မြိုင်ဟေမာအတွင်း
ထုံဝေစီ
လူဗိုလ်
လူဗိုလ်
အဖေကလည်း ထူးထူးဆန်းဆန်း။ ရထားစီးရင်း မိုင်း ၃ ခါတောင် ထိခဲ့ဖူးသည်။
ကျနော်သိတတ်စအရွယ်မှာတင် နှစ်ခါကြုံဖူးသည်။ တခါက ပဲခူးနားမှာ။ အဖေအိမ်သာတက်နေတုန်းဟုဆိုသဖြင့် ရီကြရသေး၏။ အဖေသတိပြန်ဝင်လာတော့ ရထားက လယ်ကွင်းထဲမှာ အရှိန်နဲ့ပြေးနေသည်ဟု..
(၁)
'ကိုထူးအောင့့်  ကိုထူးအောင်"
ဘာပြန်ထူးသံမှ မကြားရ။ ဖိနပ်တွေလည်း မတွေ့။ မိသားတစုလုံး ဘယ်ကိုသွားကြပါလိမ့်။ ခဏနေ ပြန်လာမှာပါဟူသော အတွေးဖြင့် အိမ်ပေါ်တက်ကာ ဆေးလိပ်ဖွာရင်း စောင့်နေလိုက်သည်။
ဒုက္ခသည်စခန်းမှာ လူတွေက အချိန်ချမ်းသာကြသည်။ ထမင်းစားချိန်၊ အိပ်ချိန်ကလွဲရင် ပါးစပ်အလုပ် က စကားပြောဖို့သာ ရှိ၏။ ပိုက်ဆံအကုန်အကျမခံရပဲ စိတ်ဖြေဖျောက်စရာကလည်း ဒါပဲရှိ၏။ ဒီစကားပြောခြင်းအလုပ်ကြောင့်ပင် ဆင့်ကဲဖြစ်စဉ် တွေလည်း ထပ်ထပ်ပေါ်နေရသည်။ နောက်ဆက်တွဲ အကျိုးဆက်တွေကို ထည့်တွက်ပြီး ချွန်းမအုပ်နိုင်သမျှ ပြဿနာ အထွေထွေ၊ အမှုအထွေထွေနှင့် ထိပ်တိုက်တိုးကြရသည်သာ။
ဒုက္ခသည်အစစ်အမှန်ဖြစ်သည့်ကျနော်လည်း တနေ့တနေ့စကားပြောဖော်ရှာရသည်က တဒုက္ခ။ မပြောပဲကလည်း မနေနိုင်။ ပြဿနာကိုလည်း ကြောက်၏။ ဒီတော့ လူရွေးရပြန်သည်။ မိမိနှင့်ဘာသာစကားတူ မည့်လူ။ သင့်တင့်လျှောက်ပတ်မည့်လူ။ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်တွေ ကိုမဖိတ်ခေါ်မည့်လူ။ စိတ်ချမ်းသာမှုမပေးနိုင်တောင်မှ စိတ်ညစ်စရာကို မဖန်တီးမည့်လူ။ ခြုံပြောရရင်တော့ ပြဿနာမပေးမည့်လူကို …
လူတွေကသာများတာပါ၊ တကယ်တမ်းစကားပြောဖော်ရွေးတော့ လက်တဖက်ပြည့်ဖို့တောင် အနိုင်နိုင်။ စာပေအကြောင်း၊ အနုပညာအကြောင်းပြောမည်ဆိုလျှင် ဦးခင်လွန်းအိမ်သွား၊ နိုင်ငံရေးအတွေး အခေါ်အကြောင်း ဆွေးနွေးမည်ဆိုလျှင် ကိုဝင်းကြိုင်အိမ်သွား၊ သမိုင်းနှင့် အထွေထွေ ဗဟုသုတရဖို့ဆိုလျှင် ဦးဇေလတ်ဆိုင်ကိုသွား၊ ABSDF ရှေ့ဖြစ်နောက်ဖြစ်သမိုင်းကြောင်းလေးတွေ စမြုံ့ပြန်မည်ဆိုလျှင် ကိုထူးအောင်အိမ်သွား။ ထောင်တွင်း အတွေ့အကြုံ ထူးလေးတွေ ကြားချင်လျှင် ဦးဖုန်းအောင်အိမ်ကိုသွား၊ ဥပဒေအကြောင်းဆွေးနွေးနေကျ ဦးမြတ်စိုးတယောက်တော့ နော်ဝေနိုင်ငံ ထွက်သွားပြီမို့ ဘက်ပဲ့သွားပြီ။
ဒီနေ့က ကိုထူးအောင်နဲ့ ပြောဖို့အလှည့်လေ။
စောင့်နေရင်းက အိမ်ရှေ့ တခါးမှာကပ်ထားသော အနီရောင်စာရွက်အခံပေါ် အ၀ါရောင် ခွပ်ဒေါင်းပုံဖော်ထားသည့်အလံလေးသို့ မျက်စိအကြည့်ရောက်သွား၏။ တဆက်ထဲမှာပင် အလံပေါ် မှာ မြေဖြူဖြင့် ဆော့ကစားပြီး ရေးထား သော မပီမသစာသားလေးကိုလည်း ဖတ်လိုက်မိ ၏။ ဟေသပလေးထူးဆိုတော့ ကိုထူးအောင်၏သမီးကြီး နာမည်။
ဖြတ်ခနဲဆိုသလို
အတွေးတခုရလိုက်၏။ သေချာပါပြီ။ တိုင်းရင်းသားညီညွတ်ရေးဝါဒီ ကိုထူးအောင်တယောက်
သူ့မိန်းမရဲ့ ဦးဆောင်မှုနောက် မလူးသာမလွန့်သာ လိုက်ပါနေရခြင်းဟာ ဒါကြောင့်။
ကိုထူးအောင် အမျိုးသမီးနာမည်က နော်မူဟေ။ သူ့သမီးနာမည်အရဆိုရင် ဟေက ရှေ့ဆောင်နေပြီ၊
ထူးက နောက်တော်ပါး။ သူ့သားအငယ်ကောင် နာမည်ကလည်း ဂေါ်ဟေထူး ဆိုတော့… ။
မဆီမဆိုင်ဟုပင်ပြောရမည်လားမသိ။ ကျနော့်မိဘများကို တဆက်တည်းမှာပင် သတိရ သွားမိပြန်၏။ သတိမရ ဖြစ်တာတောင်ကြာလှပေါ့။
ဟိုး အနှစ် ၂၀ ကျော်၊ ၃၀ လောက်က ကျနော်တို့မိသားစုတွေ စိတ်လက်ကြည်လင်ကြသည့် အချိန် အမေ့ကို နောက်ပြောင်နေကျစကားလေးကို ကြားယောင်လာမိသည်။ မြန်မာ့ဂန္တ၀င်သီချင်းတပုဒ်ဖြစ်သည့် မှုန်ရွှေရည်သီချင်းလေး ထဲက စာသားလေး။ ပိုပြီး တိတိကျကျပြောရလျှင် မြိုင်ဟေမာတွင်း ထုံဝေစီ ဆိုသည့် စာသားလေး …။
' ဒါကြောင့် အမေက အဖေ့ကို နိုင်နေတာပေါ့ "ဟု ကျနော်တို့မောင်နှမတွေ ၀ိုင်းဝိုင်းစ နေကျ။ ဟုတ်တယ်လေ။ တိုက်တိုက်ဆိုင်ဆိုင် စာသားလေးက မြိုင် နဲ့ စပြီး စီ ဆိုတာနဲ့ ဆုံးနေတာကိုး ….။
(၂)
အဖေ့ကိုမမွေးခင် အဖေ့ဖက်ကအဘိုးနဲ့အဘွားတို့မှာ သားသမီးအဖတ်မတင်ကြ။ မွေးလိုက်သေလိုက်။ ဒါကြောင့်ပဲ ရွာကဘုန်းကြီးဆီမှာ ဗေဒင်မေးကြ၊ ယတြာချေကြနဲ့ အဖေ တယောက် လူ့ဘ၀ထဲရောက်လာခဲ့ရသည်။ ဘုန်းကြီးရဲ့အဟောက မွေးလာသည့်ကလေးကို ကုလားနာမည်မှည့်ရမည်။ မိခင်နို့မတိုက်ဘဲ ဆိတ်နို့ကိုသာ တိုက်ရမည်ဟူ၍။ ဒါကြောင့်ပဲ ဆိတ်နို့နဲ့ကြီးခဲ့ရသည့် အဖေ့နာမည်က မာစီ။
အရွယ်လေးရောက်လာတော့ အဖေက ကုလားနာမည်ကို ရှက်တတ်လာ၏။ တွက်ချက်ပြီး ကျော်ဝင်း ဆိုသည့် နာမည်ပြောင်းခဲ့ပေမယ့်မတွင်ခဲ့။ အဖေ့ကို ဦးမာစီ ဟုသာလူသိများသည်။
အဖေ့နောက်မှာ ညီတယောက်ထပ်မွေးသေး၏။ ကုလားနာမည် ဆိတ်နို့တိုက်နဲ့ပဲ။ မာတင်ဆိုပြီး အမည်တွင်ခဲ့ သည်။ ဦးလေးဦးမာတင်ကိုမွေးပြီး အဘွားက နို့တိုက်ချင်စိတ်ကို ထိန်းမရဘဲတိုက်ဖြစ်သွားရာ ဦးလေး နို့မပြတ်ခင်မှာပင် အဘွားအသက်ဆုံးသွားခဲ့ရကြောင်းသိရသည်။ မိခင်စိတ်ကို အသက်နဲ့ လဲလိုက်ရသည့်ပုံ။
အမေ့နာမည်ကတော့ ဒေါ်တင်မြိုင်။ အမေလည်း အဖေ့လိုပဲ မောင်နှမနှစ်ယောက်ထဲ။ အမေ့မောင်နာမည်က ဦးတင်ဟန်။ ထူးသည်ဟုပြောရမှာက အမေတို့မောင်နှမက ဗမာနာမည်တွေ ဖြစ်နေ ကြပေမယ့် မွန် စစ်စစ်တွေ။ အမေ့မိဘတွေက တယောက်က သထုံဖက်က မွန်။ နောက် တယောက်က တောင်ငူဖက်က မွန်။ မွန်လူမျိုးတွေချည်းသက်သက်။
အမေ ၅ နှစ်သားလောက်မှာ သူတို့မိဘနှစ်ပါးလုံး ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ကြသည်။ ပြဿ နာက လူမမယ်အရွယ် အမေတို့မောင်နှမကို နှစ်ဖက်မွန်အမျိုးတွေထဲက တာဝန်ယူမယ့်လူ မရှိခဲ့ကြ။ ဒီတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ အမေတို့ကို ပဲခူးသူအပျိုကြီးတယောက်က မွေးစားခဲ့ရ သည်။ ဒါကြောင့်ပဲ အမေ တို့မောင်နှမတွေကစိတ်နာပြီး မွန်အမျိုးတွေနဲ့ရှင်ခန်းဖြတ်ခဲ့ကြ၏။ ဒီအကျိုးဆက်ကတော့ ကျနော်တို့ မျိုးဆက် အလှည့်လည်းရောက်ရော မွန်မျိုးကန်းပါလေရော။ မွန်စကားလည်းမတတ်၊ မွန်အမျိုးတွေကိုလည်း မသိတော့။
ကျနော့်အကို ဦးသန့်အရေးအခင်းမှာပါခဲ့လို့ကျောင်းအထုတ်ခံထားရသည့်အချိန်မှာ အဆိုပါကိစ္စနဲ့ ပတ်သက်၍ ပြောဆိုသံရှိခဲ့ဖူးသည်။
'အမေ …. အမေ့အမျိုးတွေနဲ့ကျနော်တို့ နီးစပ်အောင် တခုခုတော့လုပ်ထားမှဖြစ်မယ် ထင်တယ်။ ကျနော့် သဘောက အမေကိုယ်တိုင် လိုက်မိတ်ဆက်ပေးတာပဲဖြစ်ဖြစ်၊ ကျနော်တို့ကို ဘယ်ရွာတွေမှာ ဘယ်သူတွေရှိတယ်။ ဘယ်လိုအမျိုးတော်တယ်ဆိုတာ ပြောပေးတာဖြစ်ဖြစ်ပေါ့။ ကျနော်စာနဲ့လိုက်မှတ်ထားမယ်။ နောက်မှ ဆွေမျိုးပြန်စပ် မယ်လေ"
ဒီကိစ္စကဒီလောက်နဲ့ပင် နိတ္ထိတံသွားခဲ့၏။ ဘာတခုမှဆက်အကောင်အထည်မဖော်ဖြစ်ခဲ့။ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်ပင်။ ကျနော်တို့ဘ၀တွေက မွန်အမျိုးတွေနဲ့ပတ်သက်ပြီး ရိုက်ခတ်မှုတစုံတရာမှ မရှိခဲ့ပဲကို။
(၃)
အဖေနဲ့အမေတို့က ဂျပန်ခေတ်နှောင်းပိုင်းလောက်မှာ အိမ်ထောင်ကျခဲ့ကြသည်။ သူတို့ပြန်ပြောပြသည့် ဂျပန်ခေတ်လွမ်းချင်းတွေထဲမှာ ဂျပန်လူမျိုးတွေကောင်းကြောင်းကို အသားပေးပြောပြ တတ်ကြ၏။ ဂျပန်တွေ မာန်ကျိုးနေသည့်အချိန်တွင် ထိစပ်မိခဲ့ကြဟန်။
စစ်တောင်းတံတားကြီးပျက်အပြီး ဂျပန်တွေပြန်ဆုတ်ချိန်မှာ ကျနော့်မိဘတွေအပါအ၀င် စစ်တောင်းနဲ့ ရွာနီးခြောက်စပ်ကရွာသားတွေ အလုပ်ရကြသည်။ စစ်တောင်းမြစ်ကိုကူးဖို့ လှေပေါ်ကို ပစ္စည်းအတင်အချလုပ်ရသည့် အလုပ်။
' အဲဒီတုန်းက ဂျပန်တွေကို လေယာဉ်တွေနဲ့ ဗုံးခဏခဏ လာကြဲကြတယ်။ လေယာဉ်ပျံတွေ လာတော့မယ်ဆိုရင် ဂျပန်တွေက အချက်ပေးဥသြတွေ ဆွဲပေးတယ်။ ဥသြသံကြားတာနဲ့အမေတို့က ဗုံးခိုကျင်းတွေထဲ ပြေးဝင်ကြတာပဲ"
' ဂျပန်တွေက သိပ်ဂရုစိုက်ကြတာ။ လေယာဉ်ဗုံးလာကြဲတဲ့အချိန် အပြင်မှာကြောင်ပြီး ရပ်ကျန်နေ တဲ့လူတွေရှိရင် ဂျပန်တွေကထွက်ဆွဲပြီး ကျင်းတွေထဲ အရောက်ပို့ပေးကြတာ"
' အမေတို့က အဲဒီအချိန်မှာငယ်သေးတော့ ကြောက်ရကောင်းမှန်းလည်း မသိကြပါဘူး။ လေယာဉ် ပျံ ဘယ်တော့လာမလဲပဲမျှော်နေကြတာ။ ဥသြသံကြားတာနဲ့သယ်နေတဲ့ရိက္ခာတွေထဲက ကိုယ်လိုချင် တာတွေဆွဲပြေးလို့ ရတယ်လေ"
' အမေဆို နင်တို့အဖေကို မှာမှာထားရတယ်။ လေယာဉ်ပျံမလာခင် အသားဗူးတွေ၊ ငါးဗူးတွေ ဘယ်မှာရှိလဲဆိုတာကြည့်ထားလို့"
အမေတို့ပြန်ပြောပြကြသည့်အထဲ စိတ်ဝင်စားစရာ တခုကိုမှတ်မိနေသေးသည်။ သူတို့ဒေသခံ ရွာသားများရဲ့ အမြော်အမြင်ရှိကြပုံကို ရောင်ပြန်ဟပ်သည့်အဖြစ်အပျက်ဟုပင်ဆိုနိုင်သည်။
ဂျပန်တွေ အကုန်ဆုတ်သွားပြီးချိန်မှာ စစ်တောင်းမြစ်ကမ်းပါးတလျှောက် ကားတွေအများကြီး ကျန်ခဲ့ သည်။ ဒီသတင်းအရ ရွာသားတွေရောက်လာကြပြီး ကိုယ်စိတ်ဝင်စားရာတွေကို ဖြတ်ယူကြ သည်။ ဒါပေမဲ့ ကားတစီးလုံးယူသူ မရှိသလောက်။ ကားအကြောင်းနားလည်သူ၊ ကားမောင်းတတ်သူမရှိသောကြောင့်။ ဖြုတ်ယူကြသည့်အထဲ အများဆုံးက ကားဘီးထဲမှကျွတ်ဟုဆို၍ ကျနော်က ဘာလုပ်ဖို့လဲ အမေ ဟုမေးတော့…လေးဂွသားရေ လုပ်ဖို့ပေါ့သားရယ် ဟူ၏။
(၄)

အဖေက ကျနော်တို့မိသားစုကို မီးရထားသံလမ်းလုပ်သားအဖြစ်နဲ့လုပ်ကျွေးခဲ့သည်မှာ အနှစ် (၃၀) ကျော် သူပင်စင်ယူသည့်အချိန်အထိပင်။
ဒီကာလရှည်ကြီးအတွင်းမှာ ဂျပန်တွေနဲ့တွဲလုပ်ခဲ့ရသည့်အချိန်က အကောင်းဆုံးဟု ပြောပြဖူးသည်။ ကျနော်တို့ရုပ်ရှင်တွေ စာအုပ်တွေထဲမှာ မြင်ဖူးဖတ်ဖူးတာတွေနဲ့အကွာကြီး ကွာ၏။
ဂျပန်ခေတ်မှာ အဖေကရထားတခါအကြိတ်ခံရပြီး၊ ရထားမိုင်းထိသည့်အထဲမှာ တခါပါခဲ့ဖူးသည်။ ရထားအကြိတ်ခံရသည်ဆိုပေမယ့် ကြိတ်သည်ဆိုရုံမျှ၊ ခြေဖ၀ါးအရေခွံပဲ့သည်ဆိုရုံမျှ။ ဒါပေမဲ့ ဂျပန်တာဝန်ရှိ သူတွေက စိုးရိမ်တကြီးနဲ့ နွေးနွေးထွေးထွေး။ ဂရုတစိုက်ရှိကြသည်ဟုဆိုသည်။ အဖေပြောပြသည်အထဲမှ မှတ်မိသည့်မှာ
အဖေ့တသက်မှာ ဗမာအချင်းချင်းတောင် ဒီလိုဂရုတစိုက်နဲ့အရေးတယူဆက်ဆံတာမျိုး တခါမှ မခံစားရဖူးပါ ဘူးကွာ ဟူသည့်စကားတခွန်း…..
အဖေကလည်း ထူးထူးဆန်းဆန်း။ ရထားစီးရင်း မိုင်း ၃ ခါတောင် ထိခဲ့ဖူးသည်။
ကျနော်သိတတ်စအရွယ်မှာတင် နှစ်ခါကြုံဖူးသည်။ တခါက ပဲခူးနားမှာ။ အဖေအိမ်သာတက်နေတုန်းဟုဆိုသဖြင့် ရီကြရသေး၏။ အဖေသတိပြန်ဝင်လာတော့ ရထားက လယ်ကွင်းထဲမှာ အရှိန်နဲ့ပြေးနေသည်ဟု...။ နောက်တခါက ပဲနွယ်ကုန်းမြို့နားမှာ။ သူနဲ့တခုံထဲစီးခဲ့သည့်ကျောင်းသားလေးဆို ပွဲချင်းပြီးပဲဟု … ။ အဖေ့ခေါင်းမှာ ဘာနဲ့ထိခဲ့သည်မသိ။ ဘုကြီးတလုံးတော့ အဖတ်တင်ခဲ့သည်။ အိမ်ကိုပြန်ရောက်လာတော့ အဖေ့တကိုယ်လုံး သွေးသံ တရဲရဲ။ အသားစတွေ၊ ဦးနှောက်အဖတ်တွေတောင် ရေနဲ့ဆေးချခဲ့လို့ အိမ်ကို ပါမလာတာဟုဆို၏။
ဒီတခါမှာတော့ အဖေတပတ်လောက် အမူအရာပျက်နေသည်။ ပြုံးတာရယ်တာလည်း မတွေ့ရ။ ဒါပေမဲ့ အလုပ်ကိုတော့ ပုံမှန်အတိုင်းပြန်ဆင်းရသည်။ ဆေးစစ်ရတာတို့။ ဆေးကုရတာတို့မရှိခဲ့။
"ဂျပန်ခေတ်မှာ မိုင်းမိတုန်းကဆိုရင် ဆေးရုံကိုတန်းခေါ်သွာတာ။ တကိုယ်လုံးကိုစစ်လိုက်တာမှ တော်တော်နဲ့ကိုမပြီး တော့ဘူး။ စိတ်အခြေအနေသိရအောင်ဆိုပြီးတော့လည်း မေးလိုက်တဲ့မေးခွန်း တွေကအစုံပဲ။ ဆေးရုံမှာ ၃ ရက်နေခဲ့ရ တဲ့ အချိန်အတောအတွင်း အဖေတို့ကိုအုပ်ချုပ်တဲ့ ဂျပန်လူကြီး က မကြာမကြာလာလာ အားပေးတယ်။ လာတဲ့အခါတိုင်းလည်း စားစရာသောက်စရာတွေ အမြဲ ယူယူလာတတ်တယ်။"
ဆေးရုံကဆင်းပြီးတာတောင် အိမ်မှာ ဆေးခွင့်နဲ့ တပတ်လောက်ပေးနားထားသေးတယ်။ ခုနဲ့တော့ ကွာပါ့ဟု အဖေ့ရဲ့ အတိတ်လွမ်းသံကြီးကို ကြားခဲ့ဖူးသည်။
အမေကတော့ ကျနော်တို့မောင်နှမတွေအပေါ် နွေးထွေးမှုကို အဓိကထားပြီး စောင့်ရှောက်ခဲ့သည်။ သားသမီးတယောက်ယောက် မျက်နှာညှိုးနေလျှင် ဘာကြောင့်ဆိုတာကို အမေက အတတ်ဟောနိုင်သည်။ ဒီအတွက်လည်း အမေက ဖြေရှင်းပေးနိုင်သည်။ ရှေ့ဆောင်လမ်းပြပေးနိုင်သည်။ လိုအပ်သမျှကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ခဲ့ သည်။ သူကိုယ်တိုင် မိဘမဲ့ဘ၀နဲ့ဖြတ်သန်းခဲ့ရသည့်အတွက် သားသမီးတွေအပေါ် ပိုစာနာ ယုယနိုင်တာဖြစ်မည်။
(၅)
ကျနော်တို့မောင်နှမတွေရှေ့မှာ အဖေနဲ့အမေတို့ အကြီးအကျယ် ရန်ဖြစ်၊ စကားများကြတာမရှိခဲ့။ ဒါကိုက ကျနော်တို့အတွက် ကုသိုလ်ထူးတခု။
အဖေ့မိတ်ဆွေတချို့ကတော့ အဖေ့ကို မိန်းမကြောက်ကြီးဟု စကြ၊ နောက်ကြသည်။ ကျနော့်အမြင်မှာတော့ အဖေက အမေ့ကို ကြောက်သည်ဟုမမြင်။ အမေမကြိုက်တာကို ရှောင်ခြင်းသာ ဖြစ်မည်။ နောက်တချက်က အဖေက အိမ်မှုကိစ္စမှာ ၀ါသနာပါခြင်း။ အထူးသဖြင့် ထမင်းချက်၊ ဟင်းချက်မှာ ၀ါသနာပါခြင်းပင်။
ကျနော့်ဘ၀ ခုချိန်ထိ စားဖူးသမျှဟင်းတွေထဲမှာ အဖေ့လက်ရာကို မှီသည့်ဟင်း မစားရဖူးသေး။ အဖေက ဟင်းတမျိုးနဲ့ တမျိုးကို မရိုးရအောင်ချက်တတ်သည်။ အစပ်အဟပ်ညီအောင်ချက်တတ်သည်။ ဥပမာ ငါးတမျိုးထဲကို ဟင်းတခွက်နဲ့ တခွက် အရောင်အဆင်းနှင့် အနံ့အရသာမတူရအောင် (၇) မျိုး၊ (၈) မျိုးချက်တတ်သည်။ ကြက်ဥကို ကြက်ဥဟင်း မှန်းမသိရအောင် ချက်တတ်သည်။ မှတ်မှတ်ရရ ဆန်ရှားသည့်ကာလတွေမှာဆို ထမင်း မစားရပေမယ့် အဖေချက်ကျွေး သည့် ချာပါတီနှင့်ဟင်းကို ရက်ဆက်စားနေရပေမယ့် တအိမ်သားလုံး ဘယ်သူမှမငြီးငွေ့ကြ။
အဖေဟင်းချက်ကောင်းကြောင်းကို တရပ်ကွက်လုံးကပင် အသိအမှတ်ပြုကြသေးသည်။ မဟာဒုတ်ကာလမျိုးဆိုလျှင် ကျနော်တို့အိမ်မှာ သိသိသာသာလူများကြ၏။ အဖေ့လက်ရာကိုစားချင်ကြ၍ လာကြတာဖြစ်ပြီး၊ တချို့ဆိုတခြားအိမ်တောင် ဆက်မသွား နိုင်ကြပဲ ကျနော်တို့အိမ်မှာတင် ပွဲသိမ်းသွားကြသည်။ အရှိန်မသတ်နိုင်ကြ၍ဟုဆို၏။
အဖေက ပိုက်ဆံရှာလို့ရသမျှ အမေ့ကိုအကုန်ပြန်အပ်လေ့ရှိပြီး၊ သူလိုမှသာလိုသလောက် ပြန်တောင်း သုံးတတ်၏။ အမေကလည်း ပေးသမျှမငြင်း။ ပြန်တောင်းမှသာ ပွစိပွစိလုပ်တတ်သည်။ ဆေးလိပ်ဖိုး၊ ကွမ်းဖိုးကအစ အမေ့ဆီမှာ ခက်ခက်ခဲခဲ ပြန်တောင်းသုံးရလေ့ရှိ၏။ အမေကအိမ်မှာဆို အတွင်းရေးမှူး၊ သူကိုယ်တိုင်စီမံ ရမှသာကျေနပ်၏။ မိသားစုစီမံရေးကိစ္စတွေမှာ အဖေ့ကိုစွက်ဖက်ခွင့်မပေး။ ဒါကြောင့်ပဲအဖေ့ကို မိန်းမကြောက်ဟု စကြတာဖြစ်မည်။
အဖေ့ဘ၀မှာ မှတ်မှတ်ရရ အရက်ကို နှစ်ခါပဲသောက်ဖူးသည်ဟုလည်း သိရသည်။ အိမ်ထောင်ဦးညမှာ တကြိမ်နဲ့ သမီးဦးမွေးသည့်နေ့မှာတကြိမ်။ ပထမအကြိမ်ကတော့ အဖေ့သူငယ်ချင်းတွေ အတင်း တိုက်ကြတာဖြစ်ပြီး၊ နောက်တကြိမ် ကတော့ အမေကိုယ်တိုင်တိုက်တာ။ သမီးလိုချင်နေသည့်အဖေ့ကို အသိအမှတ်ပြု၊ ဂုဏ်ပြုပေးသော ပွဲဟုသိရသည်။ အမေ့မီးတွင်းမှာ သောက်ရန်ထားသော အရက်နဲ့ ပင်။ အဖေကတော့ နှစ်ကြိမ်လုံးမှာပင် မူးလာတာနဲ့ အမေ့ကိုဖက်ဖက်ပြီး…
"မြိုင်တင်ရယ် … နောက်ကို ငါဘယ်တော့မှ မသောက်တော့ပါဘူး"ဟု ကတိတွေ အကြိမ်ကြိမ်ပြုကာ ငိုသည်တဲ့။ အဖေက သူများနဲ့မတူအောင် အမေ့ကို မြိုင်တင် ဟုခေါ်၏။
(၆)
အဖေက ဖဲကစားတော့ ၀ါသနာပါသည်။ ပင်စင်ယူပြီးနောက်မှာ ပိုသိသာ၏။ သူ့အသက်နဲ့ မတိမ်း မယိမ်း ပင်စင်စားတွေစုစုပြီး၊ အိမ်မှာ ဟောလိဝုဒ်ကြသည်။ ကစားကြပြီဆိုရင်လည်း ၃၊ ၄ ရက် ဆက်တိုက်။ လာကစားကြသည့် လူကြီးတွေကို သူတို့အိမ်တွေက ထမင်းပင် ပို့ပို့ပေးရသည်။ ထမင်းပန်းကန်တွေမှာ ဇွန်းတန်းလန်းတွေနဲ့။ စားလိုက်ရိုက်လိုက်၊ ရိုက်လိုက်စားလိုက် မထကြ၊ အိပ်ကြတော့ဘူး။
ရက်တရက်မှာတော့ အမေ အမိန့်တခုထုတ်လိုက်သည်။ အိမ်မှာဖဲမကစားရဟု ….။
ရပ်ကွက်ထဲမှာ ကျနော်တို့အိမ်ကို ဖဲကစားတဲ့အိမ်၊ ဖဲကစားတဲ့အိမ် ပြောကြသည်ကို ရှက်၍ဟုဆို သည်။ ဒါကလည်း အကြောင်းပြချက်တခုဖြစ်မှာပါ။ ပိုသေချာတာက အဖေ့ကျန်းမာရေးအတွက် အမေစိုးရိမ်လို့ …။ အမိန့်ထုတ်သည့်ည အိပ်ရာဝင်ချိန်မှာ အမေရှင်းပြနေတာကို ကြားယောင် မိသေးသည်။
ပိုက်ဆံအရှုံးအနိုင်က အရေးမကြီးပါဘူး ကိုမာစီရယ်။ အများဆုံးမှ နှစ်ဆယ်။ သုံးဆယ်ပေါ့။
ရှင့်ကျန်းမာရေးကို စိတ်ပူလို့တားရတာပါတော်။ ရှင်က ကျမတို့တအိမ်သားလုံးကို ရှာကျွေးနေရတာမဟုတ်လား။ ရှင်တခုခုဖြစ်သွားရင်…။
ဟုတ်တော့လည်း အဟုတ်သား။ ခေါင်းရင်အိမ်ကအဘိုးကြီးတောင် အိမ်မှလာကစားရင်း လေဖြတ် သွားဖူးသေး၏။ ဆေးရုံကိုအပို့ မြန်လို့။ ဒါတောင် ပါးတခြမ်းရွဲ့သွားသည်။
အဘိုးကြီးတွေကိုဂရုစိုက်ကြသည့်အဘွားကြီးတွေထဲမှာ အမေက အကဲအပိုဆုံးဖြစ်မည်။ သူ့အဘိုးကြီးကို အရိပ်တကြည့်ကြည့်။ ကျန်းမာရေးအကြောင်းပြကာ ဘာမစားနဲ့ ညာမစားနဲ့ တား သည်။ ဆေးလိပ်ဖိုး၊ ကွမ်းဖိုးကအစ စကေးနဲ့ ပေးသည်။ အိမ်လည်သွာလျှင် လိုက်ချောင်းတတ် သည်။ ရေချိုးချိန်၊ ထမင်းစားချိန်ဆို မရအရ ပြန်ခေါ်တတ်သည်။
အဖေကလည်း အမေပြောသမျှဆို တသဝေမတိမ်း။
(၇)
အမေဆုံးတာ ဆယ်နှစ်။ အဖေဆုံးတာ လေးနှစ်ကြာပြီဟု နှစ်ဆင့်ခံသတင်းစကား ကြားလိုက် ရသည်။ ရှစ်လေးလုံးအရေးအခင်းပြီး နောက်ပိုင်းအနှစ်(၂၀) ကျော်ကာလအတွင်း မိဖများနဲ့ပတ်သက်၍ ပထမဆုံးကြားရသည့်သတင်း။
နောက်ဆုံးအချိန်မှာတောင် အဖေ့ထက်ဦးအောင် (၆) နှစ်စောပြီး ဆုံးသွားရတားလားအမေရယ် …။
စို့နင့်နင့်၊ တင်းကြပ်ကြပ်ခံစားမှုတွေနဲ့အတူ မြိုင်ဟေမာတွင်းထုံဝေစီဆိုသည့်စာသားအပိုဒ်လေး ကိုပါ သတိရလိုက်မိသေး၏။
ကျနော်စိတ်ထဲမှာတော့ မြိုင်ဟေမာတွင်းထုံဝေစီဆိုသည်က ဒီကနေ့ အမျိုးသမီးအခွင့်အရေး အဖွဲ့တွေသုံးသုံးနေကျ ကျားမတန်းတူရေး ၊ ခေတ်မီယောက်ျား ဆိုသည်များ၏ အဓိပ္ပာယ်ကို ဖော် ဆောင်နေသယောင်။
ဘာပဲဖြစ်ဖြစ် ဒီ မြိုင်ဟေမာတွင်းထုံဝေစီဇာတ်လမ်းလေးက ကျနော့်မိသားစုဘ၀ လက်တွေ့ ဖြေရှင်းမှုများအတွက် လမ်းပြကြယ်တပွင့် …။
လူဗိုလ်
၁၂ ၊ ၈ ၊ ၂၀၀၉
Comments
Post a Comment