...အဲဒါ ရွက်ကျရာ အပင်ပေါက်တဲ့ အပင်ပေါ့ ကိုကို " ဟု ဆူးက ပြောသေးသည်။ အဲသည်တုန်းက ဒါဟာ ရှေ့ပြေးနိမိတ်လို့ သူဘာဖြစ်လို့ အတိတ်မကောက်ခဲ့မိပါလိမ့်။ သူ ဆူးကို ယုံလွန်းအားကြီးနေ တာကြောင့် ဖြစ်မှာပါပဲ။ အခုထိ ဆူးကို ရွက်ကျရာ အပင်ပေါက်တဲ့သူလို့ မြင်လို့မရနိုင် ဖြစ်နေသေးသည်။ ...
(၁)
"ပြောစရာ စကားကုန်ပြီလား၊
အရာအားလုံးက ဖုန်းထဲကနေ ပြောခဲ့တဲ့အတိုင်းပဲ။ ပြောစရာ မရှိတော့ရင် သွားတော့မယ်"
ဟုပြောကာ ဆူးသည် ရုတ်တရက်ထကာ ထွက်သွားလေသည်။ ခပ်လှမ်း လှမ်းအကွေ့သို့ရောက်သွားသော ဆူး၏မျက်နှာကိုလှမ်းကြည့်လိုက်မိသေးသည်။
ဆူးကို ငိုသွားသည်ဟု ထင်ချင်ပေမဲ့ ဆူးသည် အေးအေးဆေးဆေးသာပင်။ ရုတ်တရက် ကိုယ့်အဖြစ်ကို
သတိရလိုက်ရမိသော အခါ နှလုံးသားတို့သည် အစိတ်စိတ်အမြွမြွှာကွဲကြေကုန်သည်ဟုထင်သည်။
ကမ္ဘာမြေကြီးသည်
ဇောက်ထိုးမိုးမျှော် လည်ပတ်သွားသည်။ မျက်လုံးတို့သည် ပြာဝေကာ ချာချာ လည်လာသည်။ မျက်စိကို
မှိတ်လိုက်ရသည်။ ခေါင်းက ငိုက်စိုက်ကျသွားသည်။ အို ငါ တယောက် တည်း ကျန်ခဲ့တာပါလား။
ဘေးက လူတွေက ငါ့ကိုကြည့်နေကြမှာလား။ ခေါင်းကိုမော့ပြီး ဘေး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
လူအားလုံးက အပျော်ကိုယ်စီတွေနဲ့ သူ့ကိုသတိမထားမိကြ။ သူသည် ၀မ်းနည်းလှိုက်လှဲ ကာ ငိုမိမလို
ဖြစ်သွားသေး၏။ ဟိုတချိန် ဆူးနဲ့အတူထိုင်ခဲ့ကြတုန်းကတော့ အရာရာသည် လှပစိုမြနေခဲ့ သည်။
အခုတော့ မျက်နှာကြက်မှာ အလှဆင်ထား သောမီးဆိုင်း တို့သည် ငရဲမီးနဲ့ထိုးနေသလို ပူလောင် လွန်းလှသည်။
ဆူးရှိတုန်းကတော့ ဟိုရေညှိ တက်နေတဲ့ပုံစံ မျိုးနဲ့လုပ်ထားတဲ့ အုပ်နံရံတွေက အလှတရား တခုလို
မြင်သည်။ ထိုနံရံပေါ်မှ ရိုက်နှိပ်ထားသော လက်ဝါးရာသည် တစုံတခုသောအဓိပ္ပာယ်ရှိသည်ဟု ထင်ခဲ့သည်။
အခုတော့ ထိုနံရံသည် သင်္ချိုင်း မြေမှပြိုပျက်နေသော အုပ်ဂူနံရံတခုလိုထင်နေသည်။ လက်ဝါးရာသည်
မရဏ သေမင်း၏ရိုက်ခေါ် လိုက်သော လက်ဝါးရာဟု ထင်နေတော့သည်။
သူသည် ထိုဆိုင်တွင် ဘယ်လောက်ကြာအောင်
ဆက်ထိုင်နေမိသည်မသိ။ သွားလာနေ သောလူတို့ကိုလည်း မမြင်၊ လူတို့၏ပြောဆိုရယ်မောသံတို့ကိုလည်း
မကြားရ။ ကမ္ဘာကြီးသည် ရုတ်တရက်ရပ်နားသွားသလို တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု ထင်ပြန်သည်။
စူးစူးရှရှမပြတ် တီး လိုက်သောကားဟွန်းသံကို ကြားလိုက်ရမှ သူ့ကိုယ်သူ ပြန်မတိထားမိလိုက်သည်။
အို ငါပူလောင်လှတဲ့ ကတ္တရာလမ်းမ အလယ်ခေါင်ရောက်နေပါလား။ ထိုအခါမှ သူသည် သတိကပ်မိပြီး
လမ်းဘေးကို ကပ်လိုက် ရသည်။ သေချင်နေရင် ကိုယ့်အိမ်မှာပဲသေဟု ကားပေါ်ကအော်သွားသံကို ကြားလိုက်ရသည်။
သူဘယ်လိုလုပ်ဆိုင်ထဲက ထွက်ခဲ့တာပါလိမ့်။ ဆူး ငါ့ကို တကယ်မုန်းသွားပြီလား။ ဆူး ဘာလို့ငါ့ကို
မုန်းသွားရတာလဲ။
ထိုအကြောင်းအရာသည်သာလျှင်
အပြန်ပြန်အလှန်လှန် အထပ်ထပ်အခါခါ စဉ်းစားနေမိတော့ သည်။ ဆူး ငါ့ကို သိပ်ချစ်ခဲ့တာလို့
ဇွတ်ထင်နေမိဆဲ။ ဒါဟာ အိပ်မက် မက်နေတာဖြစ်မှာပါ။ သူ ဆူးကိုစွဲ လန်းပြီး အိပ်မက်တွေ မကြာခဏမက်နေတတ်တာပဲလေ။
အိပ်မက်သာဆိုရင်လည်း ပြန်လည်နိုးထချင်ပါပြီ ဆူးရယ်။ ကြည့်ရာမြင်ရာတို့သည် တံလျှပ်တွေ
တလူလူနဲ့ ပူလောင်နေမည် ထင်သော်လည်း သူသည် ပူလွန်းလှသည်ဟုမထင်ပြန်၊ ရင်ထဲကမီးကို မမီဘူးထင်ပါရဲ့။
သစ်ရွက်တွေ တဖွဲဖွဲကြွေတာ မြင်ရသည်။ စူးစူးဝါးဝါးအော်သော ဥသြစွဲသံကိုလည်း ကြားလိုက်ရသည်ထင် ပြန်သည်။ ခြေဦးတည့်ရာလျှောက် သွားနေမိသော သူသည် သတိဝင်ပြီး ပတ်ဝန်းကျင်ကို ကြည့်
လိုက်တော့ ဘယ်နေရာရောက်နေမှန်း မသိတော့။ အရာအားလုံးဟာ အစိမ်းသက်သက်တွေချည်းပါလား။
လောက်ကကြီးထဲကနေ သူသည် အမှုံအမွှား အဖြစ်ဖြင့် ပျောက်ကွယ်သွားချင်တော့သည်။
(၂)
အဖြစ်အပျက်တို့သည် မြန်ဆန်လွန်းလှသည်ဟု
သူက ထင်နေသေးသည်။ အရာရာသည် သူ့ထံ၌ ဆူးနှင့်လွတ်ကင်းခြင်းငှာ မစွမ်းသာသောအရာတို့ဖြင့်
ပြည့်နှက်နေခဲ့တော့သည်။ ရင်ထဲတွင် တလှိုက်လှိုက် တုန်ယင်ကာ ပူလောင်လာပြန်သည်။ အချိန်ပြည့်
လွမ်းမောတသ စွတ်ကျင်နေ ရတဲ့အဖြစ်ပါလားဆူးရယ်။ ဘယ်အရာကိုပေါ်မှ အာရုံကိုလွဲဖျောက်၍ ဆူးကို
မေ့ပစ်ခြင်းငှာ မစွမ်းသာပါလား။
ရက်စက်လွန်းလှတယ်ဆူးရယ် မြည်တမ်းမိပေမဲ့ မုန်းလို့မရဖြစ်ကာ
သူ့ကိုယ်သူ အံ့သြနေမိပြန် သည်။ ဘယ်သောအခါမှ ဆူး သူ့ကိုထားမသွားဟု ယုံနေခဲ့မိဖူးသည်။
သူ့မှာ ၀န်ခံစရာ အမှားဆိုလို့ ဆူးကို အသက်လောက်ချစ်ရတဲ့ အမှားတခုသာ ရှိပါတယ်ဆူးရယ်။
အသိစိတ်တို့သည်လည်း အရူးတယောက် ပမာ ပျောက်ကွယ်သွားချင်လှပါပြီ။ သူသည် မြင်သမျှအရာတို့သည်
မူး ယစ်ဝေသီလာသည်။ ဆူညံနေသော အသံတို့သည် လုံးထွေးကာ မသဲကွဲတော့။ ဆိုင်၏ အပြင်ဘက်
တံစက်မြိတ်မှ အလှစိုက်ထားသော ၀ါးရုံပင်တို့သည် လေတိုး၍ ၀ါးရွက်တို့သည် လှုပ်ရမ်းနေသည်
ထင်၏။ ဖန်ခွက်ထဲသို့ တရှိန်ထိုးငှဲ့ချ လိုက်သော ဘီယာသည် အမြှုပ်တွေဝေစီကာ ဖန်ခွက်နှုတ်ခမ်းပေါ်သို့
လျှံကျကုန်သည်။ ဆူးနဲ့အတူ ပထမဆုံး ရုပ်ရှင်ကြည့်အပြီးမှာ သည်ဆိုင်လေးထဲမှာပဲ ဘီယာအတူသောက်ခဲ့ကြတဲ့
အဖြစ်ကို သတိရ လာပြန်သည်။ အဲဒီတုန်းက ဆူးက ဘီယာတစ်ခွက်မှာသောက်သည်။
သူကတော့ နှစ်ခွက်လောက်
သောက်လိုက်သည် ထင်သည်။ "ဆူး အရင်က ဒီမှာ ထိုင်ဘူးလား ဟင်" တိုးလျှစွာ မေးခဲ့ဘူးသည်ပဲလေ။
ဆူးသည် အရင်က သည်ဆိုင်လေးမှာ သူငယ်ချင်းတွေနဲ့ ထိုင်ခဲ့ဖူး သည်ဟု ဆိုသည်။ ဆူးနဲ့အတူ
ဘီယာသောက်ရသော အရသာ ဘ၀တစ်သက်တာ မေ့နိုင်စရာ မရှိတော့။ ထာဝရ တသနေရတော့မည့် အဖြစ်ပင်။
ညသည် တဖြေးဖြေးနက်လာသည်။ ၉ နာရီထိုးပြီးသွားသည် ထင်သည်။ သူသည် ဆူးအိမ်အပြန် နောက်ကျမည့်
အဖြစ်ကိုပဲ စိတ်က စိုးထိတ်နေပြန်သည်။ ဆူးကို မိမိကြောင့် အပြင်မှာ ညကြီးမိုးချုပ် အိမ်ပြန်နောက်ကျမည့်
အဖြစ်ကို မလိုလားမိပြန်၊ ဆူးကို ကြည့်ရသည် ကတော့ အေးအေးဆေးဆေးပင် ဘာကိုမှ အပူအပင်မရှိသလိုပါပဲ။
သူက ဆူးကို ပြန်ဖို့ သတိပေးမိတာ ကိုတောင်မှ ဆူးက မကြိုက်ချင်။ အေးဆေးပေါ့ ကိုကိုရယ်
ဘယ်လိုဖြစ်နေတာလဲဟု ငြိုငြင်နေပြန်သေး သည်။ ဆူးသည် အရာရာကို ပေါ့ပေါ့ပါးပါး သဘောထားလွန်းသည်ဟု
သူက ထင်နေသေးသည်။ "ဆူးမှာ အမြဲတမ်း တစ်ယောက်တည်း အရမ်းအထီးကျန်ဆန်တယ် ကိုကို ၊
တစ်ခါတလေတော့ ကိုကိုနဲ့ စိတ်လွတ် ကိုယ်လွတ် ပျော်ပျော်ပါးပါး နေလိုက်ချင်တယ် ကိုကိုရယ်။
ကိုကို့ရင်ခွင်ထဲ တညလောက် အိပ်စက်ချင်သေး တယ်ကွယ်"ဟု ဆူးသည် မောလျှစွာ ပြောနေတတ်ပြန်သေးသည်။
သူသည် အရာရာကို စဉ်းစားတွေဝေ လွန်းသူတယောက်ဟု အားမလိုအားမရ ဖြစ်နေပြန်သည်။ ဆူးကို
တနေ့မှာ သူလက်ထပ်ယူမည်ဟု စိတ်ထဲ ဆုံးဖြတ်ထားပြီးသား ပေမဲ့ တစ်စုံတစ်ရာကို စိုးရွံ့နေမိသည်။
ဆူးကို မခွဲနိုင်တာ သူသာ အသိဆုံး ဖြစ် သည်။
"ကိုကို ထပ်မှာဦးလေ'' ဟု ဆူးက ပြောသည်။
"တော်ပါပြီကွယ် ကိုကိုက သောက်လေ့သောက်ထ မရှိပါဘူး၊ အခုတောင် ဆူးပါလို့ ဆူးတိုက်လို့
သောက်တာ" ဟုပြောတော့ ဆူးက "တော်ပါ မသိတာ ကျနေတာပဲ" ဟု မျက်စောင်းထိုးသည်။
ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ ဆိုင်အတွင်းမှာ လူတို့အနည်းငယ် ကျဲပါးသွားသည်ဟု
ထင်သည်။ ဘယ်နှစ်နာရီ ထိုးပြီလဲမသိ ဆိုင်ထဲကို ဝေ့ကြည့်ပြီ ဆိုင်နံရံပေါ်မှနာရီကို လှမ်းကြည့်လိုက်မိ သည်။
ဆယ်နာရီ ထိုးပြီးစ၊ "ဆယ်နာရီထိုးပြီ ဆူးရယ် ၊ ဆူးပြန်တော့နော် အရမ်းမိုးချုပ်ရင်
မကောင်းဘူး ကွယ်" ဟု ဆူးအတွက် ပူပန်နေမိဆဲ။ "ဟင့်အင်း ကိုကို ဆူး ဒီည အိမ်ကို
မပြန်တော့ဘူး။ ဒီတညတော့ ကိုကိုနဲ့ အတူတူနေမယ်၊ မေမေ့ဆီ ဖုန်းမက်ဆေ့ ပို့လိုက်ပြီ
ဒီည နောက်ကျလို့ ပြန်မလာတော့ဘူး၊ မြို့ထဲက အဒေါ်တွေအိမ်မှာပဲ အိမ်မယ်လို့ မေ့မေ့ကို
ပြောထားလိုက်ပြီ'' ဟု ဆူးက ရီဝေစွာပေါ့ပါးစွာ ပြောနေပြန် သည်။
ဆူး နောက်နေတာများလား
ဟု ထင်နေမိသေးသည်။ "ဆူး တကယ်ပြောနေတာလားဟင် " သူ့အသံသည် အနည်းငယ် တုန်ယင်သွားသည်ဟု
ထင်သည်။ "တကယ်ပေါ့ ကိုကိုရဲ့ ဘာလဲ ကိုကိုက ဆူးနဲ့ အတူမနေချင်ဘူးလား၊ ဒါဆိုလည်း
ရတယ်လေ ၊ ဆူး တညလုံး ခြေဦးတည့်ရာ လျှောက်သွားနေမှာပဲ" ဆူး၏ အသံသည် အနည်းငယ်
မာဆတ်လာသည်။ "ကိုကိုက အဲလိုသဘောမျိုးပြောတာမဟုတ်ပါဘူးကွယ် ၊ ဆူးအတွက်ကိုပဲ ပြောတာပါ၊
ဆူး အဆင်ပြေတယ်ဆို ပြီးတာပါပဲ" ဟု ဆူးကို နားလည်စွာ ကြည့် ရင်း ပြောနေမိတော့သည်။
ဆူး၏ မျက်နှာသည် တဒင်္ဂ ၀င်းပသွားသည်။ "ဒါဖြင့် ဆူး အခု ကိုကို့ခြံလေးထဲ ကို လိုက်မှာမဟုတ်လား ၊ နောက်ကျနေပြီး သွားရအောင်နော်" ဟု ပြောတော့ ဟုတ်ကဲ့ ကိုကို သွား ရအောင်ဟု ပြောကာ ဆူးက ထိုင်ရာမှ ထသည်။ သူသည် ရုတ်တရက် ထိုင်ရာမှ ထရပ်မိမလို ဖြစ် သွားသေးသည်။
အနားကိုကြည့်လိုက်တော့ ဆူးမရှိတော့ပါလား ၊ အို ငါတစ်ယောက်တည်းပါလား၊ ဆူးရေ လို့ တမိပြန်ကာ
ဘီယာခွက်ကို မော့ချလိုက်မိ ပြန်သည်။ အတွေးထဲမှာ နစ်မျှောသွားတာပါလား။ နာရီကို ကြည့်လိုက်တော့
ဆယ်နာရီထိုးပြီးပြီ သူ အိမ်ပြန်ရပေဦးတော့မည်။ အခုတော့ ဟိုတခါကလို ဆူးမပါတော့ သူတစ်ယောက်တည်း
အိမ်ကို ပြန်ရမှာကိုပင် ကြောက်ရွံ့ နေမိပြန်သည်။
အဲဒီတုန်းက ဆူးနဲ့အတူ သူ့ခြံဝင်းလေးထဲက
အိမ်လေးထဲမှာ နှစ်ယောက်အတူ တညတာ ဖြတ် သန်းခဲ့သည်ပဲ။ တညလုံးနီးပါး စကားတွေပြောကြသည်။
ဆူးသည် သူ၏ ရင်ခွင်ထဲမှာ မှီနွဲ့နေသည်။ သူ့လက်ကို မလွတ်တမ်း ဖမ်းဆုတ်ထားခဲ့သည်။ ထိုတစ်ညလုံး
ဖြူဖြူစင်စင်နဲ့ ဖြတ်သန်းခဲ့ကြတာကိုတော့ ဆူးနှင့်သူသာ အသိဆုံး ဖြစ်ပေမည်။ ဆူးကို နဖူးလေး
ပါးလေးကိုတော့ နမ်းမိခဲ့သည်ကိုတော့ သူဝန်ခံရပေ မည်။ သည့်ထက် ဘာမှ မပိုခဲ့။ ဆူးကို ချစ်လွန်း၍
ဆူးဘ၀ကို အနစ်မွန်း မခံစေချင်၊ ဘာကိုမှ အပိုင်တွက်လို့ မရတဲ့ လောကကြီးမှာ ဆူးကို ဖြူဖြူစင်စင်လေးပဲ
ချစ်နေချင်သေးတယ်။ ဆူးသည် ရီဝေစွာဖြင့် "ကိုကို ဆူး ကို ဘယ်လောက်ချစ်လဲဟင်'' ဟု
မေးနေသေးသည်။ "သိပ်ချစ်တာပေါ့ ဆူးရယ်၊ အသက်တမျှ ချစ်တာပေါ့" ဟု ဆူးကို ရင်ခွင်ထဲ တိုးဖက်ကာ ပြောခဲ့ဖသည်။
သူသည် အတွေးတို့ကိုခါထုတ်ပြီး လမ်းမပေါ် တက် လိုက်သောအခါ ခပ်လှမ်းလှမ်း အုပ်ခုံပေါ်မှလူငယ်တချို့ ဂစ်တာတီးသံကိုသဲ့သဲ့ကြားလိုက်ရသည်။ ကောင်း ကင်ကို မော့ကြည့်မိသောအခါ
ကြယ်တစ်လုံး ကြွေကျသွားတာ မြင်လိုက်ရ၏ ။ သူသည်လည်း ကြယ်ကြွေ ကို လည်၍ကောက်သော သူရူးပမာ
ဖြစ်ခဲ့ရပြီ ဆူးရေ ။။
(၃)
အခုတော့ သူ့ခြံဝင်းလေးသည်
ပျော်စရာမကောင်းတော့၊ တိတ်ဆိတ်ငြိမ်သက်တစပြင် သဖွယ် ဖြစ်နေတော့သည်။ ဆူးကို အောက်မေ့တသ
ကျွမ်းလောင်ရသော ရင်ထဲက အပူတို့သည် ဆာလောင်ခြင်းကို ငြှိမ်းသတ်လိုက်ကြသည်။ တနေကုန်
ဘာမှမစားရပါလျှက် ဗိုက်လည်း မဆာ၊ စားချင်စိတ်လည်း မရှိ။ အချိန်ပြည့် ဆူးသာလျှင် စိုးမိုးနေတော့သည်။
သည်ခြံဝင်းလေးထဲကို ဆူးသည် အခေါက်အခါခါ လာခဲ့ဖူးသည်ပဲ။ ခြံဝင်းလေးထဲက သီးပင် စားပင်လေးတွေကို
ဆူးက စိတ်ဝင်တစား လိုက်ကြည့်တတ်ပြန်သည်။ ခြံဝင်းလေးထဲမှာက သူ တပိုင်တနိုင်စိုက်ပျိုးထားတဲ့
အပင်လေးတွေ ရှိသည်။ မုံ့ညှင်းပင် ၊ ကိုက်လန်ပင်၊ ချဉ်ပေါင်ပင်၊ ဗူးပင်၊ ကြက်ဟင်းခါး
ခရမ်းချဉ်၊ ငရုပ်ပင်တို့ရှိသည်။ အပင်ကြီးတွေက ပိန္နဲပင်ရှိသည်။ ဆူးတခါလာတုန်းက ပိန္နဲပင်က
ပိန္နဲသီးတွေကို ဖုန်းလေးနဲ့ ဓါတ်ပုံပင် ရိုက်ယူသွားသေးသည်ပဲ။ ပိတောက်ပင်၊ ကုက္ကိုပင်၊
ဗာဒံပင်တွေနဲ့ စိန်ပန်းပင်တွေကိုတော့ ဆူးက သဘောကျကာ မော့ကြည့်နေတတ်သေးသည်။ ဆူးသည် အပင်တွေကို
စိတ်ဝင်စားသည် ထင်သည်။ အခင်းလေးထဲမှာ ထိုင်ပြီး အရွက်အခက်လေးတွေကို အနီးကပ်ကြည့်တတ်ပြန်သည်။
ရေချိုးကန်ဘေးက ဇလပ်ပင်က အပွင့်ကိုပင်ခူးကာ နမ်းရှုံ့နေသေး သည်။ မွှေးလားဟင်လို့ သူကမေးတော့
မွှေးတယ်လေ ကိုကိုရဲ့ ရော့ နမ်းကြည့်ပါလားဟု ပြောမှ နမ်း ကြည့်တော့ မွှေးနေသည်ပဲ။ သည်ပန်းကို
အရင်က အနံ့မရှိဟု သူက ထင်နေခဲ့သည်ပဲ။ ''ကိုကိုကလည်း အပင်တွေကို သေချာလည်း မစိုက်ဘူး၊
ဘယ်ဖြစ်မှာလည်း ဒီမှာကြည့်ပါလား အရမ်းပြွတ်သတ်နေတော့ ကျပ်ပြီး အပင်က ဘယ်လိုလုပ် ဖြစ်မှာလဲ"ဟု
ပြောကာ ဆူး သည် ဆရာမကြီးပုံစံ လုပ်နေပြန်သေးသည်။
အမှန်တော့ ဆူးပြောသလို ဟုတ်တော့လည်း
ဟုတ်ပါ သည်။ မြေကွက်လပ်ရှိ၍သာ သည်အတိုင်း ပစ်ကြဲ၍ စိုက်ထားလိုက်ခြင်းသာ ဖြစ်သည်။ သေသေချာ ချာ
စနစ်တကျ စိုက်ထားသည်မဟုတ်၊ ဘာဆေးမှလည်း ပက်ဖြန်းသည်မဟုတ်၊ ရေသာလောင်းပေးပြီး ဖြစ်ချင်လည်းဖြစ်
မဖြစ်ချင်လည်း နေပုံစံ မျိုးဖြင့် စိုက်ခဲ့သည်သာ ဖြစ်သည်။ ချဉ်ပေါင်ပင်တွေကတော့ အရမ်းဖြစ်သည်။
ဟိုမှ သည်မှ လာခူးကြတာ ကိုပင် မနိုင်သလိုတောင် ဖြစ်နေသေးသည်။ "ကိုကို သည်အပင်လေးက
ဘာအပင်လဲဟင်'' ဟု ဆူးသည် သူမသိသော အပင်ကို မြင်တိုင်း သူ့ကို မေးတတ်ပြန်သည်။ တချို့အပင်တွေက
သူလည်း သိသည် မဟုတ်၊ အပင်တွေကို ဆူးက သူ့ထက်ပင် သိနေသေးသလိုပင်။ တခါက ဆူးက ရွက်ကျပင်ပေါက်
ကိုပြောတော့ သူသည် ရုတ်တရက် မျက်စိထဲ မမြင်နိုင်ကာ ဘယ်လို အပင်မျိုးပါလိမ့်ဟု တွေးနေမိသေး သည်။
နောက်တော့ ဆူးက ရွက်ကျပင်ပေါက်ပင်ကို ဓာတ်ပုံရိုက်ပို့မှ သူသိပြီးသားအပင် ဖြစ်နေတော့သည်။
"အဲဒါ ရွက်ကျရာ အပင်ပေါက်တဲ့ အပင်ပေါ့ ကိုကို " ဟု ဆူးက ပြောသေးသည်။ အဲသည်တုန်းက
ဒါဟာ ရှေ့ပြေးနိမိတ်လို့ သူဘာဖြစ်လို့ အတိတ်မကောက်ခဲ့မိပါလိမ့်။ သူ ဆူးကို ယုံလွန်းအားကြီးနေ တာကြောင့်
ဖြစ်မှာပါပဲ။ အခုထိ ဆူးကို ရွက်ကျရာ အပင်ပေါက်တဲ့သူလို့ မြင်လို့မရနိုင် ဖြစ်နေသေးသည်။
အခုတော့ ခြံလေးထဲမှာ သူတယောက်တည်း တိတ်ဆိတ်ခြောက်သွေ့ ကြေကွဲနေတော့သည်။ သီးပင်စားပင်တို့သည်လည်း
လန်းလန်းဆန်းဆန်း မရှိတော့ သူသည် အရာအားလုံးကို ပစ်ထားလိုက် မိတော့သည်။ အိပ်ရေးတွေပျက်
အစားအသောက်တွေပျက်လာကာ လူက ချိနဲ့လာသည်ဟု ထင်သည်။
ဆူးသည်ကို မကြာခဏ လာတုန်းကတော့
"ဟယ် ကိုကို ကြည့်စမ်း ဒီတစ်ရက်နှစ်ရက်အတွင်းကို ကိုကိုဝလာလိုက်တာ" ဟုဆူးက
အံသြတကြီးပြောဖူးသေးသည်။ အခုတော့ အဲလို ဟုတ်မည်မထင်၊ ခေါင်း က မကြာခဏ မူးမူးလာ၍ သွေးပေါင်ကျသလား
မသိ၊ သွေးပေါင်လည်း မချိန်ဖြစ်တာ ကြာပြီပဲ၊ သွေးပေါင် ဆို၍ ဆူးလာတုန်းက ဆူးကို သူ သွေးပေါင်ချိန်ပေးခဲ့ဘူးတာ
အမှတ်ရလာပြန်သည်။
ဆူး နေကောင်းပါစေကွယ် ဟု ဆုတောင်းပေးလိုက်မိပြန်သည်။ သူ့မှာ အဖော်ဆို၍
ခွေးလေး ငနီနဲ့ ကြောင်မလေးတွေပဲ ရှိသည်။ သူတို့ကို မြင်တိုင်းလည်း လွမ်းရပြန်သည်။ ဆူးလာရင်
ဆူးက ကြောင် မလေးကို အစာကျွေးတတ်သည်။ "ကိုကို ငနီက ဆူးကိုတောင် သိနေပြီ သိလား မဟောင်တော့ဘူး"
ဟု ဆူးက ပြောကာ ဂုဏ်ယူနေပြန်သေးသည်။ အရာရာဟာ
လွမ်းစရာပါလား ဆူးရယ်။
(၄)
ခြံဝင်းတခုလုံးသည် ဆူး၏
ခြေရာလက်ရာတို့ဖြင့်သာ ပြည့်နက်နေလေသည်။
အခန်းလေးထဲဝင်တော့ သည်အခန်းလေးထဲ ဆူးနဲ့ ရေနွေးသောက်ရင်း
စကားပြောခဲ့တာ၊ အပြင် ဘက်က ကွက်လပ်လေးမှာ ဆူးနဲ့ အတူထိုင်ခဲ့တာ အခင်းလေးတွေကို ဆူးနဲ့
လိုက်ကြည့်ခဲ့တာ၊ စာအုပ် ပုံဘေးထိုင်တော့ စာအုပ်တွေအကြောင်း ပြောခဲ့တာ၊ နေမျိုးရဲ့
အရေးအသားတွေနဲ့ သူရဲ့ မ၀င်းမေ အပေါ်ချစ်တဲ့ အချစ်ကို အံ့သြလေးစားတာ စသည်ဖြင့် ဆူးက ပြောခဲ့ဖူးတာပဲ။
သူသည် တချိန်လုံး ခြံ ၀င်းလေးထဲတွင် အလွမ်းတို့ဖြင့် ထုံအီမွန်းနစ်နေတော့သည်။ ညနေခင်းတို့သည်
လွမ်းမောတသစရာ အကောင်းဆုံး အချိန်တွေ ဖြစ်နေပြန်သည်။ ညနေပိုင်းတွေမှာ ဆူးသည် အလုပ်ဆင်းတဲ့အခါ
မပြန် တတ်သေးပဲ သူ့ခြံဝင်းလေးထဲ ရောက်ရောက်လာတတ်သည်။ ဆူးနဲ့အတူ လမ်းသွယ်လေးထဲနေ လမ်းလျှောက်ပြီး
သစ်ပင်ရိပ်လေးတွေအောက်မှာ ဖွင့်ထားတဲ့ အသုတ်ဆိုင်လေးမှာ မကြာခဏ ထိုင်ဖူး သည်။ အသုတ်မှာတဲ့အခါတိုင်း
ကြက်သွန်ဖြူ မထည့်နဲ့ ဟု မှာတဲ့အသံကို မကြာခဏ ကြားယောင်နေမိပြန် သည်။ တခါက ဆူးသည် သူတို့လမ်းထိပ်မှာ
မြင်းခွာရွက်သုတ်စားနေတုန်း သူ့ဆီ ဖုန်းဆက်ဖူးသည်။
"ဘာမှ မဟုတ်ဘူး ကိုကို ၊ ဆူးအခု
အသုတ်စားနေတာ ၊ အဲဒါ ကိုကိုနဲ့ အတူစားဘူးတာကို သတိရလို့ ဖုန်းဆက်တာ'' ဟု ပြောသေးသည်။
ဆူးနဲ့ အတူ စွယ်တော်ပင်တန်းအောက် ဖြတ်လျှောက်ဖူး သည်။ ခရေပင်ရိပ်အောက် အတူထိုင်ဖူးသည်။
ဘုရားရင်ပြင်ပေါ် ပတ်လျှောက်ဖူးသည်။ မိုးဖွဲဖွဲထဲ ထီး တချောင်းနဲ့ နှစ်ယောက်အတူ မျှစောင်းခဲ့ဖူးသည်။
ဆူးနဲ့ လွတ်ကင်းရာအရပ်သည် ဘယ်မှာပါလဲ သွား ရာမြင်ရာ ကြားရာတို့သည် ဆူးနဲ့ တခုမဟုတ်တခု
ပတ်သက်နေခဲ့သည်ပဲလေ။
ညနေပိုင်းတွေမှာ ဘုရားဖက်ဆီ လမ်းလျှောက်ထွက်ဖို့ အတော်အားစိုက်ယူရ
ပြန်သည်။ ခြံဝင်း ထဲမှာလည်း ဆူးရဲ့ ဆူးတွေနဲ့ အပြည့်၊ လမ်းလျှောက်ထွက်ပြန်တော့လည်း ဆူးနဲ့
လျှောက်ခဲ့တဲ့ လမ်းတွေ ချည်းပါလား။ ဆူးကို သူ ပြန်လိုက်ပို့တဲ့အခါတိုင်း အမှောင်ထဲ စွယ်တော်ပင်နဲ့
ကံကော်ပင်တွေအောက် ကနေ ကားအတူ စောင့်ပေးနေတုန်း ဆူးသည် သူ့ကို ငံ့လင့်မော့ကြည့် နေတတ်ပြန်သည်။
"ကိုကိုဆီက ရေချိုးပြီးစဆို ဆပ်ပြာနံ့ မွှေးနေတာပဲ" ဟု ပြောကာ ဆူးသည် သူ့လက်မောင်းကို
နမ်းရှိုက်နေပြန်သေးသည်။ ကိုကိုလည်း ဆူးရဲ့ ခေါင်းလိမ်းဆီနံ့ကို စွဲမက်နေပါပြီး ဆူးရယ်ဟု
စိတ်ကနေ တမ်းတနေမိပြန်သည်။ ဆူးသည် သူ့ကို ဘယ်တော့မှ ပစ်ထားခဲ့မည် မဟုတ်၊ ဆူး သူ့ကို
ထာဝရချစ်နေမည် ဟု ယုံနေခဲ့သည်။ ထိုကဲ့သို့ ယုံကြည်မှုသည် သူ့ကို တစ်သက်တာ နှိပ်စက်နေတော့မည့်
ဒဏ်ရာ ဒဏ်ချက်များ ဖြစ်လာတော့သည်။
(၅)
သူသည်
ဆူးကို လူတယောက်နဲ့ အတူ ရှော့ပင်းမောတခုထဲ ပြုံးပျော် ၀င်ရောက်သွားတဲ့ ပုံကို မြင် လိုက်ရတဲ့အခါမှာတော့
သူ့အသိစိတ်သည် ပြာဝေသွားကာ ပူလောင်ကျွမ်းမြိုက်သွားတော့သည်။
ကိုကိုဟာ ချစ်လွန်းလို့
မချစ်တတ်သူ တယောက်ပါ ဆူးရယ်။ ဆူးသည် သူ့ကို သ၀န်တိုအထင်လွဲရမလား ဟုဆိုကာ စိတ်ဆိုးသည်။
သူ့ကို အထင်သေး သိက္ခာချတဲ့ လုပ်ရပ်ဟု ထင်မြင် သည်။ သူ ဆူးကို ဘယ်လောက်ချစ်တာကို ဆူးသည်
နည်းနည်းလေးမှ ထည့်မတွက်ခဲ့။ နောက်တော့ ဆူးသည် ဖုန်းထဲမှာ "ဆူး ကိုကို့ကို မချစ်တော့ဘူး၊
ဆူးကို မေ့ပစ်လိုက်ပါတော့" ဟု ပြော ကာ ဖုန်းချသွားတော့သည်။ သူသည် ဖုန်းကို အကြာကြီး
နားမှာ ဆက်ကပ်ထားနေမိသေးသည်။ အပြောကျယ်လှသော ဆာဟာရ သဲကန္တာရတခုရဲ့ အလယ်သို့ တယောက်တည်း
ရောက်သွား သလို ခံစားလိုက်ရသည်။ ရင်ထဲ၏ အတွင်း တနေရာမှ ပူလောင်လာသည်။ ၀မ်းနည်းလှိုက်လှဲမှုနဲ့အတူ မျက်ရည်က ကျလုလု ဖြစ်လာသည်။
မျက်တောင်ကို အတင်းခတ်ကာ အာရုံကို လွှဲရသည်။ ရက်စက်လိုက်တာဟု
မစွပ်စွဲရက်၊ ဆူး ငါ့ကို မချစ်ခဲ့ တာ ဖြစ်မှာပါဟု တွေးသော်လည်း မရ၊ ဆူး ပျော်ရွှင်ချမ်းမြေ့ပါစေ၊
ပျော်ရွှင်စရာအားလုံး ဆူး တယောက်အတွက်ပဲ ဖြစ်ပါစေဟု အထပ်ထပ် ဆုတောင်းနေမိသေးသည်။ ဆူး
စူးခဲ့သော ဆူးတချောင်း သည် ဘယ်အထိ စိုက်ဝင်ခဲ့သည် မသိ၊ ပြန်လည်၍ နှုတ်ဖယ်ခြင်းငှာ မစွမ်းသာ။
ထိုဆူးသည် ထာဝရ တသက်တာ တမြေ့မြေ့လှိုက်စား၍ စူးဝင်ကာ နေပေတော့မည်။
စိုးခိုင်ညိန်း
(27, 4, 2016)
Comments
Post a Comment