အနှစ် ၃၀ က မိမိကဗျာ
ခင်လွန်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၇၊ ၂၀၁၇
ကိုယ့်ကိုယ်ပြန်ဖမ်းမိခြင်း
------------
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၂ ကျော်က ကျနော်တို့သူငယ်ချင်း ၅ ယောက် ရဲ့ ဒုတိယမြောက်လုံးချင်းကဗျာ စာအုပ်လေးရဲ့မျက်နှာဖုံးနဲ့ အဲဒီ့အထဲမှာ ပါဝင်ရေးသားခဲ့တဲ့ ကျနော့်ရဲ့ကဗျာတပုဒ်ကို မန်းကဗျာဆရာ စံညိမ်းဦးက တခုတ်တရ ပြန်တင်ပေးထားတဲ့အတွက် အင်မတန်ဆွတ်ပျံ့ကြည်နူး လွမ်းမောသွားမိပါတယ်။
(ဗိုလ်စံကို အတိုင်းထက်အလွန် ကျေးဇူးတင်ရှိပါတယ်လို့ ဒီနေရာကနေ အလေးအနက်ပြောပါရစေ)
ကျနော် တခါလည်း ပြောဖူးပါတယ်။ ငါ့ကိုဇန်နဝါရီပြန်ပေးဆိုတဲ့ ကဗျာစာအုပ် အမည်ကို ခရမ်းပြာ မြင်းရိုင်းကြီး (ကဗျာဆရာ အောင်ဝေး) က ပေးခဲ့တာပါလို့။
ဇန်နဝါရီပြန်တောင်းတယ်ဆိုတာ ဘာကိုပြောတာလဲဆိုတာကိုတော့ ကဗျာမွေ့လျော်တတ်သူများအဖို့ သိပ် အပမ်းတကြီးတွေးယူနေရမှာမဟုတ်ဘူးလို့ ကျနော်ထင်မြင်မိပါတယ်။
စာပေကင်ပေတိုင်တွေမျက်စေ့လည်ပြီး လွတ်ကျွတ်ပွင့်လန်းခွင့်ရတဲ့ ကဗျာတွေပေါ့ဗျာ။
မှတ်မှတ်ရရ ဒီစာအုပ်အရှေ့မှာ ကျနော်တို့ထွက်ခဲ့တဲ့ ပထမဆုံးခြေလှမ်းက"ဒို့လည်းလိုက်မယ် ချန်မထားနဲ့" ဆိုတဲ့ ကဗျာစာအုပ်ပါ၊ ၁၉၈၀ ဇန်နဝါရီကပဲ ထွက်ခဲ့တယ်လို့ထင်နေမိပါတယ်။ (မသေချာပါ)
"မင်းကိုငါရှာမယ်" ဆိုတဲ့ အခုဖော်ပြထားတဲ့ ကဗျာကို(တကယ်တော့ ကျနော်ပြန်လိုချင်လို့ ပြည်တွင်းမှာ ကျနော်နဲ့နီးစပ်သူတွေဆီ) လှမ်းတောင်းနေခဲ့တာကြာပါပြီ။
ဒီကဗျာနဲ့ပတ်သက်ပြီး ပြောစရာအနည်းအကျဉ်းရှိပါတယ်။
ဒီကဗျာထွက်ပြီးစ တနေ့သားအခါမှာတော့ ကဗျာသမားတို့ ထုံးစံအတိုင်း ကဗျာစာအုပ်မှာ ပါဝင်ရေးသား ခဲ့တဲ့သူတွေထဲက အသက်အငယ်ဆုံးဖြစ်တဲ့ နေစိမ့်နဲ့ ကျနော်ဟာ ကိုယ့်ကဗျာ သူ့ကဗျာတွေအကြောင်း ပြန်ပြီး စမြုံပြန်ပြောဖြစ်ကြပါတယ်။
ဒီကဗျာကို ဘာရည်ရွယ်ပြီး ရေးတယ် ဟိုကဗျာက ဘာပြချင်တယ် ဘာဆိုချင်တယ် စသည်ဖြင့်ပေါ့ဗျာ။
တကယ်က နေစိမ့်က ကဗျာအရေးကောင်းပါ။ အထူးပြောနေစရာမလိုပါ။ ဒီနေ့အထိ ကဗျာတွေ ရေးအား ကောင်းကောင်းနဲ့ လိုက်ပါရေးသားနေဆဲပါ။
ကျနော်ကတော့ ကဗျာကို ကိုယ်ရေးတတ်သလိုပဲ (ဒီနေ့အထိ) ရေးနေတဲ့သူပါ။ ကဗျာစရေးတဲ့ကာလကနေ (အခု တင်ပြထားတဲ့ကဗျာအပါအဝင်) ဒီနေ့ထိ ကြိုကြားရေးဖြစ်နေသေးတဲ့ ကဗျာများအပေါ် ကိုယ်တိုင် ကျေနပ်အားရလှတယ် မရှိစဖူးပါ။
ဒါ အရိုးသားဆုံးပြောတာပါ။
ထားပါ။
ပြောလက်စကိုဆက်ရရင် နေစိမ့်က သူ့ကဗျာတွေကို ဘယ်လိုရေးဖြစ် တွေးဖြစ်ပုံကို ကျနော့်ကိုပြောတော့ ကျနော်ကလည်း ကိုယ့်အလှည့်ကျတော့ ပြောရ(မေးရ)ပါတော့တယ်။
ကိုယ်ရေးချင်တဲ့ ရှာနေတဲ့ချစ်သူကိုရော မင်းသိလားလို့မဝံ့မရဲမေးရတာပါ။
မဝံံ့မရဲဆိုတာက ကိုယ်ပြောချင်ရေးချင်တာကို ပေါ်အောင်ရေးနိုင်ခဲ့ရဲ့လားလို့ မဝံ့ရဲတာပါ။ ကျနော်က စိတ်ကူးယဉ်နဲ့ အချစ်ရူး ရူးနေတဲ့လူလိုဖြစ်နေမလားလဲ စိုးရိမ်မိပါတယ်။ ပေးတာနဲ့ ရတာနဲ့ တလွဲဖြစ်နေရင် သွားပြီမဟုတ်လား။
နေစိမ့်က ကျနော်သိပါတယ်ဗျာ တဲ့... ။ ကျနော်ရင်တထိတ်ထိတ်နဲ့ ဘယ်လိုများသိပါလိမ့်လို့ အသက်တောင် ဝ အောင်မရှူဝံ့ပဲ သူ့ကိုစိုက်ကြည့်ရင်း နားစွင့်နေမိပါတယ်။
ကိုခင်လွန်းပြောချင်တာက ".........." မဟုတ်လားလားတဲ့။
ကျနော် အင်မတန်ပျော်သွားခဲ့ရပါတယ်။
ကျနော် တော်လို့မဟုတ်ပါ။ ကျနော့်ဘာသာ သိပါတယ်။
ကျနော်က ဆြာစိမ့်လို့ခေါ်တဲ့ ကျနော်တု့ိအုပ်စုထဲက အထွေးဆုံး ကဗျာဆရာလေး နေစိမ့်က တော်လွန်းလို့ ပါ။
ဟုတ်ကဲ့။ နေစိမ့် ဘာပြောခဲ့လဲ ဆိုတာကိုတော့ ကဗျာမွေ့လျော်တတ်တဲ့လူတွေဆို ကဗျာကိုဖတ်ရင်း အဖြေရပြီးဖြစ်ပါလိမ့်မယ်။
ဟုတ်ပါတယ်။ ကျနော်ကတော့ ဒီကနေ့ (မြန်မာပြည်က အဝေးတနေရာ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းလေး တကျွန်းပေါ်) ရောက်နေပြန်တော့လည်း ကျနော့်လူငယ်ဘဝက စပြီးရှာနေရတဲ့အဲဒီ့ချစ်သူကို ယခုတိုင်လည်း ဆက်လက်ရှာဖွေနေဆဲဘဝနဲ့ပါ။
....
မင်းကို ငါ ရှာမယ်
ညက
လမင်းနဲ့အတူ
ချစ်သူဆီ ထွက်ခဲ့တယ်။
လမ်းမှာ၊ နာဝါလှေငယ်တစင်း
ရှုခင်းပေါ်က လူတယောက်
ငါးကောက်နေတဲ့ကလေးငယ်
တေးညည်းနေတဲ့ အုန်းလက်ရဲ့
ရွက်ခတ်သံကို ကြားရတယ်။
ပင်လယ်လေက
ပြေညင်းတယ် ခင်းပြန့်တယ်
လမင်းက
အခင်းသာတယ်၊ ဝင်းဝါတယ်
ချစ်သူဆီ လာတဲ့လမ်းဟာ
သာယာခြင်းနဲ့အမျှ သာယာတယ်။
မိုးပေါ်က တိမ်
ဣန္ဒြေမရှိ၊ ခိုင်မာသည့်တိုင်မဲ့
ချည့်နဲ့သည့် အရံအကာ
ဘာမှမရှိ
ပကတိဖြူစင်တယ်
အလျင်တခုနဲ့ ရွေ့လျားခြင်းပြုတယ်။
ချစ်သူ
ကြယ်ဖြူတလုံးမှာ ပုန်းနေမယ်
ငါက
လ, ဖန်မီးအိမ်ထွန်းညှိ
မသိဟန်ပြု၍ ရှာရမယ်။
ချစ်သူ
မင်းက တိမ်ဖြူပြာဝါထဲမှာ
အာကာသထဲမှာ ကြယ်တာရာနံဘေးမှာ
အသံပေးရင်းပြေးနေတယ်
ဒါလည်း ငါသိပါရဲ့
ဒါပေမယ့်
မသိဟန်ပြုနေမယ်
ငါရှာနေတာသိတဲ့အခါ
မင်း ပျော်နေရမယ်။
အို အချစ်ရယ်
တကယ် မင်းပျော်မယ်ဆိုရင်
ပင်လယ်ရေထဲမှာ ကမ္ဘာမြေထုထဲမှာ
တခါ ပုန်းလိုက်ပါဦး
ငါနဲ့ လမင်းဟာ
ဘာမှမငြင်းပါဘူး
သီချင်းဆိုကာ
နာဝါလှေငယ်တစင်းနဲ့
တံငါသည် တသင်းနဲ့
အချစ်….
မင်းကို ငါ ရှာမယ်။ ။
-
ကိုခင်လွန်း
(သုံး×သုံး ရာသီ နှစ်လည်ချစ်သူသို့ လွမ်းချင်းကဗျာ)
အမှတ်ရချက်။ ။ ကျနော် ကဗျာစရေးစဉ်က ကိုခင်လွန်းဆိုပြီး ရေးတာပါ။ ကဗျာစာအုပ်တွေ ခုလိုထုတ်ဝေ ပြီး နောက် မဂ္ဂဇင်း ဂျာနယ်လေးတွေမှာလည်း ကဗျာလေးတွေ(မဆိုစလောက်) ဖော်ပြခံရပြီးတဲ့နောက် တနေ့သားမှာ ကျနော်တို့ခပ်ငယ်ငယ်ထဲက လေးစားချစ်ခင်ကြည်ညိုရင်းစွဲရှိတဲ့ ကဗျာဆရာကြီး (ဦး) တင်မိုး နဲ့ ဆုံကြပါတယ်။
ကိုယ့်ဘဝမှာ ပုံရိပ်ကြီးမားလှတဲ့ဆရာတဆူက ကျနော့်ကို ကလောင်အမည်အတိုင်း 'ကိုခင်လွန်း' ကိုခင်လွန်းနဲ့ချည်း ခေါ်ခေါ်နေတော့ ကျနော့်မှာ လိပ်ပြာမလုံဖြစ်လာပြီး ကိုယ်တော့ 'ကို' ဆိုတာချည်းကို ဖြုတ်လိုက်တော့မယ်ကွာဆိုပြီး သူငယ်ချင်းတွေကြားကြေညာကာ 'ခင်လွန်း' ဆိုတဲ့ကလောင်အမည်ကိုပဲ ခံယူလိုက်ပါတယ်။ မိုးဝေ(၁၉၈၀)မှာ စရေးတော့ 'ကိုခင်လွန်း' တော့မဟုတ်ဘဲ 'ခင်လွန်း'...သာ ဖြစ်ခဲ့ပါတယ်။
ဒီလိုနဲ့ နောင် ဆရာ(ဦး) တင်မိုးနဲ့ဆုံပြန်တော့လည်း လူငယ်တွေကို အလေးထားဆက်ဆံတတ်တဲ့ ဆရာဟာ ကိုခင်လွန်းလို့ပဲ ခေါ်ခဲ့ပါတယ်ခင်ဗျား။
ကဗျာစာအုပ် -
( ''ငါ့ကို ဇန္နဝါရီ ပြန်ပေး'')
ယမုံ၊ နေစိမ့်၊ ချစ်လွမ်းနွေး၊ ကိုခင်လွန်း၊ မောင်သာချို
၁၉၈၄။
အဖုံး- မုတ်သုန်
အတွင်းသရုပ်ဖော်- ကိုမြိုး
အမှာစာ - တင်မိုး
Comments
Post a Comment