သစ်ခက်သံလွင် ဝတ္ထုတို- ညိမ်းအေးသာ ၏ "ပြတင်းမှန်ကူ လရောင်ဖြူ ကုမုဒြာဖွေး ရေစင်အေး "

ပြတင်းမှန်ကူ လရောင်ဖြူ ကုမုဒြာဖွေး ရေစင်အေး
ညိမ်းအေးသာ
ThirdDime
သူ့အခန်းပြတင်းတံခါးမှန်ပေါ်တွင် အဆောင်ဝရန်တာအထက်အထိ နွယ်ယှက်အုပ်ဆိုင်းနေ သော တမာပင် မှ သစ်ရွက်အရိပ်ပြောက်ကျား ထင်နေသည်။ ပြတင်းမှန်ပေါ်တွင်ထင်နေသော သစ်ရွက်စိတ် စိတ်အရိပ် ပြောက်ကျားနှင့် တမာပန်းဖြူဖြူလွလွ အဆုပ်အခဲလေးများကို စိတ်ကူးဖြင့် ပန်းချီရေးနေမိသည်။ ပန်းချီ ဆွဲရတာ ကဗျာရေးရတာထက် ခက်သည်။ စိတ်ကူးနှင့်ဆွဲကြည့်တာတောင် အနုစိတ် ခြယ်မှုန်းရတာ ပင် ပန်းလှသည်။ သူ့အဆောင်အခန်းမှာ ရှေ့မျက် နှာစာဘက်တွင် ပြတင်းပေါက်အရှည်သုံးပေါက်ပါရာ အခန်း မျက်နှာစာ တခုလုံးနီးပါးက မှန်ပြတင်းများအပြည့် ဖြစ်နေသည်။ နေ့လည်ခင်း နေရောင်ထိုးချိန်တွင် အဖြူ အညိုပွင့်ခက်များပါသော ခန်းဆီးစရှည်ရှည် ချထားတတ်သော်လည်း ကျောင်းမသွားမီ မနက်ပိုင်းနှင့် ကျောင်းမှပြန်လာသော ညနေစောင်းအချိန်များတွင် ထိုပြတင်းများမှခန်းဆီးစ ဖွင့်ထားတတ်သလို ပြတင်း ရှေ့ကိုငေးမျှော်ရင်း အတွေးစတခုမဟုတ်တခုကို သူစီးမျောဆုပ်ကိုင်ကြည့်နေတတ်သည်။ အဆောင်ရှေ့ တွင် မြင်ရသော မြေနီလမ်းလေးမှာ ကျောင်းသွားကျောင်းပြန် ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများ ၏ ကားဆိုင်ကယ်အချို့မှလွဲ၍ ပြင်ပမှကား၊ ယာဉ်များဖြတ်သန်း သွားလာ လေ့မရှိပေ။ ထိုမြေနီလမ်း၏ တဘက်တွင် တမာပင်၊ ထနောင်းပင်၊ ငုဝါပင်၊ ငုစပ်ပင်နှင့် မိုးနံပင်အုပ်အုပ်လေးများ အတန်းလိုက် ညီ ညာစွာ တောအုပ်လေးအသွင် ဖြစ်နေသည်။ တောအုပ်ထဲမှ ချိုးငှက်ကူသံက ကြားနေကျသာယာ နာပျော် ဖွယ်။ ယခုနွေဦးပေါက်ရာသီတွင် ဥသြတွန်သံများ ကြားရစပြုပြီ။ ဤတက္ကသိုလ်ဝင်းထဲမှ ဥသြတွန်သံက သူကြားနေကျ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှ ဥသြတွန်သံလိုမချိုမနွဲ့၊ အညာနွေပူပြင်းသောကြောင့် သွေးဆူ စိတ်တိုနေသော ဂျစ်ကန်ကန် ဥသြလေးတွေများလားမသိ။ အသံက စူးရှတိုတောင်းနေသည်။ ဥသြ ဥသြ ဟုအော်မြည်လိုက်သောအသံက ချွဲမှနွဲ့မှနားထောင်ကောင်းပြီး အသံစူးရှ ပြတ်တောက်စွာ အော်သောအသံ က ကျဥသြငှက်သံ၏အရသာပျက်သည်ဟု သူခံစားနေမိသည်။ ညနေဆည်းဆာချိန်ရောက်လျှင် သစ်ပင် တောအုပ်အထက်သို့ နေလုံးနီနီ ဆင်းသက်လာသည်။ တခါတရံ လိမ္မော်နီတခါတရံ မရမ်းနီရောင်စဉ်များ ဖြာထွက်ကာ သူ့ကိုခပ်ကြာကြာ နှုတ်ဆက်ပြီးမှ တောတန်းလေးအောက် တဖြည်းဖြည်းဝင်ရောက်ပျောက် ကွယ်သွားလေ့ရှိသည်။ 
ထိုပြတင်းတံခါးသုံးပေါက်အနက် တံခါးမကြီးနှင့်ကပ်လျက် သူအိပ်ရာခြေရင်းအစွန်ဆုံးရှိ အပေါက် တပေါက်ကို တော့ သူအမြဲလိုလို ပိတ်ထားလေ့ရှိသည်။ ထိုပြတင်းပေါက်ပိတ်ထားလျှင် သူသုံးသောလက် ကိုင်ဖုန်း နှစ်လုံးအား ပြတင်းဘောင်ပေါ်တွင် စိတ်ချလက်ချတင်ထားလို့ရသည်။ ခါတိုင်းဖုန်း တင်လေ့ရှိ သော သစ်သားကုလားထိုင်၊ ကြိမ်ကုလားထိုင်ပေါက်စ သေးသေးလေးများမှာ ရန်ကုန်အိမ်တွင် ထားရစ် ခဲ့ပြီ့ဖစ်သည်။ ယခုအခန်းတွင် သူ့ဖုန်းများအား ထိုပြတင်းဘောင်ပေါ်တွင် အသာအယာချထားပြီး ဘက် ထရီအားသွင်းချင်တော့ ၎င်းအထက်နံရံမှ မီးပလပ်ခုံနှင့်နီးနေ၍ အဆင်တပြေ ဖြစ်သည်။ ကျန် ပြတင်း နှစ်ပေါက်မှတံခါးရွက်များကိုပိတ်သည့်အခါ စုံလိုက်ပိတ်ပြီးဖွင့်သည့်အခါ စုံလိုက်ဖွင့်သည်။ ပြတင်းတံခါးနှစ် ရွက်မှာ နေ့ဘက်တွင်ခွဲခွာ၍ ညဘက်တွင် ပေါင်းဆုံရသည့် ချစ်သူနှစ်ဦးဟု တင်စားတတ်ကြသည်။ သူ့ အခန်းနောက်ဖေးဘက် မီးဖိုချောင်လက်ဆေးဘေစင်အထက်တွင် ပြတင်းတပေါက် ရှိသည်။ ထိုပြတင်း ပေါက်မှ တံခါးရွက် နှစ်ရွက်အနက် တရွက်ကို သူအသေပိတ်ထားလေ့ရှိသည်။ တခါတရံ လေပြင်း တိုက် လျှင် ထိုတံခါးတရွက်က လေကြောင်းသင့်ပြီး ယိမ်းနွဲ့လွန်းသည့်ဒဏ်ကိုမခံနိုင်သောကြောင့် ပျက်စီးသွားမှာ စိုးရိမ်သောကြောင့် ဖြစ်သည်။ 
ကျန်တံခါးတဖက်ကိုတော့ သူဘယ်တော့မှမပိတ်ဘဲ အမြဲဖွင့်ထားတတ်သည်။ သူကျောင်းသွားသည့်အချိန် များတွင်တောင်မှ အခန်းရှေ့မျက်နှာစာရှိ ပြတင်းများကိုသာသူပိတ်သွားပြီး ထိုနောက်ဖေးပြတင်းတဖက်ကို တော့ သူပိတ်လေ့မရှိပေ။ ထိုတံခါးနှစ်ရွက်မှာ နေ့ညမရွေး တခြမ်းပိတ်တခြမ်းဖွင့်ထားမြဲဖြစ်ရာ စွယ်တော် ရွက်နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသလို နှစ်ရွက်ပေါင်းမှတပေါက်ဖြစ်ရသော ထိုပြတင်းပေါက်တံခါးလေးနှစ် ချပ်၏ ညအခါဆုံစည်းရန် မျှော်လင့်ခွင့်ကို အစဉ်အမြဲဝေးကွာခြားနားအောင် သူတမင်လုပ်မိပြီလားဟု တခါ တလေ အတွေး ခေါင်တတ်သည်။
ထိုနောက်ဖေးပြတင်းပေါက်အနီးကပ်လျက်တွင် ဆီးချိုပင်အုပ်လေးရှိရာ ထိုဆီးပင်လေးပေါ်တွင် ကျေးငှက်ရောင်စုံလေးများ သာသာယာယာ သီချင်းလာဆိုတတ်သည်။ ပတ္တမြား ရောင် အမောက်ကလေး နှင့် လည်ပင်းတွင် ခရမ်းစွဲဘယက်ကလေးဆွဲထားသော ငှက်ကလေးက အလှပဆုံး၊ အသံအသာယာဆုံး ငှက်ဘုရင်မလေးဟု သူအသိအမှတ်ပြုမိသည်။ ညဘက်အိပ်တန်းဝင်ချိန်တိုင်း ထိုဆီးပင်အုပ်အုပ်လေးပေါ် တွင် ငှက်များဆူဆူညံညံ ငြင်းခုန်နေတတ်သည်မှာလည်း ထိုငှက်မလေးအား ဝိုင်းဝန်းချစ်ခွင့်ပန်ကြသော ငှက်ကာလသားများ၏ ငြင်းခုံသံများဖြစ်မည်ဟုသူထင်မှတ်နေမိသည်။
ထိုပြတင်းမှမလှမ်းမကမ်းတွင် ထနောင်းပင် တပင်စနှစ်ပင်စ မြင်ရသည်။ ထိုပြတင်းမှမျက်စေ့တဆုံး ပန်းချီစကားဖြင့်ပြောရလျှင် စက်ပျောက်မျဉ်းအတိုင်းမျှော်ကြည့်လိုက်လျှင် သူတို့တက္ကသိုလ်တခုလုံးကို ရေ ပေးဝေသောရေစင်ကြီးအားထီးထီးမားမား မြင်ရသည်။ထိုရေစင်ပေါ်သို့တက်သည့် လှေကားအလိမ်အကွေ့ လေးကိုပါ ပီပီသသ မြင်နေရသည်။ ထိုရေစင်ပေါ်တွင် ချစ်သူစုံတွဲများ တကူးတက တက်ရောက်ဆုံတွေ့ တတ်ကြသည်ဟု သူ ဒီကျောင်းရောက်ကာစကကြားဖူးနေရာ တခါက သူကျောင်းကအပြန် အဆောင်လှေ ကားမှ အပေါ်ထပ် သူ့အခန်းပေါ်အတက် လှေကားထိပ် မှန်ပြတင်းကျယ်ကြီးတွင် မြင်ရသောမြင်ကွင်းက ထိုရေစင်ကြီးနှင့် အတည့်ကျနေသည်။ ရေစင်ပေါ်တွင် ငယ်ရွယ်သော ချစ်သူစုံတွဲနှစ်ဦး၊ ဆံနွယ်နှင့်အဝတ် အစားများက လေထဲတွင် တိမ်းယိမ်းလွင့်ပါးနေသော်လည်း နှစ်ဦးသားအနမ်းက တင်းကြပ် တည်ငြိမ်လှ သည်ကို သူသတိထားမိသည်။ သူတမင်တကာ ကြည့်တာမဟုတ်ဘဲ လှေကားတက်ရင်း အမှတ်တမဲ့မြင် ရသော်လည်း အတော်မျက်နှာပူ အားနာခဲ့ရသည်။ နောက်နောင် လှေကားအတက်အဆင်းလုပ်တိုင်း ထို မှန်ပြတင်းကျယ်ကြီး၏တဖက်သို့ အကြည့်ကိုမရောက်မိအောင် သူသတိထားသည်။ ထိုရေစင်ကြီးပေါ်တွင် ငယ်နု သောချစ်သူစုံတွဲများ တတွဲမဟုတ်တတွဲ အပိုင်စား နေရာယူထားတတ်သည် မဟုတ်ပါလား။
အဆောင်ရှေ့ဘက် မျက်နှာစာပြတင်းပေါက်များမှ ပြင်ပသို့ငေးမောကြည့်ရင်း မြင်ရသောမြင်ကွင်း သည် တနေ့ထက်တနေ့ ပို၍မထူးဆန်း၊ ထိုအခါ သူ့အတွက် ဆက်ငေးစရာ တွေးစရာမရှိသည့်အဆုံး ထို ပြတင်းပေါက်များနှင့်ဆက်နွယ်နေသော အကြောင်းများကိုပင် ပြန် တွေးနေမိသည်။ ပြတင်ပေါက်မှန်သမျှ သည် အဆွေးအလွမ်းကိုဖော်ပြရာအခင်းအကျင်းပြခန်းဖြစ်ကြောင်း စိန်ခြူးကြာညောင် ဘာလယ်မှ စတင် အမှတ်သညာပြုနိုင်သည်ဟု သူတွေးကြည့်မိသည်။ မှန်ရွှေဖြူပြတင်းရယ်က မယ်ခုမျှော်ဟူသော စကား လုံးသည် အတော်ရှေးကျသော်လည်း ခတ်အဆက်ဆက် တမ်းလင့်မှန်းမျှော်ရ သောခံစားချက်ကို ထင် ဟပ်နိုင်သည်။ ချစ်သူ ခင်သူများအားမျှော်လျှင် ဘာကြောင့် ပြတင်းပေါက်မှမျှော်တတ်ကြသည်လည်း မသိ ပေ။ ပြတင်းပေါက်မှမမျှော်ဘဲ တံခါးမကြီးမှမျှော်လျှင် ကဗျာမဆန် လွမ်းမောစရာမကောင်းတော့ တာ သေ ချာသည်။ ပြတင်းပေါက်မှ တဝက်တပျက်ငေးမျှော်ရသောအရသာသည် တံခါးမကြီးမှအပြည့်အဝ လူလုံးပြ မျှော်ရသောအရသာထက် ယူကြုံးမရတိတ်တခိုးပူဆွေးရသောခံစားချက်သက်ဝင်သည်။ သူကရော ပြတင်း တံခါးများမှငေးမော၍ မည်သူ့ကို မျှော်ရမည်နည်း။ သူ့ ဘဝတွင် ချစ်သူခင်သူများနှင့်ခွဲခွာနေရသော ကံ အကျိုးပေးက ဆိုး၍ပါလာသည်။
တယောက်တည်း နေရတာအသားကျနေသော်လည်း တခါတရံစိတ်၏အထီးကျန် ခြောက်သွေ့မှု ကို ခံနိုင်ရည်နည်းနေတတ်သည်။ စနေတနင်္ဂနွေလို ကျောင်းပိတ်ရက်များတွင် နေ့ခင်းခဏ တရေးအိပ် ပျော်မိလျှင် အမြဲတမ်းတဝက်တပျက်လန့်နိုးလာပြီး ရင်မှာဟာနေတတ်သလို ညပိုင်းအိပ်လျှင်လည်း အစောပိုင်း ဘယ်တော့မှအိပ်မပျော်ပေ။ စောစောအိပ်လျှင် ပို ချောက်ချားရတော့မလိုဖြစ်ပြီး စာအုပ်တအုပ် အုပ်ကိုအဖော်ပြုနေရတတ်သည်။ TV ကို သတင်းမှလွဲလျှင် သူမကြည့်ဖြစ်သောကြောင့် စာဖတ်ခြင်း အလုပ်ကိုသာ သူပိုအားစိုက်ဖြစ်သည်။ တခါတရံ ကဗျာရေးသည်။ ပန်းချီနည်းနည်း ထဆွဲမိသည့်အခါ လည်း ရှိသည်။ များသောအားဖြင့် သူ့အတွေးကမ္ဘာထဲတွင် သူ နေနေတတ်သောအချိန်က များသည်။ သူ့ မိတ်ဆွေအယ်ဒီတာတဦးကတော့ အခုလို တိတ်ဆိတ်ခြောက်ကပ် အထီးကျန်ဖြစ်ရခြင်းကို တန်ဖိုးရှိအောင် အသုံးချနိုင်ဖို့ သူ့အားစာရေးရန် တိုက်တွန်းလေသည်။ ဆောင်းပါးနှင့် ကဗျာရေးနေကျ သူ့လက်အား ရသ စာပေအတွက် စကားပြေရေးဖို့လည်း ယုံကြည်ပေးနေတတ်သည်။ အလုပ်တဖက်နဲ့ မအား ဘူးဆရာရဲ့ဟူ သော သူ့အကြောင်းပြချက်ကို ဆရာက လက်မခံပေ။
ဇော်ဂျီ၊ မင်းသုဝဏ်၊ တက်တိုး၊ မောင်ခင်မင် (ဓနုဖြူ)၊ တိုက်စိုး၊ မင်းယုဝေ၊ မနှင်းဖွေး၊ မစန္ဒာ၊ ခင်မြဇင် အစရှိသော ဝန်ထမ်းဘဝနှင့် စာရေးကြသူတွေနာမည်ကို တန်းစီရွတ်ပြတတ်သည်။ တက္ကသိုလ် ဘုန်းနိုင်လည်း ပါမောက္ခဘဝနဲ့ဂန္တဝင်စာပေတွေ အများကြီးဖန်တီးသွားတာပဲဟု မနှိုင်းကောင်းစရာ နှိုင်းယှဉ် ပြောတတ်သည်။ သူစာရေးရမှာ ပျင်းသော်လည်း ဆရာ့စေတနာနှင့် တိုက်တွန်းမှုကိုတော့ အလေးအနက် တန်ဖိုးထားရသည်။
တယောက်ထဲနေချိန်များသည် ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့ရန် အကောင်းဆုံး အချိန် များဖြစ်နေ တတ်ရာ ဆွေးမြည့်စိတ်နှင့် မျှော်ငေးရသော မှန်ရွှေဖြူ ပြတင်းပေါက်များအပြင် ဘဝတွင် သူနေထိုင်ခဲ့ဖူးရာ အခန်းများမှ ပြတင်းတံခါးများအကြောင်းကိုလည်း ပြန်လည်သတိတရစဉ်းစားကြည့်မိသည်။ သူငယ်စဉ်က မိဘများနှင့်အတူနေထိုင်ရာအိမ်တွင် သူအိပ်သောအခန်းမှ ပြတင်းတံခါးကို ပြန်တွေး မြင်ယောင်သည်။
ထိုအခန်းမှ ပြတင်းပေါက်နှင့်ကပ်လျက်တွင် မန်ကျည်းပင်ခပ်ကြီးကြီးရှိသည်။ ထိုမန်ကျည်းပင်နှင့် ကပ်လျက်တွင် ဒေါ်သာဖြူ သရက်ပင်နှစ်ပင်ရှိသည်။ ထိုပြတင်းမှကြည့်လျှင် အခြားမြင်ကွင်းများကို မမြင် ရအောင် ထိုမန်ကျည်းပင်နှင့် ဒေါ်သာဖြူသရက်ပင်တို့မှ စိမ်းမြသောသစ်ရွက်များက ကာကွယ်ထားသည်။ သူလည်း ထိုပြတင်းတံခါးမှထူး၍ အဝေးသို့မျှော်မကြည့်မိခဲ့။ အခန်း ခေါင်းရင်းခြံထဲရှိဇွန်ပန်းရုံမှ သင်းမွှေး သော ဇွန်ပန်းရနံ့များအားနှစ်သက်စွာရှူရှိုက်ရင်း နှစ်ခြိုက်စွာအိပ်ပျော်သွားတတ်မြဲဖြစ်သည်။ မိဘ၏အရိပ် အာဝါသအောက်တွင် လုံခြုံနွေးထွေး သောကာလများမဟုတ်ပါလား၊
မန္တလေးတက္ကသိုလ် သူသွားတက်ချိန်ကစပြီး မိဘနှင့်ဝေးကွာသောအရပ်ဒေသများမှ  ပြတင်းများ စွာကို သူကြုံတွေ့ရသည်။ ကျောင်းသူဘဝ သူ့အဆောင်အခန်းခေါင်းရင်း ပြတင်း ပေါက်မှ ဂစ်တာတီး သီချင်းလာဆိုတတ်သော ကျောင်းသားများစွာ၏မျက်နှာများကို သူ မြင် တွေ့နေရသည်။ တခါက သူနှင့် အတန်းအတူတက်သောကျောင်းသားတဦး ထိုပြတင်းပေါက် အောက်မှ သူ့နာမည်အား အော်ခေါ်၍ မေဂျာ စာအုပ်ငှားသည်။ သူစာအုပ်ငှားရမည် အထင်နှင့်စာအုပ်ယူပြီး အဆောင်အောက်ဆင်းမည်လုပ်ပြီးမှ ပြတင်း အောက်မှ ဆက်လက်အော်ပြော နေသာ ချစ်တယ်ဆိုသောအသံကြောင့် စာအုပ်ငှားရန် အကြောင်းမရှိ ကြောင်း သဘောပေါက်ခဲ့ရသည်။ သူ့ဘဝတွင် ပြတင်းပေါက်နှင့် အချစ်၏အဆက်အစပ်က ထိုအချိန်က စသည်လား မသိပေ။ ထိုအချစ် မယုံကြည်ရသည်ကိုလည်း ထိုကျောင်းသား သူ့အား အရေးမလုပ်တော့ဘဲ မိုးကုတ်မှကျောင်းလာတက်သော ကျောင်းသူတယောက်နှင့် ရည်းစားတယောက် ချက်ချင်း ကောက်ထား တာကို မြင်တွေ့ရကတည်းက သူသိနားလည်ခဲ့သည်။ သူ့ဘဝတွင် ချစ်တယ်ဆိုသောစကားကို ကြိမ်ဖန် များစွာကြားခဲ့ဖူးရာ ပြတင်းပေါက်များမှတဆင့် ပြောလာသော စကားများလည်း အတော်များများ ပါဝင်ခဲ့ သည်။ သူကိုယ်တိုင်လည်း ထိုချစ်တယ်ဆိုသောစကားကို မဟုတ်မမှန် ပြောဆိုရင်း သူ့ဘဝတခုလုံး အတွက် အဆုံးအဖြတ်မှားခဲ့ဖူးရာ ထိုစကားလုံးသည် ဘဝအတွက် ကျိန်စာတခုလို ဒဏ်ရာနက်နက်ကိုသာ ပေးလေသည်။
ယခုလည်း သူ့ဘဝအတွက် နောက်ထပ် ပြတင်းတံခါးတချပ်ဖွင့်လှစ်၍ လာနေသည်။ ထို ပြတင်း ပေါက်အကြောင်းကိုတော့စဉ်းစားမိရုံနှင့်  ရင်ထဲမှာမယုံနိုင်အောင် လှိုက်ခုန်ပူနွေးလာရ မြဲဖြစ်သည်။ ထို ပြတင်းပေါက်မှတဆင့် ကမ်းလင့်၍လာသောသူ့အတွက် လက်ဆောင်ကဗျာတပုဒ်ကို မြတ်နိုးဖွယ်ရာ လက် ခံရရှိသည်။ ထိုကဗျာအားနှစ်သိမ့်ကျေနပ်စွာ လက်ခံသိမ်းဆည်းပြီးနောက် ထပ်ဆင့်ဝင်လာသော နွေး ထွေးကြင်နာမှုများ၊ တွယ်တာတိမ်းညွတ်မှုများကို  တစတစထင်ရှားပီပြင်စွာ ခံစားသိ မြင်နေရသည်။  ထိုကဗျာတပုဒ်သည် နှစ်ဦးစလုံး၏ ရင်တွင်းကိုလှမ်းမြင်နေရသော နောက်ထပ် ပြတင်းတပေါက်ဖြစ်ခဲ့မည် ဆိုလျှင် ထိုပြတင်းမှတဆင့် သူ့ရင်ထဲတွင်ရှိနေသော နက်ရှိုင်းသိမ်မွေ့သည့် တစုံတရာကိုရော တဖက်မှ လှမ်းမြင်နိုင် သိနိုင်ပါမည်လား။ ထိုပြတင်းမှတဆင့်ပင် သူလည်း ကဗျာတပုဒ်ကမ်းလင့်ပေးမိသည်။ ထို ကဗျာက အပြည့်အစုံတော့မဟုတ်ခဲ့ပါချေ။
တချိန်က ချစ်တယ်ဆိုသောစကားတခွန်းကို မှားယွင်းစွာ အလွဲသုံးစားလုပ်ခဲ့ဖူးသော သူ့အတွက် မည်သည့်အချစ်ကဗျာတပုဒ်ကိုမှ အပြည့်အစုံ ရေးသားခွင့်မရှိတော့မည်မှာ သေချာသည်။ ချန်ထားသင့် သည့် ချန်ထားရစ်ရမည့်ကွက်လပ်ကတော့ မလွဲမသွေ ပါဝင်နေရမည် ဖြစ်သည်။ သူတန်ဖိုးထား မြတ်နိုးရ သူကို သူ့ကြောင့် မည်သည့်စိတ်သောက ဒဏ်ရာဒဏ်ချက်ကိုမှ မြူတမှုန်တစမပေးရက်ခဲ့တာ သူ့ရင်ထဲက ဖြူစင်အေးမြသော မေတ္တာတရားအလှပင်။
ကဗျာတွင် ချန်ထားရစ်သော ထိုကွက်လပ်အား ဖြည့်ရန်ကြိုးစားမည်ဟု သူ့အား ပြောလာတော့ သူ ငြင်းဆိုခဲ့သည်။ ကွက်လပ်အတိုင်း ထားစေချင်သည်။ ထိုကွက်လပ်ကို ဖြည့်စွက်ရန်မလို။ နှစ်ယောက်သား အကြားတွင် ကွက်လပ်ရှိနေရမည်။ သူတို့တဦးနှင့်တဦး သိမြင်နားလည်ခဲ့ရခြင်းမှာလည်း ပြတင်းပေါက် ကလေးမှတဆင့် ဖြစ်သည်။ ထိုပြတင်းပေါက်လေးမှတဆင့် မျှော်တွေးလွမ်းဆွေးရသော ခံစားချက်သည် မြတ်နိုးခုံမင်စရာ ဖြစ်သည်။ မည်မျှပင် တမ်းတစိတ်နှင့်လောင်ကျွမ်းရပါစေဦးတော့။ ပြတင်းပေါက်ဆိုသည် မှာ မျှာ်ငေးရန်တမ်းတရန်အတွက်သာ ဖြစ်သည်။ ပြတင်းမှတဆင့် အလိုရှိရာ နညံ့သောနှလုံးသား ဆန္ဒများ ကို မြင်နိုင်သိနိုင်ခံစားနိုင်လျှင် ဘဝအတွက်ကြည်နူးမွေ့လျော်ဖို့ အင်မတန်ကောင်းနေပြီ။  ပြတင်းပေါက် ဆို တာ ကျော်ဖြတ်ဝင်ရောက်ရန်မဟုတ်။ ပြတင်းမှတဆင့် အတင်းအကြပ် ချဉ်းနင်းဝင်ကြလျှင် ပြတင်း၏အလှ တရားပျက်ပြယ်၍ အကျည်းတန်အရုပ်ဆိုးပြီး လောကပါလတရားများပါ ပျက်သုဉ်းသွားစေနိုင်မည့် ချိုး ဖောက်မှု တရပ်ဟု သူထင်မြင်နေမိသည်။
ပြတင်းမှတဆင့် ပို့လွှတ် သော သူ၏ချစ်ခြင်းမေတ္တာလရောင်သည် မည်မျှပင် အလှမ်းကွာဝေးစေဦး တော့ ချစ်ရသူ၏ရင်တွင်းမှ နှလုံးသားကုမုဒြာကြာပွင့်ကို အနူးညံ့အလှပဆုံး လန်းစေတင့်စေမည်ဟု သူ ယုံ ကြည်သက်ဝင်သည်။    

ညိမ်းအေးသာ

Comments