သစ်ခက်သံလွင် ကဗျာရှည်၊ ရွှေပိုးအိမ်(ပဲခူး) ရဲ့ "ဒေစီ"

ဒေစီ
 
Pinteres
 
(၁)

ရေမွှေးနံ့တွေ
ထုံသင်းနေတဲ့ ကမ္ဘာ
ချိုအီရှတတေးသွားတွေနဲ့
ညကိုအသားပေး
ခနေတတ်တယ်တဲ့ နေရာ
လိပ်ပြာတွေ မြူးတဲ့နေရာ
ပန်းတွေ တပြုတ်ပြုတ်ကြွေတဲ့ နေရာ
အလွှာတွေ ခြားနေတတ်တဲ့ နေရာ...။

သိပ်လှနေပါလား ဒေစီရေ…
မီးရောင်ကပဲစားလို့လား
ကိုယ်ရောင်ကြောင့်ပဲ အသက်ရှူမှားစေသလား
အကွေ့အကောက်နဲ့
ထောက်ပြစရာမရှိတဲ့ ကကွက်နဲ့
တစ်ဆိုင်လုံးက မဒီတွေက
မင်းကိုငေးမောရင်း မေးငေါ့လို့။

အဆိပ်လိုမွှေတတ်တဲ့
စကားကြမ်းကြမ်းတွေထက်
သကာလိုညှို့တတ်တဲ့
မျက်လုံးစိမ်းစိမ်းတွေကိုသာ
မင်းကြောက်နေခဲ့တာတဲ့လား။

မင်းအပြုံးလေးကိုက ရီဝေနေတာ
မင်းခြေလှမ်းတွေကိုက ခြူချင်စရာ
ခေတ်ပေါ် Rap သီချင်းတပုဒ်က
မင်းအတွက်
သာသာယာယာ
ဘ၀အဓိပ္ပာယ် သိပ်လေးနက်နေရင်
အနာဂတ်ဆိုတာ ဘက်ပဲ့နေလိမ့်မယ်ဆိုပြီး
မင်းယုံကြည်ထားတဲ့ အတိုင်းပါပဲလား ဒေစီ။

မသောက်ချင်ဘဲ သောက်နေရင်း
မသောက်ရမနေနိုင်တော့တဲ့ ယမကာတွေနဲ့
ညတိုင်း လုံးလည် ချာလည်
လည်လည်ဝယ်ဝယ်ရှိလာတဲ့ ဒေစီ
မင်းသွားကြားလေးတွေထဲက
ဆေးမြစ်ကလေးတွေအကြောင်း
ဖောက်သည်တွေ မသိကြတာဘဲ
ဝှက်ဖဲလေး တချပ်လို
မင်းရဲ့ ရှင်သန်ရာ။

လရောင်ကိုမခံစားတတ်ဘဲ
ညမီးရောင်နဲ့
ဆူးစူးနေတတ်တဲ့ ပန်းကလေး ဒေစီရေ…။

(၂)

စင်ပြတ်ပန်းကုံးတွေအပြည့်
လိုချင်ရမက် ဖိန့်လုံးတွေအပြည့်
ပလတ်စတစ်နံ့ ဆွတ်ပျံ့နေတဲ့
ပန်းကုံးတွေကြား
လေးလေးပင်ပင် ထိုးထွက်နေရတဲ့
ရဲရဲနီတဲ့ ဒေစီ။
သစ္စာတရားတွေ နားမလည်တော့ဘူး
မေတ္တာတရားတွေ စာမဖွဲ့တတ်တော့ဘူး
ဆန်းသလားကမ္ဘာ
ဒေစီအတွက် ထူးဆန်းနေလို့လား…။
‘ပြိုင်ကားလှလှလေးနဲ့ လာမချုပ်နဲ့…’
ဟုတ်ပါပြီ
မင်းအော်ဆိုနေတဲစာသားနဲ့
ပက်ပက်စက်စက်
ဟားတိုက် အလှောင်ခံနေရပြန်ပြီလား။
မြို့ပြမှာစခဲ့ရတဲ့
အညတရစားပွဲထိုးမလေးထက်တော့
ခုချိန်က
လူရာဝင်သလိုပဲ
လူဝင်လည်း များလာတာပေါ့ ဒေစီရေ…။
သနပ်ခါးစက်ကလေးလွှင့်မတတ်
ဆံပင်နွဲ့နွဲ့လေးတွေ မြေထိမတတ်
ဦးကျိုး ပျူငှာပြခဲ့ရတဲ့ လောကဓံကို
စင်ပေါ်တက်ပြီး
ဒေစီတဖြစ်
လှုပ်ရမ်းစိန်ခေါ်လိုက်ပုံက။
မိသားစုကိုလင်းပေးဖို့
အသွေးအသားတွေ
ပိုပို မှောင်လာလာတာတောင်
ညှို့ရီရီနဲ့  ပြုံးနေတတ်ပြီ။
ရွာနာမည်လေးကျပျောက်သွားတဲ့
ကလေးမလေး
မှောက်မှားတဲ့ စိတ်ရိုင်းတွေကြား
တောက်ပပြနေရ
အရောင်မဲ့ ကြယ်ပွင့်လေး ဒေစီ …။

(၃)


စိတ်တွေ ပိုပိုရိုင်းလာလို့
အပြုအမူတွေနဲ့ တန်ပြန် ရိုင်းပြခဲ့ရပေါ့
ပြန်တောင်းလို့ မရတော့တဲ့
မိန်းမတယောက်ရဲ့ဖြစ်တည်မှုတိုင်းအတွက်
မှင်သေသေနဲ့ စိတ်ပုတ်တတ်ခဲ့ရပြီ။

ခြွေပြီးမှ ပြန်မပွင့်လာတော့ပန်း
တဘ၀စာအတွက်တော့
သဂြိုလ်ပြီးသားပါပဲ
ရွာက စာဥဟာ
မေသဒ္ဒါထက် ဖြစ်လိုဖြစ်
ရွာကထွေးကြည်မက
ရွှန်းလဲ့လဲ့ဝေ ဖြစ်လိုဖြစ်
မင်းတောင်မှ
ဒေစီ ဖြစ်ခဲ့သေးတာပဲ ကလေးမရဲ့။

ကံဇာတ်ဆရာညံ့ခဲ့လို့ မဟုတ်ပါဘူး
အဆင့်ဆင့်မိုးထားတဲ့
အိမ်ခေါင်တွေ ပြုတ်ထွက်ခဲ့လို့ပါပဲ
ပင်မကောင်းကင်ကိုက အလင်းမရှိခဲ့တော့
ဘ၀အမှောင်က နှစ်ချို့ခဲ့ပေါ့။

မီးမရှိတဲ့ ရွာ
လယ်မရှိတဲ့ လယ်သမား
ခေါင်းပုံဖြတ် အလေ့အကျင့်
မင်းတို့ရွာကစာသင်ကျောင်းလေး
မပီပြင်ခဲ့လေသမျှ
စာမရေးတတ်တဲ့ လက်ကလေးတစ်ဖက်
မိုက်ကရိုဖုန်းကိုင်ပြီး ကြွေကျပေးခဲ့ရတာလည်း
သမိုင်းသစ်ပါပဲ။

ရယူစိတ်တွေ ဖောင်းပွပြီး
အသားတွေ ပဲ့ပဲ့ထွက်လာတာကို
မသိကျိုးကျွံ ပြုခဲ့ရတဲ့ ဒေစီ…။

ရွာထဲလက်ဆွဲမပြရဲတဲ့
အမေရဲ့ သိမ်ငယ်ခြင်းကို
ငွေကြေးနဲ့ ၀ယ်ယူဖို့
သိက္ခာမဲ့ သမီးအလိမ္မာလေး
ကမူးရူးထိုး ကြိုးစားမိပြန်ရဲ့။

အသွေးအသားနဲ့ ဆေးဖော်ပြီး
ပြန်မရတော့တဲ့ ဂုဏ်သိက္ခာကို
အလောင်းအထပ်လုပ်ရဲ့တဲ့ ဒေစီ
ဆံနွယ်တွေ ခါရမ်းပစ်တိုင်း
နှလုံးသွေးစက်တွေ ကြွေကြွေထွက်ကုန်တာ
ဘယ်သူသိနိုင်မှာတဲ့လဲ…။

(၄)

မုန်းနေတာလား
ပြုံးနေတာလား
ကြယ်တွေတောင် သိမ်ငယ်ကုန်တဲ့
မင်းမျက်လုံးလေးတွေ...။
ညစ်နွမ်းတဲ့စိတ်နဲ့
သစ်ဆန်းတဲ့ အလှကို
ရှေ့တန်းတင်မိ
အချိုးမညီတဲ့ ပုစ္ဆာလို
အဖြေရခက်နေတဲ့
ဝဲဂယက်ထဲ။
အသိုက်တွေမဖြိုမိဖို့
ဆုံးဖြတ်ပြီးကာမှ
ကျားကနေသမင်ဖြစ်
သမင်ကနေကျားပြန်ဖြစ်
မင်းဇာတ်ကိုမင်းမသိမ်းနိုင်ခဲ့ဘူးလား ဒေစီ..။
သံစဉ်နောက် လိုက်တယ်
ဂီတနောက် မူးတယ်
ဆေးအရှိန်နဲ့ ရဲဆေးတင်လည်း
မင်းအတွက်
ညက နက်သထက် နက်လာခဲ့ပြီ။
အမေ့ဆီကစာတစ်စောင်ရောက်တိုင်း
စင်ပေါ်မတက်နိုင်ခဲ့
ဖောင်းအစ်နေတဲ့ မျက်လုံးတွေ
မတောက်ပနိုင်တော့ဘူးဆို
နေရာ မရနိုင်တော့ဘူး
စိတ်က
ရွာမှာလား၊ စင်ပေါ်မှာလား
မန်နေဂျာကြီးရဲ့ မျက်ခုံးတွေပေါ်တော့
တက်မဆော့ရဲဘူးမဟုတ်လား ဒေစီ…။
ငြိမ်းအေးတဲ့ အရပ်က
ဘယ်ဆီမှာ…။
အသိလည်းနက်ရဲ့
ငြင်းမရတဲ့ လိုချင်ရမ္မက်ထဲ
အဖေမက်တဲ့ ယာမြေတကွက်လည်း
အိပ်မက်လိုလွှင့်ရရှာ။
အပူလုံးတွေမီးဟပ်လို့
သွေးပျက်ပျက်နေတဲ့ ထွေးညိုမလေး
ဝိုင် စွန်းထားတဲ့
ဂါဝန်အနားစနဲ့
မျက်ရည်လေးခိုးခိုးသုတ်လို့.....။

(၅)

Pinterest

ရင်ဝကို စုန်ကန်မယ့်
ပြင်းရှရှ အချစ်မှာ
ခြေလှမ်းတွေနဲ့လာရဲ့။
သန့်စင်ခြင်းဟာ
အလည်ပြန်မလာတော့တဲ့နောက်
အချစ်ကျေးကျွန်မလေး
ခစားတဲ့ နတ်ဘုရား
နံပါတ် သုံး စကားပွဲဝိုင်းမှာ
အမြဲ ထိုင်ခဲ့တယ်။
အကြည့်နဲ့တင်
ပဲ့ပဲ့လာတဲ့ တောင်ပံများ
ဝဲနေတဲ့ လိပ်ပြာတွေလည်း
သွားကြားညပ်နေကြပေါ့။
ချစ်သူရဲ့ ဂစ်တာတလက်ပေါ်
ခေါင်းမှီရင်း
ကြယ်တွေကိုရေတွက်မိနေတဲ့
ကြယ်မှုန်ကြယ်မွှားလေး။

မိုက်ကရိုဖုန်းမကိုင်တော့တဲ့ ဒေစီ
ပါးပေါ်မှာ
လက်ဝါးရာတွေသာ
တရစ်ပြီးတရစ် တိုးလာခဲ့။
ပြုံးနေတဲ့ နှုတ်ခမ်းသားတခုလုံး
သွေးချင်းချင်းနီလို့
လှနေလိုက်တာ ဒေစီ။

(၆)

အဆိပ်က နွယ်လို
တက်တယ်
အချစ်ကဘယ်နားသွားသေနေတာလဲလို့
မင်းခဏခဏမတွေးဖြစ်တော့ဘူးနော်။

တကယ့်တကယ်တမ်း
လောကဓံဟာ
ချစ်သူရဲ့ လက်ပြန်ရိုက်ချက်လောက်များ
ဆိုးဝါးပါ့ မလား။

ရွာမပြန်ဖြစ်တော့ဘူး
သီချင်းပြန်ဆိုဖြစ်တယ်
ဘ၀က ဒုံးရင်း
ပိတ်လှောင်တဲ့ အခန်းငယ်မှာ
အရက်ခွက်အချင်းချင်း
ပွတ်တိုက်သံကြားနေရုံလောက်နဲ့
နေတတ်ခဲ့ပြီ။

ကြယ်တွေ မြန်မြန်ကြွေကျစမ်းပါစေ
ကြယ်တွေနဲ့အတူကွယ်ပျောက်သွားချင်လွန်းလို့
မင်းအတိတ်ဟာ
မင်းကိုနင်းခဲ့ပြီပဲ ဒေစီ။

(၇)

သိမ်းပိုက်စရာတွေ ခမ်းသွားခဲ့ပြီ
စွန့်လွှတ်စရာတွေသာတခုပြီးတခုခု
ပုံလာခဲ့။

ဘယ်မလဲနေရောင်ခြည်
ဘယ်မလဲဆည်းလဲသံ
ဘယ်မလဲလူ့အရသာ
မင်းကရော
ဘယ်ကိုလဲ ဒေစီ။

တခဏတာတော့
အရှင့်အရိပ်ကအေးမြပါတယ်
ဘုန်းတော်ကြီးရဲ့ ကရုဏာမျက်နှာက
တရားသံမကြားရသေးဘဲ
မြမြလေးနွေးတယ်။

ချိနဲ့လာတဲ့ အားအင်တွေနဲ့
အသွေးအသားကိုတဖျစ်ဖျစ်သောက်စားနေတဲ့ ပိုးတွေ။

စွန့်ခွာသွားတဲ့ ချစ်သူ့ခြေရင်း
ဝပ်ဆင်းပြီးလည်း မခေါ်နိုင်တော့
လရယ် ဆက်လက်သာပါစေ
ညရယ် ဆက်လက်ပျော်ပါစေ
ဆူးရယ် အဆိပ်လိုပျံ့လို့….။

(၈)
 
Pinterest
လောကမာယာကို
နှင်းဆီပျိုမမလှန်နိုင်တော့
ပြန်သီခဲ့တဲ့ တေးတွေလည်း
ခါးသီးစရာပါပဲ
ငုံ့လျှိုးပြီး ပြန်ဝင်ရတဲ့နေရာက
အတိုက်အခိုက်တွေ များလွန်းတယ်။

အဆင့်ကျသွားပုံက
စင်ပေါ်ကနေအခန်းထဲ…။

ခန္ဒာဗေဒသဘောတရားက
တောင့်မခံနိုင်တော့ဘူး
မှီတွယ်စရာ အရိပ်အာဝါသက
ခုအချိန်မှာ
သိပ်ရှားလွန်းနေပြီပေါ့ ဒေစီ။

အမေ…
အမေ…
အဖျားတက်တိုင်းရေရွတ်မိတဲ့နာမ်စားတခုလည်း
ဘယ်ဆီမှာ…။

ဆွဲကိုင်မိတဲ့ လက်ထဲမှာ
အမှောင်တိုက်တခု
တတိတိနဲ့ ပါလာတယ်
ဘယ်ကိုများ ပြေးမလို့ပါလဲ။

ဆုံးဖြတ်ချက်ကို
ပြန်ပြန်စားနေရတဲ့ မလျော်ကန်ခြင်းနဲ့
လာရာလမ်းအတိုင်း ပြန်ခဲ့တယ်ပေါ့
ကြွပ်ရွနေတဲ့ အသက်ဟာ
ယဲ့ယဲ့လေး
အဖွဲ့အစည်းတခုရဲ့ ပိုးသတ်ဆေးတအုပ်လည်း
ကုန်စင်နေပါပေါ့လား…။

ညတိုင်းကိုအပျော်မကြူးရဲတော့တဲ့ပန်း
နေထိမှာလည်း
ပူမနေရတော့
အို…ပန်းကလေး ဒေစီရေ…။

(၉)

ဆောင်းကရနံ့မပေးဘဲ
ရောက်ရောက်လာတယ်
ထွေးညိုရဲ့ အရပ်က
ကျောင်းဇရပ်မှာ….။

ပြိုလဲခြင်း အစမှာ
တည်ဆောက်ခဲ့ပြီးသား စိတ်တွေ
ဒီလိုနဲ့ …ဒီလိုနဲ့ပါပဲ
အမှားနဲ့အမှန်က
သူ့ဓာတ်နဲ့ သူကျောခြင်းကပ်လို့…။

“ရှင်ဘယ်တော့ပြန်မှာလဲ
ရှင်ဘယ်တုန်းကလာခဲ့သလဲ
ရှင်ရပ်နေတဲ့ ခြေဖ၀ါးတွေအောက်မှာ
ဝိညာဉ်တွေ ကျဲပြန့်နေလိုက်တာ…. ”

ကျောခိုင်းခြင်းမှာ
ဥပေက္ခာတွေပါနေခဲ့ပြီပဲ
ချစ်ခြင်းမုန်းခြင်းမဲ့တဲ့ကမ္ဘာမှာ
ဒေစီ… ပျော်မွေ့ပါရဲ့လား….။

ရွှေပိုးအိမ်(ပဲခူး)

Comments