မျောက်တွေကို
သတိရကြရအောင်
သူရထိုက်
ncse.com |
မျောက်တွေဟာ ရန်သူနဲ့တွေ့တဲ့အခါ ရန်သူနဲ့ရင်ဆိုင်တဲ့အခါ တကောင်တည်း ရင်မဆိုင်ပါ ဘူး။
အားလုံးစုဝေးအော်ဟစ်ပြီး ရင်ဆိုင်တိုက်ခိုက်ကြပါတယ်။ ဒါဟာ တကယ်တော့ ကျနော်တို့ပြောဆိုနေ ကြတဲ့
(Team Sprit) ဆိုတဲ့ အသင်းအဖွဲ့စိတ်ဓာတ်ပါပဲ။ မျောက်တွေမှာ မသင်မကြားရဘဲနဲ့ အသင်း အဖွဲ့စိတ်ဓာတ်ရှိနေကြတယ်။
ကျနော်တို့အနေနဲ့ မျောက်တွေဆီက အသင်းအဖွဲ့ စိတ်ဓာတ်ကို အတုယူ သင့်တယ်ဆိုတဲ့အကြောင်း ဆရာဇောင်းထက်က ဖော်ကျူး လိုက်တာပါ။
---------------------------
တနေ့က အိမ်မှာဝယ်ထားတဲ့ စာအုပ်အဟောင်းတွေကို ဟိုလှန်ဒီလှန်ဖတ်ကြည့်ရင်း
တခါက သိပ်ကြိုက်ခဲ့တဲ့ကဗျာတပုဒ်ကို ပြန်ဖတ်မိတယ်။
အဲဒီ့ကဗျာက အောက်ပါ ကဗျာပါ။
“
ဒါဝင်၏ မျောက်ကြီးများ ”
လူဆိုတာ …
မျောက်က ဖြစ်သည်တဲ့
ဒါဝင်ရဲ့သီအိုရီအရ
မျိုးဆက်အစမှ မျောက်များ
လေးစားပါတယ်။
မျောက်ဆိုတာ…
ရာဇဝင်မှာပင်
စံတင်လောက်စွာ
လောင်းလျာမျောက်မင်း
ဖော်တသင်းတွက်
နွယ်ကြိုးယှက်သွယ်
မြစ်ဝယ်ခုန်ကူး
အသက်စွန့်ဖူးခဲ့သည်…
မျောက်ဆိုတာ …
ရန်သူလာလျှင်
အော်ကာဟစ်ကြွေး
ညာသံပေးပြီး
စုဝေးဖော်ညှိ
ရဲဘိစွမ်းစ
ကုတ်ဟခြစ်ဟ တိုက်ခိုက်ကြသည်..
မျောက်ဆိုတာ
ညအိပ်ရာဝယ်
အိပ်တန်းမှာပင်
အစဉ်အမြဲ
မအိပ်ဘဲနေ
ညဥ့်ဗွေလယ်မှာ
မြေလွှာစမ်းသပ်
မျက်ခြည်ပြတ်မခံ
ဝီရိယဆန်ကြသည်။
လူဆိုတာ …
မျောက်က ဖြစ်သည်တဲ့
ဒါဝင်ရဲ့သီအိုရီအရ
မျိုးဆက်အစမှမျောက်များ
လေးစားပါတယ်
လူဖြစ်သွားတော့ မျောက်ရှားတယ်။ ။
(ဇောင်းထက်)
ကဗျာအကြောင်းမတင်ပြခင် ကဗျာဆရာနဲ့ပတ်သက်ပြီးတော့ နည်းနည်းလောက်
ပြောခွင့် တင်ပြခွင့် ပြုပါ။ အဲဒီ့ကဗျာကိုရေးတဲ့ ဇောင်းထက်ဆိုတဲ့ ကဗျာဆရာကို ဒီနေ့
ဒီခေတ်စာဖတ်ပရိတ်သတ်တွေ သိကြလိမ့်မယ်မထင်ဘူး။ စာဖတ်တဲ့သူတွေကို မဆိုထားနဲ့၊ ကဗျာရေးနေတဲ့
လူငယ်ကဗျာဆရာ တချို့တောင် သိချင်မှသိကြမှာပါ။ ကဗျာဆရာဇောင်းထက်ကွယ်လွန်အနိစ္စရောက်ခဲ့တာ
အနှစ် နှစ်ဆယ်ကျော်ခဲ့ပါပြီ။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနက နည်းပြဆရာတဦးပါ။
သူနဲ့ရင်းနှီးကျွမ်းဝင်တဲ့စာပေမိတ်ဆွေအပေါင်းအသင်းတွေကတော့
စာပေနယ်မှာထင်ရှားတဲ့ စာရေးဆရာ နောင်ကျော်၊ ကဗျာဆရာနေစိမ့်၊ ကဗျာဆရာ ယမုံနဲ့ ယခု နယူးဇီလန်မှာရောက်နေတဲ့
ကဗျာဆရာ၊ အယ်ဒီတာ ကိုခင်လွန်းတို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ရှိသေးရဲ့၊ ဒီနေ့စာပေလောကကမှာ
ထင်ရှားကျော်ကြားနေတဲ့ ဆရာမောင်သာချိုဟာ ကဗျာဆရာ ဇောင်းထက်ရဲ့သူငယ်ချင်း အရင်းခေါက်ခေါက်ပါပဲ။
ထားပါတော့။
အထက်ပါ
ကဗျာကို စာရေးဆရာအောင်မှိုင်းရေးသားထုတ်ဝေတဲ့ ကျေးတမာလင်္ကာဝိုင်းက စီစဉ်တဲ့စာအုပ်မှာ
ပုံနှိပ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ကဗျာရဲ့အမည်က
“ဒါဝင်ရဲ့မျောက်ကြီးများ” တဲ့။
လူတွေဟာ
မျောက်က ဆင်းသက်လာတယ်လို့ သိပ္ပံပညာရှင်များရဲ့ဒါဝင်ရဲ့ဆင့်ကဲဖြစ်ပွားမှု သီအိုရီအရ လူတွေ
သိရှိခဲ့ကြတယ်။
ဆရာဇောင်းထက်က
ဒါဝင်ရဲ့သီအိုအရ မျောက်တွေကိုလေးစားတယ်ဆိုပြီး သူ့ရဲ့ကဗျာကို အစချီခဲ့ပါတယ်။ ဘာဖြစ်လို့များ
မျောက်တွေကို လေးစားရတာလဲ။ ရာဇဝင်မှာ ဘုရားလောင်း မျောက်မင်းက သူ့ရဲ့အုပ်ချုပ်ကွပ်ကဲမှုအောက်မှာရှိတဲ့
မျောက်တွေအတွက် အသက်စွန့်ပြီး ကယ်တင်ခဲ့ သတဲ့။ ဒီအကြောင်းကို ရှင်းပြခွင့်ပြုပါ။
သိတဲ့လူလည်း
အများကြီးရှိပါတယ်။ ဘုရားအလောင်းနုစဉ်ဘ၀ကဖြစ်ခဲ့တဲ့ ၅၅၀ နိပါတ်တော် မှာပါဝင်တဲ့ ဇာတ်တော်တခုပဲဖြစ်ပါတယ်။
မြတ်စွာဘုရား အလောင်းတော်နုစဉ်ဘဝက မဟာကပိဆိုတဲ့ မျောက် မင်းဖြစ်ခဲ့ပါတယ်။ ဟိမဝန္တာမှာ အပေါင်းအဖော်မျောက်တွေနဲ့ နေထိုင်ခဲ့တယ်။
သူတို့နေထိုင်ကျင်လည်ကျက်စားရာ နေရာဒေသမှာ အနံ့အရသာနဲ့ပြည့်စုံတဲံအသီးတွေသီးတဲ့ သရက်တပင်ရှိတယ်။
အဲဒီ့သရက်ပင်ရဲ့အကိုင်းတကိုင်းက ဂင်္ဂါမြစ်ပေါ်ထိုးကျနေတယ်။
တနေ့တော့
အဲဒီ့အကိုင်းမှာ သီးတဲ့သရက်သီးတလုံးကြွေကျလာပြီး မြစ်ရေနဲ့အတူ မျောပါ သွားခဲ့တယ်။ အဲဒီ့သရက်သီးကို
မုဆိုးတဦးကရသွားပြီး ရှင်ဘုရင်ကိုဆက်သတယ်။ ရှင်ဘုရင်က အနံ့အရသာနဲ့ပြည့်စုံတဲ့သရက်သီးကိုစားသုံးပြီးတဲ့အခါ
ကြိုက်နှစ်သက်လွန်းလို့ မုဆိုးကို လမ်းပြစေ ကာ မြစ်ကိုဆန်တက်ပြီး သရက်ပင်ကိုရှာဖွေခဲ့တယ်။
သရက်ပင်ကိုတွေ့တယ်။ ညဘက်ရောက်တော့ ဗုဒ္ဓမြတ်စွာဘုရားအလောင်း မဟာကပိမျောက်မင်းနဲ့ မျောက်အပေါင်းတို့
သရက်ပင်က သရက်သီးတွေ ကိုလာရောက်စားသောက်တယ်။ ရှင်ဘုရင်က သူ့ရဲ့ရဲမက်ဗိုလ်ပါတွေကို မျောက်တွေပြန်ဆင်းရင်
ဖမ်းရအောင် သရက်ပင်ရဲ့အောက်ခြေကနေ ဝိုင်းထားစေတယ်။
မျောက်တွေကလည်း
ကြောက်ရွံ့ထိတ်လန့်နေကြတယ်။ မဟာကပိမျောက်မင်းက မျောက်တွေအားလုံးလွတ်မြောက်ဖို့နည်းလမ်းရှာတယ်။
သရက်ကိုင်းတွေကတဆင့် မြစ်ရဲ့ တဖက်ကမ်းကိုကူးပြီး ကြိမ်နွယ်ကိုရှာဖွေခဲ့တယ်။ ကြိမ်နွယ်ရဲ့အစတခုကို
သရက်ပင်မှာ ချည်တယ်။ ပြီးတော့ ကျန်တဲ့အစတဖက်ကို မြစ်တဖက်ကမ်းမှာရှိတဲ့ သစ်ပင်တပင်မှာ
ချည်ဖို့လုပ်တယ်။ ဒါပေမဲ့ မမီဘူးဖြစ်နေတယ်။
အဲဒါနဲ့
မဟာကပိမျောက်မင်းဟာ ကြိမ်နွယ်ရဲ့ အစတစကိုကိုင်ပြီး မမီမကမ်းဖြစ်နေတဲ့နေရာမှာ သူ့ကိုယ်သူ
တံတားထိုးတယ်။ သူ့ရဲ့အဖော်အပေါင်းမျောက်တွေကိုသူ့ရဲ့ကိုယ်ပေါ်ကနေ ဖြတ်စေ တယ်။ မျောက်တွေလည်း
အဲဒီလိုဖြတ်ကူးပြိး သူတို့ရဲ့အသက်အန္တရာယ်ကင်းဝေးရာကို သွားကြတယ်။ အဲဒီ့မြင်ကွင်းကိုရှင်ဘုရင်နဲ့ရဲမဲဗိုလ်ပါတွေက
အံ့အားသင့်ပြီး ကြည့်ရှုနေကြတယ်။
ဒေ၀ဒတ်အလောင်းမျောက်ကတော့
ရိုးရိုးမကူးဘဲနဲ့ မဟာကပိမျောက်မင်းရဲ့ကျောပေါ် ခုန်ချတယ်။ မဟာကပိမျောက်မင်း ခါးရိုးကျိုးသွားတယ်။
ဒါပေမဲ့
အံကြိတ်ပြီးခံတယ်။ ရှင်ဘုရင်က ဒေဝဒတ်အလောင်းမျောက်မင်းကို လေးနဲ့ပစ်စေပြီး မဟာကပိမျောက်မင်းကို
ကယ်တင်ကာ ဒဏ်ရာသက်သာအောင်ပြုလုပ်ပေးတယ်။ ဒါပေမဲ့ ဒဏ်ရာက ပြင်းထန်နေပါပြီ။ မဟာကပိမျောက်မင်းဟာ
မသေဆုံးမီမှာ ရှင်ဘုရင်ကို တရားဟောသွားခဲ့ တယ်။ ခေါင်းဆောင်အကြီးအကဲဖြစ်သူအနေနဲ့ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေရဲ့ အကျိုးစီးပွား အတွက်
ပြုလုပ်ဆောင်ရွက်ရမယ့် အကြောင်းပေါ့။
ဒါဟာ ဒီနေ့ခေတ်မှာ
ခေတ်စားနေတဲ့ ခေါင်းဆောင် (Leader) ရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းလင်း လိုက်တာပါပဲ။
မျောက်မင်းမဟာကပိဆီကနေ Leader နဲ့ပတ်သက်ပြီး ကျနော်တို့သင်ခန်းစာ ရခဲ့ပါတယ်။
ပြီးတော့
မျောက်တွေဟာ ရန်သူနဲ့တွေ့တဲ့အခါ ရန်သူနဲ့ရင်ဆိုင်တဲ့အခါ တကောင်တည်း ရင်မဆိုင်ပါ ဘူး။
အားလုံးစုဝေးအော်ဟစ်ပြီး ရင်ဆိုင်တိုက်ခိုက်ကြပါတယ်။ ဒါဟာ တကယ်တော့ ကျနော်တို့ပြောဆိုနေ ကြတဲ့
(Team Sprit) ဆိုတဲ့ အသင်းအဖွဲ့စိတ်ဓာတ်ပါပဲ။ မျောက်တွေမှာ မသင်မကြားရဘဲနဲ့ အသင်း အဖွဲ့စိတ်ဓာတ်ရှိနေကြတယ်။
ကျနော်တို့အနေနဲ့ မျောက်တွေဆီက အသင်းအဖွဲ့ စိတ်ဓာတ်ကို အတုယူ သင့်တယ်ဆိုတဲ့အကြောင်း ဆရာဇောင်းထက်က ဖော်ကျူး လိုက်တာပါ။
မျောက်တွေမှာ
အကျင့်တခုရှိပါတယ်။ ညဘက်အိပ်တဲ့အခါမှာတောင် ကျနော်တို့တတွေ အရပ်ထဲမှာ ပြောနေကြတဲ့ ကုလားသေ
ကုလားမော အိပ်တယ်ဆိုတာလို မအိပ်ကြပါဘူး။ အိပ်ရင်းနဲ့ မြေကြီးကို ထထပြီး စမ်းသတဲ့။ အဲဒါဟာ
ဝီရိယနဲ့ပတ်သက်တဲ့ ကိစ္စရပ်တခုပါ။ မျောက်တွေ ဝီရိယ ရှိကြတယ်လို့ ကဗျာဆရာက ဖော်ကျူးတာပါ။
ကဗျာဆရာဇောင်းထက်က
ကဗျာရဲ့အောက်ဆုံးပိုဒ်မှာ အခုလိုရေးသားခဲ့တယ်။
“လူဖြစ်သွားတဲ့ မျောက်ရှားတယ်” …တဲ့ ။ ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ်သီအိုရီအရ မျောက်ကနေ
လူတွေဆင်းသက်လာတယ်လို့ဆိုတယ်။ ဒါပေမဲ့ လူအဖြစ်ကိုရောက်လာကြတဲ့အခါ မျောက်တွေရဲ့ သဘောလက္ခဏာတွေပျောက်ဆုံးသွားတယ်။
လူအတော်များများမှာ မျောက်တွေရဲ့ကောင်းမွန်တဲ့ သဘောလက္ခဏာတွေ မတွေ့ရ၊ မမြင်ရတော့ဘူးလို့ဆိုလိုတာပါ။
ဘာတွေပျောက်ဆုံးသွားတာလဲ။
(၁) ခေါင်းဆောင်မှုစိတ်ဓာတ်
(၂) အသင်းအဖွဲ့စိတ်ဓာတ်
(၃) ၀ီရိယ တွေဟာ လူတွေမှာ ရှားပါးသွားတယ်တဲ့။
စဉ်းစားကြည့်ကြရအောင်။ ကျနော်တို့တဦးချင်းအနေနဲ့ပဲဖြစ်ဖြစ်၊
ကျနော်တို့ပါဝင် ပတ်သက်နေ တဲ့ အဖွဲ့အစည်း အသင်းဌာနတွေမှာပဲဖြစ်ဖြစ်ပေါ့။ ဒီ့ပြင်အသင်းအဖွဲ့၊
လုပ်ငန်းဌာနတွေမှာ ဒီပုံအတိုင်း ထူးမခြားရှိနိုင်ပါတယ်။ ခေါင်းဆောင်မှု စိတ်ဓာတ်မရှိရင်
လုပ်ငန်းမအောင်မြင်နိုင်ပါဘူး။ အသင်းအဖွဲ့ အစည်းမတိုးတက်နိုင်ပါဘူး။ ကျနော်တို့အတွက်
ခေါင်းဆောင်မှု (Leader Ship) ကို မဟာကပိ မျောက်မင်းက သင်ကြားပြသခဲ့တယ်။ ကျနော်တို့အနေနဲ့
အဲဒီလိုခေါင်းဆောင်မျိုးဖြစ်အောင် ကြံဆောင်သင့်ပါတယ်။ ပြီးတော့ အသင်းအဖွဲ့စိတ်ဓာတ်ပါ။
အသင်းအဖွဲ့စိတ်ဓာတ်ကိုမထားနိုင်တဲ့ အသင်းအဖွဲ့တွေ၊ လုပ်ငန်းတွေအနေနဲ့ အောင်မြင်ဖို့ခဲယဉ်းပါတယ်။
မျောက်တွေရဲ့အသင်းအဖွဲ့စိတ်ဓာတ်ကို
ကျနော်တို့ အတုယူသင့်တယ်။ နမူနာယူသင့်တယ်။ နောက်တချက်က ၀ီရိယပါ။ လူတဦးတယောက်ချင်းစီအနေနဲ့
ဝီရိယရှိဖို့လိုအပ်သလို အစုအဖွဲ့အသင်း အပင်း လုပ်ငန်းဌာနတွေအနေနဲ့လည်း ၀ီရိယရှိဖို့
အရေးကြီးပါတယ်။ အဲဒါမှပဲ အောင်မြင်မှု ရရှိနိုင်ပါ တယ်။
ဟုတ်ကဲ့ …၊ ကျနော်တို့အနေနဲ့ မျောက်တွေကို သတိရဖို့ လိုအပ်နေတယ်ပါပြီ။
(ဒီဆောင်းပါးနဲ့ ကဗျာဆရာ
ဇောင်းထက်ကို ဂုဏ်ပြုလိုက်ပါတယ်)
သူရထိုက်
ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း
မေလ၊ ၂၀၁၆
Comments
Post a Comment