သစ်ထူးဆက် ● ကျေးဇူးတရားပုံပြင်

သစ်ထူးဆက် ● ကျေးဇူးတရားပုံပြင်
(မိုးမခ) မေ ၁၆၊ ၂၀၁၆
ရင်ထဲမှာဗလာနှင့် နှုတ်ဖျားကမူ ကျေးဇူးတင်ပါတယ်ဟူသောစကားကို မကြာခဏ ကျွန်တော်တို့ ပြောဖြစ်ကြသည်။ လောကဝတ်အရ ယဉ်ကျေးမှုအရ ကျေးဇူးတင်ပါတယ်ဟူသောစကားကို လွယ်လင့်တကူ ပြောထွက်ကြသည်။ နှုတ်ဖျားက ကျေးဇူးစကားအတွက် ပင်ပန်းကြီးစွာ အားစိုက်ထုတ်စရာမလိုပါ။ တကယ်တော့ ကျေးဇူးတရား၏အနက်အဓိပ္ပယ်က ကျွန်တော်တို့ ထင်ထားသလောက် မရိုးရှင်းပါ။ ကျေးဇူးတရားအကြောင်းကိုစဉ်းစားမိတိုင်း ဆရာသုမောင် ရေးသော ဝထ္ထုတိုလေးတပုဒ်ကို ကျွန်တော်သွားသတိရမြဲဖြစ်သည်။ ဝထ္ထုတိုလေး၏အမည်မှာ(အဖေကြီးတီးတဲ့ရွှေကြေးစည်) ဖြစ်သည်။ ပူလောင်အိုက်စပ်သော နေ့လည်ခင်းတခုတွင် ညတုန်းကပွဲကထားရသောမင်းသမီးအောင်သန်းတင်မှာ ပူလောင်လွန်း လှသောအညာနွေကြောင့် အိပ်ပျော်ဖို့ မနည်းကြိုးစားရင်းမှေးခနဲ အိပ်ပျော်သွားခိုက် သူမနားထဲတွင် အသံတခုကိုကြားရလေသည်။
(သန်းတင်ရေ သန်းတင်)
(ဘာတုန်းဇာတ်ဆရာရယ်၊ အိပ်မရလို့စိတ်ညစ်နေရတဲ့အထဲ)
(ဘာလို့အိပ်မရတာလဲသန်းတင်)
(ဇာတ်ဆရာစိတ်ထဲမှာရေခဲသေတ္တာထဲရောက်နေတယ်များမှတ်ရော့လား၊ ဒါအညာနွေရှင့်)
(ဒါပေမဲ့ ငါတို့ခေါင်းပေါ်မှာ အမိုးရယ်အကာရယ်လို့ရှိသေးတယ်မလား၊ ဒီမယ်သန်းတင် ဟိုးမှာ ကြည့်လိုက်စမ်း)
ဇာတ်ဆရာညွှန်ပြရာသို့မင်းသမီးလှမ်းကြည့်လိုက်တော့ ပူပြင်းလှသောအညာနွေအောက် တေးတကြော်ကြော်ဟစ်ဆို၍ နွားလှည်းများနှင့် ဖုန်တထောင်းထောင်းထအောင်ချီတက်လာသော လှည်းတပ်ကြီးကို တွေ့ရလေသည်။ အညာနွေကိုအန် တုကာ နေ့ခင်းကတည်းက ပွဲကြည့်ရန် လာကြသူများဟု မင်းသမီးသိလိုက်ရပါသည်။ ဇာတ်ပွဲလေးတညကြည့်ရ ဖို့ တနေ ကုန်ဒုက္ခခံ လာကြရသူများပင်။
(သန်းတင်ရေ၊ အဲဒါငါတို့ရဲ့ထမင်းရှင်၊ ကျေးဇူးရှင်တွေပဲ။ ငါတို့မေတ္တာ စေတနာ သစ္စာအပြည့် ထားရလိမ့်မယ်။ ကျေးဇူး ဆပ်ကြရလိမ့်မယ်။ ဂါရဝတရားထားကြရလိမ့်မယ်။ ကိုင်း ငါတို့ကန်တော့ကြရအောင်)
ဇာတ်ဆရာကရှေ့မှ၊ မင်းသမီးကနောက်နားဆီမှ ရိုကျိုးစွာဖြင့် ထိုလှည်းတပ်ကြီးရှိရာဆီ ဦးသုံးကြိမ်ချလိုက်ကြသည်။
စာရှုသူမိတ်ဆွေ…. ထိုဇာတ်ဆရာဘယ်သူဟုထင်ပါသလဲ။ တချိန်က အလွန်ကျော်ကြား အောင်မြင်ခဲ့သော အလင်္ကာကျော် စွာရွှေမန်းတင်မောင် ဖြစ်လေသည်။ ထိုဝထ္ထုလေးကိုဖတ်မိတော့ ရွှေမန်းတင်မောင်၏ပရိသတ်အပေါ်ကျေးဇူးသိတတ်ပုံကို ကျွန်တော် ကြက်သီးဖျန်းဖျန်းထမိသည်။ ရွှေမန်းတင်မောင်ဆိုတာ အဲဒီလိုလူကြီးပါလားဟု ကျွန်တော်လေး စားမိပါသည်။ စကြာဝဠာ ကမ္ဘာမြေတရိုး ထိုးဖောက်လို့ ကြားရပြန်ပေသည် ရွှေကြေးစည်တဲ့။ အရမ်းလှတဲ့သီချင်းစာသားကို အသံသြသြကြီးနဲ့ ခန့်ညားထည်ဝါစွာသီဆိုသွားခဲ့သူကြီးဟာ သိပ်လှတဲ့နှလုးံသားကိုလည်း ပိုင်ဆိုင်ခဲ့သူကြီးပေါ့။
**************
အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ခွေးလေးတွေသစ္စာရှိကြတဲ့အကြောင်း သခင်ကျွေးသောထမင်းတလုတ် အတွက် အသက်နဲ့လဲ၍ ကျေးဇူးဆပ်တတ်သည့်အကြောင်းများကို နားရည်ဝအောင် ကျွန်တော်တို့ကြားခဲ့ဖူးပြီးဖြစ်သည်။ ဟိုတလောကတော့ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ထူးထူးဆန်းဆန်းသတင်းလေးတပုဒ် ကျွန်တော်ဖတ်လိုက်ရသည်။ ပင်ဂွင်းငှက်လေးတကောင်သည် သူ၏အသက်ကိုကယ်ဆယ်လိုက်သည့် အဘိုးအိုရှိရာအရပ်သို့ နှစ်စဉ်ပျံသန်းလာလေ့ရှိတဲ့အကြောင်း ဖြစ်သည်။ အဘိုးအိုက ဘာရယ်မဟုတ်ပါ။ ဂရုဏာစိတ်နဲ့ပင်ဂွင်းငှက်ကလေးကို ကယ်တယ်လိုက်ခြင်းဖြစ်သည်။ ပင်ဂွင်းငှက်လေးကလည်း အဘိုးအိုဆီနှစ်စဉ်သူလာနေကျအချိန်တွင် မပျက်မကွက်ပုံမှန်ပျံသန်းလာလေ့ရှိပါသတဲ့။ ငှက်လေး တကောင် ၏အသိဉာဏ်က ကျေးဇူးတရားကိုခံစားနားလည်နေခြင်းကို ကျွန်တော်မအံ့သြဘဲ မနေနိုင်ပါ။ အဘိုးအိုဆီလာ ဖို့ ပင်ဂွင်းငှက်လေးသည် မိုင်များစွာပျံသန်းလာခဲ့ရနိုင်သည်။ လမ်းခုလတ်တွင် လေမုန်တိုင်းနှင့် တိုးနိုင်သည်။ သူဘာကြောင့် အဘိုးအိုဆီ နှစ်စဉ်ပျံသန်းလာသလဲ။ တိရစ္ဆာန်တကောင်၏ပင်ကိုအသိစိတ်သည် ဉာဏ်ရည် မြင့်လှပါပြီဟု ကိုယ့်ကိုယ်ကိုအထင်ကြီးသောကျွန်တော်တို့လူသားများထက်ပင် သာသယောင်ရှိသည်။ ပင်ဂွင်းငှက်လေးနေ ရာမှာ လှေမှောက်လာတဲ့ခရီးသည်တဦးဆိုပါစို့။ ကျွန်တော့်အသက်ကိုကယ်တဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ် အဘရယ် ဒီလောက်နှင့်ပင် ပြီးသွားမည်။ ထိုထက်ပို၍ကျေးဇူးသိတတ်သည်ဆိုပါစို့။ ငွေကြေးတစုံတရာပေးအပ်မည်။ သို့မဟုတ် တန်ဖိုးကြီးမားသောလက်ဆောင်ပစ္စည်းများနှင့် အဘိုးအိုကို ထိုင်ကန်တော့မည်။ တခေါက်ဆိုပြီးပြီ။ နောက်နှစ်ဒီလိုအချိန်မှာ အဘနေကောင်းလားဟု ပြန်လာမေးနိုင်သူပင် ရှားပါလိမ့်မည်။ ပင်ဂွင်းငှက်လေးကတော့ ကျွန်တော်တို့လူတွေလို ကျေးဇူးတင်ပါတယ်ဟု အာဝဇွန်းရွှင်ရွှင်နှင့်မပြောနိုင်ရှာ။ သြော် သနားစရာကောင်းလိုက်တဲ့ ပင်ဂွင်းလေးနှယ်၊ ကျေးဇူးတင်စကားလေးမပြောတတ်တာနဲ့ပဲ မိုင်တွေအဝေးကြီးကို နှစ်စဉ်ပျံသန်းလာရတယ်လို့ကွယ်။
************
ကျေးဇူးသိတတ်ခြင်းသည် မင်္ဂလာတပါးဖြစ်ပါသည်။ ကျေးဇူးသိတတ်သူများအကြောင်းပြောနေရုံနှင့် ပြည့်စုံမည်မထင်ပါ။ ကျေးဇူးမသိတတ်သူများအကြောင်းလည်း ပြောပြချင်ပါသေးသည်။ မြန်မာစကားတွင် အရိပ်နေနေ အခက်ချိုးချိုး။ သားရေပေါ်အိပ် သားရေနားစား။ ကျေးဇူးရှိမှကျေးစွပ်သည်ဟူသော ဆိုရိုး စကားများ ရှိပါသည်။ အချို့လူများအတွက် ထိုဆိုရိုးစကားများကပင် အားပျော့နေသယောင် ရှိသည်။ ပွဲဈေးရောင်းသောသူငယ်ချင်းတယောက်က သူ့အဖြစ်ပျက်လေးပြောပြဖူးသည်။ သူငယ်ချင်းသည် ဈေးရောင်းရင်းလူတယောက်နှင့်ခင်မင်မိပါသည်။ ထိုလူကကလေးကစားစရာဒန်အိုးဒန်ခွက်လေးများရောင်းသည်။ ငွေကြေးကြေးရေးအဆင်မပြေသဖြင့် မိသားစုနှင့်ခွဲကာ ဘုန်းကြီးကျောင်းတွင် ဝေယျာဝစ္စလုပ်ကာ ကပ်နေရင်း ညဘက်ဈေးထွက်ရောင်းရသူဖြစ်သည်။ ခေတ်နှင့်အံသိပ်မဝင်တော့သည့် ဒန်အိုးဒန်ခွက်လေးများကို ကလေးများကစိတ်ဝင်စားမူနည်းပါး၍ ဘယ်ပွဲသွားသွား ထိုလူရောင်းမကောင်းပါ။ သူငယ်ချင်းက ကရုဏာသက်သဖြင့် သူရောင်းနေသောခေတ်ပေါ်ကလေးကစားစရာပစ္စည်းအကြောင်း သင်ပေးပြီး ထိုလူအား ရောင်းစေပါသည်။ သူငယ်ချင်းကပစ္စည်းတူဖြစ်နေ၍ တပွဲထဲအတူမရောင်းရန် ကတိတောင်းပါ သည်။ ပွဲမရှိသည့်အချိန်ကိုတော့တပွဲတည်းအတူရောင်းလိုပါက ရောင်းနိုင်ကြောင်းခြွင်းချက်ဖြင့် ခွင့်ပြုပေးခဲ့ပါသည်။ ပထမတော့ ထိုလူကတိတည်ပါသည်။ နောက်ပိုင်း အရောင်းအဝယ်ကောင်းလာ၍ငွေကြေးအဆင်ပြေလာသောအခါ သူငယ်ချင်း၏ထမင်းအိုးကိုပါ ရိုက်ခွဲရန်ဝန်မလေးတော့။ သူငယ်ချင်းနှင့်တပွဲထဲရောင်းရုံမက မျက်နှာချင်းဆိုင်ရောင်းရဲသည်အထိ မျက်နှာပြောင်တိုက်လာခဲ့သည်။ ဘုန်းကြီးကျောင်းတွင်ကပ်နေရသောဘဝမှ အိမ်ခန်းငှား၍ မိသားစုပါခေါ်ထားနိုင်လာသည်။ သူငယ်ချင်းက လူပျိုကြီးတကိုယ်တည်းသမားဖြစ်၍ သူတို့ကပင် အင်အားပိုသာသလိုရှိလာသည်။ ကြာတော့ သူငယ်ချင်းခမျာအရောင်းအဝယ် သိပ်အဆင် မပြေတော့။ ထိုလူ၏ရွံစရာကောင်းသောစရိုက်ကိုသိလိုက်ချိန်မှစ၍ သူငယ်ချင်းက ထိုလူ့ကို လုံးဝ စကားမပြောတော့ပါ။ (ကျေးဇူးမဆပ်ချင်နေပါကွာရပါတယ်။ ငါလည်း သူအဆင်ပြေစေချင်လို့ လုပ်ပေးခဲ့တာပါ။ ခုဟာက ကျေးဇူးမဆပ်တဲ့အပြင် ငါ့ကိုပါ ကျေးဇူးကန်းတာကွ။ ငါ့ကို လုံးဝမညှာတော့ဘူး။ ငါ့ဘက်ကို လုးံဝငှဲ့မကြည့်တော့ဘူးကွာ။ ငါတော့ လူတွေကို တော်တော်ကြောက်သွားပြီ သူငယ်ချင်း) ဟုကျွန်တော့်ကို ပြောရှာသည်။ လောကတွင် လူသည်အရိုင်းစိုင်းဆုံးသော သားရဲတိရစ္ဆာန်များထက် ပို၍ကြောက်ဖို့ကောင်းပါသည်။ အနှစ်မပါသောကျေးဇူးစကားကိုပေါ့ပေါ့လေးလေးပြောတတ်သည်မှာ လူဖြစ်၏။ ထိုနည်းတူ သူတပါး၏ကျေးဇူးကိုတုံ့ပြန်ရန်ဝေးစွ မိမိအကျိုးစီးပွားအတွက်ဆိုလျှင် ကျေးဇူးကန်းဖို့ ဝန်မလေးသည်မှာလည်း လူများပင်ဖြစ်လေသည်။ ကျေးဇူးတရားအကြောင်းပုံပြင်များကား ပြော၍ကုန်နိုင်ဖွယ်မရှိပေ။ ကျေးဇူးသိတတ်သူတို့၏ပုံပြင်များကား ချိုမြိန်ဖွယ်အတိ ပီတိဖြစ်ရလေသည်။ ကျေးဇူးကန်းတတ်သူတို့၏ပုံပြင်များကား ခါးသက်လေစွ။ လူမျိုးအသီးသီးတွင် ကျေးဇူးစကားများရှိပါသည်။ မည်သည့်ဘာသာစကားဖြင့်ဆိုဆို ကျေးဇူးစကားသည်ချိုမြိန်ဖို့လိုပါသည်။ ကျေးဂျူးကမ္ဘာဆိုင်။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးပါ။ ကျေးဇူးပဲနော်။Thanks. Thank you.အာရိဂတ်တော။ ခိုမာစမီသာ။ ခိုမာဝါယော။ ဘယ်ဘာသာစကားဖြင့်ဆိုဆို ကျေးဇူးစကားချိုချိုကို အပိုအလိုမရှိ ပကတိရင်ထဲကလာသော စိတ်ထားဖြင့်သာ ဆိုအပ်ပါသည်။ ။
သစ်ထူးဆက်

Comments