သစ်ခက်သံလွင်၊ ဘဝဖြတ်သန်းမှုမှတ်တမ်းများ၊ စိုးလွင်(၂၁၁)(ဝမ်ခ) ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ-၈၈။ " အတွေးအခေါ် မတူကြလေသောအခါ"



အတွေးအခေါ် မတူကြလေသောအခါ


ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ-၈၈..
 
၁၉၈၈ -ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်​​ရေးခရီးလမ်းတလျှောက် ကျနော် ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်များအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်​​သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင်အွန်လိုင်းမှ တဆင်ရေးသားတင်ဆက်လိုက်ပါသည်။ 


 စိုးလွင်(၀မ်ခ)(၂၁၁)


ဒီဇိုင်း မိုးမခမှ..

မလွန်ဆန်နိုင်တော့ ဆရာမလည်း ရီးစားကိုချိန်းလိုက်တော့..ကျောင်းသားတပ်ခွဲမှူးလည်း အဖော်မပါတယောက်ထဲ ညဘက်ရောက်ချလာတယ်။ ဒီမှာတင် အသင့်စောင့်နေတဲ့ စစ်တပ် က ရဲဘော်တွေ လည်း ကျောင်းသားတပ်ခွဲမှူးကိုဖမ်းပြီး..ကျောင်းဆရာမ အိမ်ရှေ့မှာ ရှိတဲ့ ကောက်ရိုးပုံပေါ်မှာ ကြိုးချီပြီး အရှင်လတ်လတ် မီးရှို့သတ်လိုက်သတဲ့...
ကျနော် တပ်မဟာ ၄ ကပြန်လာတော့ ABSDF ဗဟိုရုံးမှာ ကျော်နိုင်ဆိုတဲ့ မင်းသမီးစခန်းက ရဲဘော် တယောက်နဲ့တွေ့တယ်။ ခြေတဖက်ပြတ်နေတာတွေ့လို့ မိုင်းထိတာလားလို့ မေးလိုက်တော့ ကျည်ဆံ ထိတာတဲ့။
ဒါနဲ့ အဖြစ်အပျက်ကို မေးကြည့်တော့...သူတို့စစ်ကြောင်း ရှေ့တန်းဆင်းသွာတာ.. ရွာတရွာ ရောက်တော့ သူ ငှက်ဖျားအကြီးအကျယ် တက်ပါလေးရောတဲ့။
ဒါနဲ့ စစ်ကြောင်းလည်း သူ့ကို ရွာမှာထားခဲ့ပြီး ရှေ့တန်းဆက်ရှင်းသွားကြတယ်။
၃ ရက်လောက်နေလို့ အဖျားသက်သာတော့ နောက်တန်းပြန်မယ်ဆိုပြီး K.N.U နှစ်ယောက်နဲ့အတူ ရွာထိပ်ကတောတန်းမှာ ပုခက်ဆွဲပြီး ညအိပ်ကြတယ်။

မိုးလင်းခါနီး ဝေလီဝေလင်းအချိန်မှာ သူတို့အဖွဲ့ကို ၀ိုင်းပစ်ခံထိပြီ။ သူလည်း ပေါင်ကို သေနတ်မှန်ပြီး ပုခက်ပေါ်က အောက်ကိုပြုတ်ကျသွားတယ်။ သေနတ်လည်း ခပ်လှမ်းလှမ်းကို လွင့်သွားတယ်။ ချက်ချင်းပဲ အစိုးရစစ်သားတွေ ရောက်လာပြီး သူ့ကိုဝိုင်းကန်ကြတယ်။ ဒီအချိန်မှာပဲ ဗိုလ်ကြီးတယောက်ရောက်လာပြီး ကန်နေကြတာကို ရပ်ခိုင်းပြီးတော့ သူ့ကို မေးတယ်။
ဘယ်အဖွဲ့ကလဲ ဘာရာထူးလဲမေးတော့..ကျောင်းသားအဖွဲ့က ရိုးရိုးရဲဘော်ပါပဲလို့ ဖြေလိုက်တယ်။ ဗိုလ်ကြီးလည်း ကျော်နိင်ရဲ့လက်မောင်းတံဆိပ်ကို ကြည့်ပြီး ကျောင်းသားဖြစ်ကြောင်း လက်ခံသွားတယ်။ ပြီးတော့ သူ့ရဲဘော်တွေဘက်လှည့်ပြီး" ဒီကောင်ကို ငါသတ်ပြီး လိုက်လာခဲ့မယ် မင်းတို့သွားကြတော့" လို့ အမိန့်ပေးပြီး ပစ္စတိုသနတ်ကို မောင်းတင်လိုက်တယ်။ ဒီအချိန်မှာပဲ သူ့ကိုသတ်မယ်ဆိုတာ သိသွား တဲ့ကျော်နိုင်ကလည်း...သေမယ့်အတူတူ မထူးဘူး..ပြန်ပစ်မယ်ဆိုပြီး ..ခပ်လှမ်းလှမ်းမှာကျနေတဲ့ သေနတ် ကိုကောက်ဖို့ လက်ကို တဖြည်းဖြည်း ရွေ့လိုက်တယ်။ သေနတ်ဆီကို လက်အရောက်မှာပဲ ဗိုလ်ကြီး က သေနတ်ကို ကန်ထုတ်လိုက် တယ်။ ပြီးတော့...

"မင်းက ငါ့ကို သတ်ဖို့ လုပ်သေးတာပေါ့လေး...မင်းကို ငါမသတ်ပါဘူး။ မင်းရဲဘော်တွေ မင်းကို မကြာခင် လာခေါ်မှာပါ..မင်းလည်း မမိုက်တော့နဲ့ " ဆိုပြီး..ကျော်နိုင် ဘေးနားမြေကြီးထဲကို သေနတ်နဲ့သုံးချက်ပစ်ပြီး ထွက်သွားတော့တယ်။
ကျော်နိုင်ဆီကို မကြာခင်ပဲ ရဲဘော်တွေရောက်လာပြီး ဆေးရုံကိုပို့ပေးကြပေမဲ့ ခြေထောက်တော့ ဖြတ် လိုက်ရတယ်။
ဒါက ရန်သူတပ်မှူးကောင်းတယောက်နဲ့ တွေ့လို့တော်လှန်းရေးရဲဘော်တယောက် အသက်ရှင် သွားတာ။
မင်းသမီးစခန်းက နောက်ရဲဘော်တယောက်(နံမည်မမှတ်မိ)နဲ့တွေ့ရလို့ ကြားရတဲ့သတင်းကတော့ ၀မ်းနည်း စရာ။

သူတို့ရဲ့တပ်ခွဲမှူးတယောက်က ရှေ့တန်းရွာတရွာက ကျောင်းဆရာမတယောက်နဲ့ သမီးရည်းစား ဖြစ်နေ တယ်။ တနေ့ကျတော့ စစ်တပ်က ရွာကိုဝင်လာပြီး ကျောင်းဆရာမရဲ့အိမ်ကိုဝိုင်း၊ ကျောင်းဆရာမကို ခြိမ်းခြောက်ပြီး ရည်းစားတပ်ခွဲမှူးနဲ့ချိန်းတွေ့ဖို့ခိုင်းသတဲ့။
မလွန်ဆန်နိုင်တော့ ဆရာမလည်း ရီးစားကိုချိန်းလိုက်တော့..ကျောင်းသားတပ်ခွဲမှူးလည်း အဖော်မပါ တယောက်ထဲ ညဘက်ရောက်ချလာတယ်။ ဒီမှာတင် အသင့်စောင့်နေတဲ့ စစ်တပ်က ရဲဘော်တွေ လည်း ကျောင်းသားတပ်ခွဲမှူးကိုဖမ်းပြီး..ကျောင်းဆရာမအိမ်ရှေ့မှာရှိတဲ့ ကောက်ရိုးပုံ ပေါ်မှာ ကြိုးချီပြီး အရှင်လတ်လတ် မီးရှို့သတ်လိုက်သတဲ့။
 

တော်လှန်းရေးတာဝန်ထမ်းဆောင်တဲ့ကာလအတွင်း ကျနော်သိသမျှ ကြားသမျှ ရန်သူတပ်မှူးတွေရဲ့ သတင်းမှာ ကောင်းသတင်းထက် ဆိုးသတင်းက ပိုများပါတယ်။
၁၉၈၈ အရေးအခင်းအပြီးတောခိုကာစ..လက်နက်မရှိတဲ့ ကျောင်းသားစခန်းတခုကို စစ်တပ်က၀င်ပစ်တာ. .ကျောင်းသားတယောက်ကို ဒဏ်ရာနဲ့ ဖမ်းမိသွားတယ်။ နှိပ်စက်ညှဉ်းပန်းပြီး နောက်ဆုံးတော့ ဂွေးဖြတ် သတ်ပစ်လိုက်ကြတယ်။
ကျနော်တို့ ၀မ်ခစခန်းကိုရောက်လာတဲ့ ကျောင်းသားတယောက် (ကရင်လူမျိုး) တယောက် ကတော့ ... K.N.U တွေနဲ့အတူ စခန်းတခုမှာနေတုန်း..စစ်တပ်က ၀င်ပစ်တော့ ဒဏ်ရာနဲ့ ဖမ်းမိသွား တာ ခေါင်းဖြတ်သတ်လိုက်ကြတယ်။
ကျနော်တာဝန်ထမ်းခဲ့ဖူးတဲ့ တပ်မဟာ ၃ မှာတုန်းကတော့..ရွာတရွာကိုရောက်လာတဲ့ စစ်တပ်က ဗိုလ်ကြီးတဦးက..၁၆ နှစ်အရွယ်ရှိတဲ့ရွာသူတယောက်ကို စစ်မေးစရာရှိလို့ဆိုပြီး ခေါ်ကာ မုဒိမ်းကျင့်လိုက်တယ်။
တပ်မဟာ ၃ ထဲကို ၀င်လာတဲ့ စစ်ကြောင်းတကြောင်းဟာလည်း ဆွဲလာတဲ့ ဇေယျဝတီသား ပေါ်တာတယောက်ကို မထမ်းနိုင်လို့ဆိုပြီး ချောက်ထဲကို ကန်ချထားခဲ့တယ်။ ကျနော်တို့ ကျောင်းသားအဖွဲ့ကတွေ့ပြီး ဆေးကုပေးကာ ဇေယျဝတီက မိဘတွေနဲ့ဆက်သွယ်ပြီး ပြန်ပို့ပေး ခဲ့တယ်။
 

ကျနော် ၀မ်ခမှာ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ရန်သူကွန်မန်ဒိုတပ်ခွဲတခွဲ ကျနော်တို့စခန်းကို လာတိုက် ဖူးတယ်။ သတ်ကွင်းထဲကိုဝင်လာတဲ့ ကွန်မန်ဒိုတပ်ခွဲတခွဲလုံးကို ဗိုလ်မှူးရောဘတ်စံ ဦးစီးတဲ့ KNU အဖွဲ့က ချေမှုန်းလိုက်တာ တပ်ခွဲတခုလုံးနီးပါ ကျဆုံးသွားကြတယ်။
ဒီအထဲကမှ ဒဏ်ရာနဲ့လွတ်ထွက်သွားတဲ့ လှမောင်(နတ်မောက်မြို့) ဆိုတဲ့ရဲဘော်တယောက်ကို တိုက်ပွဲဖြစ် ပြီး တပတ်လောက်နေတော့ KNU ကဖမ်းမိတယ်။ သူကို KNU ဆေးရုံမှာတင်ပြီး ဆေးကုပေးနေတုန်း သူ့ရဲ့အဖြစ်အပျက်ကိုမေးကြည့်တော့...
 

ဝမ်ခစခန်းကိုမတိုက်ခင် သူတို့ကို ကော့ကရိတ်မှာ ကွန်မန်ဒိုသင်တန်း ၃ လ ပေးသတဲ့။ သင်တန်းပြီးတာနဲ့ စခန်းကိုလာတိုက်ခိုင်းတာ။ သူဒဏ်ရာရတော့ အနောက်ကို ဆုတ်ချလာပြီး သူတို့တူးထားတဲ့ဘန်ကာတခု မှာ နားနေသတဲ့။ ဒီအချိန်မှာပဲ အရာခံဗိုလ်တယောက် ဖြတ်ပြေး လာတာတွေ့လို့ "ဆရာကြီး ကျနော့်ကို ကူညီပါအုံး"ဆိုတော့ "မင်းသေနတ် ငါ့ပေးလိုက်..မင်း နောက်မှလိုက်လာခဲ့" ဆိုပြီး သေနတ်ယူကာ ထွက်သွားသတဲ့။ သူလည်း ခြေထောက်က ဒဏ်ရာကို သွားတိုက်ဆေးထည့်၊ မိုးရေခံသောက်ပြီးနေနေတာ တပတ်နေတော့ တက်ရှင်းတဲ့ KNU ရဲ့အဖမ်းကို ခံလိုက်ရတာ။
တရက်...ကျနော်တို့ ကျောင်းသားရဲဘော်တွေ သူ့ဆေးရုံကိုသွားပြီး အားပေးစကားပြောနေတုန်း မြန်မာ့ အသံကလွင့်တဲ့ စစ်သည်များရဲ့ကဏ္ဍတခုမှာ"ကိုယ်ပိုင်အမှတ်(~~~~~) တပ်သား လှမောင် သည် ရှေ့တန်းတနေရာတွင် ကျန်းမာချမ်းသားစွာဖြစ် တိုင်းပြည်တာဝန်များကို ထမ်းဆောင်နေကြောင်း နတ်မောက်မြို့နေမိဘများအား အကြောင်းကြားသိစေအပ်ပါသည်" ဆိုတဲ့ ကြေညာသံကို အံ့သြစွာကြား လိုက်ရတယ်။


ကျနော်တို့ကျောင်းသားတွေလည်း အားတဲ့အချိန် သူ့ကို အားပေးစကားသွားပြောကြ... တပ်ရင်းထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာအလှူလုပ်ရင်လည်း သူ့ကိုသွားခေါ်ပြီး ကျွေးကြ...။ ဒီလို့နဲ့နေရင် တရက်ကျတော့ သူ့ဆီကိုသွားတာ သူ့ကို ဆေးရုံမှာမတွေ့တော့ဘူး။ ဒဏ်ရာပျောက်သွားလို့ အချုပ်ထဲမှာပဲ ထည့်ထား သလာလို့ အချုပ်ကိုလိုက်သွားတော့လည်း အချုပ်မှာမတွေ့ရတော့ဘူး...ဒါနဲ့ မသင်္ကာလို့ ရင်းနှီးတဲ့ KNU တယောက်ကို မေးကြည့်တော့... သူတို့ KNU ထဲက ဆရာတယောက် (စစ်တပ်ကထွက်ပြေးလာပြီး KNU ထဲမှာ တာဝန်ထမ်းနေသူ) က လှမောင်ကို စကားလာပြောတာ.. မင်းက ကိုယ့်အဖွဲ့ကိုသစ္စာဖောက်တဲ့ သစ္စာဖောက်ဆိုပြီး လှမောင်က မခြေမငံဆက်ဆံသတဲ့။
ကျနော်တို့လည်း သဘောပေါက်လိုက်ပါပြီ။ 


အနေမတတ်တာလား...အပြောမတတ်တာလား..စစ်သွေးစစ်မာန်တွေပဲ တက်နေသလား။ ဒါကိုတော့ သွားလေသူ လှမောင်တယောက်ပဲ သိပါလိမ့်မယ်။

စိုးလွင်(၂၁၁)(၀မ်ခ)

Comments