သစ်ခက်သံလွင်အက်ဆေး၊ ညိမ်းအေးသာ၏ " ပတ္တမြားရောင် အရုဏ်ဦး ဖူးသစ်စ လင်းနေရည်"



ပတ္တမြားရောင် အရုဏ်ဦး ဖူးသစ်စ လင်းနေရည်

ညိမ်းအေးသာ

ပုံကို goole မှ ယူပါသည်။

 တကယ်တမ်းကျ ကျောင်းသားကျောင်းသူလူငယ်လေးတွေအား ရင်ထဲရောက်အောင် ခင်းကျင်းပြရမည့် ရှုခင်းမြင်ကွင်းတွေ ရှိသေးသည်။ အမှောင်ခေတ်အတွင်း ဖုံးကွယ်ထားသော အမှန်တရားများ၊ ဖိနှိပ်ချုပ် ချယ်ခြင်းနှင့် အညံ့မခံတွန်းလှန်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်းနှင့် တော်လှန် အံတုမှု များ၊ အမှားနှင့်အမှန် အမှောင်နှင့်အလင်းကြားက ခေတ်အဆက်ဆက် တိုက်ပွဲများ၊ သင်ရိုးတွင်မပါဝင်သော်လည်း မသင်မဖြစ် သင်ပေးရဦးမည့် ပြောပြရဦးမည့်အကြောင်းအရာများ။ 


          ဌာနမှာ အောင်စာရင်းများ အပြီးသတ် လုပ်ရပြီ။ ဂုဏ်ထူးမှတ်ဆို မင်ပြာဝိုင်း၊ ကျလျှင် မင်နီဝိုင်း။ ယခင်ကတော့ ဂုဏ်ထူးမှတ်ဆို မင်အစိမ်းဝိုင်းလေ့ရှိကြသည်။ 
အစိမ်းကိုအခြားကျောင်းများမှာသုံးကြသေးလားမသိ၊ သူတို့မုံရွာဌာနမှာတော့ မသုံးဖြစ်ကြ တော့ပေ။ အမှန်ကတော့ အစိမ်းလည်း အစိမ်းအလျှောက်၊ အနီလည်း အနီအလျှောက် သူ့ နေရာ နှင့် သူတန်ဖိုးရှိ ကြသည်။ သစ်တောဆိုစိမ်းမှ ကျောက်စိမ်းဆိုစိမ်းမှ အရည်အသွေးရှိသည်။ တန်ဖိုး မြင့်သည်။ အဖိုးထိုက်အဖိုးတန်အရည်အသွေးမြင့် အစိမ်းများအားကုန်ခန်းအောင် ဆိတ်သုဉ်းစေခဲ့သော မလိုလားအပ် သည့်အစိမ်းများကိုတော့ အများက မနှစ်မြို့ကြ၊ လူထုက ပစ်ပယ်လိုက်ကြပြီ။ ပတ္တမြားအရောင်၊ နှင်းဆီအရောင် အနီကတော့ ရဲရင့်ခြင်း၏ အမှတ်သညာ၊ တော်လှန်ရေး၏ သင်္ကေတ၊ စိတ်ဓာတ်အနီ၊ ဝါဒအနီ၊ ထိုအနီများဆို ခွန်အားရှိသောအနီ ဖြစ်ရမည်။ 

          တလောကအနီနှင့် အစိမ်းပြိုင်ပွဲတွင် သူလည်း အတော်နီလိုက် မောင်းလိုက်သေးသည်။ တနိုင်ငံလုံး အနီတွေလွှမ်းသွား။ ရဲရင့်တောက်ပ အနီ။ စိတ်ချလက်ချ အနီ။ နီစွေးခြင်း၏ရလဒ်များ ကိုတော့ သူတို့မခံစားကြရသေး။ သူတို့အားလုံး အနီးကပ် စောင့်ကြည့်သူရော၊ အဝေးမှ စောင့် ကြည့်သူရော အကင်းပါးစွာ စောင့် ကြည့်နေကြသည်။ သွေးမဆူရ၊ ရင်မပူရ၊ အမေ မှာထားသည်။
သူကလည်း ဘာပဲဖြစ်ဖြစ် နယ်မှာရောက်နေသည်ဆိုတော့ မလှမ်းမကမ်းမှ စောင့်ကြည့်နေ သူတွေထဲ ပါရမလို ဖြစ်နေသည်။ ရန်ကုန်မှာလို ထစ်ကနဲရှိ ရှေ့ဆုံးကရောက်နေမိတာမျိုး လုပ်လို့ မရတော့ပေ။
တစ်ဆယ့်နှစ် နှစ်ကျော် ကြာနေလာခဲ့သော ရန်ကုန်ကို အမြဲလိုလို သူ လွမ်းသည်။ ရန်ကုန်မှ နယ်သို့ပြောင်းရမည်ဟု အမိန့်စာ ထွက်သည့်အချိန်က သူ အတော်တုန်လှုပ်ခဲ့ရတာ အမှန်ပင်။ သူ့လုပ်သက်တလျှောက် တကျောင်းမှ တကျောင်း ပြောင်းခဲ့ရတာ မဆန်းလှသော်လည်း ဒီတခါအပြောင်းကတော့ ရန်ကုန်နှင့် မုံရွာ အလှမ်းကွာလွန်းလှသည်။ မသွားချင်သော်လည်း သွားရဦးမည် ဟုတွေးကာ ရာထူးတိုးတာကိုပင် စိတ်နာချင်သလို ရှိရသည်။ ထရန်စဖာ အပြောင်းအရွှေ့တနှစ်တခါ ထွက် တိုင်း ရန်ကုန်မှ နယ်ကျောင်းအပြောင်းအရွှေ့ပါသူများကို တစ်ဆယ့်နှစ်နှစ်လုံးလုံး သွေးအေးအေးဖြင့် သူ ထိုင်ကြည့်နေခဲ့ဖူးသည်။ မနှစ်က ရန်ကုန်မှပင်လုံသို့အပြောင်းပါသော သူ့သူငယ်ချင်းမျက်ရည်ကျတော့ ပြည် နယ်ဆိုရင် တစ်နှစ်ထဲ နေပြီး ရန်ကုန်ကို အပြောင်းပြန်တင်လို့ ရတာပဲ၊ ဘာစိတ်ပူစရာလိုလဲဟု ပေါ့ပေါ့ တန်တန် သူ နှစ်သိမ့်ခဲ့မိသည်။ သူ့အလှည့်ရောက်တော့ မုံရွာလောက်ပြောင်းရတာကိုပင် အတော် ချောက် ချားနေမိသည်။ 

          ယူရမည့်ပစ္စည်းများ မပြင်ချင်ဘဲ တုံ့ဆိုင်းစွာ ပြင်ရတာကိုလည်း အမှတ်ရသည်။ လိုအပ်တာတွေများလွန်းလှသော်လည်း အကျဉ်းရုံးယူသွားရန်သာ ဆုံးဖြတ်သည်။ အိပ်ရာလိပ် အရင်ပြင်၊ ယူနီဖောင်းလေးစုံ၊ ချိတ်ထမီနှင့် အရောင်တူ အင်္ကျီအစုံနှစ်ဆယ် ထည့်ပြီးတော့ ဟိုမှာ နှစ်လလောက်တော့ နေစရာဝတ်စရာ အဆင်ပြေပြီ ဟု အောက်မေ့မိသည်။ သူ့အိမ်မှ စာအုပ်စင်တွေကိုကြည့်မိတော့ တခုမှ ထားခဲ့ရက်စရာမရှိ။ သူ့ဘာသာရပ်နှင့်ပတ်သက်သော ပညာရပ်ဆိုင်ရာ စာအုပ်များကို သူတဒင်္ဂခွဲခွာနိုင်ပေမဲ့ သူ အနှစ်သက်ဆုံး ဝတ္ထု၊ ကဗျာ၊ မဂ္ဂဇင်းစာအုပ်များ ထား သည့်စာအုပ်စင်များကိုတော့ အပါသယ်ချင်နေမိ သည်။
          လတ်တလော မသယ်နိုင်သေးတာ သေချာ၍ စိတ်ကိုထိန်းချုပ်ပြီး မပါမဖြစ် စာအုပ်သုံးလေးအုပ်ရွေး ချယ်ကြည့်မိသည်။ သူသိပ်ကြိုက်သော ကြည်အေးဝတ္ထုတွေနဲ့တင် သုံးလေးအုပ်စာရင်းကိုက်သွားသည်။    နောက်ထပ် ကဗျာစာအုပ်သုံးလေးအုပ်၊ စည်သူငြိမ်းရဲ့ ကိုယ့်နာမည်ကိုယ် ရေးထိုးကြတယ်၊ တောင် တွင်း မောင်သင်းကျော်ရဲ့ လောကဓံအပဲ့အကြွေများ ကဗျာပေါင်းချုပ်၊ ဆရာဒဂုန်တာရာ အမှတ်တရ ပန်းနုရောင်အိုနွေဦး၊ ဆရာမောင်စိမ်းနီလက်ဆောင်ပေးခဲ့သော ဆရာစိမ်း၊ သစ္စာနီ၊ ဇင်ဝေသော်တို့ရဲ့ သုံးပုဒ်ကဗျာ၊ နေညိုအောင်၊ မင်းနဒီခတို့၏ ပန်းပွင့်တွေ သီချင်းမဆိုတတ်ဘူး မျှော်လင့်ခြင်း တနင်္ဂနွေ အချစ်ကဗျာများ၊ ဆရာခါး အမှတ်တရပေးခဲ့သော မှော်ရုံဟေဝန်၊ စစ်အေးအလွန်၊ ချစ်သူဘေးသင့် တဲ့ ဆောင်းရာသီစကားပြေ အနုပညာစာအုပ်လည်း အပါယူချင်သည်။ 

ယူလိုသောစာအုပ်များမှာ သူ့ထက်ငါ အလုအယက် သူ့စိတ် သူ့နှလုံးသားကို တိုးဝှေ့နေ ကြသည်။ ယူရန်ပစ္စည်းစီစဉ်ရတာ ဒီတခါ အကြန့်ကြာဆုံး ဖြစ်သည်။ သူရေးသော ကဗျာများ၊ ဆောင်းပါးများပါသည့် စာအုပ်များ သီးသန့်ရှိသေးသော်လည်း မယူဖြစ်တော့၊ သူ့ ကဗျာများ စာများ အကုန်လုံး memory stick မှတ်ဉာဏ်တောင့်လေးထဲတွင် soft copy အဖြစ် နူးညံ့စွာ သိမ်းဆည်းထားလိုက်သည်။ လူဆိုတာနေမြဲနေရာတွင် အေးဆေးစွာပျော်မွေ့ချင်ကြသည်။           အင်နားရှားသဘောတရားအရရော နောက်ထပ်အပြောင်းအလဲသစ်မှာ အဆင်မပြေ အသားမကျမှု များကို ရင်ဆိုင်ရမှာရောကြောင့် ဖြစ်သည်။  သူပြောင်းခဲ့တာ ဒီတခါရောဆို ငါးကြိမ်မြောက်မို့ ကျောင်းငါးကျောင်း ရှိ ပြီဖြစ်သည်။ တနေရာမှ တနေရာပြောင်းတိုင်းအခက်အခဲ ကြီးကြီးမားမားရင်မဆိုင်ရပေမဲ့ တနေရာမှ အခြား တနေရာတွင် အသားမကျသေးခင် စပ်ကြားစိတ်ကိုအရင် လက်ခံနိုင်အောင် အသားကျနိုင်အောင် နှစ်သိမ့် ရစမြဲ။ 

          ဒီလိုနှင့်သူ့စိတ်သူဖြေသိမ့်ရင်းသွားရန် အဆင်သင့်ဖြစ်လုနီးပါးအချိန်တွင် ဌာနမှ သူ့အား နှုတ်ဆက် ပွဲလုပ်ပေးသည်။ ပါမောကဌာနမှူးမှ သူ့အား ဟိုမှာနေတာ နှစ်စေ့လျှင် ပြန်ပြောင်းခွင့် လျှောက်ထား ဒီကျောင်းဒီဌာနကိုပင် ဆက်ဆက် ပြန်လာစေချင်ပါကြောင်းတဖွဖွ ပြောနေမှာနေခဲ့သည်။  ဟိုမှာနေတာ အသားကျပြီးသွားရင် ဒီကိုလည်း ပြန်လာဖို့ပြန်ခက်ရဦးမယ် ထင်ပါရဲ့ဟု သူ့ စိတ်ထဲက တွေးနေမိသည်။
          ရန်ကုန်တွင်ထားရစ်ရမည့်ပစည်းတွေက တကယ်တမ်းကျ အိမ်တလုံးစာ ဖြစ်သည်။ ဘီရိုများသော့ပိတ်၊ အိမ်တံခါးသော့ပိတ်လိုက်သည်နှင့် စိတ်ချလက်ချ ထားခဲ့ရမည့် အနေအထား ဖြစ်သည်။ သူ့အတွက် ထားရစ်ချန်ရစ်ရခက်နေသည်မှာ သူ့အသင်းနှင့် အသင်းအတွက် သူ၏ရပ်တည်ချက်၊ ပွင့်လင်း ဟုထင်ရသည့် ရာသီသဘာဝကို အမှီပြုဖွဲ့စည်း ဖြစ်တည်ခဲ့သော အသင်းတွင် သူကအမှုဆောင်ကော် မီတီဝင်၊ အသင်းအောင်မြင်စွာ ရပ်တည်ပြီး မကြာမီမှာပင် အသင်း အမှုဆောင်ကော်မီတီဝင် ဆရာ ဆရာမ များ တယောက်ပြီးတယောက် အပြောင်းအရွှေ့ ပါကြသည်။ အပြောင်းတွေကလည်း ခပ်ကြမ်းကြမ်း၊ ဘိတ်၊ စစ်တွေ၊ ထားဝယ်၊ မြစ်ကြီးနား တကသိုလ်များ၊ ကော်မီတီဝင် ခုနစ်ဦး တယောက်ပြီးတယောက် အပြောင်း ပါရင်း နောက်ဆုံး ဥကဋ္ဌပါ ကလေးတကသိုလ်သို့ အပြောင်းပါသွားခဲ့သည်။ အတွင်းရေးမှူးနှင့်သူ   နှစ်ယောက်ထဲ ကျန်နေရာမှ အတွင်းရေးမှူးပါ မနှစ်ကဗန်းမော်သို့ ပါသွားခဲ့သည်။ 

          သူ့အားအသင်းနှင့်ပတ်သက်သော စာအုပ်စာတမ်းအချက်အလက်များ၊ အသင်းရုံးခန်း သော၊့ အသင်းတံဆိပ်တုံးများပါ လွှဲပြောင်းအပ်နှံသွားခဲ့သည်။ ယခုနောက်ဆုံးသူပါ ထွက်ရပြီ။ အသင်း၏ မူလ အမှုဆောင်ကော်မီတီဝင် ခုနစ်ဦးစလုံး တနေရာစီလွင့်ရပေပြီ။ အသင်းရုံးခန်းသော့ကို ယာယီဥကဋ္ဌထံ လွှဲပြောင်းမပေးမီ ကျောင်းသို့နောက်ဆုံးသွားသော နေ့က အသင်းရုံးခန်းအား နှုတ်ဆက်သောအားဖြင့် သူ ဝင်ကြည့်သည်။ မြန်မာပြည် အထက် အောက် ကျောင်းအချို့တွင် ဆရာဆရာမအသင်းများရှိသော်လည်း တင့်တင့်တယ်တယ် ကိုယ်ပိုင် ရုံးခန်းရရှိထားသော ကျောင်းက သူတို့တကျောင်းသာရှိသည်။ 

ပါမောကချူပ်ဆရာကြီးနှင့် ဒုတိယ ပါမောကချူပ် ဆရာမကြီးတို့၏ ဂုဏ်ယူဖွယ်ရာစေတနာနှင့် သဘော ထားကြီးမှုများ၊ ရုံးခန်းမှ စာအုပ်စင်များတွင် Myanmar Book Centre မှ လှူဒါန်းထားသော အဖိုးတန် စာအုပ်များ ရှိသည်။ အသင်းရုံးခန်းတခန်းစာ ပြည့်လုနီးပါးစာအုပ်စင်များနှင့် စာအုပ်များ သပ်ယပ်စွာ ထားရှိ သည်။ အသင်းရုံးခန်းတွင် အခြားအဆောင်အယောင်မရှိ၊ စာအုပ်များသည်သာ ရုံးခန်း၏ အဆောင် အယောင် ဖြစ်သည်။ ကျောင်းတွင် စာအုပ်ပြပွဲ နှင့်စာအုပ်ရောင်းပွဲ နှစ်စဉ်ကျင်းပရန် Myanmar Book Centre နှင့် ချိတ်ဆက်ပေးခဲ့Myanmar Book Centre မှ အသင်းရန်ပုံငွေ အဖြစ် ငွေကြေးလှူဒါန်းခဲ့သော် လည်း တကြိမ်မှ လက်မခံခဲ့ပေ။ စာအုပ်များကိုသာ လက်ခံစုဆောင်းခဲ့သည်။ အသင်းဥကဋ္ဌနှင့် အတွင်းရေး မှူးတို့၏ အကြံဉာဏ်နှင့် အမြော်အမြင်ရှိမှုများပင်။ အသင်းရုံးခန်းနံရံ MCC ခန်းမတွင် ရှစ်ဆယ့်ရှစ် ငွေ ရတုအထိမ်းအမှတ်ပွဲ တက်ရောက်ကြစဉ်က အမှတ်တရရိုက်ခဲ့သော အမှုဆောင်ကော်မီတီဝင်များ၏ ဓာတ်ပုံကို ချိတ်ဆွဲထားသည်။ ဓာတ်ပုံထဲမှလင်းလက်နေသောအပြုံးများအား သူငေးကြည့်ရင်း အသင်းအား ထားရစ်ခွဲခွာရမှာကို သူ အတော်စိတ်ထိခိုက်ရလေသည်။
သူမုံရွာရောက်တော့လည်း မုံရွာအသင်းမှ သူ့အား နွေးထွေးစွာ ကြိုဆိုကြသည်။ ရဲရဲတောက် အစ်မ တယောက်လာမည် ဟုသတင်းစကားပါးကြသည်ဟုဆိုသည်။ ဌာန စရောက် ရောက်ချင်း အသင်းမှ ဆရာ ဆရာမများနှင့် တွေ့ဆုံမိတ်ဆက်ရန် အစည်းအဝေးခေါ်မည် ဆိုကြသည်။ နေပါဦးကွယ်.. ဒီမှာနေ စရာတောင်မရသေး.. တော်ကြာမပေးဘဲနေလိမ့်မယ်ဟု ပြုံးစလဲ့ ဖြင့် သူကျီစယ် ပြောမိသည်။ တကယ်လည်း သူ့ကို ယခုထိ နေစရာအိမ် အတည်တကျ မပေးပေ။ ကျောင်းဝင်းထဲတွင် အိမ်အလွတ်များ စွာရှိနေပါရက်နှင့် မပေးခြင်းကို ဘယ်လို နားလည်ရမှန်းမသိ။ မေးကြည့်တော့ ထိုအိမ်အလွတ်တွေက ပါမောက္ခနေအိမ်များဖြစ်လို့ တွဲဖက်ပါမောက္ခအား မပေးဟု ဆိုသည်။ တွဲဖက်ပါမောက္ခနေအိမ်ကိုသာ ပါမောက္ခနေရန်ပေးချင်ပေးမည်ဟု ပြောသည်။  

မှတ်သားလောက်စရာ စီမံခန့်ခွဲမှုပင်၊ လစ်လပ်နေသော ပါမောက္ခ နေအိမ်တွင် နေစရာ အခက် အခဲရှိသော တွဲဖက်ပါမောက္ခနေလျှင် ငရဲကြီးတတ်သည်လား မသိပေ။ ဘာပဲပြောပြော မုံရွာတက္ကသိုလ် ၏စေတနာကိုတော့ အလေးအနက် အသိအမှတ်ပြုရမည်။ သူ့အား ဆရာမများ ဆောင်ရှိ အခန်းတခန်း တွင် နေရာချထားပေး၍ ဖြစ်သည်။ ထိုအခန်းရောက်စကကျဉ်းလွန်း၍ သူ မနေတတ်မထိုင်တတ် ဖြစ်မိ သည်။ ရန်ကုန်အိမ်ကို ချက်ချင်း ပြန်ချင်မိသွားသည်။ ရန်ကုန်အိမ်တွင် ကျောင်းကအပြန် မောမော နှင့် air con ဖွင့်၊ ဆိုဖာပေါ်သက်တောင့်သက်သာလဲလျောင်း၊ DVB သတင်းဖွင့် ကြည့်ရသောအရသာကို ပြန်တမ်း တမိသည်။ အလှပြင်ရန် မှန်တင်ခုံ အဆင်သင့်၊ စာဖတ်ချင်တော့ စာအုပ်များ အဆင်သင့်၊ စာရေးမည် ဆိုပြန်တော့ စာရေးစားပွဲ နှင့် ကွန်ပျုတာ အဆင်သင့်၊ ဗိုက်ဆာလျှင် ထမင်းစားပွဲနှင့် ရေခဲသေတာမှာ စားစရာအဆင်သင့် ယူငင်စားနိုင် သည်။ ယုတ်စွအဆုံး သူ့အ၀တ်အစား၊ လက်ကိုင်အိတ်နှင့် ပုဝါရောင်စုံ ထားရှိရာ အဝတ်ဘီရိုနှင့် သူ့ ဖိနပ်မျိုးစုံထားသောဖိနပ်စင်ကိုပါ အကုန်ပြန်သတိရသွားသည်။
သူ့ကိုယ်သူပင် ပစ္စည်းအစွဲ အတော်ကြီးသောသူ အဖြစ် သံသယ မဝင်စဖူး ဝင်မိသည်။ ၎င်းပစ္စည်းတွေ အကုန်ပြန်ယူဦးတော့၊ မုံရွာအဆောင်မှ သူ့အခန်းတွင် ထားစရာနေရာ မရှိပေ။ နောက် ဆုံးတော့ သူ့စိတ် သူဖြေတွေးသည်။ ရန်ကုန်အိမ်မှာ သူ သတိအရဆုံး အဝတ်ဘီရိုနှင့် စာအုပ်စင်ကို သူသေလျှင်ရော ယူသွားနိုင်မှာမို့လား၊ သူသေလျှင် ဘာပစ္စည်းမှ သယ်လို့မရ၊ အကုန်ထားရစ်ခဲ့ရမည်။
သူသောက်နေကျ ကော်ဖီခွက်၊ သူလိမ်းနေကျ မိတ်ကပ်ဘူး၊ သူ ဖတ်နေကျ ကဗျာစာအုပ် တို့အပြင် သူ ချစ်သောသူ၊ မချစ်တချစ်သူများ၊ ဒီလို တရားနှင့်ဖြေတွေးရင်း တရားရလို့လည်း မဟုတ်၊ မရလို့လည်း မဟုတ်၊ သူ တဖြည်းဖြည်း နေသားကျ လာသည်။
မနက်တိုင်း အဆောင်ရှေ့လာသော ပန်းသည်ထံ မှ မြတ်လေးပန်းကုံးကို ဘုရားလည်း တင်၊ သူ လည်း ပန်ဆင်သည်။ မြတ်လေးပန်း၏ မွှေးရနံ့ကို သူ စွဲမက်သည်။ ရန်ကုန်တွင် မြတ်လေးပန်းကို သူ တခါ မှ မပန်ခဲ့ရဘူးမဟုတ်လား၊ အဆောင်ရှေ့သို့ပန်းသည် ပြီးနောက် ရောက်လာသော မုန့်သည်ထံမှ မတ် ပဲကြော်နှင့် စီးပြားကြော်ကို ဘုရားလည်း ကပ်၊ သူလည်း စားသည်။ မတ်ပဲနှင့်ကြော်သော ဘရာကြော်နှင့် ပဲလွန်းစေ့နှင့် ကောက်ညင်းအစီးအား ရော၍ ပြားပြားလေးကြော်ထားသောစီးပြားကြော်ဆိုသည်မှာလည်း ရန်ကုန်တွင် စားရခဲသော မုန့်များ မဟုတ်ဘူးလား၊ 
ရန်ကုန်တွင် မြင်ရခဲသော ဒေသပန်း၊ ဒေသအစားအစာများကို မြတ်နိုးတတ်အောင် သူ ကြိုးစား သည်။ အနောက်အရပ်သို့ မျက်နှာမူထားသော သူ့အဆောင်တွင် အဆောင်နောက်မှ နေထွက် အဆောင်ရှေ့မှနေဝင်တတ်ရာ နေထွက် နှင့် နေဝင် အရုဏ်နှင့် ဆည်းဆာ နှစ်မျိုလုံးကို သူမလွတ်တမ်း ခံစားသည်။ ရန်ကုန်မှာ ကျောင်းဖယ်ရီမီအောင် တက်သုတ်ရိုက် ပြင်ဆင်ရ၍ မနက် နေထွက်အလှကို  သူ တခါမှ သတိမထားမိပေ။ ကျောင်းက အပြန် နေဝင်ချိန် ရောက်ပြန်တော့ မောမောပန်းပန်းနှင့် ဆိုဖာပေါ် ငြိမ်သက်လဲလျောင်းရင်း TV မှာအာရုံ ဝင်စား နေရရန်ကုန်ဆည်းဆာအလှကိုလည်း တခါမှ မခံစားဖူးပေ။
တိုက်တာအဆောက်အဦတွေနှင့် ကွယ်ကာထားသော အရုဏ်နှင့် ဆည်းဆာက နယ်က အကာအကွယ်မရှိ ပကတိလွတ်လပ်သော သဘာဝအလှ အရုဏ်နှင့် ဆည်းဆာလောက် ဆွဲဆောင်အား မကောင်းတာလည်း ပါသည်။ သူနေသော အဆောင်မှ အရုဏ်နှင့် ဆည်းဆာကတော့ တောအုပ်လေး ထဲတွင် စ၍ တောအုပ်လေးထဲတွင် ဆုံးသည်။ သူ့ အဆောင်ရှေ့ မျက်နှာစာ ဘက်တွင်ရော အဆောင်နောက်ကျောဘက်တွင်ရော တောအုပ် ခင်တန်းများ ရှိသည်။  
တောအုပ်သစ်ပင်များ ထဲတွင် အဖြူရောင်နှစ်ထပ်တိုက် အဆောက်အဦ ရှည်လျားလျားက ထီးတည်း ရပ်နေသည်။ သူ့အားလုံခြုံစေရန် ကာရံထားသော ဝင်းနံရံမရှိ အုတ်တံတိုင်းမရှိ၊ အဆောင်တံခါး မရှိ၊ ( ဝင်းနံရံမရှိမှတော့ တံခါးက ဘယ်နေရာမှာ သွားတပ်မလဲ)၊ အဆောင်လုံခြုံရေးအတွက် နေ့စောင့်ညစောင့် ဝန်ထမ်းတယောက်မှလည်း မရှိသော ဆရာမများဆောင်ဆိုသည်မှာ မြန်မာတပြည်လုံး ဒီတကျောင်းသာ ရှိမည်ထင်သည်။ ဘာပဲပြောပြော အဆောင်က အေးချမ်းတိတ်ဆိတ်လှသည်။ 
အဆောင်ရှေ့နောက် တောအုပ်လေးများထဲမှ ကျေးငှက်သာရကာ တွန်ကျူးသံများ သာသာယာယာ ယာ ကြားရသည်။ အဆောင်ရှေ့မျက်နှာစာ ဆင်ဝင်အောက်အထိ ချိုးဖို ချိုးမလေးများ စုံတွဲလိုက် အလည် လာတတ် သည်။ သူ့အတွက် ရန်ကုန်မှာထက် ပိုတွေး၍ ငေး၍ကောင်းသည်။           အေးချမ်းဆိတ်ငြိမ်သောနေရာလည်းဖြစ် စာဖတ်ချိန်လည်းပိုရပြီဖြစ်စာအုပ်ဆိုင် လိုက်ရှာမိ သည်။ ကျောင်းအနီးအနားပတ်ဝန်းကျင်နှင့် ကျောင်းရှေ့ ကျောက်ကာလမ်းမကြီးတလျှောက်   လိုက်ရှာ သည်။ ဖက်ရှင်ဆိုင်၊ ပိုးထည်ဆိုင်၊ အလှကုန်ဆိုင်၊ အိတ်ဆိုင်၊ ဖိနပ်ဆိုင် ဓာတ်ပုံဆိုင်နှင့် အလှပြင် ဆိုင်များသာ။
ကျောင်းနှင့်မလှမ်းမကမ်းတွင် မဆီမဆိုင် သတို့သမီးဝတ်စုံဆိုင်တောင် ရှိသေးသည်။ စာအုပ် ဆိုင်ကတော့ အငှားဆိုင်လေးတဆိုင်တောင်မှ ရှာမရပေ။ ထိုညက တလက်စတည်း မုံရွာညဈေး တန်းရောက်တော့ စာအုပ်အဟောင်းဆိုင်တွေ့လျှင် အတော်ပဲမွှေမည်ဟု စိတ်အား ထက်သန်ခဲ့သေး သည်။ မြောင်းမြမုန့်ဟင်းခါးနှင့် ရန်ကုန်မုန့်ဟင်းခါး တဆိုင်မကောင်းတဆိုင် ပြောင်းစားခဲ့ရတာပဲ အဖတ်တင်သည်။ စာအုပ်ဆိုင်ကတော့ အဟောင်းရော အသစ်ရော တဆိုင်မှ မထွက်ပေ။ ညဈေးတန်းနားတ၀ိုက် ဆိုင်တကာ့ဆိုင် ဆိုင်းဘုတ်တွေလိုက်ကြည့်ရင်း တနေရာ ရောက်တော့ ဆိုင်တဆိုင် သွားမြင်သည်။
အလင်းရောင် လက်လီလက်ကား ရောင်းဝယ်ရေးဆိုပါလား။
အလင်းရောင်ကို လက်လီလက်ကား ရောင်းလို့ဝယ်လို့ရပါသလားဟု   သူဆက်တွေး မိသည်။ ရတာတော့သေချာသည်။ သူတို့နိုင်ငံမှ အလင်းရောင်ကို အထက်ပုဂိုလ်များမှ လက်ကား ရောင်းစားထားတိုင်းပြည်လူထုအများစုမှာ အလင်းရောင်ကို ချို့တဲ့စွာလက်လီဝယ်ယူသုံးစွဲ နေကြရသည်။ ဒါတောင် လင်းတခါ မှောင်တလှဲ့။
ထိုစဉ် အမှောင်ခေတ်မှ လူသားများမို့ အမှောင်ကမ္ဘာထဲ နေကြပေရော့ ဟု ထိုအထက် ပုဂိုလ်များက ကြံစည်ထားကြလေရော့သလား။
မုံရွာမှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးမှ မြို့ကြီးတမြို့ပီသစွာ မကြာ ခဏ မီးပျက်တတ်သည်။ သူ မုံရွာရောက်ခါစက မီးက တနေကုန်တနေခမ်း နေ့စဉ်ရက်ဆက် ပျက် သည်။ ရောက် ခါစ မို့ မနေချင်ရသည့်အထဲ မီးက တချိန်လုံးပျက်နေရာ မနက် နေ့လည် ညနေ သုံးနပ်စလုံး ကျောင်း စားသောက်ဆိုင်  Canteen မှ ဝယ်စားရသည်။   
 စနေတနင်္ဂနွေကျောင်းပိတ်ရက်များတွင် Canteen မှာ စာအုပ်တအုပ်နှင့်တနေကုန် ထိုင် နေရ သည်။ ဖုန်းအားသွင်းရန် ပါဝါဘဏ်များပါ အားပြတ်သွားအရိပ်စစ်လက်ဖက်ရည်ဆိုင် တွင် ပေါ့ဆိမ့် တခွက်နှင့်ထိုင်ပြီး ဖုန်းအားသွင်းခဲ့ရသည်။ တာဝါတိုင် လဲကျမီးပျက်ခြင်းဟုဆိုသော် လည်း မပြုမပြင်ဘဲ ဒီလောက်အထိ ရက်ကြာကြာထားရကောင်းလားဟု စိတ်တိုမိသည်။    ထိုကာလများက ရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ကာလများဖြစ်ပြီး TV မှ လူထုအား စကားပြောသော လူထုမိခင်ကြီးအား ကြည့်ရန်အမီပင် မီးက တမင်ပြန်မလာခဲ့ပေ။ မီးပြန်လာပြီး နောက်ပိုင်းလည်း ဘယ်သောအခါမှ စိတ်ချလက်ချ မနေရ။ မပြောမဆိုအကြောင်းပြချက်မရှိ မီး ခဏခဏပျက်တတ်အစစ အရာရာလုပ်ရင်းကိုင်ရင်းတန်းလန်း၊ ထမင်းချက်ရင်း၊ မီးပူ တိုက်ရင်း၊ ရေချိုးရင်း၊ သူ့အဆောင်ကတော့ မီး ပျက်လျှင် ရေပါ ပြတ်တတ်အောင် အထူးစီမံထား ဟန်ရှိ သည်။ တခါက သူရေချိုးရင်း ခေါင်းလျှော်ရင်း မီးပျက်တော့ ရေပါ ပြတ်သွား၍ မလှမ်း မကမ်းမှ သူငယ်ချင်း ပါမောက္ခတယောက်အိမ်သွားပြီး ဆက်ချိုးခဲ့ရ သည်။ ဌာနမှာ လူထူထူရှိချိန် သူရေဘေး ဒုက္ခသည် ဖြစ်ရပုံအကြောင်း ပြောပြမိတော့ ဆရာတယောက်က ဆရာမ.. ရင်လျှားကြီးနဲ့ သွားချိုးလိုက်တာလား.. ဟု သေချာမေးနေသေးသည်။ သူတို့မျက်စေ့ထဲ ဘယ် လို မြင်ယောင်နေ သည် မသိပေ။သူ အဝတ်အစား အပြည့်အစုံဝတ်သွားသော်လည်း ဆံပင်နှင့် မျက်နှာ မှာ ရေများစိုရွှဲ နေသဖြင့် လမ်းပေါ်မှ လူများ အထူးအဆန်းအဖြစ် ကြည့်ခဲ့ကြသည်။ တလက်စထဲ ဝန်ခံရ လျှင် မုံရွာကျောင်းမှ ရေကိုတော့ သူ အမုန်းဆုံးဖြစ်သည်။ ထမင်းချက်လျှင် ဆန်ဖြူဖြူလေးက ညိုဝါရောင် ဖြစ် ရသည်။ ရေအေးအနေဖြင့်သောက်လျှင် ငန်၍ ရေနွေးအနေဖြင့် လက်ဖက်ခြောက် ခပ်သောက်ပါက ရေများ မဲညစ်သွားပြီး ငန်သော ဂုဏ်သတ္တိကတော့ မပျောက်ပျက်ပေ။ နဂိုက မဖြူသော သူ့အသား ပိုညိုသွားစေ၍ သူသည်းမခံနိုင်ပေ။ မုံရွာမှာတော့ ကြာကြာနေရမှာ ခပ်ခက် ခက်ပဲ။ ကျန်တာတွေ အကုန် အဆင်ပြေ ရင်တောင် ရေက အဆင်မပြေဟု အတွေးဝင်မိသည်။
မုံရွာစီးပွားရေးတက္ကသိုလ်ထဲမှ သူ့သူငယ်ချင်းဆရာမတယောက်က သူ့ နည်းလမ်းအတိုင်း လုပ်ရန် အကြံပြုသည်။ ရေချိုးပြီးတိုင်း ရေသန့်နည်းနည်းနှင့် တခေါက်ထပ်ချိုးပေးဖို့ ဖြစ်သည်။ ဒီလောက်အထိတော့ သူ စိတ်မရှည်၍ အသားကြိုက်သလောက် မဲပါစေ ထိုရေကိုပင် မနက်ရော ညပါ ချိုးနေရသည်။
          မုံရွာရောက်ခါစက သုတေသနနှင့်ပတ်သက်သော အလုပ်တခု ချက်ချင်းလုပ်ရန် ကြုံကြိုက် လာခဲ့ သည်။
စစ်ကိုင်းတိုင်းလွှတ်တော်အကြီးအကဲက အိန္ဒိယခရီးစဉ်ရှိ၍ အိန္ဒိယ မြန်မာ ဆက်ဆံရေးအကြောင်း ရေးပေး ပါရန် သူတို့ဌာနအား အကူအညီတောင်းသလိုလိုနှင့်စေခိုင်းသောကြောင့် ဖြစ်သည်။ ဌာနတွင် ထိုခေါင်းစဉ် အတိုင်းရေးသားပြုစုပြီးသားစာအုပ်ရှိသော်လည်း ထိုစာအုပ်အထူကြီးအား သူ ဖတ်ရန် အချိန်မရဟု ဆို သည်။ သူ့အတွက် အကျဉ်းချူပ်ကိုထုတ်နှုတ်ပြီး သီးသန့်ရေးပေးရန် နှင့် လတ်တလော ဆက်ဆံရေးကိုပါ ထပ်မံဖြည့်စွက်ရေးပေးရမည်ဆို၍ တွဲဖက်ပါမောက္ခများ တကဏ္ဍစီ တာဝန်ယူရေးကြရသည်။
          အစကတော့ ရောက်ခါစမို့ စိတ်ပြေလက်ပျောက်ဖြစ်တာမို့ အားတက်သရော စိတ်ပါလက်ပါ။

နောက်တော့ ထိုသို့ ခဏခဏစေခိုင်းပြီး ဌာနမှရေးသားပြုစုပေးလိုက်သော အကြောင်း အရာများကို လွှတ်တော်ပုဂ္ဂိုလ်မှ ခပ်တည်တည်နှင့် သူ့နာမည်တပ် စာအုပ်ထုတ်ဝေ ရောင်းစားသည်ဟူသောသတင်းကို ဌာနမှပြန်သိရပြီးချိန်တွင် စိတ်ထဲ စနိုးစနောင့် ဖြစ်မိသည်။ ရေးပေးရမှာ မသဒ္ဒါ ချင်အောင် စေတနာ ပျက် ရသည်။ သို့ပါသော်လည်း မတတ်နိုင်။ ပြီးအောင် အစအဆုံး ရေးပေးလိုက်ကြသည်။ ဒီလိုနှင့် မုံရွာ တက္ကသိုလ်၏နေ့ရက်များတွင် သူအသားကျ ပျော်ဝင်စ ပြုလာပြီ ဖြစ်သည်။ ဘာလိုလိုနှင့်စာသင်နှစ် တခု အစပြုတော့မည်။ စာမေးပွဲ အောင်စာရင်းများ လည်း ထွက်ပေးရတော့မည် ဖြစ်သည်။ သူတို့အောင်စာရင်း အပြီးသတ် လုပ်နေရာ အခန်းထဲသို့ ပါမောက္ခဌာနမှူးများ အစည်းအဝေးမှရရှိသော သတင်းစကား တခုလည်း မွှေးပျံ့စွာ ဝင်လာခဲ့ သည်။ သူတို့ဘာသာရပ်အား တက်ရောက်သင်ယူလိုသော ပထမနှစ် သစ်လွင် ကျောင်းသား ကျောင်းသူ ဦးရေ နှစ်ရာကျော် ရွေးချယ်ထားပြီဆိုသော သတင်းဖြစ်သည်။            ပထမနှစ်သစ်လွင်မောင်မယ်များအား ကြိုဆိုရန် ဗီနိုင်းဆိုင်းဘုတ်တခုအား ဘီရိုထဲမှ ထုတ်ယူ ချိတ်ဆွဲ လိုက်ကြသည်။ 
          အမျိုးသားအကျိုးစီးပွား မြှင့်တင်ဖို့ .... နိုင်ငံတကာဆက်ဆံရေးပညာ လေ့လာစို့....
          ထိုစာသားလေး ဖတ်ကြည့်ပြီး သူ့ ရင်ထဲသဘောတကျ ပြုံးမိသည်။ အမျိုးသား အကျိုး စီးပွားမြှင့်တင် ဖို့ဆိုတာတော့ ပထမနှစ်ကျောင်းသားလေးတွေအတွက် သိပ်ကုစောသေးသည်။ သိပ်ကိုလောရာရောက်နေသည်ဟု သူထင်သည်။
          တကယ်တမ်းကျ ကျောင်းသားကျောင်းသူလူငယ်လေးတွေအား ရင်ထဲရောက်အောင် ခင်းကျင်း ပြရ မည့် ရှုခင်းမြင်ကွင်းတွေ ရှိသေးသည်။ အမှောင်ခေတ်အတွင်း ဖုံးကွယ်ထားသော အမှန်တရားများ၊ ဖိနှိပ် ချုပ်ချယ်ခြင်းနှင့် အညံ့မခံ တွန်းလှန်ခြင်း၊ ဗိုလ်ကျစိုးမိုးခြင်းနှင့် တော်လှန်အံတုမှုများ၊ အမှားနှင့်အမှန် အမှောင်နှင့်အလင်းကြားက ခေတ်အဆက်ဆက် တိုက်ပွဲများ၊ သင်ရိုးတွင် မပါဝင်သော်လည်း မသင် မဖြစ်သင်ပေးရဦးမည့် ပြောပြရဦးမည့်အကြောင်းအရာများ။ သူတို့ ပါဝင်ဖြတ်သန်းခဲ့ရသော အေးစက်သည့် လုံးဝအမှောင်ကမ္ဘာနှင့်စာလျှင် ယနေ့လူငယ်လေးများ ခေတ်က အမှောင်မှ အလင်းသို့ အကူး အပြောင်း နွေးထွေးသော ကာလဖြစ်သည်။ 
     ပတ္တမြားရောင်၊ အနီရောင် အရုဏ်ဦး အလင်းရောင်ကို အားတက်စရာ မြင်နေရသည်။ နှစ်ပေါင်း များစွာ ဒူးမထောက်အညံ့မခံဘဲ ခေတ်အဆက်ဆက် တိုက်ပွဲများကိုချခင်း၍ ထို အလင်းရောင်အား သယ်ဆောင် လာရခြင်းဖြစ်သည်။
          အလင်းရောင် တဖြည်းဖြည်းအားကောင်းလာမည့် နေ့သစ်များဆီသို့၊ အလင်းရောင်၏ အမတေ သည် လူထု၏ နီစွေးသော အသွေးအသက်ချွေးစက်များ၊ ခန္ဓာကိုယ်များ စိတ်များ ဘ၀များပေါ်မှ ချင်းချင်းနီ ဒဏ်ရာအနာတရများဖြစ်၍ ထိုအလင်းရောင်အား တန်ဖိုးထား မြတ်နိုးတတ်စေဖို့ သွန်သင်တိုက်တွန်း ရပေဦးမည်။ တပည့်များအား ပီတိစိတ်ဖြင့် မြင်ယောင်ရင်း လက်ကမ်း ထွေးပွေ့ရန် အားသစ်တွေမွေး ထားမိသည်။
          ဘာပဲဖြစ်ဖြစ် သူတာဝန်ကျရာနေရာဒေသမှ ကလေးများအပေါ်သူတာဝန်ကျေချင်သည်။ အချို့ အချို့သောအဆင်မပြေမှုများကြားထဲမှာ သူနေနိုင်သလောက်ပေါ့လေ။
          ရန်ကုန်ကိုတော့ တနေ့နေ့မှာ သူပြန်သွားဦးမှာသေချာသည်။ ရန်ကုန်တွင် သူလွမ်းသော ပန်းဆိုးတန်းမှ စာအုပ်တန်းနှင့် စာအုပ်တိုက်များ၊ စာပေနယ်မှ မိတ်ဆွေများ၊ ကမ္ဘာအေးဘုရားတွင် အပတ်စဉ် စနေ တနင်္ဂနွေ နေ့တိုင်း သူတက်နေကျ အဘိဓမ္မာသင်တန်းတို့ကို သူလက်မလွှတ် ချင်သေး လက်မလွှတ်နိုင်သေးတာလည်း သေချာသည်။
 
ညိမ်းအေးသာ
(ရုပ်ရှင်တေးကဗျာတွင်မဂ္ဂဇင်း --- လ၊ ---နှစ်တွင် ဖော်ပြပြီးဖြစ်သည်) 



Comments