ခင်လွန်း - ကောင်းကင်ချစ်တဲ့ ကောင်ကလေး

Art by Than Htay Maung
ကောင်းကင်ချစ်တဲ့ ကောင်ကလေး
ခင်လွန်း 
(သစ်ခက်သံလွင်) စက်တင်ဘာ ၂၉၊ ၂၀၂၃

၁။

နီနီသည် မိုးကောင်းကင်ကိုချစ်သော ကောင်လေးတယောက်ဖြစ်သည်။ မိုးကောင်းကင်သည် သူ့အတွက်တော့ သုံးမကုန်ဖြုန်းမကုန် ဆွဲ၍မဆုံးနိုင်တော့သည့် ပုံဆွဲစက္ကူချပ်ကြီးတချပ်လို ခံစားမြင်နေမိသည်။ ပြီးတော့ ပန်းချီကားချပ်တွေကုဋေကုဋာ ခင်းကျင်းထားသည့်ပန်းချီပြခန်းကြီးတခုအဖြစ်လည်း သူ မြင်သည်။

စင်စစ် ပန်းချီပြခန်းတခုထဲသို့ သူအမှန်တကယ်ရောက်ဖူးခဲ့သည်မှာ အိပ်မက်လိုတော့ဖြစ်နေသည်။ ပထမတော့ ဘာရယ်ညာရယ်ဟု သူမသိ။ ရောက်ဖူးနေကြ သာမာန်အိမ်တအိမ်အဖြစ်လို့သာ သူထင်မိသည်။ အိမ်က အိမ်အိုအိမ်ဟောင်းကြီး ဖြစ်သော်လည်း ကျယ်ကျယ်ပြန့်ပြန့်ရှိသည်။ အခန်းဖွဲ့ တွေ ကျယ်သည်။

ပြတင်းပေါက်တွေများသလို တခန်းမှတခန်းအကူး တံခါးမကြီးများကလည်း များသည်။ ထိုပြတင်း ပေါက်များ ထိုတံခါးမကြီးများအနီးတွင် နီနီတို့ပျိုးကမ္ဘာဥယျာဉ်ထွက် ပန်းပင်ဂမုန်းပင်အမျိုးမျိုးကို အိမ်တအိမ်၏ အလှ အပအဆင်တန်ဆာအဖြစ် လာရောက်ပို့ပေးရစဉ်က ရောက်ခဲ့ခြင်းဖြစ်သည်။ နီနီက ပျိုးခင်းကမ္ဘာဥယျာဉ်က လုပ်သားခေါ်မလား၊ အဖွ့ဲဝင်လားခေါ်မလား။ အဲ ဘာမှန်းညာမှန်း ပင် ကိုယ့်ဘာသာမသိ။ ပန်းအိုးကြီးများကိုချဖို့ ကားကိုထိုးရပ်လိုက်တော့ ပန်းချီကားတချပ်ကိုဆွဲနေဟန်ရှိသည့်လူတယောက်က ထိုင်ရာမှထလာကာ နေရာလိုက်ပြပေးသည်။

သူ့လက်ထဲမှာတော့ နီနီတခါမှမမြင်ဖူးသေးသည့် စုတ်တန်အရွယ်အစား ခပ်ငယ်ငယ်လေး တ ချောင်းကိုင်လို့။ နီနီမြင်ဖူးနေကျက သံစည်ပိုင်းဆေးသုတ်သည့် စုတ်တန်ပြားပြား ကြမ်းကြမ်းကြီး မျှသာ။ စဉ့်ရောင်အမျိုးမျိုးသုတ်လိမ်းထားသည့် ပန်းအိုးကြီးတွေကို သူ့နေရာနှင့်သူချထားပြီး ချိန် မှာတော့ နီနီသည် သူရောက်နေသည့်အဆောက်အဦကို ဝေ့ဝဲကြည့်မိလေသည်။

အားပါးပါး။ အိမ်လုံးပြည့်ပန်းချီကားတွေချည်းပါပဲလား။ ဒါတွေအားလုံး ခုနလူကြီး ဆွဲထားတာများ လားလို့ သူထင်မိသည်။ ပန်းချီကားတွေသာ မဟုတ်။ တချို့စားပွဲလေးများပေါ်တွင် ပန်းပုရုပ်များ၊ ဇာတ်ပွဲတွေမှာတွေ့ရတတ်သည့် ဝန်ရုပ်၊ ဇော်ဂျီ ရုပ်၊ သူတော်ရုပ်တွေကိုလည်း လှမ်းတွေ့ရသည်။ သူနှင့်အနီးဆုံးနံရံပေါ်က ပန်းချီကားတချပ်ကိုမြင်မိချိန်မှာတော့ သူ့စိတ်ထဲ စပ်ဖျဉ်းဖျဉ်းလေးလို ဖြစ် သွားခဲ့သည်။ ထိုပန်းချီကားလေးက နီနီတို့အညာကျေးလက်ရွာလေးတရွာ၏မြင်ကွင်းကို ရေးခြယ် ထားခြင်းဖြစ်သည်။ ရွာလမ်းဖုန်အလိမ်းလိမ်းတွင် နွားအုပ်တအုပ် မောင်းသွင်းလာသည့် မြင်ကွင်း။ ဝင်လုဆဲနေလုံးကြီးက ဖုန်လိပ်ကြီးများနောက်တွင် နီရင့်ညိုမှိုင်းလျက်။ မကြာမီ စုန်းစုန်းမြှုပ်သွား တော့မည့်အသွင်။

နီနီအံ့ဩသွားသည်။ ပန်းချီကားချပ်လေး၏အရွယ်က ခပ်ငယ်ငယ်။ သူမြင်နေရသည့်မြင်ကွင်းက ရွာလမ်း၊ တဲအိမ်၊ နွားအုပ် နှင်တန်ကိုင်မြှောက်နေသည့် နွားကျောင်းသား။ ကြည့်အုံး၊ ဟိုးနောက် မှာလည်း ဆည်းဆာနေလုံးရဲ့အရောင်များ ဖြာလွှင့်။ ဒီအရွယ် ပန်းချီကားလေးမှာမြင်နေရသည့် အ ရောင်တွေ အရုပ်တွေ လှုပ်ရှားမှုတွေက အကျယ်အပြော။ ဖုန်တွေအလိပ်လိပ် ထနေပုံများ ကိုယ့် ရွာကိုပဲ ပြန်ရောက်နေတော့သလိုလို။

နောက်ပန်းချီကားတချပ်မှာတော့ ညမိုးကောင်းကင်၏ တိမ်လိပ်တိမ်ဆိုင်များ၊ လမင်းကိုဝန်းရံနေသည့် ကြယ်ကလေးများ။ အပြာရင့်မှောင်အာကာပြင်၌ ဖြူလွှလွှတိမ်သားတိမ်ဆိုင်တွေက လေထဲ လွှင့်နေသလိုလို။ ကြယ်ကလေးများ လက်ပနေသည်ကလည်း အရောင်များ ပြက်ပြက်ထလျက်။ ဒီပန်းချီကားလေးကလည်း ၁၆-နှစ်သားအရွယ် နီနီ့လက်တတောင်သာ သာခန့် မျှသာ။ နီနီ့အတွေးက လက်တတောင်သာသာရှိသည့်နေရာလေးတနေရာတွင် မိုးကောင်းကင် တပြန့်တပြောကြီးကို ထည့်သွင်းနိုင်သည်ဆိုသည့်အသိ၊ အတွေး။ တယ်လည်းဆန်း ပြားတဲ့အတတ်ပညာပါလား။

“ဟေ့ချာတိတ်၊ မင်းက ပန်းချီဝါသနာပါသလားကွ ”

ပန်းချီကားတွေထဲ နီနီနစ်မြောနေစဉ် ပန်းချီဆရာဖြစ်ဟန်တူသော စုတ်တန်ကိုင်ထားသည့်လူကမေးတော့ နီနီသည် ယောင်အမ်းအမ်းဖြင့် ခေါင်းငုံ့ပြမိလားမသိ။

“အေး၊ ဝါသနာပါရင် ပန်းချီသင်ပေါ့ကွာ၊ မင်းက ငယ်ငယ်လေးရှိသေးတာပဲ၊ ပန်းချီဆရာဖြစ်လာမှာပေါ့၊ ကဲ မင်းသူငယ်ချင်း တွေစောင့်နေပြီ။ သွားလိုက်အုံး ”

ထိုမှစ၍ မိုးကောင်းကင်ကို သူစတင်ချစ်သွားခဲ့ခြင်းဖြစ်သည်။ အရင်က တော့ သူ့ခေါင်းပေါ်မှာအမြဲရှိနေသည့် မိုးကောင်းကင်ကို ချစ်ရကောင်း မြတ်နိုးရကောင်းမှန်းမသိခဲ့သလို ယောင်မှားမော့ငေးကြည့်ဖို့ပင် အမှတ်ရတတ်သည့်ကောင်ကလေးမဟုတ်ခဲ့ပေ။ ဪ မိုးကောင်းကင်ကြီးကလည်း သူ့ကိုများ တခါတလေဖူးမျှ ငုံ့ကိုင်းကြည့်မိပါရဲ့လားလို့ ခုနေခါတွင် သူ တကိုယ်တည်း မေးခွန်းတွေ ထုတ်နေမိတတ်သည်။

ခွင့်လွှတ်ပါမိုးကောင်းကင်ကြီးရယ်။ နီနီကလည်း နီနီ့အဖြစ်ကို မေ့လျော့နေတဲ့မိုးကောင်းကင်ကြီး ကို ခွင့်လွှတ်ပါတယ်ဟု တယောက်တည်းလည်း မကြာခဏ စကားပြောတတ်သည်။ တခါတော့ ထိုအဖြစ်ကို အောင်လေးက ကြားသွားဟန်ရှိ၍ သူ့နားတိုးကပ်ကာမေးလေသည်။

“ဟေ့ကောင် ငနီ၊ မင်းတယောက်ထဲ စကားတွေပြောနေတယ်ဟုတ်လား၊ အဲဒီအကျင့်မကောင်းဘူး ငနီ။ တော်ကြာ မင်းရူးသွားလို့ ဦးလေးခင်ကြီးက အိမ်ကနှင်ထုတ်နေအုံးမယ်” ဟု သတိပေးယူရသည့်အထိ။

ဘာပဲပြောပြော နီနီကတော့ မိုးကောင်းကင်ကြီးကို အချစ်ကြီးချစ်သွားခဲ့ပြီ။ ပျိုးကမ္ဘာဥယျာဉ်တွင် တနေကုန် တကုန်းကုန်းတချိချိ လုပ်ခဲ့ကိုင်ခဲ့ရသမျှ ညညများဆိုလျှင် မိုးကောင်းကင်ကြီးကို မော်ကြည့်ကာ တိမ် တောင်ပန်းချီ၊ ကြယ်ပန်းချီတွေကို တမေ့တမော ငေးကြည့်ရသည်မှာ ထူး ခြားဆန်းကျယ်လှသည့်အရသာဖြစ်သည်ဟု သူယုံသည်။

“ဟေ့နီနီ၊ ဘာတွေတွေးနေတာလဲကွ။ ကဲ ဟိုမှာပျိုးထားတဲ့ သူယောင် မယ်ဂမုန်းတွေ နေဝလောက်ပြီ၊ အရိပ်ထဲ ပြန်ရွှေ့ကြတော့၊ နော်သား”

ဦးလေးခင်ကြီးက သူ့ကို သားဟုခေါ်လိုက်သည့်အတွက်တော့ သူ့ရင်ထဲ သိမ့်ခနဲဖြစ်ရသည်မှာ အမှန်ပင်။ နီနီက ဟုတ်ကဲ့ဟု တခွန်းထဲပြောကာ ကံကော်ပျိုပင်လေးအရိပ်အောက်က ထွက်ခဲ့လေ သည်။

၂။

ရွာက နီနီထွက်ခွာလာချိန်မှာ အသက် ၁ဝ နှစ်ကျော်ကျော်မျှသာ။ အမေနှင့်အဖေ ရှေ့ဆင့်နောက်ဆင့်ဆုံးပါးသွားသည့်နောက် အမေ့မောင် ဘဒွေးတော်ဦးပဉ္ဇင်းလေးရှိရာ မန္တလေးရွှေမြို့တော်သို့ အားကိုးတကြီး ရှာခါဖွေခါ သွားရောက်ခဲ့သော်လည်း မျက်စေ့လည်နေသည့်လူမမယ်လေးနီနီနှင့် ဦးလေးခင်တို့တွေ့ကာ သူ့ကို ရန်ကုန်ရွှေမြို့တော်ကြီးသို့ခေါ်လာသည့် အတွက် ပျိုးခင်းကမ္ဘာဆို သည့် ပန်းပျိုးဥယျာဉ်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ဦးလေးခင်က ဆိုလေသည်။

ပျိုးခင်းကမ္ဘာဆိုတာ ပန်းတွေချည်းပျိုးတာ မဟုတ်ဘူးသားရဲ့။ အားကိုးရာမဲ့နေတဲ့ မင်းတို့လို ကလေးတွေ လမ်းမှားမရောက်သွားဖို့နဲ့ မင်းတို့ အနာဂတ်လေးတွေလှပဖို့ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပျိုး ထောင်တဲ့အလုပ်ကိုလည်း ဦးလေးခင်လုပ်တယ်လေဟု သူ့ကိုပြောပြ သည်။

ဦးလေးခင်သည် ဇနီးသားသမီးမရှိသူ တကိုယ်တည်းသမားပီပီ ကလေးများအပေါ်မှာတော့ တကယ်ပင် ချစ်ခင်နှစ်လိုပုံရပါသည်။ ပျိုးခင်းကမ္ဘာ၌ နီနီ့အရင်ရောက်နှင့်သူရော နီနီ့နောက်မှရောက်လာသူရော ဆယ်ယောက်ကျော်ရှိသည်။ သူတို့အားလုံးကို ဦးလေးခင်က မခွဲမခြားဆက်ဆံကျွေးမွေး ပါသည်။ မခွဲမခြားဝတ်စားဆင်ယင်စေပါသည်။ ဦးလေးခင်၏ ဥယျာဉ်တွင် အားလုံးတူ တူညီညီအလုပ်လုပ်လုပ်ရပါသည်။ နီနီတို့တွေကို စာသင် ကျောင်းထားမပေးသော်လည်း ခေတ်ပညာတတ်ဖြစ်သည့် ဦးလေးခင်ကိုယ်တိုင် ညအခါများတွင် စာသင်ပြပေးသည်။ ကျောင်းစာသာမက အထွေထွေဗဟုသုတတွေလည်း သင်သည်။ အထူးသဖြင့် သစ်ပင်ပန်းပင်တွေအကြောင်းကို ပိုပြီးအသားပေးသင်သည်။ သူက နီနီတို့ကို လူတန်းစေ့ထက် မြင့်မားစေချင်တာလည်း ပါသည်။ စာသင်ကျောင်းတွေက ကျဉ်း မြောင်းပါတယ်ကွာဟုဆိုကာ ကိုယ်တိုင်သင်ကြားခြင်း ဖြစ်သည်။ နီနီတို့ကတော့ နားလည်တချက် နားမလည်တချက်။

ပြီးတော့ ဦးလေးခင်သည် လူပျိုကြီးပီပီ စည်းစနစ်ကျသည်။ နီနီတို့ကိုလည်း စည်းစနစ်တကျ အုပ်ချုပ်ပဲ့ပြင် သည်။ နီနီတို့သည် ဦးလေးခင်၏ ရင်အုပ်အောက်တွင် ခိုက်ရန်ဖြစ်ပွားခြင်းမရှိလောက်အောင် သင့်သင့်မြတ်မြတ်ရှိကြသည်။ ချစ်ချစ်ခင်ခင်လည်း ရှိကြပါသည်။

တကယ်တော့ ဦးလေးခင်၏ဘဝမှာ သစ်ပင်ပန်းမာလ်များသာ။ ဝင်စားမွေ့လျော်မှုကလည်း သစ်ပင်ပန်းမာလ်များသာ။ ဂမုန်းမျိုးစုံ ရွက်လှမျိုးစုံ သစ်ခွမျိုးစုံ နှင်းဆီမျိုးစုံစိုက်ပျိုးထားသော သည်လိုဥယျာဉ်မျိုး ရန်ကုန်မြို့ကြီးလိုနေရာ၌ ရှာမှရှားဟုဆိုကြသည်။ ဦးလေးခင်၏နောက်တခုထူး ခြားချက်ကိုလည်း နီနီမြင်မိသည်။ သူက ပန်းမာလ်သစ်ပင်တွေကို လူတွေထက် ပိုချစ်ပိုစွဲလန်းသည့်စိတ်ရှိသူပီပီ လူတိုင်းကို သူ့လိုချည်းဖြစ်စေချင်သည့်လူစားမျိုးဟုလည်း နီနီမြင်သည်။ သစ်ပင်ပန်းမာလ်တွေ မြတ်နိုးတတ်သူများကိုလည်း လူကြီးလူကောင်း နိုင်ငံကြီးသားများဖြစ်သည်ဟု လည်း ဦးလေးခင်က အမြဲပြောဆိုတတ်သည်လေ။

သည်တွင် နီနီတို့၏အနာဂတ်ကိုလည်း ဦးလေးခင်ပင် ပိုင်ဆိုင်နေသည်။ ဦးလေးခင်က နီနီတို့အားလုံးကို သူနှင့်စံထား၍တိုင်းသည်။ ဦးလေးခင်၏ စိတ်ကူးစိတ်သန်းများ၊ ဝင်စားမှုများ၊ အနာဂတ်အိပ် မက်များသည် နီနီတို့ဖြစ်သည်။ ဦးလေးခင်၏ ဆုံးမသွန်မှုနှင့် လမ်းညွှန်မှုများကိုဖြစ်စေ၊ ဦးလေးခင်၏လိုအင်ဆန္ဒကို ဆန့်ကျင်လျှင်ဖြစ်စေ ပျိုးခင်းကမ္ဘာမှဝေးရာကို ထွက်သွားပေတော့။

နီနီတို့သည် ဦးလေးခင်ဖြစ်လိုရာကိုရော သူဖြစ်ခွင့်မပိုင်ခဲ့သည့် လက် လွှတ်ဆုံးရှုံးခဲ့ရမှုများကိုပါ ရယူပေးဖို့အတွက် ဒီနေရာကိုရောက်နေရတာလားဟု နီနီတွေးမိလာသည်။ ရောက်ခါစ သုံးလေးနှစ်လောက်ကတော့ ဒီလိုတွေး ဒီလိုမြင်ခဲ့သည်တော့မဟုတ်။ ခု ကြီးခေါင်ဝင်စ အသိဉာဏ်လေးမြင့်လာတော့ တဖြည်းဖြည်း နီနီတွေးတတ်စပြုလာသည်။ လူတွေအကြောင်းကို နားလည်စပြုလာ သည်ဟုလည်း ဆိုနိုင်သည်။ လူတိုင်းကိုယ်စီတွင် ရှင်သန်နေထိုင်မှုအတွက် ရည်ရွယ်ချက်တခု၊ မျှော်မှန်း ချက်တခုစီတော့ရှိကြမြဲဆိုတာ။ ဦးလေးခင်က ရုက္ခ ဗေဒလောကကို ရူးရူးသွပ်သွပ်ချစ်မြတ်နိုးသူ။ ဦးလေးခင်၏ အသက်ရှင်နေထိုင်ခြင်းသည် သစ်ပင်ပန်းမာလ်တွေကို မျိုးစိတ်များခွဲဖို့၊ မျိုးစိတ်ကွဲများချင်း ပေါင်းစည်းပြီး အသစ်သစ်သောမျိုးစိတ်တွေ စမ်းသပ်ဖန်တီးကြည့်ဖို့။

တခါကတော့ နီနီ့ကိုဦးလေးခင်ပြောပြဖူးသည်။ ဟောဒီ့ပျိုးခင်းကမ္ဘာဥယျာဉ်ဟာ ရုက္ခဗေဒနယ်ပယ်မှာ အတိုင်း အတာတခုအထိ အသိအမှတ်ပြုခံရအောင် သူရည်ရွယ်ကြိုးပမ်းနေတာတဲ့။ လောလောဆယ်တော့ ဒို့တွေ မြှုပ် နှံကြရတာပေါ့ကွာတဲ့။

ဦးလေးခင်ကို နီနီနားလည်ပါသည်။ နီနီတို့ကမ္ဘာသည် ဦးလေးခင်၊ နီနီ့တို့ဘဝသည် ဦးလေးခင်၊ နီနီ့တို့ကိုပဲ့ကိုင် သူသည် ဦးလေးခင်၊ နောက်ဆုံး နီနီ့တို့၏အနာဂတ်သည်ပင် ဦးလေးခင်မဟုတ်လား။ ထို့အတူ အောင်လေးတို့အခြားသူတွေကရော။ ပြောရလျှင်တော့ မိုးကောင်းကင်ကို မော့မကြည့်မိသူအားလုံးတို့သည် ဦးလေးခင်သာ ကိုးကွယ်အားထားရာ၊ စံပြုလိုက်နာရာအဖြစ် ခံယူနေကြလိမ့်မည်မလွဲဟု နီနီမြင်မိနေလေပြီ။

၃။

ငါ ပန်းချီဆရာဖြစ်ချင်တယ်ကွာ၊ ငါ ပန်းချီသွားသင်မယ်လို့စိတ်ကူးမိတယ်လို့ အောင်လေးကိုပြောတော့ ... ဦးလေးခင်သိရင် မင်းကို အိမ်ကနှင်ချမှာကွ၊ စိတ်ကူးမယဉ်ပါနဲ့ငနီရာ၊ သူဖြစ်စေချင်တာလုပ်စမ်းပါဟု အောင်လေးက တိုးတိုးတိတ်တိတ်ပြန် ဖျောင်းဖျနေလေသည်။

ဦးလေးခင်က သစ်ပင်ပန်းပင်လောကမှာ ပါရဂူကြီးဖြစ်ချင်သလို ငါရော ပန်းချီဆရာတယောက်မ ဖြစ်ချင်ရဘူးတဲ့လားကွာဟု နီနီက ပြန်မေးတော့ အောင်လေးတယောက် ဘာမှပြန်မပြောတတ်ရှာတော့။
အောင်လေးသည် နီနီ့လိုပင် ကျေးလက်ပေါက်လူငယ်လေးဖြစ်ပြီး နီနီ့အပေါ်ချစ်ခင်သံယောဇဉ်ကြီးရှာသည်။ ပန်းချီပြခန်းကိုရောက်ခဲ့ဖူးချိန်မှစ၍ နီနီတယောက် မိုးကောင်းကင်ကြီးပေါ်ကို ညလုံးပေါက်ထိုင်ငေးကြည့်နေတတ်တာကိုလည်း သတိထားမိသည်။ ငေးမောကြည့်နေရုံမကသေး၊ သူ့လက်ချောင်းလေးများကို ကောင်းကင်သို့ဆန့်တန်းပြီး ပန်းချီ ရေးနေသည့်ဟန်နှင့်လှုပ်ရှားနေပုံကိုပါ သတိထားမိနေသည်။

အောင်လေးရေ ကြည့်စမ်း၊ ဟိုမှာတွေ့လား၊ အဲဒါ ကိန္ဒရာအရုပ်လေကွာ၊ ဟိုးမှာက တာဝတိ ံသာက စောင်း တန်းကြီးပေါ့ တွေ့လားဆိုကာ တိမ်တွေကိုကြည့်ကာ ခဏခဏထထအော်တတ်သဖြင့် သူ စိတ်ညစ်ရဖူးသည်။ ဒီကောင်ရူးသွားပြီလားမသိဟုပင်တွေးမိပြီး ဦးလေးခင်ကိုပင် ပြောပြသင့် မသင့် စဉ်းစားနေရသူဖြစ်သည်။

တနေ့ခင်းမှာတော့ နီနီသည် ပလစ်စတစ်အိတ်ကြီးများနှင့် မျိုးပွားထားသော ဂမုန်းပင်ကြီးတပင်ကို စူးစိုက်ကာကြည့်နေမိသည်။ အပင်ကြီးက ကြီးလှပြီ။ စိမ်းရင့်ရင့်ရွက်ဖားကြီးများက နေရောင်ထဲတွင် အရောင်တင်ထားသလို လက်နေသည်။ ဂမုန်းမျိုးပေါင်းများစွာရှိသည့်အနက် အပွင့်လှလှလေးတွေပွင့်သည့်ဂမုန်းပင်မျိုးထဲက ဖြစ်သည်။ ခုလည်း သည်ဂမုန်း ပင်ကြီး အပွင့်တွေ ပွင့်နေသည်။ အဖြူရောင်ပွင့်ဖတ်များကြားက ဝတ်ဆံလေးမျာမှာ ရွှေမှုန်ရွှေစလေးများနှယ် လှလှပပ။ နီနီက စိမ်းရင့်ရွက်ဖားတွေနှင့် ဆယ်စွယ်နုရောင်ရွက်တန်တွေများကြားမှ ထိုဂမုန်းပွင့်လေးတွေကို ပန်းချီကားတခုလိုကြည့်မြင်ရင်း စိတ်ကူးနှင့်ဆေးသားအရောင်တွေ သွင်းနေမိသည်။

ဦးလေးခင်ကတော့ မကြာခင် ဒီဂမုန်းပင်ကြီးကို စဉ့်ရည်သုတ်ထားသည့် ပန်းအိုးကြီးတလုံးတွင်ရွေ့ကာ ရောင်းတန်းတင်ပေတော့မည်။ နီနီမှာက ပန်းချီဆွဲဖို့ စုတ်တန်တွေ အရောင်တွေမပြောနှင့် မိုးကောင်းကင်ကြီးမှလွဲ ၍ ပုံဆွဲစက္ကူပင်မရှိသေး။ တကယ်တော့လည်း နီနီပန်းချီဆွဲခွင့်ရဖို့ပင် ဦး လေးခင်ခွင့်ပြုမည်လိမ့်မည်မဟုတ်သလို ပန်းချီတွေ ဘာတွေနားလည်မည့်လူစားလည်းမဟုတ်သည်ကို နီနီအသိပင်။ ဦးလေးခင်က လူတွေအားလုံး သူ့လိုရုက္ခဗေဒချစ်သူသာ ဖြစ်စေချင်သူ။ နီနီ ကလည်း အပင်တွေ အပွင့်တွေ အရွက်တွေကိုမုန်းသူမှမဟုတ်တာ။ နီနီပန်းချီဆွဲရင် ပန်းပွင့်တွေရော သစ်ပင်မြင့်ကြီးတွေရော ထည့်ရေးမှာဖြစ်သလို မြက်ခင်းစိမ်းလေးလည်း ပါနိုင်သည်ပဲလေ။ ဦးလေးခင် နားလည်ပေးမလား။

ဒီလိုတွေးတော့ တလောက ဦးလေးခင်ပြောတာကို သတိရမိသည်။ ဟေ့နီနီ၊ မင်းက ပန်းချီဆရာဖြစ်ချင်လို့ဆို။ ပန်းချီဆရာဖြစ်ချင်ရင် ဖြစ်နိုင်တဲ့နေ ရာသွားကွ။ ငေးငေးငိုင်ငိုင်နဲ့ ညမအိပ် နေ့မအိပ်ဖြစ်နေလို့ရူးသွားရင် ငါဆေးကုမပေးဘူးတဲ့။

ဟုတ်တော့လည်း ဟုတ်သည်။ ဦးလေးခင်သည် သစ်ပင်ပန်းမာလ်များကို မြတ်နိုးသူသော်လည်း စိတ်ကူးယဉ်သမားတော့ မဟုတ်။ သူ့စီမံကိန်းများ၊ သူ့အိပ်မက်များတွင် သစ်ပင်ပန်းမာလ်တွေကို ဘယ်လိုမျိုးစပ်ရမည်။ ဘယ်လိုမျိုးပွားရမည်။ ဘယ်လိုစောင့်ထိန်း ကြီးထွားအောင် လုပ်ရမည်။ ဒါတွေပဲ ရှိသည်။ အခြားအရာများ မရှိ။ အခြားလည်း စိတ်ကူးမယဉ်။ သူ လုပ်ချင်တာပဲ သူသိသူ။ သူက ကိုယ်တိုင်စိတ်ကူးမယဉ်သလို နီနီ တို့တွေ စိတ်ကူးယဉ်တာကိုလည်း မကြိုက်။ အားပေး မည့် ပုံလည်း မပေါ်။ ကိုယ့်ဆန္ဒကို ဖွင့်ပြောရအောင်ကလည်း သူ့ကျေးဇူး မသိသူဖြစ်ပေရော့မည်။

နီနီသည် ဟင်းခနဲမြည်အောင် သက်ပြင်းရှည်ကြီးချလိုက်ကာ ဂမုန်းပင်ကြီး၏ရှေ့ ဂမုန်းပွင့်လေးတွေနားတိုးကာ ဒူးထောက်လျက်သား ထိုင်ချလိုက်သည်။

အို…ကြည့်စမ်း၊ အမြစ်တွေ မြေပေါ်ထိုးထွက်နေလိုက်တာ။ ဖွေးဖွေးဆွတ်ဆွတ် ဖွာထွက်ဖြာလွှင့်နေသည့် အမြစ်နုလေးတွေ။ ပလစ်စတစ်အိတ်ကြီးအတွင်း မြေသားများထည့်သွင်း ပျိုးထားသည့်ဂမုန်းပင်ကြီး၏ အမြစ်ပွားများက အိတ်ခွံကိုထိုးခွဲကာ ပကတိမြေသားစစ်စစ်ပေါ်သို့ ထိုးဖြာ ထွက်နေကြတာကို သူမြင်လိုက်ရတာလေ။

ပကတိမြေသားပေါ်က သစ်တပင်၏အမြစ်။ ပုံသွင်းပျိုးထောင်ခံထားရသောသစ်တပင်က သဘာဝအတိုင်း မြေသားစစ်စစ်ဆီကိုသွားဖို့ ထိုးဖောက်ရုန်းထွက်နေတာလေ။ အပွင့်များပင် ပွင့်လို့။ 

သည်မြင်ကွင်းကိုမြင်တော့ နီနီသည် အသိစိတ်တခု ဖျတ်ခနဲလက်သွားကာ ပန်းအိုးကြီးများစီတန်း စိုက်ပျိုးထားရာဘက်သို့ ချာခနဲလှည့်လိုက်သည်။ အပင်တွေ ပန်းတွေ သူ့သဘာဝနှင့်သူ ပွင့်ကြလန်းကြပါစေလား။
သူက မိုးကောင်းကင်ကို ချစ်သူ။ မဟာပထဝီ မြေဆိုင်မြေသားတွေကိုလည်း ချစ်သူ။ သစ်ပင်ပန်းပွင့်တွေကိုလည်း ချစ်သူ။ ပန်းပွင့်တွေ သစ်ပင်တွေကရော။ မြေဆိုင်မြေသားများနှင့် အာကာသ မိုးကောင်းကင်ကြီးကို ချစ်ကြသည်ပဲမဟုတ်လား။ ထိုအချစ်တွေအတွက် သူ တခုခုလုပ်ရတော့ မည်။

ခဏအကြာမှာတော့ နီနီတယောက် ပျိုးခင်းကမ္ဘာဥယျာဉ်ထဲက စဉ့်ရည်သုတ် မြေပန်းအိုးကြီးများ ဖြင့် စိုက်ပျိုးထားသည့် ပန်းအိုးကြီးများမှန်သမျှကို တလုံးပြီးတလုံး ဆက်တိုက် ရိုက်ခွဲပစ်နေတာတွေ့ရသည်။

အမြစ်တွေကို မင်းတို့ချစ်တဲ့မြေပေါ်မှာ လွတ်လွတ်လပ်လပ်လျှောက်ခွင့် ပေးလိုက်ကြပေတော့ ချစ်လှစွာသောအပင်တို့ရေ။ နီနီသည် မြေတူးဆွသည့်ခရင်းခွတချောင်းကိုကိုင်လျက် မားမားကြီးရပ်ကာ မြေအိုးပုံစံခွက်ထဲမှ ထွက်ကျလာသည့်အပင်တို့ကိုကြည့်လိုက် ကောင်းကင်ကိုမော်၍ ကြည့်လိုက်နှင့် မျက်လုံးအစုံက ဝင်းဝင်းတောက်နေသည်။

“ ဟေ့ဟေ့ နီနီ မင်းဘယ်လိုလုပ်လိုက်တာလဲ၊ ဘယ်လိုလုပ်လိုက်တာလဲ၊ သွားပါပြီ။ သွားပါပြီကွာ။ ...
မင်း ၊ မင်း …”

ဒါ ဦးလေးခင်၏အသံလား။ အောင်လေး၏အသံလား။ …အို၊ ဘယ်သူ့အသံတွေမှန်း နီနီမသိတော့။ ဘာသံကိုမှလည်း မကြားတော့။ ပန်းအိုးတွေ အစိတ်စိတ်အမွှာမွှာကွဲကုန်ချိန်တွင် ကောင်းကင်ကိုချစ်သည့်ကောင်ကလေးသည် ပျိုးခင်းကမ္ဘာဥယျာဉ်ကို ကျောခိုင်းထွက်ခွာလာခဲ့လေပြီ။

ခင်လွန်း
၃ဝ၊ နိုဝင်ဘာ၊ ၂ဝဝ၄
* (၂၀၀၄ ခေတ်ပြိုင်အွန်လိုင်းမဂ္ဂဇင်းနှင့် မိုးမခအွန်လိုင်းမဂ္ဂဇင်း ၂၀၁၆ တို့တွင် ဖော်ပြပြီးဖြစ်)

Comments