သစ်ခက်သံလွင် ကဗျာစင်မြင့်(၁)၊ ငြိမ်းဝေ (ကဗျာ့ အိုးဝေ)၏ ငါး အကြီးကြီးတကောင် ဖမ်းမိတဲ့ မနက်ခင်း



ငါး အကြီးကြီးတကောင် ဖမ်းမိတဲ့ မနက်ခင်း
INTERNET


 












ဆိုင်ထဲက
အချိုပန်းကန်တွေပေါ်မှာ ကျနော်ထိုင်နေတယ်
ကျွန်တော့်ဆံပင်တွေကြားမှာ ကိုခါး(ကွမ်းခြံကုန်း) ထိုင်နေတယ်
ကိုခါးနဲ့ ကျွန်တော့်အပေါ်မှာ မောင်ချောနွယ် ထိုင်နေတယ်
ကျွန်တော်နဲ့ ကိုခါးနဲ့ မောင်ချောနွယ်အပေါ်မှာ
ရွှေပုလဲကြီး ထိုင်နေတယ်
ဒါဟာ တကယ် ရှိခဲ့တာပဲ
အချိုဓာတ်တွေ ကိန်းဝပ်စံပျော်ရာကမ္ဘာသစ်တခုမှာ
မေတ္တာဓာတ် အချမ်းသာဆုံးလူတွေ ကမ္ဘာအနှံ့လိုက်လံစည်းရုံးဆွဲခေါ်ခဲ့သူ ငါး အကြီးကြီးတကောင်
သူ့အညှီနံ့က အရာဝတ္ထုတိုင်းအပေါ် စွဲထင်ကုန်တယ်
ကျွန်တော်တို့က
အကြေးခွံတွေကို ခွာကြည့်တယ် ပြန်ကပ်တယ်
ကျွန်တော်တို့က
အရိုးနဲ့အသား နွှာကြည့်တယ် ပြီးတော့ ပြန်တပ်တယ်
ဒီလိုနဲ့
ခွာကြည့် နွှာကြည့်တာနဲ့တင် ရွှေပုလဲဟာ ရွှေတစ်ပိသာမက တန်ခဲ့ပါပြီ
ခင်ဗျားတို့မှာ
ကိုခါးရဲ့ပန်းကန်ထဲမှာ
အချိုဓာတ် ရှိသေးရဲ့လား
ခင်ဗျားတို့မှာ
ကျွန်တော့်ရဲ့ မျက်လုံးတွေထဲမှာ
အကြည်ဓာတ် ကျန်သေးရဲ့လား
ကျွန်တော်တို့က
စားပွဲထိုး ကလေးမလေးတွေကို ခဏခဏခေါ်ပြီး
မောင်ချောနွယ်ရဲ့အချိုဓာတ်
မောင်ချောနွယ်ရဲ့အကြည်ဓာတ်
ပြီးတော့ မောင်ချောနွယ်ရဲ့အညှီဓာတ်
လိုက်ပွဲတွေ တောင်းလွန်းတော့ ကလေးမလေးတွေအားလုံး မိုးပေါ်ပျံကုန်တယ်
မကြာပါဘူး
ငါးအကြေးဖတ်တွေ ကျွန်တော်တို့စားပွဲပေါ် တဖုတ်ဖုတ်ကျလာတယ်
ကိုခါးတဇွန်း ကျွန်တော်တကိုက်
မလှမ်းမကမ်းက နားထောင်နေတဲ့လူတွေရဲ့မျက်နှာတွေပေါ်
ရွှေရောင် ချိုမြ ငါး အကြေးဖတ်တွေ ပြေးကပ်
စားပွဲထိုးကောင်မလေးတွေရဲ့ရယ်သံ ဖိနပ်သံ အပြုံးသံမှာ ငါးညှီနံ့တွေ ပြေးကပ်
ရှိခဲ့ဖူးပြီ
ကျွန်တော်တို့
တကယ့်ကို အကြီးကြီးမှ အကြီးကြီး
ငါး အကြီးကြီးတကောင်
ရွှေပုလဲစားသောက်ဆိုင်ထဲက
ဂမ္ဘီရ မီနူးထဲမှာ
မဖမ်းရပဲ မိထားခဲ့တယ်။ ။


ငြိမ်းဝေ(ကဗျာ့အိုးဝေ)
၂၂၊ ၁၁၊ ၂၀၁၄


Comments