သစ်ခက်သံလွင်အက်ဆေး- ဝေမြင့်မောင်ရေးတဲ့ "ကျနော့် အကြောင်း တပိုင်းတစ စာစီစာကုံး "



bjws.blogspot.com

ကျနော်တခုခုပြောတဲ့အခါ နားမလည်ဘူးဆိုတာမျိုးတွေ အများကြီး ကြုံခဲ့ရတယ်။ လူမှုစံဘောင်ဖြစ်ဖြစ် အများလက်ခံထားတဲ့ အရာဖြစ်ဖြစ် ဒီလိုမဟုတ်ဘူးပြောတဲ့အခါ ကျနော့်အဆင့်ဟာ အလိုလိုနိမ့်သွားတယ်လို့ ခံစားရတယ်။  



ကျနော့် အကြောင်း တပိုင်းတစ စာစီစာကုံး
ဝေမြင့်မောင် 

၁။

တကိုယ်တော်ကဗျာစာအုပ်ထုတ်ဖို့ ကိစ္စလေးဟာ မိုးရေစက်တွေနဲ့အတူပါသွားတယ်။ ဒါမှမဟုတ် အနုပညာ ရှင်လို့ဆိုတဲ့ အမလေးရဲ့ဝင်းနေတဲ့ရင်သားပေါ်ရောက်နေတဲ့ ဆိုက်ကိုတွေနဲ့အတူ လောင်သွား ကျွမ်းသွား တယ်။ တောခွေးတွေဟာ အသားကို ကြိုက်ကြတာ လူတွေဟာ အမဲသားကို ဝါးစားနေကြတာ ကင်စားနေ ကြတာ ဝိုင်ပုလင်းတွေ မြှောက်ပြီး အောင်ပွဲခံကြတာသိသလို တနေရာမှာ စစ်ပွဲဖြစ်လို့ သေနတ်သံ ကြားရ လို့ ခွေးပြေးဝက်ပြေး ပြေးကြရလို့ ဒူးထောက်တောင်းပန်နေလို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရလို့ ဒါတွေကို လည်း မြင်ရပါတယ်။

၂။

ညနေဟာ သူ့ မျက်နှာဖုံးကို ချွတ်လိုက်တော့ သစ်ရွက်လေးတွေရယ်နေကြ။ 

သစ်စက်ကြီးတွေရဲ့ချွန်ထက်နေတဲ့သွားတွေဟာ ခဏအိပ်စက်နေကြ။ အရာရာမှာ အလှတရားရှိတယ် ဆိုတာကို အားလုံးက မစကားမစပ်မိကြဘဲ သဘောတူကြ။ ချွေးတွေဟာ အောင်မြင်မှုရဲ့အစ လို့ ပြောကြ တာကို ပြန်သတိရနေတယ်။ ကိုယ်တိုင်အပြောခံရသလိုမျိုးပဲ။ ဒီလိုချိန်မှာ ကွယ်လွန်သွား တဲ့ ခွေးလေးပိုပိုကို သတိရမိတယ်။ ကျနော်က ကော်ဖီခွက်ကိုင်လို့၊ သူမက ကျနော့်ဘေးနားမှာ ငြိမ်သက်လို့။ ခွေးမလေးပိုပိုကို ကျနော်သတိရမိတာက ယုတ်ညံ့မှု ရှက်ကြောက်စရာမဟုတ်တဲ့ အကြောင်း မပြောလိုပါဘူး။ 

ချစ်ခြင်းမေတ္တာအကြောင်းကို ပြောဆိုနေရလောက်အောင် ဘာကောင်မှမဟုတ်တာတော့ သေချာပါတယ်။ ချစ်ခြင်းမေတ္တာဟာ ဘယ်ကိုသွားပြီး ဘယ်ကိုဆုံးသလဲဆိုတာကိုဖြင့် စိတ်မဝင်စားမိပါဘူး။ ခွေးမလေး ပိုပိုကိုလွမ်းနေတဲ့ အကြောင်းဟာ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်လို့လားဆိုတဲ့ မေးခွန်းမျိုးကို ကျနော် ရွံရှာ ပါတယ်။ အဓိပ္ပာယ်တွေကို ရေလောင်းပေါင်းသင်တဲ့အခါ ကြီးထွားရှင်သန်လာ အသီးအပွင့်တွေ ဝေဆာနေ ဖို့ရယ်လို့ ကျနော်အတိအကျ နားမလည်ပေးနိုင်ပါ။ လူ့အဖွဲ့အစည်းအတွက်ရယ်လို့ ကြီးကြီးကျယ်ကျယ် ပြော တတ်ကြတာတွေ့ရတဲ့အခါ ဘာကိုမှအလိုမရှိတော့တဲ့ အကျဉ်းသားလို တည်ငြိမ်နေတာဖြစ်ဖြစ် စိတ်လှုပ် ရှားနေတာ ဖြစ်ဖြစ် ဘယ်လိုအမူအရာတွေမှ ကျနော့်မှာ ရှိမနေခဲ့ပါဘူး။ 

ကျနော့်အတွက်ကတော့ ဘယ်သူ့ ကိုမှ ဝင်မစွက်ဖက်တာ မနှောင့်ယှက်တာမျိုးကို သဘောကျ ပါတယ်။ မတူညီတဲ့ ပေတံတွေဟာ ငယ်ငယ်က စာသင်ကျောင်းလေးမှာ  အရောင်လွင့်ပျောက် ကွယ်သွားခဲ့ ကြပေါ့။ သတိရလိုက်တာ စိုင်းထီးဆိုင် ရဲ့သီချင်း ထဲကလို "အပြစ်မရှိသေးတဲ့ ကလေးလေးဘဝကို တခါပြန် ပြီး ရောက်ချင်သေးတယ်"။ မဖြစ်နိုင်တာကို လိုချင်တဲ့ထဲမှာ ကျနော်ဟာ ပါ ပါတယ်။ လောဘ အာဏာငွေ ဒါတွေ ကျနော် မမက်ဘူး မယုံကြည်ဘူးလို့  အားလုံးပြောကြ တဲ့အခါ ကတိတည်ကြတဲ့အခါ ငယ်ဘဝ ဟာ ပြန်ရ နိုင်မလား စိတ်ဝင်စားဖွယ်ပါ။

၃။

အိမ်နောက်က သရက်ပင်ရဲ့ညည်းသံဟာ လေနဲ့အတူ ပါလာပြီး ကျနော့်အဆုပ်ထဲကို ဝင်ရောက်သွား တယ်။ ကျနော်ဟာ ပန်းချီကားချပ်တွေကို စိတ်လိုလက်ရ ကြည့်နေမိတယ်။ ပန်းချီကားထဲက ခဲတံလေးဟာ တင့် ကားကြီးကို ဝါးစားနေတဲ့ပုံပါ။ ပန်းချီဆရာရဲ့သွေးတွေရဲ့အပြင်ကာလာတွေက အနက်ရောင်ဖြစ်ပြီး အထဲ ကတော့ အပြာရောင်ပါ။ ငြိမ်းချမ်းရေးအရောင်က အပြာရောင်မှ မဟုတ်ပါဘူး။ 

တခြားအရောင်တွေထဲမှာ လည်းရှိနေနိုင်တယ်။ ဆေး အထူ အပါး အလင်းအမှောင် ကုဗပုံလို စတုရန်းလို ပန်းချီကားတွေလှုပ်ရှားပြီး ကနေကြတဲ့ မျဉ်းတွေ လိုင်းတွေ ဆေးစက်တွေ ကောက်ကြောင်းတွေ အမျိုးမျိုးနဲ့ ။ ပန်းချီတချပ်မှာတော့ လက်ပုံကြီးကို ဆွဲထားတာ ဒါပေမဲ့ လက်ပြတ်ကြီး။ လက်ပြတ်ကြီးထဲမှာ မျဉ်းတွေ အများကြီး မျဉ်းတွေ ရဲ့ ခေါင်းဟာ ဂီတာလိုမျိုးပဲ။ ကျနော်နားမလည်တာက ဘာလို့ဂီတာတွေရဲ့ ထိပ်မှာ လူတွေရဲ့ မျက်လုံးတွေ ထည့်ထားတာလဲ ဆိုတာပဲ။ အနုပညာတက္ကသိုလ်က မိတ်ဆွေပန်းချီလောကကြီး ကို မေးအုံးမယ်တေးထားတယ်။ သူ ကျနော့်ဆီလာတဲ့အခါဖြစ်ဖြစ် သူ့ဆီကျနော်သွားတာပဲဖြစ်ဖြစ်။ သူမသိလည်းကိစ္စမရှိပါဘူး။ မျှော်လင့်မှုဟာ မလိုအပ်ဘူးဆိုတာထက် မသင့်တော်ဘူးဆိုတာမျိုးကို ကျနော် ပိုသဘောကျပါတယ်။ အခန်းရဲ့အပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ဂရုမစိုက်နိုင်လောက်အောင် ကျနော်တွေးနေမိတယ်။ တွေးနေရတာဟာ ပျော်စရာကောင်းတယ် အပျင်းပြေတယ်လို့ ကျနော် မြင် ပါတယ်။ 

ဒီအယူအဆနဲ့ပတ်သက်လို့ ကျနော်တက်နေတဲ့တက္ကသိုလ်မှာ ပြဿ   နာတွေ ရှိခဲ့ပါတယ်။ ပြဿ   နာဆိုတာ ကလည်း ကျနော်သတ်မှတ်လို့ ဖြစ်လာရတာမျိုးပါ။ နာဂတိုင်းရင်းသား ဆားသီမူက ကျနော့်ကို ဆိုက်ကို လို့ ခေါ်ပါတယ်။ နှိမ်တာဘာညာမဟုတ်ဘဲ ရိုးရိုးသားသား ခေါ်တာပဲဖြစ်တယ်။ 

ကျန်တဲ့သူငယ်ချင်းတွေကတော့ ကျနော့်ကိုရှိတယ်လို့တောင် ထင်ကြ ပုံမရဘူး။ ကျနော်တခုခုပြောတဲ့အခါ နားမလည်ဘူးဆိုတာမျိုးတွေ အများကြီး ကြုံခဲ့ရတယ်။ လူမှုစံဘောင်ဖြစ်ဖြစ် အများလက်ခံထားတဲ့ အရာဖြစ်ဖြစ် ဒီလိုမဟုတ်ဘူးပြောတဲ့အခါ ကျနော့်အဆင့်ဟာ အလိုလိုနိမ့်သွားတယ်လို့ ခံစားရတယ်။ သက်ကိုအောင်ကတော့ ရှားရှားပါး ပါးပဲ။ သူပြောချင်တာတွေပြောတယ်၊ 
ကျနော်ပြောချင်ရာပြောတာတွေကိုလည်း နားထောင်ပေးတယ်။ ဒီလိုသူငယ်ချင်းမျိုးရှိလို အားရှိခဲ့ရတာပေါ့။

၎။

ပြီးဆုံးသွားတဲ့ စနေ ဟာ မနက်ဖြန် ပြန်လည်ရှင်သန်လာတော့မယ်လို့ ပထမအဆင့် ကျနော်ပြောတယ်။ စာအုပ်တွေကြားထဲက ငွေရောင်ပိုးကောင်လေးတွေ ပြေးသွားကြတယ်။ ဒုတိယအဆင့်အနေနဲ့ စနေဟာ ဘယ်တော့မှမသေဘူး စနေဆိုတာ တကယ်တော့ မရှိဘူးလို့ ထပ်တွေးတယ်။ 

ဘုန်းတော်ကြီးကို မေးချင်နေတယ်၊ ဒီလိုတွေးတောမှုတွေဟာ အပြစ်ရှိလို့လား။ ဘုန်းတော်ကြီးက ဒီကိစ္စကို နားလည်ချင်မှ နားလည်မှာပါ။ ဒါကို ကျနော်ကောင်းကောင်းကြီးသိနေပါတယ်။ နားလည်ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ မသိဘဲ ရွှီးဖြေပေးရင်တော့ ကျနော်စိတ်ဆိုးမိမှာပဲ။

     လွန်ခဲ့တာတွေဟာ ပြန်ပေါ်လာတယ်။ လွန်ခဲ့တဲ့ စနေနေ့က မိတ်ဆွေရဲ့ အိမ်သစ် တက်ပွဲသွား သည်။ လွန်ခဲ့တဲ့စနေက အိမ်ပြင်မထွက်ဘဲ စာဖတ်သည်။ လွန်ခဲ့တဲ့စနေက ရွှေပတ်တပိုင်း သောက်သည်။ လွန်ခဲ့တဲ့စနေက အမေကျနော့်ကိုရိုက်သည်။ လွန်ခဲ့တဲ့စနေက ကြက်တူရွေးလို စာရွတ်ဖတ်နေသည်။ လွန်ခဲ့တဲ့ စနေက အဖေနဲ့အမေ အကြီးအကျယ် စကားများသည်။ လွန်ခဲ့တဲ့ စနေက ပိုက်ဆံမရှိလို့ ကျူရှင် တက်ခွင့်မရ။ လွန်ခဲ့တဲ့စနေက ဟာစရီးပါးနဲ့ တွေ့သည်။ မူရာကာမီ၏ကြောင်သည် ကျနော့်ကို ပြုံးပြသည်။ လွန်ခဲ့တဲ့စနေက သေနတ်သံများကြားရ၍ တုန်လှုပ်နေသည်။ လွန်ခဲ့တဲ့စနေက ဝံပုလွေလာဆင်သည် ကျနော့်ကို ထိုးကြိတ်သည်။ လွန်ခဲ့တဲ့စနေက ပုပ်ရဟန်းမင်းကြီးသည် ကျနော့်ကိုလာတွေ့သည်။ 

လွန်ခဲ့တဲ့စနေက ကျနော်အခုလို စာတွေရေးနေသည်။ လွန်ခဲ့တဲ့စနေက အခုလက်ရှိ ဖြစ်နေသည်။ အို များလိုက်တဲ့လွန်ခဲ့တဲ့စနေတွေ။ အလွန်သေးငယ်တဲ့အရာတွေကို အလေးအနက် နေရာပေးတဲ့အခါ ကျနော်တို့ရဲ့ဘဝကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်နေကြတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ဆန့်ကျင်ဘက်လည်း ဖြစ်နိုင်တာပဲ။

သေဆုံးနေ ကက်ဆက်ထဲ အသံ 

ငါပြန်လာတော့မယ်လို့ တဖက်ကမ်းက
ငါ့ဆီ ရောက်လာတယ်
အားလုံးပြောကြတယ် ငါကလွဲပြီး ဘယ်သူမှ မကြား
အခန်းထဲ ဘယ်သူမှ မရှိ
တယ်လီဖုန်းဟာ ငါ့ကိုစောင့်နေ
ငါ အပြင်မှာ
ဒီ အသက်ရွယ်ရောက်မှ တဖြည်းဖြည်း
ရွာကိုသတိရတယ် ဒါလည်း ဘယ်သူမှမသိ
ဘာမှလည်း မဟုတ်တာတွေ ဟုတ်နေတာတွေ
လာပြီးသားပဲ တခု နောက် တခုများစွာ
မထူးဆန်းတော့ဘူး ဆိုနေကျ...ကြ
ငါ ငါမဟုတ် အဓိပ္ပာယ်
ပစ္စည်းများ...။

ဒီကဗျာကို နယ်ဘက်ကထွက်တဲ့ မဂ္ဂဇင်းတခုမှာ ကျနော်ရေးခဲ့တယ်။ ဝေမြင့်မောင်ကလောင်နဲ့မဟုတ်ပါ။ ထားတော့ ကဗျာကသာ အဓိက။ ဘယ်လိုအဓိပ္ပာယ် ရှိတယ်ဆိုတာကို တော့ ကျနော်မရှင်းပြချင်ပါဘူး။ အဲ့ဒီတုန်းက အဘိုးအိုအဘွားအိုကြီးတွေနဲ့ မမျှော်လင့်ဘဲဆုံပြီး ရေးခဲ့တာမျိုးဖြစ်နိုင်သလို ကောင်မလေးနဲ့ စကားများ စိတ်ဆိုး ကြပြီး ရေးဖြစ်တာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် လွမ်းနေတာ စိတ်ပျက်တာ အများ ကြီး ဖြစ်နိုင်ချေရှိပါတယ်။ ဘာရယ်တော့မဟုတ်ဘူး အတွေးထဲပေါ်လာလို့ ချပြမိတာ ဆွဲယူသုံးမိတာမျိုး ရယ်။ ဒီကဗျာရေးတဲ့ချိန်က ကျနော့်မှာ တခုခုတော့ စိတ်ထဲရှိခဲ့ပုံရတယ်။

၅။

ကျနော့်စိတ်ထဲမှာ မီးတွေလောင်နေတယ်။ ကျနော်ထိတွေ့တဲ့အရာတိုင်းဟာ လောင်ကျွမ်းကြလို့။ သတိထားပါ။ ဒီစာကိုဖတ်နေတဲ့ခင်ဗျားကိုလည်း လောင်ကျွမ်းသွား စေနိုင်ပါတယ်။ ကျနော့်ကိုမွေးတုန်းက ကျနော်တို့အိမ်နီးချင်းတွေမှာ ကားမရှိဘူး၊ ဆိုင်ကယ်မရှိဘူး၊ လက်တောပ့် တယ်လီဖုန်းဘာမှ မရှိသေးဘူး။ အာဏာရှင်တွေရဲ့ နာမည်ပုံတွေကို အလွတ်ရနေသိနေရတဲ့အတွက် ကျနော်ဟာ ဂုဏ်ယူခဲ့တယ်။ ဘယ်လောက်ထိ နာကျင်ဖို့ကောင်းတဲ့ကိစ္စလဲ။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ ကိစ္စပဲ။ ပြန်တွေးတိုင်း ကျနော်နာကျင်နေမိတယ်။ ဒါပေမဲ့ ဘယ်အရာမှ ကြာကြာလိမ်ညာလို့မရဘူးဆိုတာကို ကျနော်သတိထား မိလာတယ်။ အမေဟာ ကျနော့်ကို သိပ်ချစ်လို့ အိမ်ပြင်မဆော့ခိုင်းဘူး။ ဟိုဟာ မလုပ်ခိုင်းဘူး ဒါမလုပ်ခိုင်း ဘူး။ သူငယ်ချင်းတယောက်ရဲ့အမေဆို ကျနော့် သူငယ်ချင်းကို ချစ်လွန်းလို့ ဘာဆိုဘာမှ မခိုင်းဘူး။ အားလုံးအဆင်သင့်လုပ်ပေးတယ်။ ကလေးကစားစရာ အရုပ်၊ ကား၊ သေနတ်စုံလို့ပဲ။ ကျနော်တို့ရဲ့ ချစ်ခြင်းတွေဟာ ပူလောင်နေတတ်တယ်ဆိုတာကို ကျနော်တို့မမေ့ဖို့ လိုမယ် ထင်တယ်။

မြေသြဇာအလွန်အကျွံပေးမိလို့ သေဆုံးသွားတဲ့ကျနော့်ပန်းပင်လေးရဲ့ဓာတ်ပုံဟာ မထင်မှတ်ဘဲ ဖိုင်လ်မွှေရင်း ပြန်ပေါ်လာတယ်။ အို သိပ်ချစ်ခဲ့လို့ ပုံတွေတောင် ငါရိုက်ခဲ့တာပဲ။ ဒီလိုရိုက်သင့်မရိုက် သင့်ဆိုတာက အားလုံးလွတ်လပ်စွာ ကွဲပြားနိုင်ပါတာကို ကျနော် သိပါတယ်။ ကျနော်ထိတဲ့အရာတွေဟာ ပြာဖြစ်သွားပြီး ပြန်ပေါ်လာပြီး ပျောက်သွားပြီး ဆင့်ကဲ ဖြစ်ပေါ်နေကြတယ်။ ကျနော်အမုန်းဆုံးက ဂေါက်ရိုက်တံကိုကိုင်တဲ့ လက်တွေရယ် မျက်လုံးတွေရယ်။ ဒရိုင်ဗာနဲ့ရိုက်လိုက်တဲ့ ဂေါက်သီးရဲ့အရှိန်နဲ့အိုင်းယွန်းကိုင်ပြီး ရိုက်လိုက် တဲ့ အရှိန်တို့ဟာ မတူညီကြ။ တချို့က ထမင်းသာစားနေတဲ့ ဂေါက်တံတွေ။ နှုန်းထားအမျိုးမျိုး။

၆။

ကျနော့်အကိုရဲ့ယားယံနေတဲ့ ဆံပင်မွှေးအထုပ်ပါဆယ်ဟာ ကျနော့်ဆီရောက်ရှိ လာတော့ စာပို့သမားပေး တဲ့ စာရွက်ပေါ်မှာ လက်ခံရရှိကြောင်းထိုးပေးရတယ်။ တကယ်တော့ လက်ခံရရှိပြီးတဲ့နောက် ဘာ မဆိုဖြစ်နိုင်တာကို စာပို့သမားလေးဟာ သိရှိပုံမရပါဘူး။ 

သူနဲ့မဆိုင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်ဆိုကြပါစို့။ အထုပ်ကို ပါးစပ်နဲ့ကိုက်ပြီး ဖောက်တဲ့ခါ ဗုံး ကလေးတွေ အများကြီးတွေ့ရတယ်။ စနက်တံတွေဘာတွေနဲ့။ လိပ်စာကြည့်တော့လည်း ကျနော့်ဆီပဲ။ ကျနော့်အကို လက်မှတ်နဲ့ လက်ရေးပဲ။ အကိုဟာ ကျနော့်ဆီ ဘာလို့ပို့လိုက်ပါလိမ့်။ စနက်တံကို မီးရှို့ပြီး ကျနော်နဲ့ ဝေးရာ ပစ်ပေါက်လိုက် တယ်။ ကျနော့်အိမ်ဟာ မြို့လယ်ခေါင်ထဲက တောနက်ကြီးမှာရှိတဲ့ အတွက် ဘာမှတော့ ပြဿနာမရှိဘူး။ ဗုံးပေါက်ကွဲရင်တောင် ဘယ်သူ့ကိုမှ မထိခိုက်စေနိုင်ပါ။ 

ထူးဆန်းလိုက်တာ။ ကျနော်ပစ်လိုက်တဲ့ဗုံးဟာ အပိုင်းအစလေးတွေ ဖြစ်ပြီး ဓာတ်ငွေ့တွေအဖြစ် ပြောင်းသွား ကြတယ်။ အနံ့ကို ကျနော်မရှူမိဖို့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ မထူးပါဘူး။ ဓာတ်ငွေ့တွေကိုရှူမိတဲ့အခါ ကျနော့်နားမှာ အသံတွေ ဆက်တိုက်ကြားနေရတယ်။ ကျနော်ကြားမိတဲ့အသံတွေထဲက ကျနော် မှတ်မိသမျှ ပြန်ပြောပြချင်တယ်။

" အိမ်တအိမ်မှာ အဖေအမေ ကလေးတွေ တမိသားစုလုံး EVD နဲ့ အပြာကား ကြည့်နေကြတာကွာ" " အရည်အသွေးထက် အရေအတွက်များနေတယ်" " ငါးပိထဲက ဓာတ်မြေသြဇာတွေ" အသံတွေအများ ကြီးထဲက ကျနော် မှတ်မိသမျှပါ။ ကျနော့်အကိုဟာ ဘာလို့များဒီအသံတွေကို ကျနော့်ဆီ ပို့လိုက်တာပါ လိမ့်လို့ ကျနော်တွေးနေမိပါတယ်။ ကျနော့်ခေါ်ဆိုမှုကို အကိုဟာ ငြင်းခဲ့တယ်။ ကျန်တဲ့ဗုံးတွေကို ဖောက်ဖို့ရာ ကျနော့်မှာ အားအင်မရှိတော့။

၇။ 

သူမရဲ့ဘဝဟာ အိပ်ရာပေါ်မှာ မွေးပြီး အိပ်ရာပေါ်မှာ သေဆုံးခဲ့တယ်။ အထက်ပါအကြောင်းအရာတွေက သူမဆီက ကျနော်ရခဲ့တာ ဖြစ်နိုင်ပါတယ်။ အခြားမှာတော့ သူမဟာ ဖိုဝါဒ လက်ဝါးကြီးအုပ်မှုတွေကို တော် လှန်ခဲ့တယ်။ လေဟာ လတ်ဆတ်ဆဲ။ ကျနော် ငေးနေဆဲ။ ပထမအချက် ကျနော့်သိမှုများသည် ကျနော့်ကို ဒုက္ခ ပေးသည်။ ကျနော်သည် ဝါကျဖွဲ့နေခြင်းများကို မုန်းတီးသည်။ ပြီးချင်တဲ့အခါ ပြီးမည် ဖြစ်သည်။ ဒုတိယဝန်ခံချက် ငှက်သံများချောင်းဆိုးသံများ စကားသံများသည် ကောင်းကင်သို့ ပြေးတက်မသွား ကြ။ မြေကြီးအောက်ထဲသို့တိုးဝင်ကာ ပျောက်ကွယ် သွားကြ။

အသံတွေဟာ နေရာတိုင်းမှာ ရှိနေတတ်ကြပါတယ်။ ဒါကို ကျနော် မရှင်းပြလိုတော့ပါ။

ဝေမြင့်မောင်

Comments