Saturday, July 30, 2016

k

သစ်ခက်သံလွင် ဝတ္ထုတို၊ နရီိမင်းရဲ့ မျှော်လင့်ခြင်း သင်္ချိုင်း




မျှော်လင့်ခြင်း သင်္ချိုင်း


 နရီမင်း


ပုဆိုးကို မလျက်သား နေမင်းကြီး အရှေ့အရပ်က နေထွက်လာတယ်။ မီးထဲ တိုးဝင်မယ့် ပိုးဖလံကောင်တွေ လို နေကြာပန်းတွေ နေကို မျက်နှာမူပြီး အစွမ်းကုန်ပွင့်နေကြတယ်။ အိမ်ရှင်ကြောင်ဖားကြီးက အိမ်ဖော် မလေး အပျိုဖော်ဝင်လာချိန် စောင့်နေသလိုမျိုး ဒီနေလုံးကြီးက တညလုံး ဘယ်နေရာမှာ သွားစောင့်နေ သလဲ။ 

အရေးမကြီးတာကို အရေးကြီးတယ် ထင်ပြီး အရေးတကြီး မလုပ်မိဖို့က အရေးကြီးတယ် . . .တဲ့။

အရှေ့အရပ်က “နေ” ထွက်လာတယ်။ “ဘာမဆိုဖြစ်နိုင်တယ် ဘာမဆိုဖြစ်နိုင်တယ်” . . . တဲ့။

ကောင်မလေးရဲ့ သီချင်းသံက လမ်းပေါ်ကို နေရောင်နဲ့အတူ ဝေ့၀ိုက်ကျလာတယ်။ ဒေးဗစ်ဘက်ခမ်းရဲ့ ကန်ချက်တွေလိုပဲ သိပ်လှတယ်။ ကဲ၊ တခုခုဖြစ်လိုက်ကြပါစို့။

လူနုံလူအတွေက အလုပ်တွေပဲ သဲကြီးမဲကြီး လုပ်နေကြပြီး ကိုယ့်ကိုယ်ကိုယ် ရှာဖွေရကောင်းမှန်း မသိကြဘူး။ စိတ်ရောဂါဖြစ်နှုန်းတွေ များလာတယ်။ ကိုယ့် ကိုယ်ကိုယ် သတ်သေမှုတွေ များလာတယ်။ အရက်သမားတွေ များလာတယ်။ မြန်မာနိုင်ငံမှာတော့ ဘောလုံးပွဲထဲသွားပြီး အော်ဆဲတဲ့လူတွေ များလာတယ်။
တရုတ်နိုင်ငံမှာတော့ ရှော့ပင်းမောထဲသွားပြီး အာလူးကြော်တို့ ခေါက်ဆွဲခြောက်တို့လို အထုပ်တွေကို စိတ်ရှိလက်ရှိ ခြေမွထားပစ်ခဲ့သူတွေ များလာတယ်။

“မင်း ဘာတွေ လျှောက်လုပ်နေတာလဲ” တဲ့။
ခန္ဓာကိုယ်ထဲက အသံတသံ ထွက်လာတယ်။

 “ကျွန်တော် ဘာတွေများလုပ်မိလို့လဲ” ပျော်စရာ နေ့ရက်တွေ ဆုံးခန်းတိုင်ခဲ့ပြီလား။ ဒါမှမဟုတ် ဘယ်တုန်းကမှ မရှိခဲ့ဖူးတာလား။ မျှော်လင့်ခြင်းဆိုတာ မမွေးဖွားခင်ကတည်းကိုက သေဆုံးနှင့် ပြီးသားလား။ ဘ၀ဆိုတာ မျှော်လင့်ချက် အပုပ်အသိုးတွေကို ဖင်ခုထိုင်ရင်း လတ်လတ်ဆတ်ဆတ် မျှော်လင့်ချက်တွေဆီ ငေးမော သွားရည်ယိုရုံပဲလား။

မိန်းမ အစားအစာ စည်ဘီယာ သမိုင်း လူ့အခွင့်အရေး သတင်းစာ ရုပ်ရှင် မော်တော်ကားနေရာ အပြာစာအုပ် ရုပ်မြင်သံကြား အိုင်ဖုန်း ကွန်ပျူတာ အင်တာနက်သတင်း အချက်အလက်........

နောက်ဆုံးနှစ်စာမေးပွဲပြီးသွားသလိုမျိုး မိန်းမတယောက်ကို ချစ်ခဲ့ပြီးပြီ။ မိုးချုပ်တိုင်း ပြန်ပြန်နေတဲ့ အိမ်နဲ့ မိုးလင်းတိုင်း သွားသွားနေရတဲ့အလုပ်။ ခေါက်ရိုးကျိုး နေ့ရက်တွေထဲမှာ ကိုယ် ကိုယ်တိုင်ဟာ ကောက်ရိုးပုံထဲက အပ်တချောင်းလို ပျောက်ဆုံးသွားခဲ့တာပဲလား။
အရှေ့အရပ်က “နေ” ထွက်လာတယ်။

တံခါးကိုဖွင့်လိုက်ရင် နေ့အသစ် စက်စက်တခုကို ရနိုင်တယ်။ အဲ့ဒီနေ့ အသစ်စက်စက်ထဲမှာ ပါကင် မဖောက်ရသေးတဲ့ မျှော်လင့်ချက်အသစ်စက်စက်တွေ ပါလာနိုင်တယ်။ Life is nothing without expectation တဲ့။ မျှော်လင့်ချက်မရှိလို့ကတော့ ဘ၀ဆိုတာ ဘာမှအဓိပ္ပာယ် မရှိနိုင်ဘူး။

“မျှော်လင့်ခြင်းဆိုတာ နံနက်စာကောင်းဖြစ်ပေမယ့် ညစာညံ့ညံ့လည်း ဖြစ်သွားတတ်တယ်” လို့ ဖရန်စစ်ဘေကွန်က ပြောတယ်။ ဘာပဲဖြစ်ဖြစ် တံခါးကိုပိတ်၊ အိပ်ရာထဲ တိတ်တိတ်အိပ်နေလျက်ကပဲ လူတွေဟာ မျှော်လင့်ခြင်းကို စောင့်စားတတ်မြဲပါ။

 “ဘာကိုမျှော်လင့်ရမှာလဲ”

ကြေးစားမိန်းမတယောက်ဆီကနေ ချစ်ခြင်းမေတ္တာကို မျှော်လင့်လို့ မရနိုင်ဘူး။ သူခိုးဓားပြတွေအကြား တရားမျှတမှုကို မျှော်လင့်လို့မရနိုင်ဘူး။ မျှော်လင့်ခြင်းမရှိတဲ့ အရပ်မှာ မျှော်လင့်ခြင်းကို မျှော်လင့်လို့ မရနိုင်ဘူး။ “ မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေတာ” တဲ့။ အင်းလေ၊ အိပ်ရာက ထလာရင် အရင်ဆုံး မျှော်လင့် ဖို့က သစ်စရာမျက်နှာ ရှိဖို့ပဲ။ လောကကြီးက ဆင်းရဲနုံချာတဲ့ မိဘနဲ့တူပြီး လူတွေက ကလေးဆိုးကြီးတွေနဲ့ တူတယ်။ “မြက်စားရကောင်းလား” လို့ နွားကို ၀ိုင်းပြီး အပြစ်တင်ကြတယ်။ နွားကို ဘာစားဖို့ မျှော်လင့်နေပါ သလဲ။ သံပရာသီးတလုံးကို ကိုက်ဝါးပြီး “ချဉ်လိုက်တာ” တဲ့။ သံပရာသီးကို ချိုမယ်လို့များ မျှော်လင့်ထားပါ သလား။ နွားတွေက မြက်စားပြီး သံပရာသီးတွေက ချဉ်တယ်။

“ကဲ ဘာကိုမျှော်လင့်ပါသလဲ” ကဲကွာ၊ မျှော်လင့်ကြည့်စမ်း၊ မျှော်လင့်ကြည့်လိုက်စမ်း။ မျက်မမြင် မိဘနှစ်ပါး က သုဝဏ္ဏသာမ ရွှေအိုးထမ်းလာတာ မြင်ချင်သလိုမျိုး မျှော်လင့်ကြည့်လိုက်စမ်း။

(ဘယ်သူကများ ဆန်ထုပ်ထမ်းပြီး အိမ်လာပို့မှာလဲ) ဘာပဲဖြစ်ဖြစ် မဟာ သမုဒ္ဒရာထဲ မဟာဇနက္က မင်းသား ယက်ကန်ယက်ကန် ဖြစ်နေချိန်မှာ မေခလာရောက်မလာဘူးလို့ မပြောနိုင်ဘူး။ (ရောက်လာမယ်လို့လည်း မပြောနိုင်ပါဘူးလေ) မျှော်လင့်ချက်ဆိုတာမျိုးက beyond analysis ပဲ။ ဘယ်လိုဖြစ်လာနိုင်ခြေရှိလဲသိဖို့နေနေသာသာ ဘာမျှော်လင့်ချက်ကို ဘယ်လိုထားကြည့်ရမလဲ ဆိုတာတောင် မသိနိုင်လောက်အောင်ပါပဲ။

လမ်းမပေါ်ထွက်သွားရင် ဘယ်လိုပုပ် အဲ့နံစော်နေတဲ့ ကံကြမ္မာအရက်သမားအိုက ငါ့ကို ၀င်တိုး ဦးမှာလဲ။ ဘယ်လိုလူလွန်မသား အနာဂတ်က ငါ့ကို ချောင်းရိုက်ဖို့ အမှောင်ရိပ်မှာ တိတ်တိတ်စောင့်နေမှာလဲ။ မျှော် လင့်ချက်တွေကလည်း ခါးလိုက်တာ။ မျှော်လင့်ချက်ချိုချို တခုလောက်တော့ အရသာ ခံကြည့်ချင်တယ်။ ငယ်ငယ်တုန်းကမှ လမ်းလျှောက်သွားရင် ခေါင်းငုံ့ထားပြီး ပိုက်ဆံတစ်ကျပ်လောက် ကောက်ရဖို့ မျှော်လင့် တတ်သေးတယ်။ အသက်ကြီးလာတာနဲ့အမျှ ကြက်ဘဲတွေ ပျံသန်းခြင်း အတတ်ကို မေ့လျော့သလိုမျိုး မျှော် လင့်ခြင်းအတတ်ကိုတောင် မေ့မေ့လျော့လျော့ ဖြစ်လာခဲ့ပြီ။

“အကန်အကျောက်ခံရလွန်းရင် ခွေးတကောင်တောင် အတောင်ပေါက်ပြီး ပျံနိုင်တယ်”. . . တဲ့။

ငါဟာ အတောင်ပံတွေနဲ့ ခွေးတကောင်လား။ အမေ့လျော့ခံ အမှိုက်ပုံတပုံလို ခွေခွေလေး အိပ်နေရာ ကနေ ဆတ်ခနဲ ကုန်းထလိုက်မိတယ်။

 “ငါလုပ်ရမှာကို လုပ်ပြီးပြီ။ ငါ့သားကို သတ်တဲ့ အာခိလိကို ဒူးထောက်တောင်းပန်ပြီး သူ့လက်ကို နမ်းလိုက်ပြီ” 
မိုက်ကယ်လောင်လေရဲ့ “အပစ်အခတ်ရပ်စဲခြင်း” ကဗျာကတော့ (ညတုန်းက ငါဘာသာပြန်ခဲ့တဲ့အတိုင်း) ဗလာစာအုပ်ထဲမှာ အိပ်ပျော်နေတုန်းပဲ။

ငါ ဗလာစာအုပ်အဖုံးကို စိုက်ကြည့်နေမိတယ်။ ဗလာစာအုပ်အဖုံးပေါ်မှာ ငှက်တကောင်က နေကြာပန်း ပွင့်တွေဆီ ပျံလာနေတယ်။ ရှေ့မှာ ငှက်ကြီးတကောင်က ကာဆီးကာဆီး လုပ်နေတယ်။
Exercise Book တဲ့။ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်ရမှာလဲ။ လက်နှစ်ဖက် ဘေးကိုဆန့်တန်းပြီး အတောင်ပံလို ခတ်ခတ်ခတ်ခတ် လုပ်ရမှာလား။ နောက်က ငှက်ရဲ့အနားမှာ ပြောစကားအဖြစ်နဲ့ စာတန်းတခု ထိုးပေးလိုက်တယ်။

 “ငါ့ဘာသာ ဘယ်သွားသွား ငါသွားမယ့် လမ်းမှာ ကာဆီးကာဆီးလာမလုပ်နဲ့”

ရှေ့က ငှက်ရဲ့ အနားမှာလည်း စာတန်းတစ်ခု ထိုးပေးလိုက်တယ်။ “ရွေးချယ်ခွင့်ဆိုတာ နေရာတိုင်းမှာ မရှိနိုင်ဘူးလေ”လို့။

ပုဆိုးကို မလျက်သား နေမင်းကြီး အရှေ့အရပ်က နေထွက်လာတယ်။ မီးထဲ တိုးဝင်မယ့် ပိုးဖလံကောင်တွေ လို နေကြာပန်းတွေ နေကို မျက်နှာမူပြီး အစွမ်းကုန်ပွင့်နေကြတယ်။ အိမ်ရှင်ကြောင်ဖားကြီးက အိမ်ဖော် မလေး အပျိုဖော်ဝင်လာချိန် စောင့်နေသလိုမျိုး ဒီနေလုံးကြီးက တညလုံး ဘယ်နေရာမှာ သွားစောင့်နေ သလဲ။ ပွင့်အာလုလု မျှော်လင့်ချက်ပန်းကလေးတွေ ကြောက်လန့်တကြား ပြန်ငုံသွားကြတယ်။ နှင်းစက်တွေကတော့ဖြင့် နေထွက်မလာခင်မှာဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးနှင့်ကြပြီ။ စပြီး ရေချလိုက်တဲ့ တိုက်တန်းနစ် သင်္ဘောကြီး ကမ်းကခွာသလို တံခါးဝကနေ ငါ လျှောကျလာခဲ့တယ်။ ပြီးတော့ သားသတ်ရုံဆီ သွားနေတဲ့ နွားတကောင်ရဲ့သိမှုမျိုးနဲ့ လမ်းမပေါ် တုံ့ခနဲ ရပ်လိုက်မိတယ်။

(ဒဂုန်တာရာ ပြောဖူးတဲ့) ၀တ်လစ် စားလစ် လမ်းမကြီးပေါ် ငါ့ခန္ဓာကိုယ်ကြီး ဗလာကျင်းနေလိုက်ပုံက အမေမွေးတုန်းကအတိုင်း။
တိုက်တိုက်ဆိုင်ဆိုင် ကောင်းကင်ကြီးကလည်း တိုးလျှိုပေါက်ကြီးလို ဗလာကျင်းလို့။

ဗလာကောင်းကင်အောက် ဗလာလမ်းမပေါ် ဗလာလူတယောက်။ မြေပုံပေါ်က မြို့ကြီးတမြို့လို မျဉ်းတကြောင်းပေါ်က အမှတ်တစ်မှတ်အဖြစ် လမ်းမပေါ် ငါ ရပ်နေမိခဲ့တယ်။

 နရီမင်း
 ၂၀၀၀ ပြည့်နှစ်