Friday, June 9, 2017

k

သစ်ခက်သံလွင်- ကဗျာဆရာအောင်ဘညိုကွယ်လွန်ခြင်း ၂ နှစ်မြောက်အလွမ်းကဗျာများ၊ ဝင်းမင်းခိုင်၊ မောင်ရဲနွေပလိပ်၊ အာကာဦးတို့၏ကဗျာများ


ပန်းချီကိုကိုနိုင်
ကဗျာဆရာ

စင်ကြယ်မှုနဲ့
ခင်ဗျားနာမည်ကို ထွင်းထုတယ် ။
လူသားတွေရှိနေသရွေ့
တည်မြဲနေမယ့်
အနိစ္စကို အောင်နိုင်သူ ။ ။

(ရောင်းရင်း အောင်ဘညိုရေ ကဗျာနဲ့လွမ်းလိုက်ပါရဲ့)
ဝင်းမင်းခိုင်
၉၁၀၁၇
ကဗျာဆရာ  

 ကဗျာဆရာသေပေမယ့်
ကဗျာတွေ မသေဘူး
ကဗျာတွေ  ရှင်သန်နေဆဲ...။

ဆင်မိုက်ကြီး ရှင်နေဆဲ
ကဗျာဆရာ ရှင်နေဆဲ...။

ကဗျာဆရာဆိုတာ
ဘဝရေသောက်မြစ်
ကဗျာဖြစ်ဖို့ပဲ လိုတယ်...။

ကဗျာဆရာ
လူသေပေမယ့်
ကဗျာမသေပါလေ ။ ။

(အောင်ဘညို အလွမ်းကဗျာ)
မောင်ရဲနွေ ပလိပ်
၉. ၆. ၁၆
.....
သွေးခုန်နှုန်းနဲ့ ရေးတဲ့ကဗျာ

အလှဆုံးသစ္စာတရားကိုဆုပ်ကိုင်တော့
ဒဏ်ရာတွေဟာ
ခန္ဓာကိုယ်ပေါ်အပ်ကြောင်းထပ်ခဲ့တယ်။
လောင်ကျွမ်းခဲ့ရတဲ့နေ့ရက်တိုင်းအတွက်
တိုက်ပွဲဝင်တမ်းချင်းတွေနဲ့
ခင်ဗျားကမ္ဘာဟာ
ခြောက်ကပ်ကပ်နိုင်လွန်းခဲ့။
ကိုညိုရေ
ခင်ဗျားရဲ့သက်တန့်ကြီးပေါ်
ကျနော်တို့လမ်းလျှောက်ထွက်ခဲ့တုန်းက
ခင်ဗျားရဲ့အရောင်ကို ကျနော်တို့ မက်မောခဲ့တယ်။
ကိုညိုရေ
ခိုတောင်က မုန့်တီသည်လေးတွေလည်း
လှိုင်းထဲလေထဲမှာ
မျှော်လင့်ချက်နဲ့
အသက်ဆက်နေရဆဲ
တံတားပေါ်မှာ ခင်ဗျားရပ်နေတုန်းပဲလား။
ကျွသမားတွေရဲ့ ချက်အရက်ပူပူဟာ
သူတို့ဘဝလိုပဲ ပူနေရှာတုန်း
ခင်ဗျားစက်တပ်မြင်းတွေလည်း
ဧရာဝတီမှာ အသံသဲ့သဲ့ပဲ ထွက်တော့တယ်။
“အိုစမာ” အတွက် ကဗျာရေးတုန်းကလို
ခင်ဗျားခေါင်း မီးတောက်နေတုန်းပဲလား ကိုညို
“လာညီလေး အတူတူသောက်ရအောင်ကွာ”
ဆိုတဲ့ညတွေမှာ
ပင်လယ်ဇင်ယော်တွေဟာ
ကျနော်တို့ကမ်းကို ကပ်တယ်။
လမ်း ၄ဝ ညတွေထဲ
ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို
ပြန်ရှာမတွေ့ခဲ့ဘူး။
ဘီလူးသဘက်တွေသောင်းကျန်းတဲ့
ရန်ကုန်ဆိုတဲ့ သွေးစက်လက်မြို့ကြီးမှာ
ခင်ဗျားရဲ့ဒဏ်ရာဟာ ရင့်သထက်ရင့်ခဲ့တယ်။
ခင်ဗျားရဲ့ကဗျာဟာ ဝံ့သထက် ဝံ့ခဲ့တယ်။
ကိုညိုရေ
ကျနော်တို့ ရော့ခ်သီချင်းတွေကိုအော်ဆိုတဲ့အခါ
ကျနော်တို့အနားမှာ ခင်ဗျားမရှိတော့ဘူး
အသစ်ဆိုက်လာတဲ့ရထားကြီးပေါ်
ကျနော်တို့ပြေးတက်တဲ့အခါ
အဲဒီရထားကြီးကို ခင်ဗျားမမီလိုက်ဘူး။
ကြေကွဲစရာပေါ့ဗျာ။
“အိုစနေ” မှာ သေချာခဲ့တဲ့ခင်ဗျား
ကမ္ဘာကြီးနဲ့ မေတ္တာမျှဖို့ကြိုးစားခဲ့တဲ့ခင်ဗျား
ခင်ဗျားစိုက်ခဲ့တဲ့ပန်းတွေဟာ
ကျနော်တို့ သွေးခုန်နှုန်းထဲ
ခုထိမွှေးမြနေဆဲပါဗျာ။

(ကဗျာဆရာ အောင်ဘညိုသို့)
အာကာဦး