သစ်ခက်သံလွင် အက်ဆေး၊ သင်းရည်လွင်၏ မြို့သေးသေးလေးထဲ ပြုတ်ကျနေသူတယောက်



မြို့သေးသေးလေးထဲ
ပြုတ်ကျနေသူ 
တယောက်
သင်းရည်လွင်
www.pinterest.com

 မြို့ကလေးမှာ ခုတလောပြောင်းလဲမှုလေးတချို့ရှိလာခဲ့သည်။
အင်္ကျီသစ်ကလေးနဲ့ ပိုလှလာသလိုထင်ရသည်။ သို့သော် အင်္ကျီအသစ်သည် အသစ်အင်္ကျီသာ ဖြစ်ကြောင်း ကျွန်တော် ခံစားနေမိသည်။ အင်္ကျီသစ်အောက်ကမသစ်လာသော ရင်ဘတ်အဟောင်းတွေကြောင့်...

လူဟာ ပုံပြင်တွေ၊ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ မပီကလာ ပီကလာ ဘဝတွေဒုက္ခ သုခတွေ၊ အထင်မှားတွေ၊ ကိုယ်က ပိုသိတယ်ဆိုတာတွေ၊ သူက ငါ့ထက်ညံ့တယ်ဆိုတာတွေ အမြီးကျက် အမြီးစား၊ ခေါင်းကျက်ခေါင်းစားရာသီတွေ၊ ကိုယ့်ထက်သာရင် မနာလိုဘူးဆိုတာတွေ၊ ၃၁ ဘုံ သီချင်းတွေနဲ့ လူလားမြောက်ခဲ့ခြင်းထဲ ကျွန်တော်ပါဝင် ကပြခွင့် ရနေခြင်းအတွက် ပထမဦးဆုံး အဖေနဲ့အမေကို ကျေးဇူးတင်စကား ခုအရွယ်ထိ မပြောဖြစ်ခဲ့သေးပါ ။

ကျောင်းသွားဖော် ကောင်မလေးကို ကျွန်တော်ချစ်နေသည်ဟုယုံကြည်ရသောနေ့တွင် ကောင်မလေး မြို့တမြို့သို့ပြောင်းရွေ့သွားသောနေ့တနေ့ဖြစ်ခဲ့ဖူးပြီး ပြန်တွေ့ရချိန်တွင် အိမ်ထောင်ကျပြီး ကလေး တယောက်အမေကောင်မလေးကို ကျွန်တော် တခါကသိမ်းဆည်းထားသောစကားများပြောရန် သိမ်းထားဖြစ်ခဲ့သည်ကို ကျွန်တော်နောင်တမရပါ။

ညနေ နေဝင်ချိန်မြို့အဝင်တံတားလေးသည် ကျွန်တော်တို့သူငယ်ချင်းများအတွက် မြို့လေးရဲ့အကြောင်း မြို့ရဲ့အခြားပြင်ပအကြောင်း ကျွန်တော်တို့အကြောင်း ကျွန်တော်တို့ချစ်သူ မုန်းသူများအကြောင်းများ ခင်းကျင်းနေကျ နေရာတခု ဖြစ်ပါသည်။

မြို့ကလေးတွင် ကျွန်တော်တို့အဖွဲ့ကိုအမုန်းဆုံးမှာ ကျွန်တော်တို့ လမ်းထိပ်အိမ်ကြီးမှ အိမ်ခြံထဲလှောင် ကာမွေးမြူထားသော ကြီးမားလှသည့် အင်းခွေးကြီးများဖြစ်ပါသည်။ ကျွန်တော်တို့ ကျောင်းသွားချိန်တိုင်း ၎င်းအိမ်ရှေ့မှဖြတ်သွားကြရပြီး ဖြတ်သွားဖြတ်လာလုပ်ကြတိုင်း ခွေးတွေကို တုတ်များ ခဲများဖြင့် စနောက်နေကြဖြစ်သည်။ ထိုသို့ စနောက်တိုင်း ခွေးများက ခြံထဲမှ ခုန်ထွက်တော့မည့်ပုံ ဟောင်ကြဟိန်း ကြပြုလုပ်ကြပုံကြည့်ရင်း စိတ်လှုပ်ရှားစွာရယ်မောခဲ့သောညနေခင်းများကို သတိရမိနေဆဲဖြစ်သည်။

လူတယောက်ဖြတ်သန်းမှုတွင် ကိုယ်ကျင်လည်ကြီးပျင်းရသော ပတ်ဝန်းကျင်အရောင်များ ရိုက်ခတ်မှုကို အနည်းနဲ့ အများ ခံရလေ့ရှိသည်။ ပတ်ဝန်းကျင်သည် လူတယောက်ကို အရောင်ဆိုးရန် အမြဲအဆင်သင့် ရှိနေတတ်သည်။ ကိုယ့်ဘက်က အကောင်းအဆိုး ခွဲခြား စိတ်ဖြာနိုင်ဖို့လိုပေလိမ့်မည်။ တခါတရံ လူတယောက်ရဲ့သိမှုအတွေ့အကြုံပညာ လိုကောင်း လိုနေတတ်သည်။ သို့သော် ကျွန်တော့် ပတ်ဝန်း ကျင်တွင် ဖြည့်စွက်စရာများ ခုချိန်ထိ ပြည့်နှက်နေဆဲ ဖြစ်သည်။

မြို့ကလေးမှာ ခုတလောပြောင်းလဲမှုလေးတချို့ရှိလာခဲ့သည်။
အင်္ကျီသစ်ကလေးနဲ့ ပိုလှလာသလိုထင်ရသည်။ သို့သော် အင်္ကျီအသစ်သည် အသစ်အင်္ကျီသာ ဖြစ်ကြောင်း ကျွန်တော် ခံစားနေမိသည်။ အင်္ကျီသစ်အောက်ကမသစ်လာသော ရင်ဘတ်အဟောင်းတွေကြောင့် ဖြစ်ပေ လိမ့်မည်။
လူသည် လူတယောက်တာဝန်တွေ အလိုအလျောက်သတ်မှတ်ထားပြီး သတ်မှတ်ချက် သီးသန့် မဟုတ်သော်ငြား လူတယောက်ရှိရမယ့် ဝတ္တရားများရှိပြီးဖြစ်သည်။ တခါတရံ လူလွန်သား
တချို့ဆက်ဆံရေးကြောင့် စိတ်ပျက်လက်ပျက်ဖြစ်စရာကြုံတွေ့ရတတ်သည်။ မြို့ကလေးခမျာ စိတ်မသက်သာစရာ၊ စိတ်မချမ်းမြေ့စရာ၊ ဝမ်းနည်းစရာတို့ကို မသိသလိုနေတတ်နေပြီ။
ကျွန်တော့်မှာသာ မြို့သေးသေးလေးထဲ လူးလဲထရန် အားယူနေရဆဲ ရင်ဘတ်မပါသော မျက်နှာတွေကို ဖတ်နေရဆဲ၊ စိတ်ပျက်လက်ပျက် ပျော်နေရဆဲ။
မြို့သေးသေးလေးမှာ………

သင်းရည်လွင်

Comments