သစ်ခက်သံလွင် ကဗျာရေးရာ၊ "အိုက်ချင့်၏ ခေတ်ပေါ်ကဗျာဆရာလက်စွဲ" -ဘာသာပြန် မောင်သာနိုး

 

ခေတ်ပေါ်ကဗျာဆရာလက်စွဲ
ရေးသူ၊ အိုက်ချင့်(တရုတ်ကဗျာဆရာ)။

ဘာသာပြန်၊ မောင်သာနိုး



အမှာစကားများ

တရုတ်ကဗျာဆရာကြီး အိုက်ချင့်ဟာ ကဗျာအကြောင်း စာတမ်းကို ၁၉၃၉ က ရေးခဲ့တာပါ။ အင်မတန် တွင်ကျယ်ခဲ့ပါတယ်။ ဒီခေါင်းစဉ်နဲ့ပဲ ၁၉၈၇ နှစ်ဦးပိုင်းမှာ အသစ်ရေးပြန်တယ်။ ခေတ်သစ်အတွက် အတွေးသစ်တွေ ဖြည့်စွက်ပါလာတယ်။ အခု ဒီစာတမ်းကို ဘာသာပြန် တင်ဆက်လိုက်တယ်။
မောင်သာနိုး

တရုတ်ကဗျာဆရာကြီး အိုက်ချင့် ရဲ့ ကဗျာအကြောင်း စာတမ်းကို ၁၉၈၈ ဖေဖေါ် ၀ါရီ၊ မတ်၊ စံပယ်ဖြူမဂ္ဂဇင်းမှာ ဘာသာပြန် ဖေါ်ပြခဲ့ပါတယ်။ အဲဒီဘာသာပြန် မှုကိုပဲ အခြေအနေ အားလျော်စွာ အရှိန်မြှင့်ကာ ခေတ်ပေါ်ကဗျာဆရာလက်စွဲ အမည်ဖြင့် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါကြောင်း။

အလင်းတိုက်

၁၉၉၅ ခုနှစ်က ပထမအကြိမ်အဖြစ် အလင်းတိုက်စာပေက ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် ကို ဒီအချိန်မှာလည်း လိုအပ်မယ်လို့ ယုံကြည့်တဲ့အတွက် ဒုတိယအကြိမ်အဖြစ် ထပ်မံထုတ်ဝေလိုက်ပါတယ်။ ဒီအတွက် ပထမအကြိမ်စီစဉ်သူ အလင်းတိုက်စာပေနဲ့ အထူးသဖြင့် ထုတ်ဝေဖြန့်ချီဖို့ ခွင့်ပြုတဲ့ ဆရာမောင်သာနိုး ကို လေးစားစွာ ကျေးဇူးတင်ရပါတယ်။

နှစ်ကာလများ

ဒီစာအုပ်ကလေးကို ကဗျာချစ်သူ တော်တော်များများ ဖတ်ရှုပြီး ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ အီးဘုတ်အဖြစ်တော့ ကျနော် လက်လှမ်း မီသလောက် မတွေ့မိ သေးပါဘူး။ ရေးသူ ထုတ်သူ စာအုပ် မူပိုင်ရှင်များထံ ခွင့်တောင်းဖို့ အခွင့်မသာပေမယ့်၊ မြန်မာကဗျာ တိုးတက်ရေးမှာ နှမ်းတစေ့မျှဖြစ်စေ ကျနော့်ရဲ့ ပါဝင်အားထုတ်လိုမှုကို နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်လို့ ဒီဘလော့ကလေးပေါ် ကြိုးစားတင်ပေးလိုက်ပါတယ်။ အပိုင်းများခွဲပြီး ပုံမှန်တင်ပေးသွားမှာ ဖြစ်သလို ပြီးဆုံးသွားတဲ့အခါ အီးဘုတ်ကလေးအဖြစ်လည်း မျှဝေပေးသွားဖို့ ရည်ရွယ်ပါတယ်။

နှင်းခါးမိုး

ဇန်နဝါရီ ၂၊ ၂၀၀၈ ခုနှစ်
စိတ်ကူးတေးသီဘလော့

၁။ ဖန်ဆင်းမှုရဲ့အစ

အရာဝတ္ထု အဖြစ်အပျက်တခုကြောင့် ရုတ်တရက် ထိခိုက်သွားမိတဲ့ ခံစားမှုမျိုးကို လူတိုင်း ကြုံဖူးတယ်။ ဒီခံစားမှုဟာ ကြာရှည်မခံဘူး။ ဒါကို ကြာရှည်ခံအောင် လုပ်မယ်လို့ စိတ်ကူးပေါက်လာမှသာ ကဗျာ ဖန်ဆင်းမှု စတင်တယ်။
ကလောင်ကို ကောက်ကိုင်မိအောင် ပို့ပေးလိုက်တာဟာ အတွေးလေးတခု ဖြစ်ချင်ဖြစ်မယ်။ ခံစားမှုကလေး၊ ရေးစရာကို အနုပညာမြောက်မြောက် ၀င်စားကြည့်မိတာကလေး၊ နင့်ကနဲ ထိခိုက်သွားမိတဲ့ အဖြစ်အပျက်ကလေး ဖြစ်ချင်ဖြစ်မယ်။
ဘယ်ဖန်ဆင်းမှုမှ စိတ်နဲ့ ဆင်ခြင် တွေးတောမှု မပါဘဲ မဖြစ်ဘူး။
ကဗျာကို ရေးချမိတဲ့အထိ ရောက်သွားစေတဲ့ ဆင်ခြင်တွေး တွေးမှုဆိုတာ မူလ ပထမအားဖြင့် နိမိတ်ပုံတွေနဲ့ လုပ်ရတဲ့ ကြံစည်တွေးတောမှု ဖြစ်တယ်။ မူလ ပထမလို့ ပြောတာနော်။ လုံးဝလို့ ပြောတာ မဟုတ်ဘူး။
ကိုယ်ဖေါ်ပြချင်တဲ့ အကြောင်းအရာကို အမိအရ ဖမ်းရမယ်ဆိုလျှင် သူ့ကို ပုံကြမ်းလောင်းရင်း သူရဲ့ ပုံသဏ္ဌာန်၊ အရောင်၊ လှုပ်ရှားမှု၊ အသံ၊ အနံ့၊ အရသာတို့နဲ့တကွ ဒါတွေ အချင်းချင်း ဆက်သွယ်ပုံပေါ် အခြေခံပြီး၊ ရူပကတွေကို ရှာရလိမ့်မယ်။
ရူပက ရှာတာဟာ နိမိတ်ပုံတွေနဲ့ တွေးတာလို့ ကျုပ်ပြောခဲ့တာပါပဲ။

ဒီ ကြံစည်တွေးတောမှုက ခံစားမှုနဲ့ စတင်တယ်။ ခံစားမှုက စိတ်ကူးမှုနဲ့ စိတ်ထဲ ဆက်နွယ်ကြည့်မှုကို လှုံ့ဆော်ပေးကာ ကတ္တားပိုင်း (ကဗျာဆရာ) နဲ့ ကမ္မပိုင်း (ပြင်ပကမ္ဘာရှိ အရာဝတ္ထုများ) ဆက်သွယ်မှုကို ထူထောင်ပေးလိုက်တယ်။
ဝတ္ထု၊ ကဗျာရှည်ရှည်တပုဒ် ရေးရာမှာ ၀တ္ထု ဇာတ်လမ်းသွားနဲ့ ဇာတ်ကောင်တွေ အစီအစဉ်ကို ခန့်ခွဲရတာက အချိန်တော်တော်ကလေး လိုအပ်တယ်။


၂။ နိမိတ်ပုံတွေနဲ့တွေးတာဟာ အနုပညာရဲ့အခြေခံ

စိတ်ကူးခြင်း-အဓိကအကျဆုံး အနုပညာအစွမ်း။

စိတ်ကူးခြင်း-တကယ့်အရှိနဲ့ သဏ္ဌာန်ကို ဆုပ်ကိုင်မိစေကာ တကယ့်လောကရဲ့ ကြွယ်ဝမှုနဲ့ လှုပ်ခါမှုတို့ရဲ့ ရုပ်ပွားကို စိတ်ဝိညာဉ်ပေါ်မှာ စွဲထင်စေနိုင်တဲ့ ဖမ်းယူတတ်စွမ်း၊ ခံစားတတ်စွမ်း၊
နိမိတ်ပုံတွေနဲ့ တွေးခြင်းရဲ့ ရည်ရွယ်ချက်က မိမိအတည်ပြုလို ငြင်းဆိုလိုတဲ့ အရာဝတ္ထုများနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ရူပကတွေကို ရှာဖွေဖို့ဖြစ်တယ်။ ကိုယ်ခံစားဖူးတဲ့ ခံစားမှုများ (ကိုယ်တွေ့ဘ၀ကဖြစ်ဖြစ်၊ စာပေထဲကဖြစ်ဖြစ်) ကိုယ်သိနေတဲ့အရာများမှာသာ ရူပကများကို ရှာနိုင်ကြတယ်။
စိတ်ကူးပုံ ကြွယ်ဝမှုကို ဘ၀အတွေ့အကြုံ ကြွယ်ဝမှုက ဆုံးဖြတ်တယ်။
တကယ့်လောကရှိ အရာဝတ္ထုများက ထုတ်လုပ်လိုက်တဲ့ ကတ္တားပိုင်း (ကဗျာဆရာရဲ့ စိတ်ပိုင်း) ဆက်နွယ်ကြည့်တတ်မှုမှာ စိတ်ကူးမှုရဲ့ဇာစ်မြစ်ကို တွေ့နိုင်တယ်။ ဆက်နွယ်ကြည့်တာမရှိလျှင် စိတ်ကူးမှု မရှိဘူး။ ဒီတော့ ကဗျာ မရှိဘူး။
ဆက်နွယ်ကြည့်ခြင်းနဲ့ စိတ်ကူးခြင်းဟာ ကဗျာရဲ့ တောင်ပံတွေပါပဲ။ ဆက်နွယ်ကြည့်ခြင်းနဲ့ စိတ်ကူးခြင်းတို့က ထုတ်လုပ်လိုက်တဲ့ ရူပကတွေဟာ ရုပ်ဒြပ်နဲ့ စိတ္တဇအကြား ပေါင်းကူးတံတားပါပဲ။
အရာဝတ္ထုများအကြောင်း ရုပ်ဒြပ်ကျကျ တွေးပါ။ ဒီနောက် ရုပ်ဒြပ်ကျကျ ဖော်ကျုးပါ။
ရုပ်ဒြပ်က ဖည်ခွာလျှင် နိမိတ်ပုံများ မထုတ်လုပ်နိုင်ဘဲ ရှိလိမ့်မယ်။
စဉ်းစား တွေးတောပြီး ထုတ်လုပ်လိုက်တဲ့ နိမိတ်ပုံတွေအတွက် ကိုယ်ရွေးချယ်လိုက်တဲ့ ဖော်ကျုးမှု နည်းလမ်းဟာ နောက်ဆုံးအရာ မဟုတ်သေးဘူး။ မဏ္ဍိုင်မျှသာ ဖြစ်တယ်။ ဆင်ခြင်တွေးတောပြီး တကယ့် ကမ္ဘာထဲရှိ ရုပ်ဝတ္ထုများက ထုတ်လုပ်လိုက်တဲ့ နိမိတ်ပုံများဟာ အားအကိုးထိုက်ဆုံး ဖော်ကျုးမှုနည်းလမ်း ဖြစ်တယ်။
ကဗျာဟာ နိမိတ်ပုံတွေရဲ့ အနုပညာပဲ။ နိမိတ်ပုံ ပါရှိမှသာ ကဗျာဟာ လူတွေကို ထိခိုက်စေလိမ့်မယ်။ ရူပကတွေ သစ်လွင်မှုနဲ့သာ ကဗျာတပုဒ်ဟာ လူတွေရဲ့ နှလုံးသားထဲ ရှင်သန်နေမယ်။
ကဗျာကို မသေတဲ့ ဆွဲဆောင်နိုင်စွမ်း ပေးတာဟာ နိမိတ်ပုံရဲ့ အသက်ဝင် လှုပ်ရွမှုဖြစ်တယ်။
လူ့ဦးနှောက်ဟာ ကြွယ်ဝမှုအရာမှာ ပြိုင်ဖက်ကင်း ဘဏ္ဍာတိုက် ဖြစ်တယ်။ ဘ၀အတွေ့အကြုံ ကြွယ်ဝလေလေ အတွင်းက ရတနာတွေ ကြီးကျယ်လေလေပဲ။
နိမိတ်ပုံတွေနဲ့ တွေးတယ်ဆိုတာ တဲကနိက (အတတ်ပညာ) ကျွမ်းကျင်မှု မလိုပါဘူး။ ကိုယ့်တကယ့်အတွေး ခံစားမှုတွေကို နက်သထက် နက်နက်နဲနဲ ဖော်ကျုးပြရတာပဲ ဖြစ်တယ်။
ကဗျာတပုဒ်ဟာ ရုပ်ဒြပ်ပီမြည်လေ ကောင်းလေပါပဲ။ ရုပ်ဒြပ်ပီမြည်တဲ့၊ ပေါ်လွင်တဲ့ နိမိတ်ပုံများဟာ အသားအရေကို တိုးမိပြီး တအံ့တသြ အော်မိစေတဲ့ ဇာထိုးအပ်နဲ့ တူတယ်။
နိမိတ်ပုံတွေနဲ့ တွေးတာဟာ ကဗျာ အနုပညာရဲ့ ၀ိညာဉ်ပါပဲ။
ကဗျာဆရာဟာ နိမိတ်ပုံတွေနဲ့ တွေးတာကို စွန့်လိုက်လျှင် မိမိ ပညာအလုပ်ကို မလုပ်တာဘဲ ဖြစ်တယ်။
ဒါပေမယ့် နိမိတ်ပုံတွေနဲ့ တွေးတာကို အဆုံးစွန်တရားလို့ ယူဆလို့တော့ လုံးဝမဖြစ်ဘူး။ နိမိတ်ပုံတွေနဲ့ တွေးတာကို ကဗျာတပုဒ် ထုတ်လုပ်ဖို့အတွက် တခုတည်း နည်းလမ်းလို့လည်း မယုံကြည်အပ်ဘူး။
နိမိတ်ပုံတွေနဲ့ တွေးတာနဲ့ ယုတ္တိကျကျ တွေးတာဟာ တခုနဲ့တခု ဆက်စပ်နေတယ်။ တခုကိုတခု ဖြည့်ဖက်ဖြစ်တယ်။
စိတ်ကူးတာကို စိတ်ကူးယဉ်တာနဲ့ ရောထွေးမပစ်သင့်ဘူး။ နိမိတ်ပုံတွေနဲ့ တွေးတာကို ရုပ်ဒြပ်ကျတဲ့ သရုပ်ဖော်ရေး နည်းလမ်းအဖြစ် ပြုလုပ်တာဟာလည်း ရူပကနယ်ပယ်လောက်တင် ကန့်သတ်ထားတာ မဟုတ်သေးပါဘူး။


၃။ ကဗျာအရည်အသွေး

ကဗျာအရည်အသွေးဆိုတာ ဘာလဲ။

လူများဟာ ကဗျာအရည်အသွေးနဲ့ လိရိကသဘော ဝေါဟာရတွေကို ရေထွေးပစ်လေ့ရှိတယ်။ ဒါကြောင့် ရှုမျှော်ခင်းတို့ မေတ္တာတို့ကို ဖော်ပြမှုပါတဲ့ ကဗျာမှန်သမျှ ကဗျာအရည်အသွေး ရှိတယ်လို့ ထင်မှတ်တဲ့လူတွေ ရှိနေတယ်။

တချို့လူများက ကဗျာမှာ လေ၊ ပန်း၊ နှင်း၊ လ ပါလာမှ လိရိက ကဗျာ ခေါ်နိုင်တယ်။ လိရိက ကဗျာတပုဒ်ရေးချင်တဲ့ ကဗျာဆရာဟာ ကဗျာကို မွမ်းမံအလှဆင်ဖို့ မြက်တဆုပ် ပန်းတဆုပ် လှမ်းဆုပ်ကိုင် လိုက်ရမယ်လို့ ထင်တတ်ကြတယ်။ လေတို့၊ ပန်းတို့၊ နှင်းတို့၊ လတို့ကို လူတွေရဲ့ ပြောင်းလဲတတ်တဲ့ မုဒ (စိတ်အခြေအနေ) တွေအတွက် ရူပကများအဖြစ်အသုံးပြုတာ ဘာအပြစ်မှ မရှိဘူးပေါ့။ ဒါပေမဲ့ လေ၊ ပန်း၊ နှင်း၊ လ တို့လောက်ပဲပါတဲ့ လိရိက ကဗျာဟာ တကယ်တော့ နည်းနည်းရိုးစင်း လွန်းလှတယ်။
ရှုခင်းကဗျာ၊ ခရီးသွားကဗျာ၊ အချစ်ကဗျာ၊ အသည်းကွဲကဗျာ.. ကိုယ့်ခံစားချက်နဲ့ကိုယ် ရေးကြ ပါစေလေ။ ကောင်းကောင်းရေးတာသာ ဖြစ်ခဲ့လျှင် တယောက်ယောက်ကတော့ သဘောကျမှာပါပဲ။
ကဗျာအရည်အသွေးဆိုတာ ကိုယ်ဖော်ကျုးထားတဲ့ အရာဝတ္ထုတွေကို ကဗျာ ဆရာက ပိုင်ပိုင်နိုင်နိုင် စီစဉ်ထားတတ်ခြင်း အရောင်သွေးတတ်ခြင်းရဲ့ ရလဒ်ဖြစ်တယ်။
ကဗျာအရည်အသွေးဟာ ကဗျာဆရာရဲ့ ဖွဲ့စည်းမှုထဲက စိတ်ကူးထဲက ထွက်လာ တယ်။ စာဖတ်သူဆီကို လုံးဝသစ်လွင်တဲ့ ခံစားမှုတမျိုး သယ်ဆောင်ပေးတယ်။
တချို့ကဗျာများက အရက်ပြင်းလို့ပဲ။ အားကောင်းကေင်းနဲ့ လှုံ့ဆွပေးနိုင်စွမ်း ရှိတယ်။
တချို့ကဗျာမျက လက်ဖက်ရည်ကြမ်းလိုပဲ နုညံ့တယ်။
အရက်တမျိုးတည်း၊ လက်ဖက်ရည်ကြမ်းတမျိုးတည်း၊ ကဗျာမျိုးတည်း ပေးမယ် ဆိုတာ ကြောင်းကျိုး မဆပ်စပ်ရုံမျှ မဟုတ်ဘူး။ တက်တက်စင် မိုက်မဲတာပဲ ဖြစ်လိမ့်မယ်။

အလှဆိုတာ ဘာလဲ။

ဒီမေးခွန်းကလည်း ကဗျာအရည်အသွေးဆိုတာဘာလဲ ဆိုတဲ့ မေးခွန်းလိုပဲ ရှုပ်ထွေး မှု အများကြီးဖြစ်စေတယ်။
လုံးဝဥဿု အလှဆိုတာမျိုး မရှိဘူး။ အလှရဲ့အဓိပ္ပာယ်ဟာ သစ္စာတို့ ကောင်းခြင်း တို့ရဲ့ အဓိပ္ပါယ်ပေါ်မှာ တည်နေတယ်။ တနည်းပြောရလျှင် အလှခံယူချက်ဟာ ဒီအခြားခံယူချက်များနဲ့အတူ ပြောင်းလဲနေတယ်။
လူ့အဖွဲ့အစည်းပေါ်မှာ အလှခံယူချက်ရဲ့ သြဇာညောင်းမှုဟာ ၀တ္ထုပစ္စည်းများ အပေါ် သူပေးအပ်တဲ့ တန်ဘိုးအပေါ် တည်နေတယ်။ အလှ လို့ ခေါ်ကြ တာဟာ တကယ်က အရာဝတ္ထုများကို အကဲဖြတ်ထားတာပါပဲ။ အရမ်းကားဆုံး မောက်မာလွန်းသူတွေတောင် ပြည်သူတွေရဲ့ အလှခံယူချက်ကို မလွှမ်းနိုင်ဘူး။ ပန်းတမျိုးတည်းကိုသာ သီချင်းတပုဒ်တည်းကိုသာ နှစ်သက်ရမယ်လို့ ဘယ်သူမှ လူတွေကို မခိုင်းနိုင်ဘူး။ လူတဦးတယောက်ရဲ့ အကြိုက်ကို လူတသောင်းရဲ့ အကြိုက်အတွက် စံ ဖြစ်ရမယ်လို့လည်း မသတ်မှတ်နိုင်ပါဘူး။

ပုံသဏ္ဌာန်တခုကို လူတဦး တယောက်တည်းက ချမှတ်ပေးလို့ မရဘူး။ ပုံသဏ္ဌာန်တွေဟာ ဘ၀က လာတာ၊ ခေတ်အသီးသီးက မိမိလိုအပ်ချက်နဲ့အညီ ပုံသဏ္ဌာန်ကို ကိုင်တွယ်တယ်။ ဒီမှာဖြည့်လိုက် ဟိုမှာဖြုတ်လိုက်၊ ရွေးချယ်လိုက် ဖွံ့ဖြိုးလိုက်..။

လူတဦးစီမှာ ကိုယ့်ဖေါ်ပြနည်းနဲ့ကိုယ် ရှိတယ်။ လူတဦးစီရဲ့ စိတ်သဘာဝနဲ့ စိတ်စရိုက်ဟာ မတူဘူး။ အားလုံးဆီက ဖော်ပြပုံ တမျိုးတစားတည်း မျှော်လင့်တာဟာ အမြော်အမြင်မရှိရာ ကျတယ်။
မိမိကိုယ်တိုင်ရဲ့ ကဗျာဖြစ်တဲ့ ကဗျာတွေကို ရေးဖို့ ကြိုးစားပါ။ ပုံသဏ္ဌာန်အမျိုးမျိုး ဟန်အမျိုးမျိုးကို မှန်မှန် အသုံးပြုပါ။ ထပ်ပြောတာကို ရှောင်ပါ။ ကိုယ့်အရင်က သုံးပြီးသား ရူပကတွေကို မသုံးပါနဲ့။


ဆက်လက်ဖော်ပြသွားပါမည်
ဆရာနှင်းခါးမိုး၏ စိတ်ကူးတေးသီဘလော့မှ ယူပါသည်။


Comments