တိုးတိုး - ကံ၏စေရာ

ကံ၏စေရာ
တိုးတိုး
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၁၃၊ ၂၀၂၁

ငယ်ငယ်လေးထဲက နာကျင်ရသည့်အခါတိုင်း တမ်းတမိတဲ့သူ တယောက်ရှိသည် ။
အဖျားတွေ တက်နေလို့ခေါင်းအရမ်းကိုက်သည့်အခါတိုင်း..
အနာတရတခုခုဖြစ်သည့်အခါတိုင်း..
"အမေရေ နာလိုက်တာ" လို့ စိတ်ထဲကတမ်းတ အော်ညည်း ဖြစ်ပါသည်။
ဒါပေမယ့် နှုတ်ကတော့ မထွက်ဘူးပေါ့..
အော်ရမှာရှက်လို့ဖြစ်နိုင်သလို ဖေဖေ့ကိုအားနာ၍ လည်းဖြစ်နိုင်သည်။
အဲဒီအမေဆိုတဲ့သူကို တ ဖို့ ဖေဖေ့ကို အလွန်အားနာပါသည်။
ဖေဖေက ကျမတို့အတွက် အဖေနေရာကိုရော အမေနေရာကိုပါ တာဝန်ယူပေးခဲ့တာမဟုတ်လား...
ကျမ အသက် ၆ နှစ်အရွယ်... အမေ ကျမတို့ကိုထား၍ အဘွားအိမ်ကိုဆင်းသွားသည့်နေ့က "မေမေ့ဆီလိုက်ပို့ပေး မေမေ့ဆီသွားမယ်" ဟု  ကျမ လူးလှိမ့်၍ ငိုယိုခဲ့မိသည့်အတွက် သိတတ်လာသည့်အခါ ဖေဖေ့ကိုအားနာပါသည်။
ဘာစကားတခွန်းမှလဲမဆိုပဲ အဘွားအိမ်ကို ဖေဖေလိုက်ပို့ပေးခဲ့ပေမယ့် ဘာကြောင့်ရယ်မသိ အဘွားအိမ်ရောက်တာနဲ့ ကျမနေချင်စိတ် မရှိတော့ ...
မျက်နှာညိုညိုနဲ့ လိုက်ပို့ပေးသည့်ဖေဖေ့နောက်ကိုသာ ကျမချက်ချင်း ပြန်လိုက်လာခဲ့သည်။
ဖေဖေနဲ့ပဲနေမယ်ဆိုတဲ့ ကျမအစ်မရဲ့ ဆုံးဖြတ်ချက်ကြောင့်လည်း ဖြစ်နိုင်တာပါပဲ...
အဲဒီနေ့ကစလို့ ကျမ မေမေ့ဆီသွားမယ်လို့ မပြောတော့တာကိုတော့ မှတ်မိနေပါသည်။
သို့ပေမယ့် အဘိုးအဘွားနှင့် အဒေါ်တွေဦးလေးတွေ ကောင်းမှုကြောင့် ကျမတို့ အမေနှင့်ရံဖန်ရံခါတွေ့ရတတ်သည်။ ကလေးအရွယ်မို့ ကျမတို့နှင့်တွေ့သည့်အခါ အမေဘယ်လိုခံစားချက်ရှိသည်ကိုတော့ ကျမ မသိခဲ့.။
ကျောင်းပိတ်ရက်များတွင် အဘွားခြံထဲမှာ ဝမ်းကွဲမောင်နှမများနှင့်ဆော့ကစားရင်း အဖြစ်အပျက်ဆိုးတွေကို ကလေးသဘာဝ မေ့ပျောက်နိုင်ခဲ့သည်ကတော့ အမှန်။
ငါးနှစ် ခြောက်နှစ်အရွယ် ငယ်ရွယ်သေးသည့်ကလေးဘဝမို့ အဖေနှင့်အမေ၏အိမ်ထောင်ရေးပြဿနာ ဘယ် လိုအကြောင်းတရားက စတင်သည်ကို ကျမနားမလည်နိုင်ပါ။
အတူတူနေဖို့မဖြစ်နိုင်တော့ဘူးဆိုသည့်အကြောင်းသာ ကျမသိခဲ့သည်။
ကျမအကိုတွေနှင့် ကျမအမကရော သိသလား...
ကျမ မေးလည်း မမေးမိ မေးရကောင်းမှန်းလည်း မသိခဲ့။
ကျမတို့မောင်နှမတွေ ၂ နှစ်စီကွာခြားသည့်အတွက် သူတို့ သိကောင်းလည်း သိနိုင်သလို နားလည်ချင်မှလည်း နားလည်နိုင်ပါလိမ့်မည်။

အဖေနှင့်အမေ အိမ်ထောင်ရေး မပြိုကွဲခင် အကို၂ ယောက်ကို အဒေါ်တွေကခေါ်ယူထားခဲ့သည်မို့ အမေမရှိချိန်မှာ ကျမတို့ သားအဖသုံးယောက်သာကျန်ခဲ့သည်။
သို့ပေမယ့် ကလေးသဘာဝအတိုင်း ကျမဝမ်းနည်းရကောင်းမှန်းမသိခဲ့။
အမေဆိုတာကိုတမ်းတစရာမလိုလောက်အောင် ဖေဖေက ကျမတို့ကို မေတ္တာတရားပေးခဲ့တာပါ။
ကျမထက်အသက်၂ နှစ်သာကြီးသောအစ်မဖြစ်သူက ငယ်ငယ်ရွယ်ရွယ်နှင့် ဖေဖေနဲ့အတူ မီးဖိုဆောင်ကိုတာဝန်ယူခဲ့သည်။ ကျမကတော့အငယ်ဆုံးပီပီ အခွင့်ထူးခံလူတန်းစားပေါ့။
အဲဒါကြောင့်ပဲလားတော့မသိ။ ကျမအစ်မက အချက်အပြုတ်ကျွမ်းကျင်၍ အိမ်ထောင်မှုနိုင်နင်းသော အိမ်ရှင်မကောင်းတယောက်ဖြစ်ခဲ့သည်။ ကျမကတော့ဘာမှမလုပ်တတ်..
နည်းနည်းသိတတ်လာမှ မီးပူတိုက်သည့်တာဝန်နှင့် အိမ်သန့်ရှင်းရေးလုပ်သည့် တာဝန်ကိုတော့ ယူနိုင်ခဲ့သည်။
အရွယ်ရှိ ရာထူးရှိသောဖေဖေက ကျွန်မတို့အတွက် Hero ပါပဲ...

ပိုက်ဆံရှိ၍လည်း နိုင်ငံခြားကို သွားချင်တိုင်းသွားနိုင်သည့်ခေတ် မဟုတ်သောဖေဖေတို့ခေတ်မှာ အမေရိကားကို ပညာတော်သင် တနှစ်ကျော်သွားရသော ဖေဖေသည် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဖြစ်ခဲ့တာကိုတော့ ကျမတို့မှတ်သားဖူးသည်။
စန္ဒယား မယ်ဒလင် ပတ္တလားကို ကျွမ်းကျွမ်းကျင်ကျင် တီးခတ်တတ်သော...
အားလပ်ချိန်တွင် ခဲတံတချောင်း စာရွက်တရွက်နှင့် ပန်းချီရေးတတ်သော.... 
ဖတ်စရာ စာအုပ်တအုပ်ဖြင့် အချိန်ကုန်လေ့ရှိသော....
အင်္ဂလိပ်စာကို ရူးရူးမူးမူးလေ့လာလိုက်စားတတ်သော ဖေဖေသည် အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ လုံးဝမမှီဝဲတတ်ခဲ့။
အပေါင်းအသင်းနှင့် အပြင်ထွက်မလည်တတ်ခဲ့။
အိမ်သူသက်ထားအနားမှာမရှိသော ဖေဖေ၏အထီးကျန် အားလပ်ချိန်များအတွက် အဖော်သည် သူဝါသနာပါရာ အလုပ်များသာ ဖြစ်လေသည်။
ဖေဖေသည် ဟင်းချက်ကောင်းသော စားဖိုမှုးလည်းဖြစ်နေသေးသည်။
ကျမတို့ငယ်ငယ်က ဖေဖေလုပ်ကျွေးသည့် ဝက်သားပေါင်း ဆိတ်ဦးနှောက်ဆီပြန် ဟင်းတွေကိုအမြဲသတိရနေ သည်။
ကျမငယ်ငယ်ကနေမကောင်းဖြစ်လျှင် ဖေဖေက ဆန်ပြုတ်တအိုး ပြုတ်ပေးခဲ့ပြီးမှ မနီးမဝေးရှိ ရုံးသို့သွား၍ ရုံးတက်လေသည်။ 
အစိုးရဝန်ထမ်းမို့ ရုံးနှင့်အိမ်က တဝန်းထဲမှာ မနီးမဝေးရှိနေသဖြင့် တော်တော့သည်။
ရုံးမသွားခင် နာရီလက်တံရွှေ့တာကိုပြပြီး သမီးလေး လတ်တံတိုက ဒီနေရာရောက်ပြီး လက်တံရှည်ကဒီနေရာကိုရောက်ရင် ဆန်ပြုတ်တခွက်သောက်ပြီး ဒီဆေးသောက်လို့ မှာသည်။
သမီးရုံးလိုက်ချင်တယ်ဟုပူဆာလျှင် သမီးကနေမကောင်းဘူး၊ အပြင်ထွက်ရင် အဖျားတက်လိမ့်မယ် အိမ်မှာပဲမမကြီးနဲ့ဆော့နေနော်ဟုဆိုကာ သူ အမေရိကားမှဝယ်လာသော ကျမနဲ့အရွယ်တူ ဘိုမရုပ်ကြီးနှင့် ထားခဲ့တာ...
အဲဒီအရုပ်က ဖေဖေအိမ်ထောင်မကျခင် လူပျိုဘဝပညာတော်သင်ခရီးအပြန်မှာဝယ်ခဲ့တာမို့ ကျမတို့မောင်နှမတွေထက် အသက်ကြီးသည်။ 
သူ့သမီးအကြီးဆုံးလို့ ဖေဖေအမြဲပြောတတ်ပါသည်။
ကျမ နေမကောင်းသဖြင့် ကျောင်းမတက်ရသော်လည်း အစ်မဖြစ်သူ ကျောင်းသွားသည့်အခါ ကျမတယောက်ထဲအိမ်မှာ တံခါးပိတ်၍နေခဲ့ရသည်။
အိမ်ကအစိုးရဝင်းထဲမှာဖြစ်တာကလည်းတကြောင်း၊ ခုခေတ်လိုလည်း ယုတ်မာရက်စက်မှုတွေ သိပ်မရှိတာလား.. အင်တာနက်ခေတ်မဟုတ်လို့ သိပ်မသိရသည့်အတွက် ကြောက်စရာသိပ်မကောင်းတာလား... အသက်ခြောက်နှစ်သာရှိသေးသော လူမမယ်ကလေးအရွယ် ကျမတယောက်ထဲ အိမ်တံခါးပိတ်၍ အသက်မဲ့အရုပ်နှင့်ဆော့ကစားရင်း သစ်သားမြင်းရုပ်ကိုစီးရင်း အချိန်တွေကိုကုန်စေခဲ့ရသည်။

နေမကောင်းလို့ကျောင်းမတက်ရတော့ အိမ်မှာတဦးထဲနေရတာပျင်း၍ မြန်မြန်နေကောင်းအောင် ဆေးကို ကိုယ့်အားကိုယ်ကိုးပြီး သောက်ရသည့်အတွက် ကျမ ဆေးသောက်ရသည်ကို မကြောက်တတ်ခဲ့။
ရေနည်းနည်းရှိရုံနဲ့ လေးငါးခြောက်လုံး တပြိုင်နက်ထဲပစ်ထည့်ပြီး မျိုချပစ်တတ်ခဲ့တာလည်း ကျမအကျင့်ရခဲ့သည်။
မှတ်မှတ်ရရ ကျမဒုတိယတန်းတက်ရမည့်နှစ်မှာ ဖေဖေ့ဘက်မှ အဒေါ်တွေဦးလေးတွေက ဖေဖေတယောက်ထဲသမီးနှစ်ယောက်နှင့် ချာချာလည်နေသဖြင့် ကျမတို့ညီအမနှစ်ယောက်ကို ခေါ်ယူလိုက်ပြန်ရာ ဖေဖေနှင့်ခွဲခဲ့ရပြန်သည်။
မောင်နှမလေးယောက်ကတော့ အတူပြန်ဆုံရတာပေါ့။
ဖေဖေက ကျမတို့ဆီမကြာခဏရောက်လာတတ်သည်။
ဖေဖေလာရင် ကျမတို့အလွန်ပျော်ပါသည်။
ရုပ်ရှင်ဝါသနာပါသည့်ဖေဖေက သူလာတိုင်း ကျမတို့မောင်နှမတွေကို ရုပ်ရှင်ရုံခေါ်သွားလေ့ရှိသည်။
အင်္ဂလိပ်စာနှင့်စကားကို ဝါသနာပါသူမို့ နိုင်ငံခြားဇာတ်လမ်းများကိုသာ ဖေဖေနှင့်အတူ ကျမတို့ကြည့်ခဲ့ရသည်။ 
တခါတရံ ဖေဖေမကြည့်ရသေးသည့် ဇာတ်ကားအသစ်ဝင်ပြီဆိုလျှင် တနေ့ထဲ၂ ကားသုံးကား ဆက်ကြည့်ဖြစ်တာမျိုးလည်း ရှိခဲ့သည်။
ငယ်ငယ်ထဲက အင်္ဂလိပ်စကားပြောနားမလည်ပေမယ့် ဇာတ်လမ်းသဘောလောက်တော့ နားလည်ခဲ့ပါသည်။
ဖေဖေကလည်း ကြည့်ရင်း ဘာသာပြန်ပြောပြပေးတတ်သည်။
ရုပ်ရှင်ပြီးရင်တော့ တရုတ်တန်းဘက်ကိုသွားကာ ကျမတို့ကြိုက်တတ်သည့် ဝက်သားခေါက်ဆွဲပြုတ် ဝက်သားကြာဇံကြော် ကျွေးတော့တာပဲ...
ကျမငယ်ငယ်ကမှတ်မိနေတာလေးတခု ရှိပါသေးသည်။
အဒေါ်တွေဦးလေးတွေက ရှေးရိုးဆန်လေတော့ သူများတွေကမေးလျှင် အမေကိုသေပြီလို့ ပြောဖို့ ကျမတို့ကို သင်ကြားခဲ့သည်။
အိမ်ထောင်ရေးအဆင်မပြေလို့ ကွဲတယ်ပြောရတာ ရှက်စရာကြီးတဲ့..။
ကျမတို့မောင်နှမတွေကလည်း အဒေါ်တွေသင်ကြားသလိုပဲ ပြောခဲ့ပေမဲ့ နည်းနည်းသိတတ်လာတော့ မသေပဲနဲ့သေတယ်လို့ ပြောရတာကို ဝမ်းနည်းတတ်လာသည်။
အမေ မသေဘူးဆိုတာကိုလည်း တယောက်ယောက်ကို ကျမ ဖွင့်ပြောချင်လာသည်။
အဲဒီအချိန်က ကျမ ငါးတန်းလောက်ပဲဖြစ်မည်ထင်ပါသည်။
ကျမ၏တရပ်ကွက်ထဲတလမ်းထဲအတူနေသည့် ဘေးမှာအတူထိုင်တဲ့အတန်းဖော် သူငယ်ချင်းကို ကျမ မနေနိုင်တဲ့အဆုံးမှာ ဖွင့်ပြောဖြစ်သွားသည်။
နင် ဘယ်သူ့မှမပြောပါနဲ့နော်...ဆိုတဲ့နှုတ်ပိတ်စကားကို ကတိတောင်းပြီး ကျမပြောပြတာပါ...
ဒါပေမဲ့ အဲဒီနေ့ကစလို့ ကျမအမြဲစိုးရိမ်နေခဲ့ရတာက အဲဒီသူငယ်ချင်းက သူများတွေကို လျှောက်ပြောမှာကိုပါပဲ..
ဒါကြောင့် ကျမ စိုးရိမ်စိတ်တွေနဲ့ ရင်တထိတ်ထိတ်နေရင်း သူ့အရိပ်အကဲကိုပဲ အမြဲကြည့်နေခဲ့ရသည်။
ငါတော့ လူကြီးတွေကမပြောနဲ့ဆိုတာ ပြောမိပြီ။
လူကြီးတွေတားမြစ်ထားတာ လုပ်မိပြီဆိုသည့်စိတ်က မကောင်းမှုလုပ်မိသလို ကျမစိတ်ကို အမြဲဖိစီးနေသည်။
သူနဲ့ပြဿနာဖြစ်အောင် ကျမ အတိုက်အခံမလုပ်ရဲတော့...။
သူစိတ်ဆိုးစိတ်ကောက်ရင် အလိုလိုနေရင်း ကျမကြောက်လာသည်။
သူဘာခိုင်းခိုင်း မငြိုမငြင်ပဲ ကျမလုပ်ပေးနေရသည့်ဘဝ...။
သူငယ်ချင်းဘဝကနေ ကျမ သူ့တပည့်ဘဝကို ဖြစ်မှန်းမသိ ဖြစ်လာသည်။
ငါ ပြောမိတာမှားပြီဆိုတဲ့အဲဒီအတွေးက ငယ်ရွယ်တဲ့ကျမကို အတော်နှိပ်စက်ပါသည်။
အဲဒီပြဿနာကိုဖြေရှင်းပေးခဲ့တာ ကျမရဲ့သူရဲကောင်းဖေဖေပါ...
ဖေဖေ လာတဲ့တခေါက်မှာ ကျမဖေဖေ့ကို ပြောပြလိုက်သည်။
ဖေဖေသမီးကို ရိုက်ချင်ရိုက်ပါ.. သမီးသူငယ်ချင်းကို အမေမသေသေးဘူး ဖေဖေနဲ့ကွဲနေတာလို့ ပြောပြလိုက်တယ်...
ဖေဖေ အတော်စိတ်မကောင်းဖြစ်သွားသည်။
အဲဒါသမီးညာတာမှမဟုတ်တာ တဲ့... ။
ဖေဖေက ညာရင်သာမကြိုက်တာလို့ ပြောသည်။
နောက် ဖေဖေက သူ့အမကို ကလေးတွေကို အဲလိုမသင်ပါနဲ့မမလေး.. ငရဲလည်းကြီးပါတယ်... သူတို့လည်း အဖြစ်မှန်ကို ရင်ဆိုင်နိုင်ဖို့ခက်သွား လိမ့်မယ် လို့ပြောသည်။
ကျမတို့ကိုလည်း နောက်ဘယ်သူမေးမေး အမေသေပြီလို့မပြောနဲ့တဲ့.. ကျမတကယ်ပျော်သွားတာပါ...
စိတ်လွတ်လပ်ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။
ဖေဖေ့အကြောင်းတွေပြောရရင် မကုန်နိုင်ပါ။
ကျမခြောက်တန်းကျောင်းသူအရွယ်တွင် ဖေဖေရာထူးတိုးပြီး ရှမ်းပြည်ပြောင်းရသဖြင့် ဖေဖေက ကျမတို့ကို သူနဲ့အတူ တပါတည်းခေါ်သွားခဲ့ပါသည်။
ထိုအချိန်မှစ၍ ကျမတို့မောင်နှမတစု ဖေဖေနဲ့အတူမိသားစု တစုတစည်းထဲပြန်နေဖြစ်ခဲ့ကြသည်။ 
ဖေဖေသည် ကျမတို့မောင်နှမများကိုငဲ့ကာ နောက်အိမ်ယာလဲ မထူထောင်ခဲ့...။
အဒေါ်များနှင့်နေခဲ့ရချိန်မှစ၍ အမေနှင့်ကျမတို့ အဆက်အသွယ် မရှိကြတော့ ...။
အမေ့ဘက်ကအမျိုးများနှင့်လည်း အဆက်ပြတ်ခဲ့ရသည်။

သို့ပေမယ့် ကျမ၏စိတ်ကူးယဉ်အတွေးကမ္ဘာမှာ ကျမအမေရှိပါသည်။ ကျမတို့မိသားစုတွင် မိစုံဖစုံ ရှိခဲ့သည်။
ကျမအမေသည် မနက်တိုင်း လင်သားနှင့် သားသမီးများစားဖို့ မနက်စာချက်ပေးလေ့ရှိသလို အလုပ်သွား ကျောင်းသွားမည့် ခင်ပွန်းသည်နှင့်သားသမီးတွေအတွက် ပြင်ဆင်ပေးလေ့ရှိသည်။
ဒါ ကျမ စိတ်ကူးထဲက အမေပါ။ 
ကျမနားမလည်နိုင်ခဲ့သော အခြေအနေအကြောင်းတရားများကြောင့် ကျမတို့မောင်နှမတွေ ဖေဖေနဲ့ပဲနေခဲ့ရပေမယ့် အမေကလည်း ထားချင်ခဲ့မှာတော့မဟုတ်ဘူး...
သားသမီးတွေကိုလွမ်းတဲ့စိတ် အမေ့ရင်ထဲမှာလဲ အချိန်တိုင်းရှိမှာပဲဆိုသည့်အသိစိတ်ဖြင့် ကျမစိတ်ကူးထဲမှာ အမေ့ကိုနေရာတခုပေးပြီး ဖြည့်တွေးခဲ့ပါသည်။
ဒါပေမယ့်ပေါ့...
ကျမအသက် ၁၃ နှစ်အရွယ် နွေရာသီကျောင်းပိတ်ရက်မှာ ဖေဖေက အလုပ်ကိစ္စနဲ့ခရီးရှည်ထွက်ရမှာမို့ ကျမတို့မောင်နှမတွေကို အဒေါ်တွေရှိရာဆီ အလည်သွားနေဖို့ ပြောသည်။
အတောင်စမ်းချင်နေပြီဖြစ်တဲ့ကျမတို့မောင်နှမတွေကို အကိုအကြီးဆုံးကဦးဆောင်ပြီး အမေရှိရာမြို့ကိုအလည်သွားဖို့ ဖေဖေ့ဆီမှာတောင်းဆိုခဲ့သည်။
သားသမီးတွေကိုယုံကြည်သော အခွင့်အရေးပေးတတ်သောဖေဖေက သဘောတူညီမှုပေးပြီး အမေ့ဘက်ကအဒေါ်တွေနဲ့ ချိတ်ဆက်ပြီး အားလုံးစီစဉ်၍ မောင်နှမလေးယောက်ကို အမေရှိသောဇာတိမြို့ဆီလွှတ်ပေးလိုက်သည်။
အဲဒီမှာ ပထမဦးဆုံး အမေ့ကိုပြန်တွေ့ရတာပါ။

ကျမရဲ့ဇာတိမြို့ကိုရောက်ပြီး နောက်တနေ့မှာ ကျမအဒေါ်ရဲ့ အစီအစဉ်နဲ့ စျေးမှာ အမေ့ကိုဆုံဖြစ်သည်။
အကိုတွေမပါပဲ ကျမတို့ညီအမနှစ်ယောက် အဒေါ်နဲ့စျေးကို လိုက်သွားခဲ့ခြင်းပါ...
ရုပ်ရှင်ထဲမှာဆိုရင် သားအမိတွေပြေးဖက် အမေကလည်းငို သမီးတွေကလည်းငို၊ မျက်နှာတွေကိုပွတ်သတ်ကြည့် ဖက်ရမ်းနမ်းရှုံ့၊ အဲလိုလုပ်မယ်ထင်သည်။
ဒါပေမယ့် တကယ့်အပြင်ဘဝမှာတော့ အဲလိုမဟုတ်ခဲ့...။
ကျမတို့မငိုပါ..
အဲဒီလိုပဲ အေမလည်း မငိုပါ...။
အဒေါ်က ဒါ အမေလေ တဲ့...။
သူမပြောခင်ထဲက မြင်လိုက်တာနဲ့ ကျမတို့သိပါသည်။
မတွေ့ရတာကြာပေမယ့် တခြားအကြောင်းတွေမမှတ်မိနိုင်ပေမယ့် သူ့ကိုတော့ ကျမကောင်းကောင်းမှတ်မိနေ သည်။
အဲဒါ ငယ်ငယ်ကကွဲသွားတဲ့အမေလို့ ကျမ မြင်တာနဲ့ ကောင်းကောင်းမှတ်မိနေသည်။
ဘာလို့မှတ်မိနေသလဲလို့တော့ မတွေးတတ်...။
သွေးကစကားပြောတယ်ဆိုတာ အမှန်ပဲထင်ပါရဲ့...
ဘာစားပြီးပြီလဲ တဲ့ တခုခုစားရအောင် တဲ့...။
အမေ မျက်ရည်တော့ဝဲသည် ထင်သည်။
ကျမတို့ကို အိမ်လိုက်ခဲ့ပါ တဲ့...။
လိုက်သွားတဲ့အချိန်မှာ ကျမတွေးထင်ခဲ့သလို မဟုတ်ခဲ့.....  ကျမတို့နေရာမှာ အစားထိုးဖြည့်ဆည်းပြီး ချစ်စရာတွေ သူ့မှာရှိနေပြီ....
သူ့မိသားစုသစ်နဲ့ ပျော်နေပြီပဲ...။

ကျမတို့ကိုလွမ်းကောင်းလွမ်းနေနိုင်သည်ဟု ကျမယူဆထားသော အမေသည် ကျမတို့ကိုလွမ်းသည် မလွမ်းသည် မသိနိုင်သော်လည်း သူ့အိမ်ယာသစ်မှာ နောက် သားသမီးများဖြင့် ပျော်ရွှင်နိုင်ပြီထင်သည်။
သူ့အတွက်အရေးကြီးသူများကတော့ သူ့နောက်အိမ်ထောင်နှင့်ရသော သားသမီးများသာဖြစ်နေလေပြီ။
နှစ်ပေါင်းများစွာကြာသောအခါ ကျမဖေဖေအတွက် ကျမတူလေးကမြေးဦးဖြစ်သော်လည်း ကျမအမေအတွက် သူ့နောက်အိမ်ထောင်နှင့်ရသော သားမှမွေးသည့် ကလေးက မြေးဦးဖြစ်နေသည်။

ပြန်မဆုံခင်က ကျမအတွေးကမ္ဘာထဲတွင် ပုံရိပ်ဖော်ထားသော အမေ့အိမ်သည် တကယ့်လက်တွေ့ဘဝ အမေ့အိမ်ကိုလိုက်လည်ချိန်တွင် သာမာန်အဒေါ်တယောက်အိမ်ကို လိုက်လည်သလိုသာ ခံစားရတော့သည်။
ဒီလောက်ပါပဲ...
ဘာလို့လဲ ကျမမသိခဲ့ပါ...
အဲဒီအချိန်ကစလို့ပါပဲ....
ကျမစိတ်ကူးယဉ်ကမ္ဘာမှာ အမေပျောက်ဆုံးသွားခဲ့လေသည်။
ကျမ အမေ့ကိုစိတ်ကူးမယဉ်တော့...
ဘဝခြားသွားပြီလို့ လက်ခံထားလိုက်သည်။
အဲဒီအချိန်ကစလို့ ခုချိန်ထိလဲ ဒီလောက်ပါပဲ.....
ရုပ်ရှင်ထဲကလို ကျမတို့ကိုဖက်ပြီးမငိုခဲ့တဲ့အမေဟာ တခါတရံ ဇာတိမြို့ကိုရောက်လို့ ကျမတို့သွားကန်တော့ရင် ဆုတွေပေးရင်း ငိုတတ်ပါသည်။
အဲဒီအခါဆိုရင်တော့ ကျမလဲမျက်ရည်ကျမိသည်။
ဒါပေမဲ့...
ကျမသိတတ်စအချိန်ထဲကခုထိ အမေ့ပါးကိုမနမ်းဘူးသလို ကျမတို့ပါးကိုလည်း အမေမနမ်းဘူးပါ...
နမ်းရမှာအနမ်းခံရမှာ ရှက်သလိုလိုလည်း ဖြစ်နေမည်ထင်သည်။
စကားပြောလျှင်တောင်မှ ရင်းနှီးမှုမရှိ.. အနေဝေးနေ၍ဖြစ်ကောင်းဖြစ်နိုင်သည်။

ကျမအရွယ်ရောက်၍ အိမ်ထောက်ရက်သားကျပြီး သားသမီးများ နှင့်ယခုအရွယ်တိုင်လာတော့ ကိုယ့်ဘဝအကျိုးပေးကိုသာ ပုံချပါသည်။
အိမ်ထောင်ပြုတယ်ဆိုတာ တစိမ်းနှစ်ယောက်က အတူနေကြတာပဲ.. ကိုယ့်သဘောနဲ့ကိုယ်ပဲဖြစ်ဖြစ် သူများတိုက်တွန်းလို့ပဲဖြစ်ဖြစ် တစိမ်းနှစ်ယောက် အတူနေပြီး တယောက်ကိုတယောက် မှီခိုဖို့ကြိုးစားကြရာတွင် တယောက်နှင့်တယောက် ဗီဇစရိုက်မတူညီလျှင် ညှိယူဖို့ခက်မည်ထင်သည်။
ညှိယူလို့မရလျှင် အရှိအတိုင်းလက်ခံလိုက်ခြင်းသာ အကောင်းဆုံး ဖြစ်မည်။
လက်မခံနိုင်လျှင်တော့ အစထဲကလက်မတွဲသင့်....
လက်ခံပြီးလျှင်တော့ တဦးကိုတဦးကို သည်းခံပေးရမည်ထင်သည်။
တယောက်နဲ့တယောက် နားလည်မှုက အိမ်ထောင်ရေးမှာ အရေးအကြီးဆုံးဟု ကျမယုံကြည်ပါသည်။
ကိုယ်တိုင်အိမ်ထောင်သည်ဖြစ်လာတော့ မတူညီမှုတွေကို ညှိနှိုင်းပြီး အတူနေထိုင်ကြရတာကို ကျမ သဘော ပေါက်လာသည့်အခါ ဖေဖေနှင့်အမေ့ကိုအပြစ်မမြင်တော့....။
ရေစက်ကုန်ပြီဆိုလျှင် ဘယ်အရာကမှ တားဆီးမရတော့ဘူးထင်ပါရဲ့..
ကျမကိုယ်တိုင် အိမ်ထောင်သည်ဖြစ်ခဲ့ပြီ..။
ကျမ မကြိုက်နိုင်သည့်အချက်များ သူ့ဘက်တွင်ရှိနိုင်သလို သူမကြိုက်နိုင်သည့်အချက်များလည်း ကျမဘက်တွင်ရှိနိုင်သည်ပဲ... 
ပြင်သင့်တာပြင် ပြောသင့်တာပြော ခွင့်လွတ်သင့်တာ ခွင့်လွတ်ရင်းခရီးဆက်ခဲ့ကြသည်။

ပျော်စရာအချိန် စိတ်ညစ်စရာအချိန် စိတ်ပျက်စရာအချိန် အားလုံးကို ရင်ဆိုင်ရင်း ဘဝသက်တမ်းတခု အဆုံး သတ်ဖို့ တဖြည်းဖြည်းနီးကပ်လာကြပြီ။
သားသမီးတွေဘက်ကတော့ မိဘကိုရွေးချယ်ခွင့်မရှိတဲ့အတွက် ကျမတို့ဘဝမှာ အခုလိုအကျိုးပေးကပါလာခဲ့ပြီ။
သို့ပေမယ့် ကျမတို့လိုဘဝမျိုး ကျမသားသမီးတွေတော့ မဖြစ်စေရ... ကျမ၏ခိုင်မာသော ဆုံးဖြတ်ချက်ဖြစ် သည်။
ငယ်ငယ်ထဲက အမေ့ရဲ့ဆုံးမသွန်သင်မှုမရခဲ့တဲ့ကျမ သားသမီးများအား တတွတ်တွတ်နှင့် အမြဲဆုံးမသွန်သင် ဖြစ်ခဲ့သည်။
ငယ်ငယ်ထဲက အမေ့စောင့်ရှောက်မှုကို မရခဲ့တဲ့ကျမ ငါရှိနေသရွေ့ ငါ့သားသမီးတွေရှေ့မှာ ငါရပ်တည်ပေးမယ်ဆိုသည့်စိတ် မွေးထားနိုင်ခဲ့သည်။
သို့ပေမယ့် လူဘဝထဲကိုဆွဲခေါ်ပေးခဲ့သည့်အမေ့ကို ကျမကျေးဇူးတင်ပါသည်။
ထိုကျေးဇူးတရားကြောင့် ကျမ ဘုရားရှစ်ခိုးသည့်အခါ ဖေဖေ့ကိုရည်စူး၍ ကန်တော့တိုင်း အမေ့ကိုလည်း ကန်တော့မြဲဖြစ်ပါသည်။
မိဘကိုရွေးချယ်ခွင့်မရှိတဲ့သားသမီးအဖြစ် ခုလို ဖြစ်ရတယ်ဆိုပေမယ့်  ကျမတို့အတိတ်ကံကိုက မကောင်းခဲ့တာလည်း ဖြစ်နိုင်တာပဲမဟုတ်လား...
ဘယ်သူ့ကိုမှအပြစ်မမြင်ပါ... ကံ၏စေရာအတိုင်းသာ ဖြစ်ပါသည်..
ကံ၏စေရာအတိုင်းသာ ဖြစ်ခဲ့ကြရသည်ဟု ကျမတွေး၍ဖြေသိမ့်ပါသည်..
ဒါပေမဲ့ ကျမ တခါတရံတွင်တော့ အမေ့ကို တ မိပါသည်။
ကျမနာကျင်ရသည့်အခါတိုင်း ကျမ တ မိပါသည်။

နာလိုက်တာ အမေရေ....
ချစ်ခင်စွာဖြင့်...

တိုးတိုး
23.10.21
1988 ပန်းချီကျောင်းဆင်းပြပွဲတွင် "ကျေးဇူးရှင်ဖေဖေ" ဆိုတဲ့ အမည်နဲ့ ရေးတင်ခဲ့သော ဖေဖေ့ပုံတူ ပန်းချီကား.. 

Comments