သစ်ခက်သံလွင်အက်ဆေး- ရာသက်ပန်(တောင်ငူဆောင်) ရဲ့ လွမ်းမောတသ ငယ်ဘဝ





 အဲဒီရှုခင်းရှုကွက်တွေနဲ့ချစ်ရတဲ့လက်ပံပင်ကြီးတွေ ကုက္ကိုပင်ကြီးတွေ ပေါက်ပင်တွေကို သတိတရ ပြန် ကြည်ချင်လို့ အိုးသည်ကုန်း အထက အာစရိယပူဇော်ပွဲကိုရောက်အောင် သွားဖြစ်ခဲ့တော့ ရွှေရင်ဆို့ရပေါ့။ ချစ်တဲ့သစ်ပင်တွေမရှိတော့တာကို အံ့သြစွာတွေ့လိုက်ရတဲ့အခိုက်မှာ လူကနုံးချည့်သွားတာတကယ်ပါလေ။

 .............................................................................................................................................
အိမ်ကသရက်ပင်တွေတော်တော်သီး၏။ အော်ဂဲနစ်သရက်သီးတွေလေ စိန်တလုံး မချစ်စု ရင်ကွဲ အမည် နာမတွေကို ပိုင်ဆိုင်ထားသော သရက်သီးများ ဖြစ်ကြသည်။ တနေ့မှာနတ်တလင်းမြို့က ကြီးတော်နှင့် ဦးလေးတို့ရောက်လာရာ ဦးပုဟုအမည်ရသော သရက်သီးများ ပါလာသည်။ သူက တော်တော်ရနံ့မွှေး၏။ ဦးပုသီး၏ရနံ့နှင့် မိုးရွာသောကြောင့် သရက်သီးတွေကြွေက နေသာ မြင်ကွင်းအပါအဝင် ငှက်တွေစား ပြီး ပြုတ်ကျနေတဲ့သရက်သီးတွေကိုမြင်သောအခါ လွမ်းမော တသရသော ငယ်ဘဝဖြစ်သည့် အတိတ်အို က အမြင်အာရုံကို လွှမ်းမိုးလာပြန်လေ၏။ စိတ်က အိုးသည်ကုန်းမှာနေခဲ့ စဉ်အခါဆီ တရွေ့ရွေ့ ခရီးနှင် သွားတော့သည်။


ခုလိုမိုးတွေညို့လာရင်လေ ညီအစ်မနှစ်ယောက်သား တယောက်ကိုတယောက် မျက်စပစ်ပြီး အချက်ပေးကြ သည်။ လေအဝှေ့မှာ မိုးစက်တို့မပါသေးခင် နှစ်ယောက်သား ဓမ္မရုံဘုန်းကြီး ကျောင်းဝန်းထဲဆီ သုတ်ခြေတင်ပြေးလေပြီ။


ဘယ်သူတားတားမရတော့ အမေ အဘွား တယောက်ယောက်က "ဟဲ့ ဒီကလေးတွေဟာ စားရလေ ငတ်လေ" လို့ပြောပြီးကျန်ရစ်ခဲ့။ အိမ်ရှေ့မှာလည်း လူနှစ်ယောက်ဖက်စာမကကြီးတဲ့ ပင်စည်လုံးနဲ့ ကုက္ကိုပင်ကြီးတွေရှိရဲ့။ အဲဒီအပင်ပေါ်မှာ ကြက်တူရွေးပန်းလို့ခေါ်တဲ့ ဗေဒါရောင်ဆန်ဆန် ပန်းတွေလည်း ပွင့်တတ်ရဲ့။  မြွေစိမ်းတွေကလည်း လေပြင်းတိုက်ရင် ပြုတ်ကျတတ်ရဲ့။ ဧရာမကုက္ကိုပင်ကြီး ၃ ပင်ကို သက်စွန့်ဆံဖျား ဖြတ်သန်းပြီးသကာလ ထပ်မံရင်ဆိုင်ရတာက ဘုန်ကြီးကျောင်းမှာ ခိုကပ်နေသော အစွယ်တဖွေးဖွေးနဲ့ ခွေးတွေပါ။ လေတိုက်ရင်ကြွေကျတဲ့သရက်သီးတွေကိုကောက်ဖို့သွားတာလေ၊ ဟိုရောက်တော့ ဘုန်းကြီးကျောင်း နဲ့အနီးဆုံးအိမ်တွေက မလှဌေး၊ မအီကြား၊ နန်းဦး၊ ညွန့်ဝေ၊ ဘူတာရုံ ရုံပိုင်ကြီးရဲ့သားတွေလို့ ထင်ရတဲ့ သရက်သီးကောက်ဖော်ကောက်ဖက်တွေ ဦးသွားလို့ တလုံးမှ မတွေ့ရတော့ပါ။ ပြုတ်ကျပြီးတခြမ်းသာရှိတော့တဲ့အသီးတွေကလည်း ပဉ္စလက်အတတ်နဲ့ လှည့်စား တတ်ပါပေ့။ အလုံးထင်ပြီး အပြေးအလွှားသွားကောက်တဲ့အခါ တခြမ်းလုံးမရှိတော့ တာ တွေ့ရသည်။
 ဒီတော့ အားလျှော့သွားလိမ့်မယ်ထင်ပါသလား။


ဘုန်းကြီးကျောင်း သိမ်ပတ်ဝန်းကျင်က အုတ်တိုင်ပုပုလေးတွေကိုမှီပြီး နောက်တကြိမ် လေအဝှေ့ကိုစောင့် တာပေါ့။ ဘုန်းကြီးကျောင်းခြံဝန်းရဲ့ တဖက်မှာ အစိုးရစပါးတွေသိုလှောင်ရာဂိုထောင်ကြီတွေရှိတာမို့ ညီအစ်မနှစ်ယောက်ကို ကာထားသလိုဖြစ်နေရဲ့။ လေပြင်းတချက်တိုက်ခတ်လိုက်တဲ့အခါ အမှည့်တဝင်းဝင်းသရက်သီးကြီးတလုံးအပ်ါကို မြောက်တက်သွားတာမြင်လိုက်ရ၊ တကယ်ကြွေပြီထင်နဲ့ကောက်ဖို့အသင့်ပြင်။ သို့သော် သရက်သီးကြီးက အညှာခိုင်လှပါပေ့။ မူလနေရာမှာ ဣနြေ္ဒအပြည့်နဲ့ တည်ငြိမ်သွားပြန်တော့ မျှော်လင့်ချက်မဲ့ရပြန်ပါပေါ့။


မှတ်မိသေးတယ်။ အဲဒီသရက်သီးက ကြီးကြီးယူလာတဲ့ ဦးပုသီးလိုပဲ သိပ်မွှေးလွန်းရဲ့လေ။ ရေနံသီးလို့ ခေါ်ခဲ့ကြတာ။ ဘုန်ကြီးကျောင်းသံဆူးကြိုးကို တယောက်ထွက်သာအောင် ဖြဲထွက်ပြီး ဂိုထောင်ကြား ကနေ မော့ကြည့်တဲ့အခါ မြင်ရတဲ့သရက်သီးကြီးတွေကလည်း အဲဒီအချိန်က ညီအစ်မနှစ်ယောက်အ တွက် မျှော်လင့်ချက်ပေါ့ ။ 


ခုလိုအချိန် သရက်သီးမှည့်တွေတဝင်းဝင်းနဲ့ သရက်ပင်တွေမြင်တိုင်း လေပြင်းတိုက်လို့ မြောက် တက်သွားပြီး မကြွေတဲ့သရက်သီးကြီးကိုမြင်ယောင်မိပါ့။

မိုးရောလေပါ သည်းထားလို့ လူရိပ်လူယောင်တောင်မတွေ့ရတဲ့ ဘုန်းကြီးကျောင်းဝန်းထဲမှာ ၁၀- နှစ်နဲ့ ၇- နှစ်သမီးသာသာလောက်ရှိတဲ့ ညီအစ်မနှစ်ယောက်ဟာ ဒီနေ့ခေတ်မှာဆို လူကုန်ကူးခံရမလား မသိ။ ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်ပ။ 


ဗိုလ်တန်းက မသိန်းညွန့်ကျူရှင်သွားတဲ့လမ်းက ဧရာမ လက်ပံပင်ကြီးကိုလည်း လွမ်းလှရဲ့။ လက်ပံပွင့်တွေ လေအတိုက်ကြွေလိုက်တဲ့အခါ မြေပေါ် မရောက်ခင်မိအောင် လိုက်ဖမ်းရတာအမော။ လက်ပံသီတွေကဂျင်လုပ်ပြီးလှည့်လို့ရတာကိုး လက်ပံပင်တွေပေါ်မှာ ဆက်ရက်တွေကလည်း ဆူညံလို့။ သူတို့အချင်းချင်းရန်ဖြစ်ပြီးနှုတ်သီးနဲ့ထိုးချလို့ လက်ပံပွင့်ရဲရဲလေးတွေ အချိန်မတန်သေးဘဲကြွေကျ တာလားလို့လဲ တွေးမိပါရဲ့လေ။ 


လွတ်လပ်ရေးကျောက်တိုင်နားမှာလည်း လူသုံးလေးယောက်ဖက်စာလောက်ရှိတဲ့ လက်ပံပင်ကြီး နောက် တပင်ရှိသေးတာကို မှတ်မိနေရဲ့ ရထားလမ်းဘက်အခြမ်းမှာတော့ ကိုင်းနေတဲ့ပေါက်ပင်ကြီးတပင် ရှိသေးရဲ့။ မြေစိုက်ဆောက်ဖြစ်တဲ့ ၇ တန်းဆောင်နောက်ဖက်ကျောင်း အိမ်သာနောက်ဖက် ခြံစည်းရိုး နားမှာလည်း ပေါက်ပင်တပင်ရှိသေးတာလည်း မှတ်မိနေပါသေး။ 

စံကျောင်းကန်ထဲကြာပန်းတွေကိုလည်း မမေ့နိုင်သေးပါလေ။ ညောင်ဝင်းနဲ့မြောက်လွတ်ကုန်းရွာ ဘက်သွားတဲ့အခါ မီးရထားသံလမ်းဘေးကဖြတ်သွားရတာပါ။ မြို့အစွန်ရဲစခန်းကျော်ကျော်လောက်မှာ သံလမ်းဖြတ်ကူးတဲ့ ရေအိုင်လေးရှိပြီး မိုးတွင်းအခါမှာ ရေပြင်က အတော်ကျယ်လှပါတယ်လေ။ အဲဒီရေပြင်ပေါ် ရှပ်ပြေးတဲ့ရေမြွေလေးတွေကိုလည်း မြင်ဖူးပါ့ရဲ့။ 


ကြည်နူးစရာမြင်ကွင်းလေးပါ။ သံလမ်းရဲ့ဘေးတဖက်တချက်မှာတော့ ရှုမဆုံးနိုင်သော လယ်တောတွေ ကိုမြင်နိုင်ပ။


အဲဒီရှုခင်းရှုကွက်တွေနဲ့ချစ်ရတဲ့လက်ပံပင်ကြီးတွေ ကုက္ကိုပင်ကြီးတွေ ပေါက်ပင်တွေကို သတိတရ ပြန် ကြည့်ချင်လို့ အိုးသည်ကုန်း အထက အာစရိယပူဇော်ပွဲကိုရောက်အောင် သွားဖြစ်ခဲ့တော့ ရွှေရင်ဆို့ရပေါ့။ ချစ်တဲ့သစ်ပင်တွေမရှိတော့တာကို အံ့သြစွာတွေ့လိုက်ရတဲ့အခိုက်မှာ လူကနုံးချည့်သွားတာတကယ်ပါလေ။ 


ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ကိုမင်းကိုနိုင်တို့နဲ့အတူ ဟောဟြောပွဲသွားခဲ့တဲ့ ဖျာပုံမြိုနယ်ထဲက ရွာကြီးတရွာမှာလည်း သစ်ပင်ကြီးးတွေမရှိတော့ာတာ သတိပြုမိတာကြောင့် မေးကြည့်မိရာ လူကြီးတွေလာရင် ကျွေးစရာမရှိတာမို့ သစ်ပင်တွေရောင်းချ ပြီးပြုစုရကြောင်း ကြားသိခဲ့ရပါ သည်လေ။ သြော် .. ဖြစ်မှဖြစ်ရလေ ချစ်တဲ့သစ်ပင်တို့ရေ .. မင်းတို့က လူတွေကို အကျိုးပြုနေတဲ့ အသက်သခင် ကျေးဇူးရင်မှန်းမသိသူတွေရဲ့လက်ထဲမှာမှ သစ်ပင်ဖြစ်ခဲ့ရတာ ကံဆိုးပါ့ကွယ်။


ဘာပဲပြောပြော ငယ်ဘဝမှာ ချစ်ရတဲ့သစ်ပင်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့အတွက် ကျေနပ်ဂုဏ်ယူ မဆုံးတော့ပါလေ …။
ရာသက်ပန်(တောင်ငူဆောင်)


Comments