ခင်လွန်း - ကိုယ်ပိုင်စာမျက်နှာ ၆၃ (သို့မဟုတ်) ကျွန်တွေဟာ ဘယ်တော့မှမထွန်းကားဘူး

Photo & Design - BPN
ကိုယ်ပိုင်စာမျက်နှာ ၆၃ 
(သို့မဟုတ်) 
ကျွန်တွေဟာ ဘယ်တော့မှမထွန်းကားဘူး
ခင်လွန်း
(သစ်ခက်သံလွင်)အောက်တိုဘာ ၁၇၊ ၂၀၂၁
-
ဒီကနေ့ခေတ် လူ့သက်တမ်းကို ဘယ်လောက်သတ်မှတ်ပြောဆိုနေကြသလဲမသိဘူး။

ဒါလဲ မြန်မာပြည် ပျမ်းမျှလူ့သက်တမ်းတခုထဲပြောရင်တော့ မဖြစ်သေးဘူးထင်ပါရဲ့။ ဒီမှာကျတော့ လူတွေဟာ သေခဲလိုက်တာမှ။ စီနီယာစီတင်ဇင်လို့ခေါ်တဲ့ အသက်ကြီးပိုင်း လူဦးရေဟာ တနှစ်နဲ့တနှစ်တိုးတိုးလာနေလို့။
ထားပါ။ အသက်တွေ ရာဂဏန်းနီးနီးရှည်ကြနေကြတယ်ထား။ တကယ် စိတ်နဲ့ကိုယ်တထပ်တည်း ဉာဏ်ရှိ သလောက် သိသလောက် တတ်သလောက်လုပ်နိုင်ကြတဲ့အရွယ်ကို ၇၅- ဝန်းကျင်လို့ ယေဘုယျထားလိုက်။ 
အဲဒီလိုဆိုရင် ကိုယ်လှမ်းလျှောက်ခဲ့တဲ့ ခြေလှမ်းက ၆၃ လှမ်းမနေ့ကပဲကျော်လာပြီ။ ၆၃ နှစ်ပြည့်ခဲ့ပြီပေါ့။ လွန်ခဲ့ပြီပေါ့။

ဒါနဲ့ပဲ အဲဒီ့ခြေလှမ်းပေါ် ခဏရပ်ပြီး ကိုယ့်ကိုယ့်ကိုယ် ပြန်ဆန်းစစ်တော့ ငါဟာ ဘာရယ်လို့လဲမဟုတ်ပါလားလို့ ထင်းထင်းကြီးကိုမြင်မိတာပါပဲ။ စီးပွားလဲမရှိ။ ပညာလဲမရှိ၊ ကျန်းမာရေးကလဲ မကောင်း။ ဘေးဘီစောင်းငဲ့ ကြည့်တော့လဲ ကိုယ့်ရဲဘော်မနဲ့ကိုယ့်ကိုနားလည်တဲ့ ဘဝတူဖြတ်သန်းဖူးသူကလွဲရင် ဘာမှမရှိ။ ဘယ်သူမှမရှိ။
ဘာကြောင့်ဒီလိုဖြစ်နေတာပါလိမ့်စဉ်းစားတော့.... လားလား စာပေချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ ယုံကြည်မှုအပေါ် ခိုင်မာကိုင်စွဲလွန်းတတ်တဲ့စိတ်တွေကြောင့်ပါလားပေါ့။ အနည်းဆုံး စာပေသမားအဖြစ်ခိုင်ခိုင်မာမာ ရပ်မယ်ဆို လဲ တခုခုဖြစ်နေသင့်ရောပေါ့လို့။ 

ဒီလိုနဲ့ ဟိုး လွန်ခဲ့တဲ့ အနှစ် ၃၀- ၄၀ လောက်ဘဝကို ကိုယ့်ဘာသာပြန်စောင်းငဲ့ကြည့်မိသွားတယ်။

၁၉၈၀ လွန်များတဝိုက်မှာ ပုံနှိပ်မဂ္ဂဇင်းတွေရဲ့လောကအလယ်မှာ ဘဝကိုထားသိုနေရာချထားခဲ့ဖူးတာကအစ။
သူငယ်ချင်းတွေစုလုပ်ကြတဲ့ စာပေအနုပညာမဂ္ဂဇင်းမှအစ ဟိုကဒီက ကိုယ်ကိုခေါ်တဲ့ဆရာသမားတွေ လုပ်ဖော် ကိုင်ဖက်တချို့တလေကြောင့်မဂ္ဂဇင်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်။
အယ်ဒီတာပဲဆိုပါတော့။ ဒါပေမဲ့ ကိုယ်ကတော့ စာပေကျေးကျွန်လိုပဲ နေဖြစ်ခဲ့တာပါ။ လုပ်ရမယ့်နေရာ လုပ်သင့်တဲ့နေရာမှန်သမျှ အကုန်ဝင်လုပ်တယ်။
ကုန်သွယ်ရေးမှာ စက္ကူထုပ်ထမ်းရတာကအစ၊ စာပေကင်ပေတိုင်ရုံးခေါ်ကြတဲ့ စာပေစိစစ်ရေးရုံးကိစ္စတွေ အဆုံး အကုန်လုံး လုပ်ခဲ့ရတယ်။ လုပ်ခဲ့ဖူးတယ်။ 
ဒါဖြင့်ရင် မင်းဟာက အထွေထွေလုပ်သားပါကွာပြောလဲ ဟုတ်ပါတယ်။ ကျနော် စာပေကျေးကျွန်လို့ပြောခဲ့ပြီး ပြီပဲ။ ဒါပေမဲ့ ကိုယ့်ထက်တာဝန်ရှိသူတွေအလုပ်မများအောင် တိုုက်ကိုရောက်လာတဲ့စာမူမှန်သမျှ နံမယ်ကြီး ဆရာဆရာမတွေမဟုတ်ရင် ကိုယ်က ကြိုဖတ်ရတယ်။ အတန်အသင့်စာဖတ်သက်ရှိထားတော့ လက်ထနေတဲ့ စာမူတွေမြင်ရင် ထုံးတို့မှတ်သလိုမှတ်ပြီး တာဝန်ရှိသူတွေဆီ တင်ပေးရတယ်။ 

တချို့စာမူရှင်တွေကျ ရေးလက်က ဖြစ်ချင်ချင်ရှိပေမယ့် ကိုယ့်မျက်လုံးထဲ ဖုနေထစ်နေ ဖောင်းနေကြွနေတာ မျိုးမြင်ရင် ဘေးဖယ်ပစ်မယ့်အစား အဲဒီ့စာမူရှင်ကို လှမ်းဆက်သွယ်ပြီး စာမူလေးဖတ်ရကြောင်း၊ သဘောကျ မိပါကြောင်း၊ ဒါပေမဲ့ ဘယ်နားလေး ဘယ်လိုလုပ်လိုက်ရင်ဖြင့် ဘယ်လိုကောင်းသွားမယ်ထင်ပါရဲ့ ..ဘာညာနဲ့ လှမ်းပြောအကြံပေးရတယ်။ ဒီလိုပေးတဲ့နေရာမှာလဲ ကိုယ်က ဝါရင့်သမ္ဘာရင့်အယ်ဒီတာကြီး မဟုတ်တာကို ဝန်ခံကြောင်း၊ ဒါကြောင့်အခုလိုလှမ်းပြောတာဟာ ဆရာကြီးလုပ်ပြီးပြောတာထက်  ဒီစာမူကိုပထမဆုံးဖတ်ခွင့်ရ တဲ့ စာပေပရိတ်သတ်တဦးအနေနဲ့မြင်တာကိုလှမ်းပြောတာသာဖြစ်ကြောင်း စာမူရှင်ကျေနေပ်အောင် ပြောပြရ တယ်။ တခါတလေများ အူယားပြီးကျနော်ဖြင့် ဒီလိုနေရာလေးကို ဒီလိုလေးများရေးကြည့်ချင်တယ် ဘာညာနဲ့ ဝင်စွက်မိသွားတော့တာတွေလဲရှိတယ်။ 

အဲဒီလိုနဲ့အဲဒီ့စာမူရှင်တွေကိုတချိန်ချိန်မှာ ကိုယ်မမျှော်မှန်းနိုင်တဲ့ ကိုယ်မရောက်ဖူးသေးတဲ့စာပေစင်မြင့်တွေမှာ ပြန်မြင်နေရတဲ့အခါ ကြည်နူူးသလိုလို လိပ်ပြာမလုံမလဲသလိုလို ဖြစ်မိတာလဲရှိတယ်။ သူတို့တွေကတော့ ကိုယ် တွေနဲ့ဆုံတဲ့အခါ ပေးခဲ့ဖူး ရှယ်ခဲ့ဖူးတဲ့အတွေ့အကြုံ အကြံဉာဏ်တွေအတွက် ကျေးဇူးတင်ပါကြောင်း နွေးထွေး လှိုက်လှဲပြောတာမျိုးတွေလဲ ရခဲ့ဖူးတယ်။ တခါတခါများတော့ ကိုယ်တိုင်လဲစာရေးပါအုံး၊ သူများတော့အကြံပေး တတ်၊ ထောက်ပြတတ်ပြီးတော့.. ဘာညာနဲ့ အားမလိုအားမရ ပြောကြတာတွေလဲကြားရတတ်တယ်။

ဟုတ်ပါတယ်။ ကိုယ်တွေစာ စရေးတော့ အပယ်တောင်မခံရဖူးသလောက်ပါပဲ။ သိပ်အကောင်းစား အညွန့်စား ကြီးတွေ မဟုတ်ခဲ့ပေမယ့် ပယ်တာတောင် မခံရဘူးထင်မိပါတယ်။ အယ်ဒီတာတွေဘာတွေသိလို့မဟုတ်ပါဘူး။ ကိုယ်တွေခေတ်က စာတိုက်ကနေ ငှက်ခါးလေးစေလိုက်တာမျိုးနဲ့စာမူပို့ကြရတာမဟုတ်လား။

ဒီလိုနဲ့ အခုနကပြောသလို သူများစာတွေချည်းဖတ်ပြီးအကြံပေးနေတာထက် ကိုယ်တိုင်ရေးဖို့မဂ္ဂဇင်းလဲ လက် ထဲရှိနေပါလျက် ကိုယ့်စာအုပ်ထဲကိုယ်ရေးရင် ရနိုင်တာပါပဲ။ ဒါပေမဲ့ ကျနော်က တာရာမဂ္ဂဇင်းထုတ်တဲ့ကိုဌေး မြိုင်(ဒဂုန်တာရာလဲမဟုတ်) လင်းယုန်ကြီးဗန်းမောင်တင်အောင်လဲမဟုတ်တော့ ကိုယ့်ပတ်သက်နေတဲ့မဂ္ဂဇင်း ထဲ အခွင့်အရေးရတိုင်းဝင်ဝင်ရေးနေလောက်အောင် သတ္တိကမကောင်းပါဘူး။ ရိုးရိုးလေးတွေးတာက ကိုယ့်က တမျက်နှာယူလိုက်ရင် ကိုယ့်စာမူထက်ကောင်းတဲ့ စာ၊ ကဗျာ တပုဒ်ပုဒ် ကျန်နေရင် ဘယ်လိုနေမလဲ။ တခါကများ ကိုယ်တွေမဂ္ဂဇင်းတခေတ်က ပလူပျံအောင်ထုတ်နေတဲ့ အပြိုင်တွေကြား အယ်ဒီတာလုပ်ကြတဲ့ သူချင်း စာမူအလဲအဖယ်နဲ့ သူ့ထဲ ကိုယ်ရေး၊ ကိုယ့်ထဲ သူရေး ...လုပ်ကြဖို့ညှိလာကြတာမျိုးကြုံတော့လဲ ဘယ်သူမှမသိပေမယ့် စာပေချစ်စိတ်ဟာ ကိုယ့်ကို လက်မရွံ့သမားဘဝတွန်းပို့မပေးခဲ့ပါဘူး။

အဲဒီလိုနဲ့ကိုယ်ဟာ စာရေးဖို့နေရာရှိတာတောင် လက်တွန့်နေရင်းနေရင်း စာတွေမထုတ်လုပ်နိုင်တော့ဘူး။ ကလောင်ဆိုတာလဲ ပြောနေကြသလို ဓားသွားလိုပါပဲ။ သွေးနေမှထက်သလို ရေးနေမှ သွက် - ထက်- မြက် -လက် တာပါ။ 

ဒီလိုနဲ့ စာပေလောကကနေဝေးပြီး နယ်စပ်ဒေသရောက်တော့လဲ အဲဒီ့စိတ်က ပြယ်မသွား ပျက်မသွားပါဘူး။ နောက် လုပ်ရတဲ့အလုပ်ကလဲ ကိုယ်ဘယ်လိုမှမထက်သန်တဲ့ ကိုယ့်ဗီဇစရိုက်နဲ့သိပ်ကိုဟန်မကျတဲ့ သတင်းစာ သမားလုပ်ရတော့ စာကမရေးဖြစ်သလောက်ပဲဖြစ်သွားတော့တယ်။ 
တခါတခါ အွန်လိုင်းမဂ္ဂဇင်းတို့၊ အဖွဲ့အစည်းကထုတ်ဝေတဲ့ စာစဉ်တွေ စာစောင်တွေထဲမှာပဲ ရံဖန်ခါလောက်ဝင် ရေးဖြစ်ခဲ့တယ်။ 
ဒီလိုနဲ့ တတိယနိုင်ငံသွားမယ်ဆိုပြီး ဒုက္ခသည်စခန်းထဲနေရတော့လဲ အွန်လိုင်းပေါ် စာလေးရေးတာ၊ ကိုယ့်ကို စာရေးစေချင်တဲ့လူတွေက တည်ဆောက်ပေးထားတဲ့ ဘလော့လေးမှာရေးချင်တဲ့အခါရေးတာလောက်နဲ့ပဲ နေဖြစ်ပါတယ်။

ဟော တတိယနိုင်ငံကိုရောက်လာတော့ တကယ်တမ်းဆို စာတွေဇောက်ချရေးချင်သလောက်ရေးမယ်ဆို ရေး လောက်တဲ့အခြေအနေတွေရှိလာတယ်။ ဒီမှာလဲ ကိုယ်က တွေးပြန်တယ်။ အဲဒီ့အချိန်က မြန်မာပြည်မှာက အင်တာနက်တွေ ဖုန်းတွေမရှိသလောက် မသုံးနိုင်သလောက်အခြေအနေပါ။ ဒီမှာ ကိုယ့်အတွေးက ပြည်တွင်းကစာပေသမားတွေအတွက် အဝေးကနေ ဘာလုပ်ပေးနိုင်မလဲစဉ်းစားတယ်။ စာပေသမားတွေ ကဗျာသမားတွေဟာ ကျဉ်းထဲကျပ်ထဲနေကြရတော့ သူတို့တွေ ရင်ခုန်ပေါက်ကွဲကြဖို့ ရေးသားဖောက်ခွဲကြဖို့ အကူအညီပေးချင်လာတော့ ကိုယ့်ကို ကမ်းလှမ်းနေတဲ့ပြည်ပရောက် စာပေသမားတွေရဲ့ ကမ်းလှမ်းမှုကိုငြင်းပြီးကိုယ်တိုင် ကိုယ် ပိုင်လုပ်ကြည့်ဖို့ကြိုးစားခဲ့တယ်။

နောက်တော့လဲ အသက်အရွယ်ရော ကျန်းမာရေးအရရော ရေရှည်မသွားလိုက်နိုင်ပါဘူး။ ကိုယ်လုပ်ကြည့် နေတာလေးတွေရပ်ပြီး အရင်ကမ်းလှမ်းထားပြီးသား ကိုယ်တိုင်လဲ ပါဝင်ဆက်စပ်ပြီးသားနေရာမှ တဖက်က နိုင်သလောက်ဝိုင်းကူနေတာ အခုအထိပါပဲ။ 

မိုးမခပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေတဲ့နိုင်ငံအသီးသီးက စာရေးဆရာ ကဗျာဆရာ၊ စာပေဝါသနာရှင်တွေ၊ ပြည်တွင်းက စာရေး ဆရာတွေ ပါဝင်ရေးကြသားကြနဲ့ ပျော်တော့ပျော်စရာပါပဲ။ အမှန် ပြောရရင် တခါတခါတော့လဲခံစားချက်ကသိပ်မကောင်းဘူး။ ကိုယ်ကအဝေးကနေလုပ်နေရတာဆိုတော့ ကိုယ့်နိုင်ငံထဲကရေးသားနေသူတွေအပေါ် မကျေပွန်နိုင်တာတွေ အဖက်ဖက်ကရှိရတာကိုး။ စာမူကိစ္စ၊ စာမူခ ကိစ္စ၊ စာမူပါဝင်ပြီး ကိုယ်ပါတဲ့စာအုပ်ကိုတောင်မှ ကိုယ်မမြင်ရဖြစ်နေကြရတာမျိုးကို ဘယ်လိုဖြောင့်သွား တန်းသွားအောင်လုပ်ပေးလို့မတတ်အောင် ဖြစ်ရတဲ့ကိစ္စတွေမှာ စိတ်စက်မကောင်းရတာမျိုးပေါ့။ ကိုယ်တွေဆီစာရေးနေသူတွေဟာ ငွေကြောင့်မဟုတ်ကြပါဘူး။ ငွေမဟုတ်ရင် ကိုယ့်စာမူလေးပါတဲ့မဂ္ဂဇင်းလေး မြင်ရလားဆိုတော့လဲ လူတိုင်း ရကြဟန်မတူပါဘူး။ တပုဒ်ရေး တပုဒ်ရေးနဲ့ စာမူလေး ၄-၅-၆ ခု စုလာတော့ ပေးနိုင်သလောက်စာ မူခလေး ပေးချင်ပြန်တော့လဲ ဖြောင့်ဖြောင့်ဖြူးဖြူးဖြစ်ကြပုံမပေါ်ပါဘူး။ (ရတဲ့လူတွေလဲ ရကြပုံပါပဲ။ အဲ မရတဲ့လူတွေလဲ ရှိတာသိရ)။ 

ခက်တာက ကိုယ်တွေလုပ်နေကြတဲ့ပုံစံကလဲ လွယ်တော့မလွယ်လှဘူး။ ကိုယ်ဆို တာဝန်ခံအယ်ဒီတာနဲ့ လူချင်းဆုံဖူးမြင်ဖူးခြင်းမရှိဘူး။ လိုင်းပေါ်မှာ ကိစ္စထူးကာမှ စကားပြောဖြစ်ကြလို့အသံကြားရတာမျိုး။ ဒီလိုပဲ ရန်ကုန်မှာ အမာခံထိုင်လုပ်ပေးနေတဲ့အဖွဲ့သားတွေနဲ့ကလဲ မြင်ဖူးတွေ့ဖူးကြတာမဟုတ်ဘူး။ ကိုယ်တွေစုဖွဲ့မှုက၊ ယူအက်စ်ရယ်၊ ထိုင်းရယ်၊ ကိုယ်က နယူးဇီလန်၊ ကျန်တာက မြန်မာပြည်။ နေရာတွေ အချိန်တွေက တခြားစီ၊ ဒီဘက်ကနေ့ဆို ဟိုဘက်ကည။ မြန်မာပြည်ဘက်ကျတော့ အွန်လိုင်းတွေဘာတွေကလဲ ဒီဘက်ထက်စျေးကြီးတော့ ဆက်သွယ်ရ၊ မေးရ မြန်းရမလွယ်။ 

ဒီလိုနဲ့ကိုယ်လဲ ကျန်းမာရေးရယ် အသက်အရွယ်ရယ်ကြောင့် ကိုယ်နိုင်တာလေး ဝင်ထမ်းရင်း လုပ်နေတာ ၄ နှစ်ကျော် ၅ နှစ်ထဲဝင်လာပြီ။ 

ဒီမှာလဲ ကိုယ်ပိုင်သင့်သလောက်ပိုင်တယ်ဆိုင်တယ်ပြောနိုင်တဲ့အွန်လိုင်းစာမျက်နှာရော ပုံနှိပ်စာမျက်နှာရော ရှိနေပေမယ့် ဘယ်တော့မှ အခွင့်အရေးပိုယူတာမျိုးမလုပ်ပါဘူး။ ကိုယ်စာလေးရေးဖြစ်ရင်တောင် တာဝန်ခံ အယ်ဒီတာစိတ်တွေ့လို့တင်ပေးမှ ကိုယ်ပြန်မြင်ရတာပါ။

ဒါဟာ ကိုယ့်ချစ်စိတ်ပဲ။ အမေတို့အဖေတို့ကပြောတယ်။ ငယ်ငယ်ထဲက သူများနဲ့ပတ်သက်လာရင် ဝမ်းကောင်းလွန်းလို့ ကျွန်ဇာတာပါတဲ့ကောင်တဲ့။
ကျွန်တွေဟာ ဘယ်တော့မှမထွန်းကားဘူး မချမ်းသာဘူးတဲ့။
ကိုယ်ကလဲ တမျိုး။ ထွန်းကားတာ ချမ်းသာထက် မြတ်နိုးစိတ်ချစ်စိတ်ကို ဘာနဲ့မှမလဲတာ ခု ၆၃ လှမ်းကျော်လှမ်းလာတဲ့အထိ။ 
-
လွန်း
ဇူလိုင် ၂၆၊ ၂၀၂၀
ည -၁ဝး ၀၀ နာရီ
မှတ်ချက်။ ။ အခု ဒီစာကိုတင်တဲ့အချိန်မှာ စာရေးသူက ဘူတာအမှတ် ၆၄ ကိုကျော်လွန်ပြီး ဆက်လက်ခုတ်မောင်းနေဆဲပါ။ 

Comments