်စာပေအကြောင်းကိုသာ ရေးလိုက်ပါသည်။

စာကောင်းပေကောင်းဟု စကားစ,မိလိုက်သောကြောင့် စာကောင်း ပေကောင်းဟူသည် အဘယ်နည်းဟူသော အလွန်ကြီးကျယ်လှသည့်အမေးပုစ္ဆာကိုဖြေရမည့်တာဝန်ရှိလာပါသည်။ ထိုမေးခွန်းကို အများကျေနပ်လောက်အောင်ကျွန်တော်အဖြေမပေးတတ်ပါ။ ကျွန်တော်နှစ်သက်သည့်စာကိုသာရည်ညွှန်း၍ စာကောင်းပေကောင်းဟု ဆိုလိုက်ခြင်းဖြစ်ပါသည်။ 
ဤသို့ဆိုသော် "အသင်နှစ်သက်တတ်သည့်စာမျိုးကကော အသို့နည်း" ဟုမေးချင်ကြမည်ထင်ပါသည်။ ဤအမေးအတွက် လွယ်လင့်တကူတိုတို တုတ်တုတ်ဖြေရပါမူ ရသပါအောင် ရေးဖွဲ့သောစာမျိုးဟု ဆိုချင်ပါသည်။
ရသကိုးမျိုးရှိရာတွင် မည်သည့်ရသမျိုးကို အနှစ်ချိုက်ဆုံးဖြစ်သနည်းဟုထပ်ဆင့်မေးလာလျှင်မူကား "ဟဿ" ရသကို အနှစ်သက်ဆုံးပါဟုမဆိုင်းမလင့်အဖြေပေးလိုက်ချင်ပါသည်။

ဟာသပါသည့်စာပုံသဏ္ဌာန်အမျိုးမျိုးကိုဖတ်ခဲ့ပါသည်။
ရယ်စရာဖြစ်အောင်ဇာတ်လမ်းဆင်၍ရေးသည့်(ဝတ္ထုတိုရှည် ဆောင်းပါးတိုရှည် စသည်) များလည်းဖတ်ခဲ့ ဟာသ ဝတ္ထု/ဆောင်းပါးမဟုတ်သော်လည်း ဟာသအကွက်ပါသည့်စာများကိုလည်းဖတ်ခဲ့ ဟာသအကွက်မပါသည့်တိုင် ဟာသပါသည့်ဝေါဟာရစွက်၍ရေးဖွဲ့သည့်စာများကိုလည်းဖတ်ခဲ့ပါသည်။
ဤသို့ဖတ်ခဲ့ရာတွင် ရယ်ဖွယ်ဖြစ်အောင်ဇာတ်လမ်းဆင်ရေးသားထားသည့်ဝတ္ထုစသည်များကို စွဲစွဲလမ်းလမ်းမှတ်မိနေသည်ဟူ၍ မရှိလှပါ။ အထူးသဖြင့် လုံးချင်းဟာသဝတ္ထုများကိုစွဲစွဲလမ်းလမ်းမှတ်မိနေသေးသည်ဟူ၍ မရှိပါ။
စာရေးသူက ရယ်ဖွယ်အဖြစ် ရည်ရွယ်ရေးသားခြင်းဟုတ်ချင်မှဟုတ်မည်ဖြစ်သော်လည်း မိမိစိတ်ထဲတွင် နှစ် သက်စဖွယ်ဟာသခံစားလိုက်ရသည့် ဇာတ်လမ်းတိုကလေးများကိုတော့မှတ်မိနေတတ်ပါသည်။
ဤနေရာတွင် ရယ်စရာဟာသဝတ္တုတိုလေးအဖြစ် မိမိဘာသာသတ်မှတ် မှတ်မိနေသော ဆာအာသာကိုနင်ဒွိုင်း ၏ စုံထောက်ရှားလော့ဟုမ်းနှင့် သူ့နောက်လိုက်မိတ်ဆွေ ဒေါက်တာ(ဝပ်ဆင် ? )တို့ဉာဏ်ကျက်စားပုံခြင်းမတူကြပုံအကြောင်းရေးထားသည့်ဇာတ်လမ်းတိုလေးတပုဒ်ကိုဖတ်ပြီး (မိမိအဖို့) ဟာသရသ ခံစားရပုံကို ပြောပြချင်လာပါသည်။ 

*********

ဖေ့စ်ဘွတ်စာပေ  #

21.10.22

ဖတ်ခဲ့ဖူးသည့်ဇာတ်လမ်းတိုလေးအကြောင်းမပြောမီ ရှားလော့ဟုမ်းနှင့် ဒေါက်တာဝပ်ဆင်တို့၏ပုဂ္ဂလိကညာဥ်စရိုက် (character)ကလေးများ မည်သိုရှိပုံကို ပြောပြချင်ပါသေးသည်။ ဆရာကြီးရွှေဥဒေါင်းက ဆာအာသာကိုနင်ဒွိုင်းရေးသည့် စုံထောက်ရှာလော့ဟုမ်းဝတ္ထုများကို မှီငြမ်းလျက် စုံထောက်ဦးစံရှားဟူ၍ လှပသေသပ်စွာမြန်မာမှုပြုထားသည့်စုံထောက်ဝတ္ထုများကို ယခု အသက် ၇၀ တန်းနှင့်အထက် စာဖတ်ပရိသတ်တို့အနေ ဖြင့် ဖတ်ရှုခံစားခဲ့ကြပြီးဖြစ်သောကြောင့် ရှားလော့ဟုမ်းနှင့်ဒေါက်တာဝပ်ဆင် ( ဦးစံရှားနှင့် ဦးသိန်းမောင် ) တို့၏ စရိုက်သဘာဝများကို သိကြပြီးဖြစ်ပါလိမ့်မည်။


သို့သော် ယခု ဤဖေ့စ်ဘွတ်စာဖတ်သူအများစုထဲတွင် အသက် ၇၀ ကျော်အရွယ်ကနည်းပါးနေမည်ဖြစ်သော ကြောင့် ထိုဇာတ်လိုက်နှစ်ဦးတို့၏ စရိုက်သဘာဝကို အနည်းငယ်ပြောပြလိုခြင်း ဖြစ်ပါသည်။
ရှားလော့ဟုမ်းက အနေအထိုင်တည်ကြည်သည်။ အကင်းပါး၍ လူကဲခတ်ကောင်းသည်။ လိုအပ်သည့်နေရာတွင် စွန့်စွန့်စားစားလုပ်ဝံ့သောသောသတ္တိရှိသည် စုံထောက်အမြင်စူးရှသည်။
စီးကရက်တိုလေးတတို၊ မီးရထားလက်မှတ်ဟောင်းလေးတစောင် စသည်တို့ပင်လျှင် ရှားလော့ဟုမ်းအဖို့ ဧရာမဆန်းကြယ်ရှုပ်ထွေးသောအမှုကြီးများကိုဖော်ထုတ်ရှင်းလင်းရန်အတွက် အရေးကြီးသောသဲလွန်စ ဖြစ်နေတတ်သည်။
မစ္စတာဝပ်ဆင်က ရှားလော့ဟုမ်းကိုလွန်စွာလေးစားအားကျသည်။ လေးစားအားကျသည်ဖြစ်သောကြောင့် ရှားလော့ဟုမ်းထံတွင် အနီးကပ်အပေါင်းအသင်းပြုလျက်နေထိုင်စေကာမူ သူသည်လည်း စဥ်းစားဉာဏ်အရာတွင်  "ခေသူမဟုတ်ကြောင်း "ရှားလော့ဟုမ်းရေ့မှောက်တွင် အစွမ်းပြချင် ဝါကြွားချင်သည်။ ရှားလော့ဟုမ်း ၏အသိအမှတ်ပြုမှုကို ခံယူချင်သည်။

အမှုအခင်းတခုဖော်ထုတ်ရေးအတွက် အရေးပါသည်ဟုဟူဆရသည့်အချက်အလက်ကလေးများနှင့်ပတ်သက် ၍ ရံဖန်ရံခါတွင် ဟုမ်းက ဝပ်ဆင်၏အကဲဖြတ်ချက်ကို မေးမြန်းတတ်သည်။
ဤသို့အမေးရှိလာသည့်အခါတိုင်း မစ္စဝပ်ဆင်ကလည်း သူ့အစွမ်းပြနိုင်ရန်အခွင့်ကောင်းကြုံလာပြီဟုမှတ်ထင်လျက် အစွမ်းကုန်ဖျစ်ညှစ်ကြိုးစားကာ ဟုမ်းအလိုကျမည်ထင်သည့်အကဲဖြတ်ချက်ကိုပေးတတ်သည်။ 
သို့သော်သူပေးသည့်အကဲဖြတ်ချက်များမှာ တလွဲတချော်တွေချည်းဖြစ် ဖြစ်နေတတ်သဖြင့် သူ့ကိုယ်သူ မချင့် မရဲဖြစ်သည်။ နောက်နောင်ကြုံကြိုက်ပေါ်ပေါ်လာမည့် အကဲဖြတ်စရာများတွင် မစ္စတာဟုမ်းက အသိအမှတ် ပြုချီးကျူးရလောက်အောင် သူအကဲဖြတ်ပြဦးမည်ဟု အမြဲတမ်းအားခဲနေသူဖြစ်သည်။
သူတိုနှစ်ဦး၏သဘောသဘာဝကို ဤမျှသိပြီးပြီဆိုလျှင် ယခုပြောပြအံ့သောဇာတ်လမ်းတိုလေးကို ဟာသဇာတ်လမ်းလေးအဖြစ် ကျွန်တော်အဘယ့်ကြောင့်ခံစားမိကြောင်း လုံလောက်သောပရိကံကိုရပါပြီ။ 

အနှီဇာတ်လမ်းတိုလေးကား......
အလုပ်ပါးလျား၍ ရာသီဥတုလည်းသာယာသောကာလတခု၌ မစ္စတာဟုမ်းတို့နှစ်ယောက် လန်ဒန်မြို့နှင့်အနီးဆုံးတောတန်းလေးတခုထဲတွင် ရက်ပိုင်းမျှ အပန်းဖြေသဘော ယာယီတဲ (tent) ကလေးထိုးကာ စခန်းချကြသည်။
(* စကားချပ်။    ။ သူတို့ဆီတွင် ဤသို့အပန်းဖြေသဘော ညအိပ်ညဥ့်နေ မြို့ပြင် စခန်းချသည့်ဓလေ့ရှိသည်။ ထို့ကြောင့် ယာယီတဲ tent ထိုးသည့် မိုးကာရွက်ဖျင်တိုင်နှင့်တိုင်တန်းဆိုင်းကြိုး ရောင်းဝယ်ငှားရမ်းလုပ်ငန်းများလည်းရှိသည်။ )
တညသောအခါ၌ မစ္စတာဟုမ်းတို့နှစ်ယောက် တဲပိတ်ပြီးအိပ်ကြရာ အတူတူအိပ်မောကျလျက် ညဥ့်သန်းခေါင်လောက်တွင်တပြိုင်တည်းပင်နိုးလာကြရာတွင် ကြည်လင်ရှင်းလင်းသည့်မိုးကောင်းကင်၌ ကြယ်လတို့စုံလင်
စွာတောက်ပနေသည်ကို ပက်လက်အိပ်နေသော နှစ်ယောက်သားတို့မြင်တွေ့ကြရ၏။

ဟုမ်း _"ကောင်းကင်ကြီးကိုတော့ဖြင့်လင်းရှင်းအောင်မြင်နေရပြီမစ္စတာ ဝပ်ဆင်ရေ့ခင်ဗျားဘယ်လိုများအထင်ရှိတုန်းဗျ"

 ဆင်_(ခေတ္တအကြာစဥ်းစားပြီးမှ)"အိမ်း..မနက်ဖန်တနေ့လုံးရာသီဥတုဆက်ပြီးသာယာနေမှာကတော့ဖြင့် အသေအချာပေါ့ဗျာ သံသယဖြစ်စရာကိုမလိုတာ"
(ထို့နောက် ခေတ္တဆိုင်းပြီးမှ)  "မိုးကုပ်စက်ဝိုင်းများအထိကြည်လင်နေပုံအရ နောက်နှစ်ရက်လောက်အထိတောင်မှ ရာသီဥတုသာယာနေလောက်တယ်လို့ဖြင့် ပြောလို့လည်းရေလာက်ပေတယ်ဗျ"

အတန်ကြာအထိ ဟုမ်းကနှုတ်ဆိတ်လျက်နေသည်ကို မချင့်မရဲဖြစ်လာသော ဝပ်ဆင်က ...
ဆင်_"အသို့ ..မစ္တတာဟုမ်းအနေနဲ့ကကော အမြင်ဘယ်လိုရှိလို့ဟာလဲဗျ"
 ဟုမ်း_ "ကျုပ်တို့နှစ်ယောက်အိပ်မောကျနေတုန်း တင့် (tent) ကိုတယောက်ယောက်ကဖြုတ်ခိုးသွားပြီလို့မြင်သဗျာ"

*********
ဖေ့စ်ဘွတ်စာပေ ၃ #
22.10.22

အထက်ပါဇာတ်လမ်းတိုလေးကိုဖတ်ပြီး  မစ္စတာဝပ်ဆင်အနေဖြင့် သူတောင့်တ,လှသော "ဟုမ်း၏ချီးကျူးအသိအမှတ်ပြုမှု"(credit)ကို အခါကောင်းဆိုက်ပါလျှက်နှင့် မရလိုက်ဘဲ (ယခင့်ယခင် ဇာတ်လမ်များ၌သူဖြစ်နေကျနည်းတူပင်)လွဲချော်သွားပုံကို ကျွန်တော်ရယ်မိခြင်းဖြစ်ပါသည်။
ဤဇာတ်လမ်းတိုလေးကို ဆာအာသာကိုနင်ဒွိုင်းရေးဖွဲ့သည်မှာ ဖတ်မိသူတို့ ရယ်မောကြပါစေဟူသောစေတနာမျိုးဖြင့်ရေးခြင်း ဟုတ်ချင်မှဟုတ်ပေမည်။
အလုပ်တခုခုတွင် နစ်မျောလုပ်ကိုင်နေရသူတို့အနေဖြင့် အသစ်အဆန်း စူးစမ်းစရာ အခိုက်အခါနှင့်ကြုံလာတိုင်း ထိုသူတို့ စီးမျောလုပ်ကိုင်ခဲ့ရာအလုပ်၌ တွေးတောလေ့ရှိသည့် မူသေတွေးစဥ်(mind set)အတိုင်းသာ တွေးတတ်မြင်တတ်ပုံကို ထင်ရှားစေလိုခြင်းကြောင့် ဤသို့ ဇာတ်လမ်းဆင်ပြခြင်း ဖြစ်နိုင်လောက်ပါသည်။
သို့စေမူလည်း စာရေးဆရာတိုင်းလိုလိုတွင် ဟာသဓါတ်ခံဟာသဉာဏ်ရှိကြသည်ချည်းဖြစ်ရာ စာရှုသူတို့စိတ်နှလုံးသက်သာပေါ့ပါးစေမည့် ရယ်ပြုံးဖွယ်ဇာတ်ကွက်ကလေးများကို သူတို့ရေးသားသည့်စာထဲတွင် အကြောင်း ဆိုက်လာလျှင် ဆိုက်သလိုအလိုက်သင့်ထည့်သွင်းရေးလေ့ရှိကြပါသည်။ ရေးရင်းလည်းရွှင်ပြကြည်လင်သော စိတ်သန္တာန်ဖြစ်ပေါနေကြလိမ့်မည်ထင်ပါသည်။

(ဆရာကြီး ဇော်ဂျီရေးသည့် 'နတ်သျှင်နောင်၏အပြုံး' ဆောင်းပါး _ ရှုုရန်)

ဖတ်ရသူတို့ ရယ်ရွှင်ကြပါစေဟူသောစေတနာဖြင့် အစဥ်အမြဲကြံစည်စဥ်းစား ဇာတ်လမ်းဆင် ဇာတ်အိမ်ဖွဲ့၍ ရေးသားရမည့်အလုပ်မျိုးမှာ လက်တွေ့အရ လွယ်ကူသောအလုပ်မျိုးဖြစ်မည်မဟုတ်ပါ။ ထို့ကြောင့်ပင် 'ဟာသဝတ္ထုတွေချည်းရေးသည့်စာရေးဆရာ' ဟူ၍ မပေါ်ပေါက်ခဲ့ဖူးခြင်းဖြစ်မည်ထင်ပါသည်။
ဟာသစာရေးဆရာအမည်ခံသည့် ဆရာတို့၏စာများမှာလည်း များမြောင်လှစွာသောနေ့စဥ်ကြုံတွေ့ ကြားမြင်နေရသည့်လူမှုကိစ္စများထဲမှ အဖြစ်အချို့က်ု ဟာသဉာဏ်ဖြင့်မွမ်းမံတန်ဆာဆင်ကာ ဟာသစာအဖြစ် ရေးဖွဲ့တင်ဆက်ခြင်းများကသာ အများစုဖြစ်သည်ကိုတွေ့ရပါသည်။
ဤနေရာ၌ ဟာသဉာဏ်ရှိသူများကို မိမိတို့၏နေ့စဥ်လောကဓံကောင်းဆိုးများအား ပေါ့ပါးသောစိတ်နှလုံးဖြင့်
ခံယူ တုံ့ပြန် ရင်ဆိုင်နိုင်စွမ်းရှိသူများဟု ဆိုလိုက်ချင်ပါသည်။
(ပေးထားသောဆောင်းပါးခေါင်းစဥ်နှင့် အနည်းငယ်တိမ်းစောင်းသွားသည်ကိုသည်းခံကြပါရန်  မေတ္တာရပ်ခံပါသည်။)
 မိမိတို့ကြုံတွေ့ခဲ့ရသည့် ခါးသီးဖွယ်လောကဓံအဆိုးတရားများကို ဟာသစွက်၍ ပြန်ပြောင်းရေးသားတင်ပြကြသည့် (နာမည်ရ/မရ) ဆရာ ဆရာမများကိုလည်း ဖတ်ရသူတို့အား(လောကဓံကိုရင်ဆိုင်နိုင်စွမ်း)စိတ်ဓာတ်ခွန်အားပေးသည့် လေးစားဖွယ်ပုဂ္ဂိုလ်များအဖြစ် ဤနေရာကပင် (ကျွန်တော်)ဂါရဝပြုပါကြောင်း တဆက်တည်းဖော်ပြလိုက်ပါသည်။
ဖတ်ရသူတို့ ရယ်ရွှင်ကြပါစေတော့ဟု အစဥ်အမြဲ ကြံဖန်ဇာတ်လမ်းဆင်လျက် ဝတ္ထုပုံပြင်စသည်များ ရေးသားနေရန်ဖြစ်နိုင်သည်မဟုတ်သောကြောင့် ထိုသို့သောစာမျိုးကိုရေးမနေကြစေကာမူလာင်းပါးစသည်များတွင် တွေ့ရတတ်သည်း ဟာသသဘော တိမ်းညွတ်သည့်စာ (ဝါကျ) တစ်ကြောင်းလောက်ဖြစ်စေ၊ ဝေါဟာရတလုံးလောက်ဖြစ်စေမျှကိုတော့ လူမှုအတွေ့အကြုံတွေချည်းဖြစ်ပါသည်။

ဤနေရာတွင် မိမိဖတ်ခဲ့ဖူးသောဆရာကြီးရွှေဥဒေါင်း ဆရာမကြီး(အမေ)လူထုဒေါ်အမာ ဆရာ(ကြီး)မန်းတင် ဆရာ(ကြီး)မောင်ထင်တို့၏ စာများထဲမှ ဖတ်ရင်းရယ်ခဲ့ပြုံးခဲ့မိကာ စိတ်ထတွင်အမှတ်ထင်ထင်စွဲကျန်နေသေးသည့် စာအသွားနှင့် ဝေါဟာရအသုံးအနှုန်းလေးများကို ပြန်လည်ဖောက်သည်ချပြချင်ပါသည်။

ဆရာကြီးရွှေဥဒေါင်းက သူခွေးချစ်တတ်ပုံနှင့် သူမွေးမြူထားဖူးသောခွေးကလေးများအကြောင်းကို သူရေးသည့် ဘဝတစ်သက်တာမှတ်တမ်းတွင် အခန်းတစ်ခန်းဖွဲ့၍ရေးပါသည် ဆောင်းပါးအဆုံးပိုင်းတွင် ခွေးအကြောင်းရေးချင်သည်များရှိနေသေးလင့်ကစား ဤမျှဖြင့်ပင် ရပ်ပါတော့မည် ရေးချင်သမျှဆက်ရေးနေပါက ဖတ်သူတို့က_
"ရွှေဥဒေါင်းရဲ့အကြောင်းဆိုလို့ဖတ်တာ
 ဒါကိုပြောတာလား" ဟုဆိုချင်ကြလိမ့်မည် ဟု ဆရာကြီးကရေးထားရာ_
(ဆရာကြီရွှေဥဒေါင်းအကြောင်းဆိုတာက ခွေးအကြောင်းသာဖြစ်တယ် ဟုဆိုကုန်ကြလိမ့်မယ် ဟူသည့်အနက်)
ထိုစာကိုရွှင်ပျသောနှလုံးဖြင့် ဆရာကြီးရေးခဲ့သည်ဟုကျွန်တော်ထင်မိသည် ကျွန်တော်က်ုယ်တိုင်ကတော့ဖတ်ရင်းပြုံးရယ်မိခဲ့သည်
နောက်ထပ် အမေဒေါ်အမာရေးသည့် "အငြိမ့်"စာအုပ် နှစ်တွဲအနက် တစ်တွဲထဲမှဖတ်ခဲ့ရသော(ကျွန်တော်ရယ်ပြုံးမိသည့်)စာအကြောင်းဖြစ်သည်
 အကြောင်းအရာတစ်ခုလုံးမှာ ဇာတ်မင်းသားဘာဂျာ
ဘအေးဆိုသူက မိုးဦးကျ ဇာတ်ပွဲများနားချိန်တွင်
 ဇာတ်ထောင်(ဇာတ်အဖွဲ့ကိုငွေရင်းစိုက်၍ တည်ထောင်ထားသူ ဇာတ်ပိုင်) ထံမှ အသုံးထုတ်(လာမည့်ပွဲရာသီက,ပေးရန် ညကျေး ကြိုတင်ထုတ်)ယူထားသည်။
 မိုးတွင်းကာလ ဇာတ်နားနေစဥ်မှာပင် မျက်စိရောဂါအခံက သည်းလာပြီး မိုးလွန်၍ ဇာတ်ရာသီရောက်သောအခါ မင်းသားဘာဂျာဘအေးခမျာ စုံလုံးကန်းဘဝသို့ ရောက်နေရှာပြီဖြစ်သည်။
သို့သော် သူကြိုတင်ယူသုံးထားသည့်ငွေအတွက် အငြိုငြင်မဖြစ်စေလိုသော မင်းသားဘအေးက ကြိုထားယူငွေ
ကျေအောင် အားကျိုးမာန်တက်က,ပေးရှာသည်။ 
ဘာဂျာဘအေး၏ဇနီးကလည်းမင်းသမီး
ထို့ကြောင့် က,ရာ ခုန်ရာတွင် ဘအေးခလုတ်မထိဆူးမငြိစေဖို့ သူ့ဇနီးမင်းသမီးက ဖေးမပုံကို ...
 ဘာဂျာဘအေး ,ကရင်းခုန်ရင်း ဇာတ်ခုံအစွန်းဖက်သို့နီးသွားလျှင် ဇာတ်စင်အောက်သို့ ဂျွမ်းထိုးကျသွားမည်ကို စိုးရိမ်သည့်အတွက် သူ့ဇနီးက က,နေသော မင်းသားကိုအားပေးနေသလိုလို ဖြင့် လက်ခုပ်တီးရင်း ...
"ဟ..ကိုအေး ..ဟဲ့ကိုအေး.."_စသည်ဖြင့်  သတိပေးရတယ်တဲ့"ဟု အမေ(ဒေါ်)အမာကရေးပြထားပါသည်။
အကယ်စင်စစ် ဘာဂျာဘအေး၏အဖြစ်တွင်လည်းကောင်း သူ့အဖြစ်ကိုရေးသော အမေဒေါ်အမာ၏စာတွင်လည်းကောင်း ရယ်ရွှင်ဖွယ်မပါပါ သို့ပါလျက်နှင့် ကျွန်တော့်တွင်ရယ်ချင်စိတ် အဘယ့်ကြောင့်ထ,ကြွလာခဲ့ရပါသနည်း။ 
စိတ်နှလုံးဘဝင်ကျလှ၍ ရယ်မိသည်တော့မဟုတ်ပါ။ ထိုအကြောင်းကို တာရှည်တာမျော တွေးတောကာ အရသာခံနိုင်သည့် ရယ်ရွှင်ရခြင်းမျိုးလည်းမဟုတ်ပါ။ ရယ်ပြီးနောက် တကယ့်အဖြစ်ကိုတွေးလိုက်သည်နှင့် ရင်ထဲတွင်ဆွေးနင့်ရသော ရယ်ရခြင်းမျိုးဟုသာ ဆိုရမည်ထင်ပါသည်။

 (ရယ်မောခြင်း၏နောက်ကွယ်တွင်ကြေကွဲနာကျည်းဖွယ်ဇာတ်လမ်းများလည်းရှိတတ်သေးသည်ဟူလို)

အမေ(လူထု)ဒေါ်အမာက ဇာတ်မင်းသား ဘာဂျာဘအေးတို့လင်မယား၏အဖြစ်ကို" စာတင်"ခဲ့သည်မှာလည်း အများပရိသတ်တို့၏ရှေ့မှောက်၌ ပျော်ရွှင်ဟန် "အမူ"လုပ်နေရသူတို့၏ လက်တွေ့ဘဝအပူရုပ်ကို တွဲစပ်သရုပ်ထင်စေခြင်းငှာ ထိထိမိမိ မှတ်တမ်းတင်လိုသည့်စေတနာကြောင့် ဖြစ်ကောင်းဖြစ်မည်ဟုထင်မိပါ၏။

(ဆက်ရန်) 

Comments