ခင်လွန်း-မြူခိုးဝေဝေ၊ သစ္စာသစ်တရား၊ အာဟာရမှုန့်နှင့် အာကင်ဆောရောက် မင်းထွဋ်ခေါင်သို့ လွမ်းချင်းကဗျာ(မိမိကဗျာကို ကိုယ်တိုင်ပြန်လည်ခံစားခြင်း)

 မြူခိုးဝေဝေ၊ သစ္စာသစ်တရား၊ အာဟာရမှုန့်နှင့် 
အာကင်ဆောရောက် မင်းထွဋ်ခေါင်သို့ လွမ်းချင်းကဗျာ
ခင်လွန်း


waitsfieldart.blogspot.com

“ တောင်ခိုးတဲ့ဝေဝေ၊ မြူခြေတဲ့ဆိုင်းဆိုင်း ငါ့အဖေမော်ကာကြည့်တယ် ခေါင်းပေါင်းပြုတ်ကျ ” တဲ့။

ကျနော်တို့နေတဲ့ ဒုက္ခသည်စခန်းလေးတခွင်မှာ ခုနေဆိုရင် နှင်းလားမြူလား မကွဲပြားအောင် ရှစ်ခွင် တိုင်းမှိုင်းမှိုင်းမှုန်ရီနေပါပြီ။ ဒီလိုအချိန်မျိုးမှာ ငယ်ငယ်တုန်းက ကဗျာရူးစာရူးဘဝမှာ ကာရန်အမြီးအမောက် မတည့်တဲ့ ကဗျာလေးတပုဒ်ကြားခဲ့ဖူးတာကို ပြန်သတိရလာတတ်ပြီး ကဗျာအကြောင်းလေး ပြောချင် လာမိပါတယ်။ ကဗျာဆိုတာ အလှဗေဒ ရသဂုဏ်မြောက်၊ အဖွဲ့အနွဲ့အဆင်တန်ဆာတို့နဲ့ ခံစားသီကုံးရေး စပ်ကြရတာမျိုးလို့ ခပ်ကြမ်းကြမ်းလေးဆိုလို့ရမလား ခင်ဗျာ။ ဒါဆိုရင်တော့ ကျနော်လည်း ကျနော် ကိုယ်တိုင်ရေးဖွဲ့ခဲ့ဖူးတဲ့ ကျော်စောကိတ္တိ သိပ်မရှိလှတဲ့ ကဗျာလေးတပုဒ်အကြောင်းကို ပြောပြချင်ပါတယ်။ ဒီလိုလေးစပါရစေ။

တလောလေးတင်ကသတင်းတပုဒ်မှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေဆီက အကြောင်း သဲ့သဲ့လေးကြားမိလိုက်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ကလေးမွေးဖွားနှုန်း အဆမတန်မြင့် တက်လာနေတဲ့အတွက် သက်ဆိုင်ရာတွေ ခေါင်းခဲနေကြတယ်ဆိုတဲ့ အကြောင်းပါ။ ဒါကိုကြားတော့ ပြုံးမိ ပါတယ်။ ကျနော်က အဲဒီ့ဒုက္ခသည်စခန်းတွေထဲကတခုမှာ ရောက်နေတာဆိုတော့ ပြုံးမိသွားရတာ အဓိပ္ပာယ်ရှိရှိပါနော်။

ထိုင်း - မြန်မာနယ်စပ်တလျှောက်မှာက ဒုက္ခသည်စခန်းတွေ (၉) ခုတောင်ရှိတာကလား။ ကိုယ့်နိုင်ငံမှာ ဘယ်လိုမှ ဆက်  လက်ရပ်တည်နိုင်ဖို့မဖြစ်နိုင်ကြတော့တဲ့အဆုံး ကိုယ့်ရပ်ကိုယ်ရွာ ကိုယ့်လယ် ကိုယ်မြေ ကိုယ့်ဌာနေကိုစွန့် ကိုယ့်ဆွေမျိုးသားချင်း ကိုယ့်အဝန်းကိုယ့်အဝိုင်း ကိုယ့်ဝန်းကျင်ကိုစွန့်ပြီး ကမ်းလွန် ငှက်တွေလို ရောက်လာကြရတဲ့ ကျနော်တို့ညီအကိုမောင်နှမ တိုင်းရင်းသားလူမျိုးပေါင်းစုံ တသိန်းခွဲ နှစ် သိန်းနီးပါးဟာ အဲဒီ့ဒုက္ခသည်စခန်းတွေမှာ နိုင်ငံမဲ့ဘဝနဲ့ နေနေကြရတယ်တဲ့။ အခု ဆယ်စုလောက်ရှိလာ တဲ့အခါ သူတို့တွေက ပွားစည်းဝေဆာလာ လိုက်ကြတဲ့ကလေးဦးရေဟာလဲ ငါး သောင်းလောက်တောင် ရှိတယ်တဲ့။ မနည်းမနောကြီးပါလားနော်။ အရုပ်ဆိုးအကျည်းတန်တဲ့ အနိဋ္ဌာ ရုံနောက်ခံကားချပ်တွေကို သာ မေ့ထားလိုက်ပြီး ကိုယ့်မြေကိုယ့်ရေမှာသာဆိုရင် ဘယ်လောက် များ ပျော်ဖို့နေဖို့ ကောင်းလိုက်မယ့် တိုင်းပြည် ဖြစ်မလဲပေါ့။ 

ခုတော့ ဒုက္ခသည်ဆိုတဲ့ နိုင်ငံမဲ့မိဘတွေက မွေး၊ မွေးလာတဲ့ကလေးတွေ ကိုယ်စီမှာလဲ မွေးလာကတည်းကို က ဒုက္ခသည်ဆိုတဲ့လေဘယ်လ်လေးတွေ က တွဲလျက်သားပါလာတာတွေကို တွေ့နေရတော့ ရင်မော စရာ ကောင်းလိုက်ပါဘိနဲ့။ “ မနုဿတ္တ ဘာဝေါ ဒုလ္လဘော ” မို့ လို့သာပေါ့နော်။ ဘာကြောင့်များ ဒီလောက်တောင် ရှင်မွေးလွန်း ခင်မွေးလွန်းတွေ ဖြစ်နေကြ တာပါလဲလို့တွေးတော့ လွန်ခဲ့တဲ့ဆယ်နှစ် စွန်းများဆီက ဖိလစ်ပိုင်နိုင်ငံမှာ ဒီလိုပဲကလေးဖွားနှုန်းတွေမြင့်မား လာတဲ့အတွက် သက်ဆိုင်ရာကတွေကပြောတဲ့စကားကိုလည်း သဘာဝကျလှသမို့ မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက ဖိလစ်ပိုင်မှာ ခုလောက် နိုင်ငံရေးစီးပွားရေး ပြည်တွင်း ရေးက မတည်ငြိမ်ဘူးမို့လား။ 

သူတို့ပြောတာက ညညတွေမှာ လျပ်စစ်မီးကမရှိဘူးလေတဲ့။ မိသား စုတွေဟာ စောစောကြီး မိုးချုပ်၊ စောစောကြီး အိပ်ရာ ဝင်ကြရ။ အင်း ဒီလိုနဲ့ ...။ ဒီလိုနဲ့ ဆက်သာ စဉ်းစားကြည့်ပါမိတ်ဆွေ။ လျပ်စစ်မီးမပါတဲ့ညတွေနဲ့ကျနော်တို့ဒုက္ခသည်များကရော ဖိလစ် ပင်းတွေ လိုများ ပြောစရာစကား ရှိလေမလားပေါ့။

ကျနော်ဖြင့် မြန်မာကဗျာလောကမှ လင်းလင်းတောက်တောက် ထင်ရှားလှတဲ့ ဆရာမ ကြည်အေးရဲ့ “ သစ္စာသစ် ” ဆိုတဲ့ ကဗျာလေးကိုတောင် အမှတ်ရမိသေးတာ။ လူ့ဘဝဆိုတာ ဖြစ်ရလာပြီဆိုကတည်းက ဒုက္ခတည်းဟူသော ဝဲသြဃမှာ ပျော်ရွှင်သောသော ရယ်ကြမောကြ၊ လွမ်းလွမ်း ဆွေးဆွေးငို ကြကြွေးကြ၊ ဒီလိုသာ ကျင်လည်ကြရတာမှန်ပေမယ့် ဆရာမကတော့ အဲဒီ့ ဒုက္ခ သံသရာထဲမှာပဲ ချစ် မက်ခြင်း ပွားစည်းခြင်းတွေနဲ့ ပျော်ရွှင်ဝံ့စား မက်မောခြင်းကြီးစွာ နေသွားချင် တယ်ဆိုပြီး ဖွဲ့ခဲ့တာပါ။ အဲဒီလို ဘဝကိုအာလျပြင်းပြ ဖက်တွယ်ပြီး ကြုံလာရမယ့် လောကဓံကိုလဲ ရဲရဲသာရင်ဆိုင်လိုတဲ့ စိတ်ကိုကပဲ လူသားရဲ့သတ္တိအဖြစ် တရားသစ်လို့ သူက မြင်ပါသတဲ့လေ။

ကဗျာထဲက ဒီအပိုဒ်လေးကို မိတ်ဆွေကိုယ်တိုင်ဖတ်ပြီး ခံစားကြည့်ပါလား။

“ ကျမချစ်မြဲ၊ သံသာဝဲမှ
ခွဲထွက်ချင်ဘူး၊ တပ်မက်ဦးမည်
စိန်ခြူးကြယ်တန်း၊ လခြမ်းလဝိုင်း
ညတိုင်းမြင်ချင်၊ ရွှေစင်နေဝန်း
ဆည်းဆာကွန်းမှ၊ ပေါ်ယွန်းစေ့စေ့
နေ့တိုင်းတွေ့ချင် ” တဲ့။

ကဗျာမှာပါတဲ့ ဒီပါဒတွေကို ဝိတ္တာရ သိပ်ပြီးချဲ့စရာမလိုဘူးထင်ပါတယ်နော်။ ဒါပေမဲ့ ကဗျာအပေါ် မိတ်ဆွေ အနေနဲ့ တိုးတိုးဝင်ဝင်လေး ဖတ်ကြည့်မယ်ဆိုရင် ဆန်းကျယ်သစ်လွင်လှတဲ့ အတွေးတမျိုးကို ကိုယ်တိုင် ရပြီး ပိုခံစားနိုင်တာပေါ့။ ပြီးတော့ ကမ္ဘာကျော် ပစ္စည်းမဲ့ရုရှားစာရေးဆရာကြီး မဂ္ဂဇင် ဂေါ်ဂီပြောဖူးတဲ့ “ဆာလောင်မွတ်သိပ်ခြင်းနဲ့ အချစ်စိတ်ဟာ လူ့ဘဝကိုဦးဆောင်တဲ့ အဓိပတိစိတ်ပဲ” ဆိုတဲ့ စကားနဲ့ လည်း နှိုင်းယှဉ်ကြည့်မြင်နိုင်ပါတယ်။
ထားပါတော့နော်။ အဲဒီ့ကဗျာကို ဆရာမနိဂုံးချုပ်သတ္တုချလိုက်ပုံအထိ သွားကြရအောင်ပါ။

“ထွေးပွေ့လင်သား၊ သမီးသားမြေး
စကားနှစ်သက်၊ မိတ်ဆွေဖက်ဟု
မက်မောဘဝ၊ တခဏလဲ
အလှရှာဖွေ၊ အဖြေတွေ့သော်
မွေ့ပျော်ငြိတွယ်၊ သေမျိုးနွယ်လဲ
ရယ်ရွှင်ဝံ့စား၊ ငါလူသားဟု
တရားထွန်းသစ်၊ သတ္တိဖြစ်၏ ” တဲ့။

မြင်နေရပါတယ်နော်။ ရခဲလှပါတယ်ဆိုတဲ့လူ့ဘဝကို ရောက်လာကြရတာကိုပဲ ကုသိုလ်ထူးကြရှာလို့ လို့ ပြောတတ်ကြသလို လူဖြစ်ရခြင်းဟာ ဒုက္ခပါပဲလားလို့ စကားတွေအတိုင် အဖောက်မညီဖြစ်တတ်ကြ တဲ့လောကကြီးမှာ ဆရာမကတော့ ဟောဒီ့ရခဲလှတဲ့ လူ့ဘဝခဏတာကို ချစ်ခြင်း၊ တွယ်ဖွဲ့ ခြင်း ကြီးစွာနဲ့ ချစ်သူခင်သူတွေ၊ သားတွေသမီးတွေ၊ မြေးတွေ တသီတသန်းကြီးနဲ့ မိတ်ဆွေပေါင်းသင်းတွေ တလှေကြီး နဲ့ သေခြင်းမတိုင်မီထိ ပျော်ရွင်ဝံ့စားနေသွား ပျော်သွားချင်တယ်တဲ့။ သံသရာဝဋ်ဆင်းရဲက လွတ်မြောက် ပါရခြင်းအကျိုးငှာဆိုတဲ့ပြီး လောကကို သံဝေဂအမြင် ဓမ္မအမြင် မြင်ကြလေ့ရှိရာကနေ ဆရာမက ဖောက် ထွက်လက်ဆန့် ဟစ်ကြွေးပြလိုက်တာလေ။

ဒီကဗျာကို ဆရာမရေးခဲ့တာ အနှစ် (၄၀) တောင်နီးနေပါပြီ။ ဆရာမကိုယ်တိုင်လဲ ငယ်လှသေးသ ပေါ့။ များသောအားဖြင့်က ဘဝဆိုတာ ရလာကတဲက ဒုက္ခပါပဲလားဆိုတဲ့ ဘာသာတရားရဲ့ အဆုံးအမအောက် မှာ နေခဲ့ကြရတာဆိုတော့ “ သစ္စာသစ် ” ကိုဖတ်ပြီး တချို့က တယ်လဲ မိုက်မဲလှပါကလား ကလေးမရယ်လို့ အဲဒီ့အခါက ဆိုကောင်းဆိုခဲ့ကြမှာပါ။

ဒါဆိုရင်တော့ နဂိုကမှဒုက္ခသည်ပါဆိုတဲ့ ကျနော်တို့ညီအကိုမောင်နှမများရဲ့သစ္စာတွေ အကြိမ်ကြိမ်သစ်ကာ ပွားစည်းစွန့် စားကြပုံများကလဲ ဒီနေ့ခေတ် လူငယ်များစကားနဲ့ဆိုရင်တော့ ခပ်မိုက်မိုက်ရယ် မှ ခပ်မိုက်မိုက်။

ဟုတ်ပါရဲ့။ ကျနော်တို့တွေ ဒုက္ခသည်စခန်းတွေမှာ နေစရာ ယာယီတဲကုပ်ကုပ်လေး တွေရပါတယ်။ စားစရာ လူတကိုယ်စာကာမိရုံ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ပဲ၊ ငပိ၊ သကြားနဲ့ များများစားမိရင် ဗိုက်ကြီးတောင့် အစာမကြေ၊ နေရထိုင်ရခက်စေတဲ့ အာဟာရလို့အမည်ပေးထား တဲ့ ဂျုံမှုန့်လို လို၊ ဆန်မှုန့်လိုလို၊ အာတာလွတ်မှုန့်လိုလို အမှုန့်တမျိုးကိုလဲ မှီဝဲကြရပါတယ်။ ဘယ်နေရာမှာမဆို ခြွင်းချက်ရှိမြဲအတိုင်း တချို့တချို့ကလွဲရင် အများစုကိုတော့ ယူအဲန်အိပ်ချ်စီအာရ်က ထောက်ပံ့တဲ့ စောစောကပြောတဲ့ရိက္ခာတွေကသာ ကိုယ်စိတ်နှစ်ပါးနဲ့ ရှင်သန်ခြင်းအဓိပ္ပာယ်ဆိုတာကို စောင့်ပါတယ်။ တချို့တချို့သောမိသားစုများဆိုရင် ထိုင်းငါးပိလို့ခေါ်တဲ့ အတုံးအတစ်ကြီးလှတဲ့ ငါးကြီးသားငါးပိကို ရေနဲ့ပြန်ဆေး၊ ဆီလေးစပ်စပ် ငရုတ်သီးတောင့်လေး ရော သမမွှေ၊ ရက်ရှည်ခံငပိကောင်ကျော်တပွဲအလယ်တည်လို့ ပဲဝါလေးဟင်းရည်ကျဲသောက်ပြီး နေ့တပြန် ညတပြန်လွေးကျ။

နောက်တနေ့ဆန်းလာပြန်တော့လဲ အဲဒီငါးပိကိုပဲ နနွင်းနှမ်းချင်းထည့်ကျို၊ ငရုတ်သီး လှော်မှုန့်ထူထူ ထည့်ပြီး ပဲဟင်းရည်ကျဲလေး ရှူးရှဲရှူးရှဲမြည်အောင်သောက်။ ဒီလိုစားကြaနကြရတာမျိုးနဲ့ တနေ့တနေ့ တတိယနိုင်ငံဆိုတာကိုမရောက်မချင်း ဇွဲခတ်ကြရတာပါ။ တချို့ နောင်ရေးကိုကြိုတွေးထားကြတဲ့မိသားစုများကတော့ တတိယနိုင်ငံတခုခုရောက်ခါမှ စိတ်တိုင်းကျ စားပစ်လိုက်မယ်ဆိုတဲ့တင်ကူးစိတ်နဲ့ဟင်းချက်နည်းတထောင်စာအုပ်ကို ခေါင်းအုံးလုပ်အိပ်ပြီး အိပ် မက်ထဲ ဘိုးရင်းလေပျံကြီးစီး ရွက်လွှင့်လို့ပေါ့ဗျာ။ ကိုယ်နဲ့ဘယ်နိုင်ငံ နဖူးစာပါမလဲဆိုတာကလဲ ရှိသေးမဟုတ်လား။

ဒီလိုပဲရှိနေရောက်နေတဲ့ဘဝကို ခင်တွယ်ကြ၊ ဖက်တွယ်ကြမျှော်လင့်ကြတာ မိုက်ပြီလားဗျာ။ ဆရာမကြီးကြည်အေးရဲ့ “သစ္စာသစ်” တွေ သစ်ပြီးရင်းသစ်လို့။ စခန်းတဝိုက်မှာတော့ တယောက်ပြီးတယောက် ပွားစည်းရင်း ပွားစည်းလို့။

တနေ့မှာတော့ ကျနော်တို့ရဲ့မိသားစုများလိုပဲ သဘောထားရတဲ့ ညီလေးငယ်တို့မိသား စုမှာလဲ လျှပ်စစ် မီးမပါတဲ့ညများစွာရဲ့ပုံပြင်လာအတိုင်း ပွားစည်းဝေဆာမယ့် နိမိတ်တွေပေါ်လာတာ ကျနော်သတိထားမိသွားပါတယ်။ ညီလေးငယ်ရဲ့အိမ်သူမလေးဟာ အရွယ်ကောင်းသူပီပီ ကိုယ် လေးလက်ဝန်ကြီး ဆောင် ထားရရှာတဲ့ သူ့ပုံဟာ (အရပ်လေးကလဲ ပုရှာတော့) နိုကိုဥ ဖွံ့ဖွံ့ဖြိုးဖြိုးကြီးတလုံးလိုလို၊ အရည်တရွှမ်းရွှမ်း ရှိလှတဲ့ ကြက်သွန်နီဥကြီးတလုံးလိုလိုနဲ့ ကြည့်ရတာ ရွှင်ပြစရာလည်းကောင်းရင်မောစရာ လည်း ကောင်းလှပါတယ်။

ရွှင်ပြစရာကောင်းတယ်ဆိုတာက အစာအာဟာရမပြည့်ဝတဲ့ဒီလိုနေရာမှာ မိခင်လောင်း တယောက်မွေးဖွားဖို့အရေးအပြင် မွေးလာမယ့်ကလေးဖွံ့ဖြိုးမှုအတွက် လုံလောက်တဲ့အခြေအနေမှ ရှိပါ့မလားဆိုတာ မပူပင်ရလောက်အောင် စိတ်ချရတဲ့ မြင်ကွင်းကြောင့်ပဲဖြစ်လို့ပါ။ ဒီ နိုကိုဥကြီးဟာ ပူပင် စရာမလိုလောက်အောင်ကို ရင်သပ် ရှုမောဖွယ်ကောင်းတဲ့ သူ့ဂုဏ်အင်လက္ခဏာကို အပြည့်အစုံ အခိုင် အမာပြသထားလို့ပါ။ (တကယ်ပဲ မွေးလာတဲ့အခါ နည်းတဲ့ကလေးကြီးလားဗျာ။ ကမ္ဘာမြေကြီးကို ၄ ကီလို တိုးပြီး ကျက်သရေဝေဖြိုး စေခဲ့တာပါ)။

အဲ ရင်မောစရာကောင်းတယ်ဆိုတာက..။
ဟုတ်ပါပီ၊ ဒီကလေးလေး မွေးလာပြီဆိုတော့ ထုံးစံအတိုင်း ကိုယ်တွေသူတွေလိုပဲ နိုင်ငံမဲ့မိဘနှစ်ပါးရဲ့သား နိုင်ငံမဲ့လူသားလေးတယောက် ဘယ်အခြေဘယ်အနေအထိ ဟောဒီ့ဒုက္ခသည်စခန်းထဲမှာ ကျောက်ချနေရအုံးမလဲပေါ့။ ကိုယ့်ယဉ်ကျေး မှုနဲ့ဝေးရာ၊ အတတ်ပညာ စာပေတို့နဲ့ ဝေးရာ၊ မျှော်လင့်ခြင်းအဓိပ္ပာယ်ဆိုတာတွေနဲ့ဝေးရာ၊ ဟောဒီ့ဒုက္ခဘုံမှာ ဘယ် လောက်ကြာကြာ နေရအုံးမလဲပေါ့။ ဒုက္ခသည်စခန်းဆိုတာ ကိုယ်ကလုပ်နိုင်အုံးတော့ အလုပ် လုပ်ခွင့်မရှိ။ ကိုယ်ကရှာနိုင်အုံးတော့ ရှာခွင့် ဖွေခွင့်မရှိ။ ဟုတ်ပီ။ သားကောင်းဖခင် ညီလေးငယ် ကရော သူ့သားလေးနောင်ရေးအတွက် ဘယ်လိုများတွေးပူနေမလဲ။ ဘယ်လိုမှနေခွင့်မသာတော့တဲ့ ကိုယ့်တိုင်းပြည်ကို ပြန်လည်လွမ်းဆွတ်၊ ငတ် မွတ်နေပြီလား။ သူ့အဖေသူ့အမေတွေ ဆီပြေးပြီး ဟောဒီမှာ အမေတို့မြေး အဖေတို့မြေးလေးဆိုပြီး ရင်ခွင်ထဲထိုးထည့် ပီတိတွေ သဲ့ ထုတ်ချင်နေလေမလား။

ဒီလိုနဲ့ တနံနက်ခင်းလင်းအားကြီးမှာတော့ သားလေးရဲ့ အောင်အောင်မြင်မြင် အော်ဟစ်ဟစ်မြည် တမ်းလိုက်တဲ့ ချိုမြမြငိုသံလေးကို ကျနော် အိပ်ရာထဲကနေ ကြားလိုက်ရပါတယ်။

မင်းထွဋ်ခေါင်တဲ့။ တပို့တွဲလပြည့်နေ့ကြီးမှာမွေးလာတော့ ပြည့်ပြည့်ဖီးဖီး ၀၀တုတ်တုတ်ကြီး၊ ဖွေးဖွေးကို လှုပ်လို့။ မိခင်နိုကိုဦးကြီးက သားငယ်နိုကိုဥလေးကို ဖီးဖီးထွားထွားကြီး ပွားစည်းလိုက်တာလေ။ သူ့သားဖီးဖီးထွားထွားကြီးကိုကြည့်ပြီး အင်ဖက်မိုးကျိုးတိုးကျဲတဲ၊ ဝါးခင်းဝါးကာတဲကုပ်လေးကနေ ဟိုး အမေရိက ဟိုး ဥရောပတွေဆီက ရဲတိုက်ကြီးတွေလိုလွင့်နေတဲ့တိုက် တာကြီးတွေမှာ တနေ့တော့ အမေတို့ သွားပြီး နေကြရမှာပါသားလေးရဲ့လို့ အတွေးသီရင်း စာသားမဲ့တေးသွားနဲ့ အို အို အေးအေးလိုက် သားချော့တေးတပိုဒ်ကိုဆိုညည်းလို့။

အော်၊ သူ့အဖေခမြာမှာလဲ ခေါင်းပေါ်ကနေ မီးခိုးတွေများ အူပြီးထွက်လာတော့မလား ထင်ရလောက်အောင် သူ့သားလေးအနာဂတ်အတွက် အတွေးစဉ် အမျှင်တန်းလို့။
ဒီမြင်ကွင်းကိုပြေးမြင်ပြီး ကျနော်လဲ ဟောဒီကဗျာလေးကို ရေးဖြစ်ပါတော့တယ်။

“ ကမ္ဘာမြေရဲ့သီချင်းမြစ်တစင်း”

(၁)
၁.၂.၂၀၀၇။
မမွေးမီကတည်းက
နှင်းခါးတွေအရိုက်ခံရတဲ့အဖြစ်နဲ့
သားလေးဟာ
ဒုက္ခသည်စာရင်းသစ်ဝင်သွားတယ်
ဒါ .. ကမ္ဘာဆန်သွားတာပေါ့ကလေးရယ်။
လေးကီလိုနီးပါး
ကျက်သရေတိုးပွားလာတဲ့
မဟာပထဝီကမ္ဘာမြေဟာ
သားလေးအတွက်
အာဟာရမှုန့်ကိုဖျော်ပြီ။

(၂)

လောကမလင်းမီ
ထစ်ချုန်းငိုကြွေးလိုက်တဲ့
မြင့်မိုရ်တောင်ကြားက
ဓားတစင်းရဲ့တေး
မင်းထွဋ်ခေါင်လေးရေ
မင်းမေမေရဲ့တေးသံမှာ
သမုဒ္ဒရာခုနှစ်စင်းအနှံ့
ပဟေဠိတွေဆန့်လို
ရွက်ဖျဉ်ဟောင်းကိုထိုးဖျက်
ရဲတိုက်ပေါ်ကိုတက်လို့
မင်းဖေဖေက
သင်္ဘောတစင်းဆိုရင်တော့
ခေါင်းတိုင်မှာ
မီးခိုးတလူလူနဲ့ပေါ့လေ။ ။

(ခင်လွန်း)
၂၈.ဇန်နဝါရီ၊ ၂၀၀၉
ည- ၉း၁၅ နာရီ

စာကြွင်း- မင်းထွဋ်ခေါင်လေးက ယခုအခါ အမေရိကန်ပြည်ထောင်စု အာကင်ဆောပြည်နယ် မှာ ရောက်နေပြီဖြစ်ပါတယ်။

(မိုးမခ မှ ပြန်လည် ကူးယူတင်ဆက်ထားပါသည်)




Comments