သစ်ခက်သံလွင်တကိုယ်တော်၊ ရည်မွန်သင်း၏ "တောရ ကဗျာများ"

ရည်မွန်းသင်းတကိုယ်တော် တောရကဗျာများ  
Exposition Art Blog
တောရ - ၁ 

ငါရှိလို့ ငါတွေး
ငါ့အတွေးနဲ့ ငါ့စိတ် ချာချာလည်
ငါနဲ့ငါ့စိတ် ဝေးတာတွေ့ပြီ
အပေါစားစိတ်ရည်စိတ်သွေးတွေကို
ငါ ဖောက်ထုတ်ပစ်မှ
ငါ့ နိုင်ငံသစ်မှာ ငါဟာ ။ ။
…..
တောရ - ၂

ဖြူစင်မြင့်မြတ်ခြင်းအတွက် လျှော်ဖွတ်ဖို့
မင့်ကိုယ်ပေါ် မင့်စိတ်ပေါ်ငြိနေတဲ့
အသေးဆုံးအစက်အပျောက်ထိ ကြည့်ရမှာပဲ
မျှတတဲ့ရင်အကြည်ဓာတ်မို့
ထူးမခတ်မိဘူး။ ။
…..
တောရ - ၃

သူ့ထက်သေချာတာတောင်
သူ့လောက်မသေချာတော့ဘူး
အငြိမ်းတွေစိမ်းမြအောင်
စိတ်ကိုဘောင်ခတ်ပြီးစစ်မှ
လက်ရွေးစဉ်ဖြစ်ဖို့ပဲလိုပါတယ်
နှလုံးသားတခုလုံးပေးဆပ်ပြီး
အားသွန်ခွန်စိုက်ကစားသလိုပေါ့။ ။
…..
တောရ - ၎

ကံကြွေးက
နောက်ကျောကို ဓားနဲ့ဝင်ဝင်ထိုးတိုင်း
ပစ္စုပ္ပန်နယ်ထဲ ဓမ္မကိုပဲ ကဲကဲထားရ
ဘဝက ရေပွက်ပမာ ခဏတာ။ ။
…..
တောရ - ၅

ကိုယ်မပိုင်တဲ့ခေါင်းစဉ်အောက်
လှည့်ကာလှည့်သွား
တထောက်နားခဏ
ငြိမ်သမျှ ငြိမ်သည့်ငြိမ်း
စိမ်းမြမြရှလည်း
ငြိမ်းခက်ခဲ့သမျှ ငြိမ်းခတ်တတ်မှ
စိမ်းရှရှက အေးမြမှာ။ ။
…..
တောရ - ၆

နေ့ကူး လကူး နှစ်ကူး ဘဝကူး
အကူးမှာ ပိုးစားပိုးပေါက်တံပိုးမထောက်ဖို့
မျက်မှောက်ပစ္စုပ္ပန် ဖန်ဖန်တည့်မှ
တည့်သမျှ
ဖန်လာတဲ့အဖူး ကိုယ့်အကူး။ ။
…..
တောရ - ၇

အစိမ်းခြွေမခံချင်လို့
အစိမ်းကြွေပဲ ကြွေခဲ့တယ်
အမြဲငြိမ်းနေစေဖို့။ ။
…..
တောရ - ၈

ဆောင်းလယ်လွန်ည ချမ်းမြမြ
ပူဆုံးအေးစ သံသရာပြ
အလင်းတစဖြိုးဖြိုးဖျတ်
တတ်ရာမက်ရာဘဝဟာ
တံလျှပ်မှာ။ ။
…..
တောရ - ၉

ပင်လယ်ကိုဆန်တက်
ကိုယ်နဲ့ကိုယ့်လိပ်ပြာ
ပူးထွက်ခွာထွက်
မီးအိမ်ဆွဲ ထွက်တဲ့ပွဲ
ညပျက်ထဲ ခတ်လှည့်ဆဲ။ ။
…..
တောရ - ၁၀

အပူမငြိမ်းတတ်တော့
ပုရစ်ဖူးတွေ ပြန်ပြန်ဖူးတာ
အပူကိုအံတုတဲ့ သံသရာတံတား
အပူပင်ခုတ် အပူငုတ်မကျန်မှ
လောကနိယာမ အငြိမ်းတရား။ ။
…..
တောရ - ၁၁

ခန္ဓာအိမ်အမိန့်ကို
မတော်လှန်တတ်သေးရင်
ကိုယ့်ဓားကို ကိုယ်ဘယ်လိုသွေးမှာလဲ
ကိုယ့်တရားကို ကိုယ်ဘယ်လိုနွေးမှာလဲ
ယုန်ကလေးလို နားစွင့်နေရုံနဲ့တော့
ငြိမ်းခွင့်တွေက အဝေးမှာ။ ။
…..
တောရ - ၁၂

ရွာသူတို့ဓလေ့ကင်းရာရပ်မှာ
တနပ်စာသာရ တနပ်စာသာစား
တသံသရာစာပင်လယ်ထဲ
ဆင်းဆင်းပြီးငုတ်ရိုက် ပေါ်လိုက်မြု ပ်လိုက်
အလိုလိုက်ခဲ့သမျှ မွန်းကြပ်တပ်ချီ

ပြာနှမ်းနှမ်းဘဝ တခါပြန်လှဖို့
လအိပ်မှ ညရပ်သလို
မကင်းရာ ကင်းကြောင်းနဲ့
မဝေးရာ ဝေးကြောင်းတွေကိုလည်း ။ ။
…..
တောရ - ၁၃

ကျွမ်းစိတ်မပျောက်သရွေ့
အရိပ်က အတိတ်ထဲ
အနှေးပြကွက်လွန်းတထိုးထိုး

တည်ငြိမ်ဖို့
သက်ဆက်သံကိုစစ်တိုင်း
တဖက်ကမ်းပြို
တဖက်သောင်ထွန်းသလို
အလင်းနဲ့အမှောင်ဟာ
ဖျတ်ဖျတ်လူးထ
အပျိုမ ကကြိုးဆင်ရင်း
အမာရွတ်တခုက နေသားကျပြီဆို
အနာတရတခုကလည်း
ပွဲလန့်ဖျာခင်းဖို့ ဟန်တပြင်ပြင်

အတွေ့အထိအငွေ့အသက်မှာ ပျော်မွေ့
တစ်စက္ကန့်အကွေ့ကို ကျော်မကွေ့
တတ်သရွေ့တော့
ငြိမ်းချမ်းရေးက
ကမ္ဘာကုန်ကျယ်သရွေ့ တရွေ့ရွေ့ဝေး။ ။
…..
တောရ - ၁၄

သေခြင်းကိုသွားတဲ့လမ်း
ဘဝကူးဝဲယာမှာ
သဘာဝကို သဘာဝအတိုင်းနေတဲ့
ပျံပျံကျကျ အတန်းအစားတွေ
တနေ့ သူတို့ နီးနီးကပ်ကပ်သွားရမှာကို မေ့နေကြ

ငါက သူတို့နားနီးနီးကပ်ကပ်
ငါ့ဧကစာရီကို ငါကျင့်ရင်း။ ။
 ......................


Comments