Wednesday, September 14, 2016

k

သစ်ခက်သံလွင် သရော်စာ၊ နိုင်ဝင်းသီ၏ ကုလားထိုင်တလုံးနှင့် စကားစမြည်


ကုလားထိုင်တလုံးနှင့် စကားစမြည် 
နိုင်ဝင်းသီ
POS
 ခင်ဗျားဟာခင်ဗျား ခေတ်ကြီးလေးခေတ်ကိုဖြတ်ဖြတ်..ငါးခေတ်ကိုဖြတ်ဖြတ်..ဝယ်တဲ့ လူက ဒါတွေကို စိတ်မဝင်စားဘူးဗျ၊ ကုလားထိုင်တလုံးကို ဝယ်ပြီးပြီဆိုရင် ဂျော့ဘုရှ် ထိုင်ချင်ထိုင်မယ်၊ ဗလာဒီမာပူတင် ထိုင်ချင်ထိုင်မယ်၊ ဒီလိုမှမဟုတ်လည်း နံပြားရိုက်တဲ့လူ ထိုင်ချင်ထိုင်မှာပေါ့ ဗျာ၊ ခင်ဗျားရဲ့အလုပ်က ခင်ဗျားအပေါ်မှာတက်ထိုင်နေတဲ့လူတွေ...
            အခန်းက အတော်အသင့် ကျယ်ဝန်းသော်လည်း  ခင်းကျင်းဖြန့်ချထားသည့် ပစ္စည်းတွေ များပြားရှုပ်ထွေးလို့နေ၍ ကျဉ်းမြောင်းသလိုပင် ဖြစ်နေ၏။ ပစ္စည်းတွေကတော့ မျိုးစုံလှ ပါ၏။ မြေဆေးတံ၊ ကြွေပန်းအိုး၊ ကြေးလင်ပန်း၊ ဒင်္ဂါးပြားမျိုးစုံ၊ ပုတီးစေ့မျိုးစုံနှင့် ရုပ်တုမျိုးစုံ။
          ပြီးတော့ရှိပါသေး၏။ ရှေးဟောင်းကုလားထိုင်နှစ်လုံးနှင့် ဘီရီုမည်းမည်းကြီးတလုံး။
     သည်လို ရှေးဟောင်းပစ္စည်းမျိုးတွေကို ဘယ်သူတွေကများ  အမြတ်တနိုး ဝယ်ယူစုဆောင်း ကြလေသည်မသိ။
     ကျွန်ုပ်သာဆိုလျှင် ဝယ်ဖို့နေနေသာသာ အလကားပေးလျှင်ပင် ယူလာခဲ့မှာ မဟုတ်ပါ။
     ဆိုင်ရှင်မှာလည်း  ရှေးဟောင်းပစ္စည်းတွေကြားမှာ နှစ်ပေါင်းများစွာနေလာခဲ့လို့နှင့် တူ၏။ မီးခွက်စောင့်သည့် အာလာဒင်နှင့်အတော့်ကို တူနေပါ၏။ ရှေးဟောင်းပစ္စည်းတွေကို ဝယ်ယူ စုဆောင်းလေ့ရှိသော ကျွန်ုပ်၏ မိတ်ဆွေမှာလည်း  နဖူးကပြောင်ပြောင်၊ ခြေထောက်က ခွင်ခွင်နှင့် "ကျန်" မင်းဆက် လက်ထက်က ရှေးဟောင်းစစ်သည် ရဲမက် တဦးနှင့်ပင် တူနေသေးတော့၏။
          "ပဉ္စမမြောက်ဂျော့ဘုရင်လက်ထက်က ဒင်္ဂါးကိုလိုချင်ရင်တော့ ဟိုဘက်လမ်းက ကိုဘာဘူ့ ဆိုင်ကို သွားရလိမ့်မယ်ဗျ"
          "ရတယ်ဗျာ၊ သွားကြည့်မယ်၊ ပစ္စည်းကိုကြည့်မယ်၊ ကြိုက်ရင်ယူမယ်"
"ဒါနဲ့ ခင်ဗျားကို စကားမစပ်ပြောရဦးမယ်၊ လူဝီ ၁၆ လမ်းလျှောက်ရင်းကိုင်လေ့ရှိတဲ့ ချယ်ရီသား တုတ်ကောက်လေးရော စိတ်မဝင်စားဘူးလား"
          " လောလောဆည်တော့ ဂျော့ဘုရင် ဒင်္ဂါးပဲလိုချင်တယ်ဗျာ”
          သူတို့တော့ ဘယ်ကဲ့သို့ နေသည်မသိ။ ကျွန်ုပ်မှာတော့ သူတို့နှစ်ယောက်၏စကားပြောသံ များကို နားထောင်ပြီး မူးနောက်နောက်ပင် ဖြစ်၍လာလေ၏။
          တအောင့်ဟု ပြောပြီးထွက်သွားကြသော်လည်း ဆယ့်ငါးမိနစ်ခန့်ကြာသည့်အထိ ပေါ် မလာသောအခါ ဆိုင်မှာစောင့်နေရသောကျွန်ုပ်မှာ စိတ်တွေတိုလာပါ၏။ သည်လို စိတ်တိုနေ သည့်အချိန်မှာပင် ကျွန်ုပ်၏အနောက်ဖက်နားလောက်ဆီက သတ္ထုသံ အက်အက်ပါသော စကားပြောသံကို ကြားလိုက်ရပါ၏။ စကားသံကလူကြီးတယောက်၏ လေသံမျိုး။ ခပ်သြသြနှင့် ခပ်လေးလေး။
      "သိပ်ညောင်းနေရင်လည်း ခဏတဖြုတ်ဝင်ထိုင်ပေါ့ကွာ၊ ကြာကြာရပ်နေတော့လည်း ညောင်း တာပေါ့ကွ"
           တယောက်ယောက်ကများ လာပြောနေသလား အောက်မေ့သည်။ ပြောလိုက်သူမှာ လူမဟုတ်ဘဲ ရှေးဟောင်းကုလားထိုင်တလုံး ဖြစ်နေလေ၏။
          "မင်းကြည့်ရတာ မအူမလည်နဲ့ပါလားကွာ။ ညောင်းနေရင်ခဏတဖြုတ်ဝင်ထိုင်ကွ။ နေ့ခင်းနေ့လည်  ပူရတဲ့ကြားထဲ ဘယ်လိုကောင်ကို လာတွေ့နေတယ်မသိဘူး"
          စိတ်က တိုနေရသည့်ကြားထဲမွဲခြောက်ခြောက် ရှည်မျောမျောနှင့် ရှေးဟောင်း ကုလားထိုင် က အသားလွတ်လာ ကောနေသောအခါ သူထောင်းခနဲ ဖြစ်သွားပါလေ၏။
          "ရာသီဥတုက ပူပြင်းတယ်ဗျာ၊ ခင်ဗျားစကားကိုကောင်းကောင်းမွန်မွန်ပြောဖို့
လိုလိမ့်မယ်။ လူတွေက အလိုလိုနေရင်းနဲ့ကို ဒေါသတွေ ထွက်နေတာဗျ"
          "ဒီ့ထက်ကောင်းအောင် ပြောရဦးမလားကွ၊ ညောင်းရင်ဝင်ထိုင်လို့ ပြောလိုက်ပြီးပြီပဲ၊ မင်းဟာက ဝင်ထိုင်ပါလို့လည်း ဖိတ်မန္တက ပြုရသေးတယ်။ ဖိတ်တဲ့ပုဂ္ဂိုလ်ကိုလည်း ရန်လုပ် လိုက်သေးတယ်။တော်တော်လာတဲ့ကောင်ပါလားကွာ"
          " ခင်ဗျားဟာက စကားပြောရတာ နည်းနည်းလေးမှ အဆင်မပြေ ပါလားဗျာ။  ဘယ့်နှယ့်ဟာကြီးမှန်းလည်းမသိဘူး၊ သူ့ကိုယ်သူ ဘာများအောက်မေ့နေ တယ်မသိဘူး"
          " ဘာအောက်မေ့ရမှာလဲ၊ ကုလားထိုင်ဟာ ကုလားထိုင်ပေါ့ကွ၊ မင်း မမြင်ဘူးလား"
          "အဲဒီ မွဲခြောက်ခြောက်နဲ့ ပြာနှမ်းနှမ်ုးကုလားထိုင်အဟောင်းကြီးကို ကျုပ်က ဘာလုပ်ရ မှာလဲ။ တနေကုန်ထိုင်ကြည့်လို့ ပုံ တချက်မလာတဲ့ ကုလားထိုင်အဟောင်းကြီး"
          "ကောင်ကလေး...  ကောင်ကလေးဟာ စကားကို ဆင်ဆင်ခြင်ခြင်ပြောဖို့ လိုလိမ့်
မယ်၊ ဒီမှာ ငါ့ကို ကြည့်လိုက်စမ်း၊ ငါ့အပေါ်မှာဘယ်လိုပုဂ္ဂိုလ်မျိုးတွေ ထိုင်သွားတယ်ဆိုတာ မင်းသိရဲ့လား"
          "ဘာလဲကုလားထိုင်ကြီး၊ ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်လိုက်တာလား ။
ဆောရီးပဲကုလားထိုင်ကြီးရေ၊ ခင်ဗျားကိုယ်ပေါ်မှာ ဘယ်သူတွေပဲ ထိုင်ခဲ့ထိုင်ခဲ့၊ ကျုပ်က
လုံးဝလုံးဝ စိတ်မဝင်စားပါဘူးဗျာ"
          " ဒီကောင် တော်တော်ခွကျတဲ့ကောင်ပါလားကွာ၊ ဟေ့ကောင် ဗာလာနံလူမိုက် ကလေး၊ မင်းကိုငါပြောချင်တာက သမိုင်းကြောင်းကွ  သမိုင်းကြောင်း၊ မင်းတို့ဟာပေါ့ပေါ့နေ ပေါ့ပေါ့စားနဲ့ သမိုင်းကြောင်းကို ဘာမှမသိတဲ့ကောင်တွေ၊ သမိုင်းကိုမသိရင် ဘာဖြစ်သွားမယ်ထင်သလဲ ဗာလာနံလူမိုက်ကလေးရဲ့"
          "သမိုင်းတွေ၊ အင်းစိန်တွေ၊ ဒညင်းကုန်းတွေ စိတ်မဝင်စားဘူးဗျာ၊ ကျုပ်သိတာ
ကတော့ ကုလားထိုင်ဆိုတာ ထိုင်ဖို့လုပ်ထားတဲ့ လူ့အသုံးအဆောင်ပစ္စည်းတမျိုးပဲ၊  ဒီ့
ထက်ပိုပြီး ကျုပ်ဘာမှမသိချင်ဘူး"
          "ဟုတ်ပါပြီ၊ ငါကလည်း ကုလားထိုင်ဆိုတာ ကင်းမြီးကောက်ထောင်ရင် သုံးရမယ့်
ပစ္စည်းလို့လည်း မပြောမိပါဘူး၊ မင်းဟာမင်းဖင်နဲ့ပဲထိုင်ထိုင်၊ ခေါင်းနဲ့ပဲထိုင်ထိုင် ငါ့အပူ
တပြားသားမှ မပါပါဘူး။ ရှင်းတယ်နော် ဗာလာနံလူမိုက်ကလေး"
          "စကားကို ကောင်းကောင်းမွန်မွန်ပြောပါကုလားထိုင်ကြီး၊ ခင်ဗျားဟာ ကံမကောင်း အကြောင်းမလှလို့လည်း ဒီဘဝမှာလူတကာထိုင်တဲ့ ကုလားထိုင် လာဖြစ်နေရတယ်။ ကုလားထိုင်ကို ခေါင်းနဲ့ထိုင်လို့ ရမလားဗျ "
          "ဖြစ်နိုင်ရင်တော့ ငါက ခေါင်းနဲ့ထိုင်စေချင်တယ်ကွ ဗာလာနံလူမိုက်ကလေးရ၊ ဘာဖြစ်လို့လဲ ဆိုတော့ မောင်ရင်တို့ဟာကုလားထိုင်တလုံးပေါ်မှာထိုင်ပြီးရင် တော်တော်နဲ့ပြန်မထတော့ဘူးလေကွာ"
          "ဘာဗျ"
          " ဘာဗျတွေ ညာဗျတွေလုပ်မနေပါနဲ့ဗာလာနံကလေးရာ၊  မောင်ရင်လေးတို့ဟာက ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ဆိုပြီး ထိုင်ချလိုက်ပေမယ့် ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်လောက် ကြာချင်ကြာသွားတာလေ။ တချို့များ ဆယ့်ငါးနှစ် အနှစ်နှစ်ဆယ်တောင် ဘယ်ကလိမ့်မလဲ ငါ့ကောင်ရာ၊ နှစ်ဆယ့်ခြောက်နှစ်ကြီးများတောင်ကြာသွားပါရောလားကွာ၊ အဟေး  ဟေး ဟေး"
          " ဘာလဲဗျ ကုလားထိုင်ကြီးရ၊ ခင်ဗျားက ကျုပ်ကိုနိုင်ငံရေးတွေ လာပြောနေတာလား"
          "နိုင်ငံရေးအကြောင်းတော့ ငါလည်း အာရုံထဲမှာ မရှိလှပါဘူးငါ့ကောင်ရာ၊ တခုတော့ ရှိတယ်ကွ ဗာလာနံလူမိုက်ကလေးရ၊ ငါပြောနေတာတွေကို နိုင်ငံရေးလို့ မောင်ရင်လေးက သတ်မှတ်လိုက်ရင် ငါ့နိုင်ငံရေးက ပါတီနိုင်ငံရေးမဟုတ်ဘူးနော်၊ အမျိုးသားနိုင်ငံရေးလည်း မဟုတ်ဘူး၊ ကုလားထိုင်နိုင်ငံရေးကွ "
          "တော်တော်လာတဲ့ ကုလားထိုင်ကြီးပါလားဗျာ၊ ကုလားထိုင်နိုင်ငံရေးဆိုပါလား၊
တခါမှတောင်မကြားဖူးသေးဘူး"
          "အဲဒါကြောင့်ပြောတာပေါ့ကွ ဗာလာနံလူမိုက်ကလေးရ၊ သမိုင်းကို မျက်ခြေမပြတ်စေနဲ့ လို့၊  သမိုင်းကြောင်းကို နင်မသိတော့ ခွေးအကြီး လှည်းနင်းသလို တအီအီနဲ့ဖြစ်နေပြီမို့လား"
          "အောင်မယ်... ခင်ဗျားကရော ဘယ်လောက်များ သိနေလို့လဲဗျာ၊  ကြီးကျယ် လိုက်တာ"
          "သိလှတယ်လို့တော့ မဟုတ်ပါဘူး ဗာလာနံလူမိုက်ကလေးရာ၊ သို့သော်လည်း အာရပ်နွေဦးတို့၊ ဆင်မြူယယ်ဟန်တင်တန်တို့၊ ဖရန်စစ်ဖူကူယားမားတို့၊ ဘာတို့ညာတို့ကိုတော့ သိ ထားအောင် လေ့လာထားရတာပေါ့ကွာ၊ ကမ္ဘာကြီးနဲ့ မျက်ခြေပြတ်လို့မဖြစ်ဘူးကွ လူမိုက် ကလေးရ၊ လောလောဆည်မှာတော့ တောင်တရုတ်ပင်လယ်ကိစ္စကို စိတ်ဝင်စား နေတယ်ကွာ ... ငါ့ကောင်ရာ"
          "အောင်မယ်လေးဗျာ..တကယ့် ကုလားထိုင်ကြီးနဲ့လာတွေ့နေတာပါလားဗျာ။ နေစမ်းပါ ဦးဗျ...မေးစမ်းပါရစေဦး၊ ဒါတွေကို သိနေလို့ရော ခင်ဗျားဘဝမှာ ဘာများအကျိုးအကြောင်း ထူးလာ မှာမို့လို့လဲ။  ကုလားထိုင်ဟာ ကုလားထိုင်ပဲမို့လား"
          " ဟကောင်ရ...အဲဒီလို သိထားတော့ မောင်ရင်လေးတို့ဆီက လူတော်တော်များများဟာ ငတုံးတွေ ငလုံးတွေဆိုတာ သိသွားတာပေါ့ကွာ၊ မောင်ရင်လေး အပါအဝင်ပေါ့၊ အဟေး ဟေး.. ..ဟေး"
          " ဘာဗျ.. ကုလားထိုင်ကြီးရ..ခင်ဗျားက ကျုပ်ကို ငတုံးလို့ပြောလိုက်တာပေါ့လေ... ဟုတ်လား"
          " အဲဒါကြောင့်ပြောတာပေါ့ကွ ဗာလာနံလူမိုက်ကလေးရ၊ သမိုင်းကိုသိအောင် လုပ်ပါလို့၊ ငါကအဲသလိုပြောတော့ နင်ကသမိုင်းတွေ ခဝဲခြံတွေ စိတ်မဝင်စားဘူးလို့ ပြန်ပြောပြန်ရော၊ မခက်ပေဘူးလား"
          "ကိုယ်တွေကမှ စိတ်မဝင်စားတာဗျာ...ဘာခက်စရာရှိလို့လဲ၊ ဒီမှာ ဒီမှာ ကုလားထိုင် ကြီး ခင်ဗျားကြီးကိုလည်း ကြုံတုန်းပြောလိုက်ရဦးမယ်၊ ခင်ဗျားဟာ ကုလားထိုင်တလုံးမို့လား၊ ကုလားထိုင်တလုံးဟာ ကုလားထိုင်တလုံးလို နေတာပဲကောင်းတယ်ဗျ။ ကုလားထိုင်တလုံးလို မနေဘဲပညာရှိသုခမိန်လိုလို၊ ဆီနေတာတဦးလိုလိုနဲ့ မအူမလည် ဂိုက်တွေ ဖမ်းနေရင် သိပ် မဟုတ်သေးဘူးဗျ"
          "ဟေ့ရောင်...ဟေ့ရောင်...ဒီမိုကရေစီနိုင်ငံကွ၊ ဒီမိုကရေစီနိုင်ငံတနိုင်ငံမှာ ကုလားထိုင် တလုံးဟာ လွတ်လပ်စွာပြောဆိုခွင့်ရှိပြီးသားကွ၊ ဘယ်လိုနေပါ၊ ဘယ်လို ထိုင်ပါဆိုပြီး မင်း ငါ့ကိုပြောနေစရာအကြောင်းဘာမှမရှိဘူး၊ အလကားကုလားထိုင် မဟုတ်ဘူး၊ ပတ္တမြားကုလားထိုင်ကွ၊ ခေတ်ကြီးလေးခေတ်ကို ဖြတ်သန်းလာတဲ့ ကုလားထိုင်ကွ၊ မင်းဘိုးအေ ထက်တောင် အသက်ကြီးသေးတယ်"
          "ဟုတ်ပါပြီ..သေချာသွားပါပြီ...ကျုပ်လုံးဝ သဘောပေါက်သွားပါပြီ"
          "ဘာလဲကွ..မင်းဟာက...ဘာကိုသဘောာပေါက်သွားတာလဲ"
          "ဘာကိုသဘောပေါက်ရမှာလဲ ကုလားထိုင်ကြီးရ၊ ခင်ဗျားအဲသလိုအရစ်ရှည်နေလို့ ရောင်း မထွက်တာဗျ၊ စိတ်ချ ခင်ဗျားဒီလိုပေရှည်နေတဲ့ပုံမျိုးနဲ့ဆိုရင် နောက် အနှစ် နှစ်ဆယ် အစိတ်တောင် ရောင်းမထွက်ဘူး"
          "ဘာပြောတယ်...ဟေ့ရောင် ငါက ခေတ်ကြီးလေးခေတ်ကို ဖြတ်သန်းလာခဲ့တဲ့ သမိုင်းဝင် ကုလားထိုင်ကွ"
          "ခင်ဗျားဟာခင်ဗျား ခေတ်ကြီးလေးခေတ်ကိုဖြတ်ဖြတ်..ငါးခေတ်ကိုဖြတ်ဖြတ်..ဝယ်တဲ့ လူက ဒါတွေကို စိတ်မဝင်စားဘူးဗျ၊ ကုလားထိုင်တလုံးကို ဝယ်ပြီးပြီဆိုရင် ဂျော့ဘုရှ် ထိုင်ချင် ထိုင် မယ်၊ ဗလာဒီမာပူတင် ထိုင်ချင်ထိုင်မယ်၊ ဒီလိုမှမဟုတ်လည်း နံပြားရိုက်တဲ့လူ ထိုင်ချင်ထိုင်မှာပေါ့ ဗျာ၊ ခင်ဗျားရဲ့အလုပ်က ခင်ဗျားအပေါ်မှာတက်ထိုင်နေတဲ့လူတွေ အဆင်ပြေအောင် ဝန်ဆောင် မှုပေးဖို့ပဲ ရှိတာဗျ"
          "အော်...မင်းကဒီလိုလား"
          "ဟုတ်တယ်လေဗျာ၊ ကုလားထိုင်တလုံးဟာ ကုလားထိုင်တလုံးနဲ့ သက်ဆိုင်တဲ့ဝန်ဆောင်မှု ကိုပဲ ပေးရမှာလေဗျာ"
          "အေးပါကွာ...မင်းက ဝန်ဆောင်မှုအကြောင်းကိုပြောနေမှတော့ ငါကလည်း ဝန်ဆောင်မှု အကြောင်းကို ဆွေးနွေးရတာပေါ့ကွာ"
          "လုပ်စမ်းပါဗျ...အဲဒီလို"
          "ဝန်ဆောင်မှုပေးတယ်ဆိုတဲ့ နေရာမှာထိုင်နေတဲ့လူ အဆင်ပြေစေဖို့တခုတည်း မဟုတ်ပါ ဘူး ငါ့ကောင်ရာ၊ အရေးကြီးတာတခု ကျန်ပါသေးတယ်"
          "ဘာများလဲဗျ ကုလားထိုင်ကြီးရ၊ အလင်းပြစမ်းပါဦး"
          "တခြားတော့မဟုတ်ပါဘူးကွာ၊ ထိုင်ပြီးရင် တော်တော်နဲ့ပြန်မထတော့တဲ့ လူကြီးမင်းများ အတွက် ဟောဒီလိုဝန်ဆောင်မှုမျိုးကိုလည်း ပေးနေတယ်ဆိုတဲ့အကြောင်းပါကွာ"
          "တယ်ဟုတ်ပါလား ကုလားထိုင်ကြီးရ၊ ကြားစမ်းပါရစေဗျာ"
          " ကြားချင်......နားဆင်တော့ကွယ်"
          ကုလားထိုင်ကြီးမှာ သီချင်းတပိုင်းတစကို ညည်းညူလိုက်သော်လည်း
          "ဖုန်း"
          ခေတ်ကြီးလေးခေတ်ကို ဖြတ်သန်းလာခဲ့သော ကုလားထိုင်ကြီး၏ကန်ချက်မှာ ပြင်းထန် လွန်းလှပါ၏။
           ဖုန်းခနဲအသံနှင့်အတူ ကျွန်ုပ်မှာ လေထဲသို့ ခြေကားရားလက်ကားရားနှင့် လွင့်မျောသွားပါ ၏။ မြေပြင်ပေါ်သို့ပြန်မကျမီ ကုလားထိုင်ကြီးပြောလိုက်သည့်စကားတခွန်းကိုလည်း ကြားဖြစ်အောင် ကြားလိုက်ရပါသေး၏။
          "မှတ်ထား ဟေ့ရောင်..ထိုင်တုန်းကဝင်ထိုင်ပြီး ထရမယ့်အချိန်ရောက်လို့မှ ပြန်မထရင် ငါတို့ ကုလားထိုင်တွေက အဲသလိုဝန်ဆောင်မှုမျိုးကိုလည်း ပေးတတ်ပါတယ်ကွ၊ မိတ်သစ် မိတ်ဟောင်းတွေကိုလည်း ခပ်မြန်မြန်လေးဆက်သွယ်ကြပါလို့ ပြောလိုက်ဦး။
ပထမဦးဆုံး ကန်ချခံရမယ့်လူပုဂ္ဂိုလ်သုံးဦးအတွက် မိုးရာသီအထူးပရိုမိုးရှင်း ရှိတယ်လို့"
 
                              နို   င်   ဝ   င်း   သီ
                              ည  ၈း ၅ ၈  နာရီ
                              ၁၂    ၊  ၉   ၊ ၂၀၁၆
                              သန်    လျင်      မြို့