Wednesday, July 6, 2016

k

သစ်ခက်သံလွင်-ဘ၀ဖြတ်သန်းမှုမှတ်တမ်း၊ စိုးလွင် -ကျနော်နဲ့ဝမ်ခ(ဟောင်း)တိုက်ပွဲ- ၄ (နိဂုံး)




ကျနော်နဲ့ ၀မ်ခ (ဟောင်း) တိုက်ပွဲ -၄ (နိဂုံးပိုင်း)


စိုးလွင်

ကျနော်တာဝန်ထမ်ဆောင်ခဲ့တဲ့ ကျောင်းသားတပ်တော်(၁၉၈၈-၁၉၉၄)ရဲ့ စစ်အာဏရှင်စနစ် တိုက်ဖျက်​​ရေး တော်လှန်ရေးကာလတွေအတွင်း..ကျနော်ပါဝင်ခံစားခဲ့ရတဲ့ ပုံရိပ်တချို့ကို စစ်အာဏရှင်စနစ်ပြိုလဲ ပျက်သုဉ်ရးအတွက် အတူတကွတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်တွေကို အမှတ်ရ ဂုဏ်ပြုခြင်းဖြစ်​​သော်လည်းကောင်း၊ နောင် လူငယ်မျိုးဆက်သစ်များ လေ့လာသိရှိနိုင်ရန်အတွက်သော်လည်းကောင်း..သစ်ခက်သံလွင် အွန်လိုင်းမှတဆင်ရေးသားတင်ဆက်လိုက်ပါသည်။ 

 စိုးလွင်
(၂၁၁) (၀မ်ခ)



(ကရင်တွေမှာလည်း သူ့ယုံကြည်မှုကလည်း အများကြီး.. သေနတ်ပြောင်းဝကို ပါးစပ်နဲ့မှုတ်ရင် တိုက်ပွဲဖြစ် တယ်တို့..ကြက်သားပေးရင် ခေါင်း.ခြေထောက် .တောင်ပံအစုံပေးမှ ကောင်းတာတို့)။

ဒါကြောင့် သူတိုက်ပွဲကျတာ ကိုယ့်အပြစ်များလာလို့တွေးရင်း စိတ်မကောင်းဖြစ်မိတယ်။
ကဲ ဖြစ်ပြီးတာတွေကိုလည်း နောင်တ မရနဲ့တော့။ လက်ရှိပြဿနာကိုပဲ ရှင်းရအောင်။

(၆)

ဒီနေ့လည်း ရန်သူမတက်ဘူးခင်ဗျာ..။ ကျနော်နဲ့ချစ်ပိုလည်း နေ့ရောညပါ ၃..၄ ရက် ကင်းစောင့်လိုက် ရတော့ အိပ်ရေးပျက်ပြီး ပင်ပမ်းနေပါပြီ။ ဒါနဲ့ နှစ်ယောက်သားတိုင်းပင်ပြီး နေရာလည်းပေးဖို့ ကိုစောထူးကို သွားပြောပါတယ်။ သူက ” ခင်ဗျာတို့ နှစ်ယောက်နဲ့သင့်တော်လို့ ဒီနေရာမှာ နေရာချထားတာ. ဒီနေရာမှာပဲနေပေးပါ” လို့ တောင်းဆိုတာနဲ့ သူ့ကို အားနားတာရော ကိုယ့်ကို အားကိုးတယ်ဟဲ့လို့ စိတ်နဲ့ (နည်းနည်းမြှောက်သွာတာလည်း ပါတယ်) လက်ရှိနေရာမှာပဲနေဖို့ သဘောတူလိုက်တယ်။


ပြဿနာက နေ့လည်ထမင်းစားချိန်မှာ စပါပြီ။ လေက ရန်သူ့ဘက်အခြမ်းကနေ ကျနော်တို့ဘက် ကို တိုက်လာလို့ပါ။  ဒီတော့ လေနဲ့အတူ ရန်သူ့ရဲ့အလောင်းပုတ်နံ့ဟာ ရောပါလာပြီး ကျနော်တို့ ထမင်းစားလို့မရအောင် လုပ်လာပါတော့တယ်။
ဒါပေမဲ့ မောင်ကျောင်းသားတွေပဲ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်အောင် ကြိုးစားကြတာပေါ့။ ကေအန်ယူ က ကျနော်တို့ကို ယမ်းမူးမှာ(သေနတ်ကျည်ဆန် ယမ်းခိုးတွေကြောင့် မူးမေ့လဲမှာ) စိုးလို့.. နှာခေါင်း ကာတွေ ပေးထားပါတယ်။ ဒီနှာခေါင်းကာတွေကို ထမင်းစားချိန်မှာ မျက်နှာမှာ စွပ်..၊ ထမင်းလုပ်ထည့်တဲ့ အချိန်မှာ အသာလေးမပြီး ထည့်၊ ထမင်းဝါးချိန်မှာ ပြန်အုပ်ထားလိုက်နဲ့.. ဒီလိုပဲ စားရတာပဲ။ 

ဒီနှာခေါင်းကာတွေကို တိုက်ပွဲဖြစ်တဲ့အချိန်မှာရှုတ်လို့ ဘယ်သူမှ မတပ်ကြဘူး..။ ထမင်းစားချိန်မှသုံးတာ။
ကျနော်တို့နှစ်ယောက်လည်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ဖြစ်နေပြီနဲ့ တူတယ်။  ဘာကြောင့်ဆို ညနေစောင်းကထဲက သဲကြီးမဲကြီး မိုးကရွာလိုက်တာ နောက်နေ့အထိပဲ။ ရေတွေက ဆက်သွယ်ရေးမြောင်း ထဲတင်မက ကျနော်တို့နေတဲ့ ဘန်ကာထဲပါဝင်လာတော့.. ကျနော်တို့နှစ်ယောက်လည်း ဘန်ကာပေါ်မှာ တက်နေရပါပြီ။

ဘန်ကာအပေါ်မှာ ဖက်မိုးထားပေမဲ့လည်း လက်နက်ကြီးကျည်ဒဏ်တွေကြောင့် ပေါက်ပြဲနေပြီး လုံးဝမိုးမလုံတော့ပါဘူး။ ကျနော်တို့နှစ်ယောက်လည်း မိုးကာစတွေ ကိုယ်စီပတ်ပြီး ဘန်ကာပေါ်မှာ ငုပ်တုတ်ပေါ့။
အရင်ညတွေက ကင်းစောင့်လို့အိပ်ငိုက်ရင် ဆက်သွယ်ရေးမြောင်းမှာ လမ်းလျှောက်။ ဒါမှမဟုတ် ဆေးလိပ်ခိုးသောက်ပြီး အိပ်ငိုက်ဖြေရတယ်။ ဒီနေ့တော့ ဆက်သွယ်ရေးမြောင်းမှာ လည်း ရေတွေပြည့်နေလို့..လမ်းကလည်း ဆင်းလျှောက်လို့မရ၊ ဆေးလိပ်ခိုးသောက်ဖို့ဟာလည်း ..မိုးက သဲသဲမဲမဲရွာနေတော့..သောက်လို့မရ။ 

ကြံရာမရတဲ့အဆုံး..မသင်္ကာရင်ပစ်ဆိုတဲ့အမိန့်ရထားတော့ အိပ်ငိုက်တိုင်း စွပ်ပစ်နေတော့တာပဲ။ ပစ်လွန်းလို့ ကိုစောထူးတောင် လာမေးယူရတယ်။ ဘာတွေ့လို့လဲတဲ့။ မသင်္ကာလို့ ပစ်တာလို့ ပြော လိုက်တယ်။ 

အမှန်တော့ အိပ်ငိုက်လွန်းလို့။ ကဲ ဒီနည်းလည်း ကြာရင်မကောင်းဘူး..တခြားနည်းပြောင်းမှဆိုပြီး ဘာလုပ်လဲဆိုတော့..ကိုယ့်ပေါင် ကိုယ်လိမ်ဆွဲတာ..ဒီနည်းလည်း ပထမတချက်တော့ ဟုတ်မလိုလို နဲ့ ရေရှည်ကျတော့ ..ဆွဲတုန်းတချက်ပဲ အိပ်မငိုက်တာ .လက်လွှတ်တာနဲ့ အိပ်ငိုက်ပြန်ရော။
ဒီမှာပဲ သူပုန်ဘ၀မှာ ပထမဆုံးအကြိမ် မျက်ရည်ကျပါပြီ။ 

အော်..ဒီလိုညမျိုး အိမ်မှာများရှိနေခဲ့ရင် မှို့ယာပေါ်မှာ ဂွမ်းစောင်ထူထူခြုံပြီး စာအုပ်လေးဖတ်ရင် ဇိမ်ယူနေလောက်ပြီလို့ တွေးမိပြီး..မျက်ရည်တွေက အလိုလိုကျလာတော့တယ်။ မိုးရေတွေနဲ့အတူ ကျသောမျက်ရည်ပေါ့ဗျာ။ နောက်တော့ စိတ်ကိုပြန်တင်း ..ကိုယ်လက်ရှိလုပ်နေတဲ့ ကင်းစောင့်တာကို အာရုံပြန်ပြောင်းရတယ်။

ဒီလိုနဲ့ပဲ အိပ်ငိုက်ရင် သေနတ်ပစ်လိုက်၊ ကိုယ်ကိုယ့်ကိုယ် ဆွဲလိမ်လိုက်နဲ့ လုပ်လာလိုက်တာ ည ၁၀ နာရီလောက်ကျတော့ ဘယ်လို့မှမတတ်နိုင်တော့ဘူး။ သေနတ်ကိုပိုက် မတ်တပ်ရပ်နေရင်း အိပ်ငိုက် လဲကျ ချင်လာတယ်။ ဒါနဲ့ပဲ ခြေထောက်ကြားမှာ အိပ်နေတဲ့ ချစ်ပိုကို နိုး..မင်းစောင့်အုံးကွဆိုပြီး ကင်းချိန်းရတယ်.. သူလည်း အိပ်မှုန်စုံဝါးနဲ့ မတ်တပ်ရပ်ရော ကျနော်လည်း သူ့ခြေထောက် အောက်ထဲ ၀င် ခွေအိပ်လိုက်တော့ တာပဲ။ ကျနော့်စိတ်ထင် ခေါင်းနဲ့ မြေကြီးမထိခင် အိပ်ပျော်သွားတယ် ထင်တာပဲ။ 

(မြန်မာပြည်မှာတုန်းက တခါတရံ အိမ်မှာမိုးယိုရင် အိပ်မရခဲ့တဲ့သူ)..အဲဒီလောက်တောင် အိပ်ချင်နေတာပါ။ ဒီအချိန်မှာ ငယ်ငယ်ချောချောကောင်မလေးတယောက်..စိန်ကို တောင်းနဲ့ရွက်ပြီးလာလည်း ..အိမ်ချင်တာနဲ့ မလဲနိုင်ဘူး။

ကိုယ်ကို လှုပ်နေတယ်ထင်လို့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ချစ်ပိုက ကင်းချိန်းဖို့ ကျနော့်ကို နှိုးနေတယ်။
ဟင်..အခုပဲ ခေါင်းချရသေးတယ်၊ ကင်းချိန်ပြီးလား မေးလိုက်တော့.. ကိုစိုးလွင်အိပ်တာ ၂ နာရီလောက် ရှိသွားပြီတဲ့။ ကျနော့်စိတ်ထဲမှာတော့ အခုပဲ ခေါင်းချရသေးတယ် ထင်တာ..။

ဒါနဲ့ပဲ သေနတ်ကောက်လွယ် မတ်တပ်လည်းရပ်ရော ..ချစ်ပိုလည်း ကျနော့်ခြေထောက်ကြားထဲဝင် အိပ်ပါလေရော။ (ကျနော်အိပ်တဲ့အချိန်တုန်းက သူဘယ်လိုခံစားရမှန်မသိပေမဲ့ သူအိပ်တဲ့အချိန်မှာ ကျနော်တွေးမိတာက..အော်..ငါ့ညီအရွယ် ကောင်လေးတယောက် ရေစိုစိုမြေကြီးမှာ ခေါင်းအုံးမပါဘဲ အိပ်နေရပါလာလို့ တွေးမိပြီး မျက်ရည်က စို့ချင်ချင်)ဒီလိုနဲ့ သူနဲ့ကျနော်လည်း ကင်းချိန်တွေ မသတ် မှတ်တော့ဘဲ သူအိပ်ငိုက် ကိုယ်စောင့်.. ကိုယ်အိပ်ငိုက် သူစောင့်နဲ့ ကင်းစောင့်လိုက်တာ မနက် ၄ နာရီ ထိုးတဲ့အထိပဲ..။

ဒီနေ့တော့ ရန်သူလက်နက်ကြီး ပစ်ပြန်ပါပြီ။
အလင်းပျို့တာနဲ့ မီးကုန်ယမ်းကုန် ပစ်ကြပြန်ပြီ။ ဒီတခါ..အိပ်ရေးပျက်များလို့ပဲလား မိုးတွေရွာနေလို့ပဲလား.. ပစ်တာပဲ များလို့လာမသိဘူး..ကျနော်ပစ်တာ ကျနော့်သေနတ်က ကျည်ဆန် ထွက်လား မထွက်လား မသိတော့ဘူး။
(သေနတ်က ဗွက်တွေလူးနေတာလည်း ပါမယ်ထင်တယ်)..ဒါနဲ့ သေနတ်ကို မျက်နှာနဲ့ ကန့်လန့်ဖြတ် ထားပြီး ပစ်ကြည့်တော့မှ သေနတ်ပြောင်းဝက မီးထွက်တာတွေ့မှ.. အော်…ငါသေနတ်ကျည်ထွက်ပါသေး လားပေါ့။ စိတ်ချမ်းသာသွားတယ်။

ထုံးစံအတိုင်း ညနေစောင်းကျတော့ မတိုက်နိုင်တာနဲ့ ရန်သူလည်း ပြန်ဆုတ်သွားပြီ။
(ဒီနေရာမှာ ရန်သူ့အကြောင်းပြောရရင်..သူတို့ တပ်အချိန်းအပြောင်းလုပ်တဲ့အခါမှာ ပြန်ဆင်းသွားတဲ့တပ်နဲ့ တက်လာတဲ့တပ်ကို ပေးမတွေ့ပါဘူးတဲ့။ အတက်တလမ်း အဆင်းတလမ်း လုပ်တယ်တဲ့။ 

ဘာကြောင့်ဆို ပြန်ဆင်းလာတဲ့တပ်နဲ့တွေ့လို့ အသေအပျောက်သတင်းသိရင် တက်လာတဲ့ တပ်တွေ စိတ်ဓာတ်ကျမှာမို့တဲ့)

ဒီနေ့ သတင်းဆိုးကြားရပြီး..ကျနောတို့နဲ့အတူ တွဲတိုက်နေတဲ့ ဆရာဘာဘူ(ကေအန်ယူ) ရန်သူ့လက်နတ်ကြီးကျည်အစ ခေါင်းကိုထိပြီး ကျသွားပြီတဲ့။ 

ရဲဘော်အာလုံး စိတ်မကောင်းကြဘူး။ ကျနော်ကတော့ ကိုယ့်ပယောဂကြောင့် ဆရာဘာဘူ တိုက်ပွဲကျသွားလေသလားလို့တွေးပြီး ပိုစိတ်မကောင်းဖြစ်မိတယ်။
ဝမ်ခ(သစ်)မှာနေတုန်းက ဆရာဘာဘူနဲ့ ကျနော်နဲ့က အိမ်ချင်းကပ်ရက်နေကြတာ..။ ကျနော်တို့နဲ့အတူနေတဲ့ အဘဗိုလ်မန်းပိုဆီ သူလာလည်ရင်..ရီစရာပြောတတ်တဲ့ကျနော်နဲ့ ရင်းနှီး သွားတယ်..။
တနေ့တော့ သူက ကျနော့်ကို ..ခင်ဗျားကို ပြောက်ကျားဝတ်စုံတစုံ လက်ဆောင်ပေးမယ်လို့ ပြောတယ် (ဒီတုန်းက ကျနော်ဝတ်ထားတဲ့ စစ်ဝတ်စုံက သင်တန်းတုန်းကပေးထားတဲ့ ၀တ်စုံ… ပေး တုန်းကတော့ အစိမ်းရောင်ပါ..လျှော်ပါများလို့ အဖြူရောင်ပေါက်နေပြီ)ကျနော်လည်း တသက်နဲ့တကိုယ် တခါမှ မ၀တ်ဘူးတော့ လိုချင်တာပေါ့။ ဒါပေမဲ့ သူလည်းမအားတာနဲ့ မဆုံဖြစ်တော့ဘူး..။
ဒါနဲ့ ၀မ်ခစစ်ပူလာရော..တနေ့ သူက ၀မ်ခ(ဟောင်း)သွားဖို့ ကျနော့်အိမ်ရှေ့က အဖြတ်..ကျနော် သူ့ဆီ က တောင်းတော့တာပေါ့။ သူလည်း အခုပေးဖို့ အချိန်မရှိတော့ဘူး။ နောက်မှပေးမယ်လို့ပြော ပြီး လောလောနဲ့ ထွက်သွားရော..။

ဒီအချိန်မှာ ကိုစောထူးရောက်လာပြီး..သူတို့ ကရင်ယုံကြည်မှုအရ..ရှေ့တန်းထွက်ခါနီး လူတယောက်ဆီမှာ လက်ဆောင်မတောင်းကောင်းဘူး၊ အတောင်းခံရတဲ့သူ တခုခု ဖြစ်တတ်တယ်လို့ ပြောတယ်။ 

(ကရင်တွေမှာလည်း သူ့ယုံကြည်မှုကလည်း အများကြီး.. သေနတ်ပြောင်းဝကို ပါးစပ်နဲ့မှုတ်ရင် တိုက်ပွဲဖြစ် တယ်တို့..ကြက်သားပေးရင် ခေါင်း.ခြေထောက် .တောင်ပံအစုံပေးမှ ကောင်းတာတို့)။
ဒါကြောင့် သူတိုက်ပွဲကျတာ ကိုယ့်အပြစ်များလာလို့တွေးရင်း စိတ်မကောင်းဖြစ်မိတယ်။
ကဲ ဖြစ်ပြီးတာတွေကိုလည်း နောင်တ မရနဲ့တော့။ လက်ရှိပြဿနာကိုပဲ ရှင်းရအောင်။

ပြဿနာက ကျနော်နဲ့ ချစ်ပိုတို့နှစ်ယောက်လုံး ဒီည ကင်းမစောင့်နိုင်တော့ဘူး..။ ကင်းစောင့်ရင်း အိပ်ပျော်သွားမှာ ကြောက်လို့။ နှစ်ယောက်သားတိုင်းပင်ပြီး ကိုစောထူးကို သွားပြောကြတယ်။ ကျနော်တို့နှစ်ယောက်ကို နေရာချိန်းပေးပါ။ မပေးရင် ကိုယ့်ပေါင်ကိုယ် သေနတ်နဲ့ ဖြတ်ပစ်ပြီး ဆေးနား လုပ်တော့မယ်ဆိုပြီး သွားပြောတယ်။
ဒီတော့မှ ကိုစောထူးက ဒီလိုတော့မလုပ်ပါနဲ့ ..သူလုပ်ပေးပါမယ်ပြောပြီး.. ကျနော်တို့ နှစ်ယောက်လုံးကို ကင်းမစောင့်ခိုင်းဘဲ ဘန်ကာကောင်းကောင်းတလုံးမှာ သွားအိပ်ခိုင်းတယ်။ ရှေ့တန်းမှာ ထီပေါက် တယ် ပြောရမှာပေါ့။ လူ့စိတ်များက ခက်သေး။  ကောင်းကောင်းအိပ်ဆိုတော့လည်း သေနတ်သံကြားရင် ကိုယ့်သူငယ်ချင်းတွေကို စိတ်ပူပြီး ထထကြည့်မိတယ်။ 

ဒီလိုနဲ့ပဲ တိုက်ပွဲဖြစ်လိုက် နားလိုက်နဲ့ ဖြစ်လာလိုက်တာ ဒီနေ့ဆို ၁၀ ရက်မြောက် ရှိသွားပါပြီ။ ရန်သူက အသေအပျောက်များပေမဲ့ တပ်အချိန်းအပြောင်းရှိတဲ့အတွက် ခံသာပေမဲ့.. ကျနော်တို့တွေမှာတော့ ၁၀ ရက်လုံးလုံး အပြောင်းအလဲမရှိ ၊ ဒီလူကြီးပဲဆိုတော့ ပင်ပမ်းလှပါပြီ။ ဒါကြောင့်ထင်ရဲ့ ..ဒီနေ့ညနေတိုက်ပွဲ ပြီးချိန်မှာ ဆုတ်မိန့်ရပါပြီ။
ဆုတ်မိန့်ရလို့ လူစစ်တော့ ကျနော်တို့ကျောင်းသားထဲက ဆန်းလွင် ဒဏ်ရာရပြီး ဦးစောနဲ့ ဖားပု ဆိုတဲ့ ရဲဘော်နှစ်ဦးကျဆုံးသွားကြောင်း သိရတော့တယ်။
(ဦးစောက ကံဆိုးတယ်ပြောရမလား မသိဘူး၊ နှစ်ခါထိတာ။ ဖြစ်ပုံက ဒီလို...

ဦးစောက ရန်သူ့ဆီက ရတဲ့ ခွင်းဗုံးတွေနဲ့ ရန်သူကိုပြန်ပစ်နေတုန်း..ရန်သူကရိပ်မိပြီး သူပစ်တဲ့နေရာကို စုပြုံပစ်တဲ့အတွက် လက်ကိုထိပြီး လက်ကျိုးသွားတယ်..။
ဒါနဲ့ လက်ကိုဆေးထည့် ပတ်တီးစည်းနေတုန်း လက်နက်ကြီးကျည်က သူတို့အုပ်စုနားကိုကျပြီး သူရင်ဘတ်ထဲကို ကျည်စ၀င် ကျဆုံးသွားတာပဲ)
(ကျနော့်တာဝန်တော့ ကျေပြီဆိုပြီး..မသေခင် ကိုစောထူးကို ပြောသွားသေးတယ်တဲ့) ကျနော်တို့လည်း သူတို့နှစ်ယောက်လုံးကို ကောင်းမွန်စွာ မြုပ်နှံချင်သောလည်း ဆုတ်မိန့်ရနေပြီ ဖြစ်ခြင်း၊ အချိန်မရှိတော့ခြင်း၊ အကုန်လုံးလည်း ပင်ပမ်းနေပြီဖြစ်ခြင်းကြောင့် အလေးပြုပြီး  နှုတ်ဆက်ခြင်းပဲ ပြုနိုင်တော့တယ်..။ 

အသက်ရှင်နေတဲ့ ကိုယ်တွေတောင်မှ ရှေ့ဆက် ဘာဖြစ်မှန်မသိသေးတာ.. ကျဆုံးသွားတဲ့ရဲဘော်တွေ ကိုယ်တွေကို ခွင့်လွှတ်တန်ကောင်းရဲ့….
နှုတ်ဆက်ပါတယ် ၀မ်ခ(ဟောင်း)ရေ………


စိုးလွင်(၂၁၁)(၀မ်ခ)

(၀မ်ခဟောင်း-တိုက်ပွဲတွင်ပါဝင်ခဲ့သော…ချစ်ပို၊လှဆန်း၊ ဇော်လွင်မြင့်၊ မြင့်ဇော်၊ အေးကို၊ အောင်ကျော်၊
ဒေးဗစ်ပေါလ်၊ သန့်စင်ဦး၊ သောင်းဦး၊ အောင်ဝင်း၊ ကိုဘိန်း၊ မင်းသူရ၀င်း၊ မိုးအောင်လှိုင်၊ ဆန်းလွင်၊ ကိုသိန်းထွန်း၊ မောင်မောင်မြင့်၊ အေးဝင်း၊ မောင်မောင်သန်း၊ ဖားပု၊ ဦးစော……………………တို့အား ဂုဏ်ပြုလျက်)