သစ်ခက်သံလွင် ကဗျာခံစားမှု- ကိုနိုင်း၏ 'မိုးရေစက်ကာရန်များ'

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၇၆ )
မိုးရေစက်ကာရန်များ
ကိုနိုင်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၃၊ ၂၀၁၈

မိုးရာသီဟာ အနောက်တောင်လေနဲ့အတူ မြန်မာပြည်ကိုဝင်ရောက်လာခဲ့တာ အတော်ကြာလှပါပြီ။ အခုနှစ် မိုးရာသီမှာတော့ မိုးအဆက်မပြတ် ရွာသွန်းနေတော့တာပါပဲ။ နှစ်စဉ်မိုးရာသီရောက်တိုင်း မြန်မာပြည်နေရာ အနှံ့ ရေကြီးတတ်တာ သဘာဝတရားတခုပါပဲ။ ဒီသဘာဝတရားရဲ့အန္တရာယ်တွေကိုရှောင်လွှဲလို့တော့ မရ နိုင်ပါဘူး။ သဘာဝဘေးအန္တရာယ်တွေကိုကြိုတင်ပြင်ဆင်ထားနိုင်မှုတွေက အရေးပါနေပါတယ်။ ပြည်သူတွေ အတွက် သဘာဝဘေးအန္တရာယ်တွေကိုကြိုတင်ကာကွယ်ပေးနိုင်ဖို့ အစိုးရမှာတာဝန်ရှိပါ တယ်။ အုပ်ချုပ်တဲ့သူတွေအစွမ်းရှိတဲ့အပေါ်မှာ မူတည်နေပါတယ်။

အခုနှစ်မှာတော့ တိုင်းနဲ့ပြည်နယ်တွေမှာမိုးတွေအဆက်မပြတ်ရွာပြီးမြို့တွေ၊ ရွာတွေရေကြီးမှုဟာ ကာလ တာရှည်နေခဲ့ပါပြီ။ ရေကြီးတဲ့မြို့ရွာတွေမှာတော့ ကျောင်းတွေပါ ပိတ်ထားခဲ့ရပါတယ်။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဘေးအန္တရာယ်ကင်းကြပါစေလို့ဆုတောင်းနေရုံပါပဲ။ ဒီခေတ်မှာတော့ လူကိုလူကပြန်ကယ်ဆယ်နေရသလို၊ လူကလူကိုပြန်ကူညီနေရပါတယ်။ ဒါတွေကတော့ မြန်မာလူမျိုးတွေ ရဲ့ အချင်းချင်းရိုင်းပင်းကူညီလိုကြတဲ့စေတနာသဒ္ဒါတရားတွေ ရှိနေတတ်တာကိုပြနေပါတယ်။ ကူညီနိုင်သမျှကူညီနေကြတာပါပဲ။

ဒါပေမဲ့ သဘာဝဘေးအန္တရာယ်ကျရောက်တဲ့နေရာကလူတွေအတွက်တော့ ဒုက္ခတွေရင်စည်းခံနေကြရမှာ ပါပဲ။ ဒီဘေးအန္တရာယ်ကျရောက်နေတဲ့အကြောင်းကြားလိုက်ရရင်ပဲ စိတ်မကောင်းဖြစ်ကြရပါတယ်။ မိုးရာသီမှာမိုးစက်မိုးပေါက်တွေကျတဲ့အခါတိုင်း ပျော်ရွှင်နေတတ်တဲ့ သဘာဝတရားဟာ ပျောက်ကွယ်သွား ကြပါပြီ။ မိုးရေစက်တွေနဲ့အတူမျက်ရည်တွေစီးကျနေပြီလို့ခံစားနေရပါတယ်။ ကဗျာဆရာ ”မောင်လွမ်းဏီ” ရဲ့” မင်းရွက်ရမဲ့ ကဗျာ” ကိုဖတ်ပြီးခံစားမိပါတယ်။

ဆယ်လို့ရမလားပေါ့ ငါ့သား။
ဆယ်ရေတွေတိုး
ကိုယ်ကျိုးတွေနည်း။

`စွေတဲ့မိုးက
အိုးမဲ့လမ်းမဲ့
ဆိုးတဲ့ဘဝ၊ ခဏလေလား။
နက်ဖြန်မနက်
ကျောင်းတက်ချင်တယ်၊
တချို့တွေက
ကျောင်းထွက်ကြတယ်၊
ကြွေမျက်ရည်ဝဲ
ဗေဒါတွေအံခဲ
သူရဲကောင်းကို ဖောင်စီးခဲ့
အိုဘယ့် ဧရာဝတီ။

မိုးများလို့ရေကြီးရေလျှံတဲ့ဒေသတွေမှာတော့ သဘာဝဘေးအန္တရာယ်ကိုခံကြရတဲ့ပြည်သူတွေအတွက် စိတ် မကောင်းဖြစ်နေကြရမှာပါ။ ကျောင်းတွေပိတ်လိုက်ရတော့ကျောင်းတက်ချင်တဲ့ကလေးတွေအတွက် နစ်နာ ရပါတယ်။ ကဗျာထဲကလို၊ကျောင်းတက်ချင်ပေမယ့် ကျောင်းထွက်လိုက်ရတဲ့ကလေးတွေလည်း အများကြီး ရှိနေမှာပါ။ ဒါ မြန်မာပြည်ရဲ့အနာဂတ်တွေပျောက်ဆုံးသွားနေရတာကိုပြောနေပါတယ်။

ပုံပြင်အဟောင်းတွေပါတဲ့
ခေါင်းခုထက်က ဆွမ်းအုပ်နီနီ
ကြေးစည်သံတွေနောက်ကျ
ခြောက်သွေ့တဲ့မိုးစက်ကတဖျောက်ဖျောက်
မိုးကောင်းကင်နက်နက်အောက်မှာ။

ကျွန်တော်တို့ငယ်စဉ်အခါကရွတ်ဆိုခဲ့ရတဲ့ မိုးရာသီရဲ့အလှကိုဖွဲ့ထားတဲ့ကဗျာလေးတွေကိုပြန်မှတ်မိနေ ပါသေးတယ်။ အင်မတန်လှပတဲ့ကဗျာတွေပါ။ ဒီမိုးရာသီအလှတွေဟာ ပျောက်ဆုံးသွားကြပြီလား။

စကားဝိုင်းတွေထဲ
တို့တတွေကပြက်လုံးပဲလား
သဲထဲရေသွန်တိုင်း။

ကဗျာဆရာရဲ့နောက်ဆုံးကဗျာအဆုံးမှာ အင်မတန်ကြေကွဲစရာကို၊ စကားဝိုင်းတွေထဲပြက်လုံးသဖွယ် ဖြစ်နေကြရတာနဲ့အဆုံးသတ်ထားပါတယ်။ ဘယ်သူတွေရဲ့စကားဝိုင်းတွေလဲ။ တွေးကြည့်စရာပါပဲ။ စကားဝိုင်းတွေထဲမှာသဲထဲရေသွန်သလို၊ခေတ်ကြီးကပျောက်ဆုံးနေပြီလား။ သဲထဲရေသွန်တာကိုတွေးနေမိရင်း၊ ကဗျာဆရာ”မောင်သင်းဝေ” ရေးတဲ့ ”ရေနဲ့တူတဲ့လူ” ဆိုတဲ့ကဗျာတပုဒ် ကို သတိရလိုက်တယ်။

သူဟာရေပဲ
ဘယ်တော့မှ အထက်ကိုမဆန်
အောက်ကိုပြန်ပြီး စုန်ဆင်း
“ဟင့်အင်း”လည်းမငြင်းဆန်
လက်ခံခေါင်းညိတ်တတ်သူဖြစ်တယ်။

သူဟာရေပဲ
ပြောင်းလဲမှုမြန်ဆန်
ပုံသဏ္ဍာန်အတိအကျမရှိ
ခွက်၏ သဏ္ဍာန်အတိုင်းပုံပြောင်း
လမ်းဟောင်းလိုက်သူဖြစ်တယ်။


ကဗျာဆရာမောင်သင်းဝေပြောတဲ့ရေနဲ့တူတဲ့လူတွေဟာ အခု ပြောင်းလဲရမယ်ဆိုတဲ့ခေတ်မှာ ပိုများနေတာကို တွေ့မြင်နေရပါ တယ်။ လက်ညှိုးထောင်ခေါင်းညိတ်တတ်ကြတဲ့လူတွေက နေရာ ဝင်ယူနေကြတာတွေကိုလည်း တွေ့နေရပါတယ်။ တကယ်တော့ ရေလိုလူတွေမှာ ဘာအရည်အချင်းမှမရှိကြပါဘူး။ 

ပုံသဏ္ဍာန်အတိအကျမရှိ၊ ခွက်ပုံပြောင်းရင် လည်းအလွယ်တကူ လိုက်ပြောင်းလဲနိုင်ပါတယ်။ ခေါင်းဆောင်ပြောရင်ခေါင်းညိတ်တတ်ကြပြီး”ဟင့်အင်း” လို့ မငြင်း ဆန်တတ်ကြပါဘူး။ အလိုက်အထိုက် လိုက်လျော ညီထွေပြုမူနေ ထိုင်တတ်တဲ့လူတွေပါပဲ။


သူဟာ ရေပဲ
နီတဲ့အခါနီ
ကြည်တဲ့အခါကြည်
နောက်တဲ့အခါနောက်
ကိုယ်ပိုင်အရောင်ပျောက်ဆုံး
သုံးချင်တဲ့အရောင် ပြောင်းသုံးလို့ရတယ်။

သူဟာ ရေပဲ
ဆားထဲမှာပျော်ဝင်ရင် ငန်
သကြားထဲမှာ ပျော်ဝင်ရင် ချို
သံပရာနဲ့ဆိုရင် ချဉ်
နေရာတကာ တွင်ကျယ်လွန်းလှတယ်။

အရောင်အဆင်း
အနံ့အရသာ ကင်းတဲ့ရေကို
ရေကောင်းရေသန့်ဆိုရင်တော့
အဲဒီလို လူတန်းစား
ခေတ်စားနေဦးမှာ သေချာတယ်။

အခုအချောင်သမားတွေနေရာရနေတဲ့ခေတ်လို့ပြောရင်ရေနဲ့တူတဲ့လူတွေပေါများနေတာပါပဲ။ ရေလိုက် ငါး လိုက်လူတွေပေါများနေတဲ့ခေတ်ကြီးမှာ ဘာကြောင့်ရင်ကြားစေ့ရေးခက်ခဲနေရတာလဲဆိုတဲ့ မေးခွန်းကို မေးကြည့်ချင်တယ်။ တခါတလေတော့မေးခွန်းတွေကိုဖြေရမှာတောင်ကြောက်နေရတယ်။ ဒီနိုင်ငံမှာလူတွေဘာကြောင့် မိုးမလုံရတာလဲ။

ကဗျာဆရာဆိုတဲ့လူတွေမေးကြည့်ချင်တယ်ဆိုပြီးတွေးနေမိတဲ့အချိန်မှာ ”ဧညိမ်းဝေ” ရဲ့”ကဗျာဆရာ” က ခေါင်းထဲဝင်လာပါတယ်။

မလုံခြုံတဲ့ကောင်းကင်ကို
ဘယ်ထီးနဲ့မိုးပေးရမယ် မသိဘူး
အရွက်မပါတဲ့ထီးက အရိုးပဲရှည်လာတယ်။

မိုးရွာတဲ့အသံမှာလည်း ကဗျာဟန်က ပါနေတာပဲ
စစ်လက်ကျန်အသက်ကလေးနဲ့
ဒီကဗျာက ရှေ့တန်းထွက်နေကျ။

ကဲ…အခု ဘယ်သူ့အသက်တွေကျန်သေးလဲ
ကဗျာတွေက နာမကျန်းဘူး
ဖိနပ်မပါတဲ့လမ်းမှာ
ပါးစပ်ပါရင် ကဗျာက ခရီးမထောက်ဘူးဗျ
မသေခင်ကတည်းက နိဗ္ဗာန်ကိုတွေ့နေရတယ်။

ဒီခေတ်ကြီးမှာကောင်းကင်ကြီးပေါက်ပြဲနေသလို၊ လူတွေရဲ့ဘဝတွေမိုးစိုသလိုစိုရွှဲနေကြပြီ။ ဒီမိုးကိုဘယ်ထီးနဲ့ကာကွယ်မလဲ။ မိုးကြီးလေထန်နေတဲ့ခရီးမှာ လေတွေ ထန်နေကြတာတော့အမှန်ပါပဲ။ လေထန်နေကြတော့ ကဗျာတွေဟာ နာမကျန်းဖြစ်နေကြတယ်ဆိုပေမယ့်၊ အတွေးထဲမှာတော့ ဖိနပ်မပါတဲ့ လမ်းမှာပါးစပ်ပါရင် ကဗျာတွေခရီးပေါက်နေကြမှာပါ။ ”ကဗျာတွေရှင်ချင်ရင် ကဗျာဆရာတွေသေဖို့သာ ပြင် ပေတော့” ဆိုပြီးပြောသွားတဲ့ ကဗျာဆရာလှသန်းကိုသွားသတိရလိုက်မိတယ်။

သောက်လက်စ ဖန်ခွက်က နောက်တခွက်မျှော်
ပြောလက်စ စကားက နောက်တရက်မျှော်
နှလုံးသားကို ပျစ်ပျစ်နှစ်နှစ်ဖျော်တယ်။

မသောက်ဘဲ
လေစားသွားတဲ့စီးကရက်အငွေ့မှာ
ကိုယ်တို့အသားစတွေများ ပါသွားသေးလား
အသက်ရှုသံက မီးခိုးနံ့နဲ့ ညှော်လာတယ်။

ဒုက္ခကို အပျော်ကျစ်ပြီး
ချစ်ခြင်းမေတ္တာကို ထောင်ဖမ်းရတယ်
ဘယ်ဂွမ်းစတွေက
ကျောက်ခဲတွေ အသည်းလောက် ပိုနုနေဦးမှာလဲ
မိုးရွာတဲ့နောက်ကိုပဲ
ကံတရားက ဇောက်ချလိုက်ခဲ့တယ်။

ကဗျာဆရာဆိုတဲ့လူတွေလည်း မိုးရွာတဲ့နောက်ကိုပဲ၊ ကံတရားကဇောက်ချလိုက်ခဲ့ရင်၊မိုးအမြဲစိုရွှဲနေမှာပါပဲ။ အခုခေတ်မှာ ကောင်းကင်ကြီးကလည်း လုံခြုံမှုကိုမပေးနိုင်တော့ ကဗျာဆရာတွေဒုက္ခတရားကို ရင်စည်းခံ နေရတော့မှာပါပဲ။ မိုးစိုစိုထဲမှာကဗျာဆရာဆိုသူတွေအတွက်တော့ ကဗျာတွေမိုးစိုပြီးကျန်ခဲ့မှာပါ။ ဘာပဲဖြစ်ဖြစ်၊ မိုး ရာသီမှာဒုက္ခတွေကိုရှောင်လွှဲလို့တော့မရနိုင်ပါဘူး။ ဒီသဘာဝဘေးအန္တရာယ်တွေကိုကြိုတင်ကာကွယ်ဖို့နဲ့ဖြစ်ပေါ်လာရင် ကူညီနိုင်ဖို့အတွက်အစိုးရမှာ တာဝန် အရှိဆုံး ပါ။ ဒါကိုကဗျာဆရာ ”စိုးနောင်(မုံရွာ) ”ရေးတဲ့ "နစ်မြုပ်ခြင်း” ကဗျာကိုဖတ်ကြည့်လိုက်မိပါတယ်။

မြစ်က
မဖိတ်ခေါ်ဘဲဧည့်ခန်းမှာ
လာထိုင်နေတဲ့ဧည့်သည်။

အိမ်ရှင်တွေက
အိမ်ခေါင်မိုးပေါ်မှာ။

ထမင်းထုပ်လေးတွေမှာ
မေတ္တာဟင်းဖတ်လေးတွေနဲ့။

နောက်နှစ်ရေမနစ်ဖို့
ငါတို့မှာ
အိမ်မြင့်မြင့်ရှိမှရမယ်။

နောက်နှစ်ရေမကြီးဖို့
အစိုးရမှာ
အစီအစဉ်မြင့်မြင့်ရှိမှာမဟုတ်ဘူး။

ဒီကဗျာလေးကိုဖတ်ကြည့်လိုက်ရင် အင်မတန်မှဝမ်းနည်းကြေကွဲစရာပါပဲ။ ရေကြီးရေလျှံဒေသမှာနေရတဲ့ပြည်သူတွေအတွက်ရောက်နေတဲ့ဒုက္ခတွေကိုတော့ စာနာမိပါတယ်။ သူတို့ရဲ့ ကိုပြည်သူကပြည်သူကိုကူညီခဲ့ကြပေမယ့်အတိုင်းအတာတခုအထိပဲ ကူညီနိုင်ပါတယ်။ ဒုက္ခတွေရောက်နေ ကြတဲ့ ပြည်သူတွေကိုကူညီဖို့က အစိုးရမှာတာဝန်အရှိဆုံးပါ။ ဒီတာဝန်တွေကိုမယူနိုင်ဘူးဆိုရင် ....။
ဒီနိုင်ငံမှာလူလာဖြစ်ခြင်းကဒုက္ခတရားတွေကို ခါးစည်းခံနေရကြရမှာပါပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ ဆုတောင်းပေးရုံအပြင် ဘာများတတ်နိုင်ပါ့မလဲ။

ကိုနိုင်း
ခံစားမိသောကဗျာများ

၁။ မောင်လွမ်းဏီ၊(မင်းရွက်ရမဲ့ကဗျာ)၊Lwan Niဖေ့ဘုတ်၊ ၃၀ သြဂတ်လ၂၀၁၈။
၂။ မောင်သင်းဝေ၊(ရေနဲ့တူတဲ့လူ)၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊သြဂတ်လ၂၀၁၈။
၃။ ဧညိမ်းဝေ၊(ကဗျာဆရာ)၊ မဟေသီမဂ္ဂဇင်း၊သြဂတ်လ၊၂၀၁၈။
၎။ စိုးနောင်(မုံရွာ)၊(နစ်မြုပ်ခြင်း)၊ မိုးမခအွန်လိုင်းမီဒီယာ၊သြဂတ်လ၂၀၁၈။


+ The Sun Rays Journal , Vol 1. No 214.Sep 8 2018

Comments