မောင်ခေတ်စည် - မောင်ခေတ်စည် - ဖေ့စ်ဘွတ်စာပေ (၂၀- ၂၁) အခန်းဆက်ဆောင်းပါး

Image - Crd

ဖေ့စ်ဘွတ်စာပေ အခန်းဆက်ဆောင်းပါး
ဖေ့စ်ဘွတ်စာပေ (၂၀- ၂၁)
မောင်ခေတ်စည်
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၁၊ ၂၀၂၂
 

ဖေ့စ်ဘွတ်စာပေ(၂၀)
27.11.22

ဦးထင်ပေါ်ရေးသည့် "ကျွန်တော့်ဘဝ..." နာမည်တပ်ထားသည့် သူ့ကိုယ်ရေးအတ္ထုပ္ပတ္တိစာများထဲတွင် သူအရက်ကြိုက်ကြောင်း ဖဲရိုက်ကြောင်းများလည်း ပါပါသည်။ သူ့ပထမအိမ်ထောင် ဒုတိယအိမ်ထောင်တို့နှင့်ပေါ်ပေါက်ထွန်းကားခဲ့သည့် သားအကြီးအငယ် (ဗိုလ်ဗိုလ်ဦးနှင့်စွမ်းထက်) တို့အရက်သောက်တတ်ကြောင်းလည်းပါ၍ ချွေးမဖြစ်သူ (စွမ်းထက်၏ဇနီး) လင် ငယ်နောက်လိုက်ပြေးသည့်အကြောင်းနှင့် သူ(ဦးထင်ပေါ်) ကိုယ်တိုင် အငြိမ့်ခေါင်းဆောင်မင်းသမီးတဦးနှင့် ငြိစွမ်းသောကြောင့် သူ့ဇနီး (အအေးမြင့်) က သူ့အားလက်ရဖမ်းကာ ရိုက်နှက်သည်ကို သူခံလိုက်ရကြောင်းများလည်းပါသည်။
ထို့ပြင်ခေတ်နှင့်ပတ်သက်သေ ာသူ့သဘောထားများကိုလည်း သူ့စာထဲတွင်တွေ့ရပါသည်။

"ခေတ် ..ခေတ်.. ငါယိုးမခေတ်" ဟူသောဆဲလုံးမျိုးလည်း သူ့စာ (အပိုင်း- ၅) ထဲတွင်တွေ့ရ၍ အစိုးရကျင်းပသောအငြိမ့်ပြိုင်ပွဲတွင် ပထမဆုရမည့်အသင်းက ကျေးဇူးတင်စကား ကြိုတင်ရေးထားနိုင်လောက်အောင်ပင် "ပိုင်" သူဖြစ်နေတတ်ကြောင်းလည်း ပါ ပါသည်။
ထိုမျှမကသေး သူ၏ကျမ်းပြီးနိဂုံးတွင် "ခေတ်ကာလအခြေအနေအရ သည့်ထက်တိုး၍၊ မရေးသင့်တော့သဖြင့် ဤမျှနှင့်ပင် သူ့ဘဝအကြောင်းကို ရပ်နားလိုက်ကြောင်း" နှုတ်ဆက်စကားရေးထားသည်ကိုလည်း တွေ့ရသည်။
သူ့ဘဝဇာတ်ကြောင်းကို့ သူ့သားငယ် (လူရွှင်တော်စွမ်းထက်) ကွယ်လွန်သည့် ၂၀၁၉ နှစ်လည်ခန့်ကာလအထိသာရေးပြီး အဆုံးသတ်ထားသည်။
အဆုံးသတ်ပြီးကာမှ  မောင်စွမ်းထက် အရက်သောက်ခြင်းများအကြောင်း သူရေးထားပါသော်လည်း ဤသို့အရက်သောက်ခြင်းအတွက် စာဖတ်သူတို့အနေဖြင့် မောင်စွမ်းထက်အား ပြစ်တင်ရှုတ်ချမှုမပြုဘဲ မောင်စွမ်းထက်၏ဖခင်ဖြစ်သူ သူ့ကိုသာလျှင်အပြစ်တင်သင့်ကြောင်း သူအဆုံးအမ မဲ့ခဲ့သောကြောင့်သာ သူ့သားအရက်သောက်တတ်သွားခြင်းဖြစ်ကြောင်းများကို ဆက်လက်ရေးထည့်ထားပါသေးသည်။
(ရွေးချယ်တင်ပြထားသော)အကြောင်းအရာအနေဖြင့်ဆိုရလျှင် ဦးထင်ပေါ်သည် သူ့ဘဝအတွေ့အကြုံများထဲမှ သူ့အာရုံထဲတွင်စွဲထင်ကျန်ရစ်သည့်အကြောင်းခြင်းရာများကို အဆာမချဲ့ အဝါအကြွားမပါဘဲ တင်ပြထားသည်ဟုဆိုနိုင်ပါသည်။
သူ့ကိုယ်ရေးကိုယ်တာ အကြောင်းရေးသည့်စာများတွင်သာမဟုတ်၊ အခြားအကြောင်းအရာများရေးထားသည့်
ဦးထင်ပေါ်၏ဆောင်းပါးများတွင်လည်း အဆာမချဲ့လှဘဲ တင်ပြတတ်သည်က်ု ဖတ်ရပါသည်။
ဦးထင်ပေါ်ရေးသည့်အကြောင်းအရာများမှာ (သူ့ဘဝအကြောင်းဟူ၍ ခေါင်းစဥ်တပ်မထားသည့်တိုင်) သူ့ကိုယ်တွေ့ အကြောင်းအရာများဖြစ်သည်။
ဦးထင်ပေါ်၏အသက်မွေးမှု (professional) ဘဝအလုပ်မှာ အငြိမ့်ဇာတ်အလုပ်ဖြစ်သည်နှင့်အညီ သူ့ကိုယ်တွေ့
အကြောင်းအရာများကလည်း ဇာတ်အငြိမ့်လောကအတွင်းကျင်လည်နေရသူတို့၏အဖြစ်သနစ်များပင်ဖြစ်နေတတ်ပါသည်။
စာဖတ်သူအများစုမှာ ဇာတ်ပွဲကြည့်ရှုရခြင်းတွင် ခုံမင်နှစ်ခြိုက်ကြသည်နှင့်အညီ ဇာတ်သူဇာတ်သားတို့၏ဘဝကိုစိတ်ဝင်စားကြသူများဖြစ်ရာ ဦးထင်ပေါ်ရေးသည့်စာများမှာ အကြောင်းအရာကိုယ်၌က စာဖတ်ပရိသတ်ကို
ဖမ်းစားဆွဲဆောင်ပြီးသားဖြစ်နေသည်ဟုဆိုနိုင်ပါလိမ့်မည်။
ဦးထင်ပေါ်က အကြောင်းအရာရွေးချယ်တင်ဆက်ပုံလည်း ကောင်းသည်။
(သူ့စာအရ) ပညာရေးအနေဖြင့် မူလတန်းအောင်ရုံမျှသာ ဦးထွန်းပေါ်(ကျောင်း)စာသင်ခဲ့ဖူးသည်။ သို့သော် ဦးထင်ပေါ်သည် လူရွှင်တော်အတတ်ကို တသက်တာလုံးဆည်းပူးလာခဲ့သူဖြစ်ရာ တင်ပြလိုသောအကြောင်းအရာကို ပရိသတ်နားမျက်စိတို့၌ ထင်ရှားပေါ်လွင်လာအောင် မည်သို့မည်ပုံ တင်ဆက်မည်ဟူသောအတတ်၌ ကျွမ်း ကျင်သည်။
      လူရွှင်တော်အတတ်၌ ပရိသတ် "ပွဲကျ" စေရန် ပြက်လုံးခွင် (ဂွင်)စီစဥ်တင်ဆက်သည့်အတတ်ကို စာရေးရာတွင်လည်း ဦးထင်ပေါ်အသုံးပြုထားကြောင်း သူ့စာများကိုဖတ်လျှင် ရိပ်စားမိနိုင်ကြမည်ထင်ပါသည်။ 
သာဓကအဖြစ် ကျွန်တော့် wall တွင် share ယူ post တင်ပြထားသော"ရှေးကတော့ပိုချစ်ကြတယ်" အမည်တပ်ထားသည့် ဦးထင်ပေါ်၏ဆောင်းပါးကို လေ့လာကြည့်စေချင်ပါသည်။
ယင်းဆောင်းပါးအစဥ်မှာ...
- ဇာတ်မင်းသားဦးအောင်မောင်းကြီး မန္တလေးမြို့တနေရာ၌ဘုရားတည်သည့်ပွဲတွင် မန္တလေးရှိ အငြိမ့်ဇာတ်တိုင်းမှ ဇာတ်သူဇာတ်သားများလာရောက်ကပြကြရာ လူရွှင်တော်များမင်းသားမင်းသမီးများ လူစုံဆုံမိကြသည်။
- တညသောအခါ မိတ်ကပ်လိမ်းနေသောမင်းသားတလက်၏ပေါင်ဒါမှုန့်ကို လူရွှင်တော်တယောက်က ယူ
လိမ်းရာ လူရွှင်တော်အားမင်းသားက မတန်မရာယူလိမ်းသည်ဟုရှုတ်ချပြောဆိုရာမှ အချင်းများပြီးထိုးကြိတ်
သတ်ပုတ်ကြသည်။
- မင်းသားဘက်မှ မင်းသားအချင်းချင်း၊ လူရွှင်တော်များဘက်မှလည်းလူရွှင်တော်အချင်းချင်း ဝင်ရောက်ကူ
ညီထိုးကြိတ်ကြသောကြောင့် ပွဲပျက်လုမတတ် ရန်ပွဲကကြီး သွားသည်။
သို့သော် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပွဲမပျက်အောင် က,ပြနိုင်ခဲ့သည်။
- ပွဲပြီး၍ ရက်အနည်းငယ်ကြာသည့်နေ့တနေ့တွင် လူရွှင်တော်များဆုံမိနေသည့်လက်ဖက်ရည်ဆိုင်သို့ မူလ
 ရန်ပွဲစ,သည့်မင်းသားရောက်လာကာ သူနှိမ့်ချစကားဆိုခဲ့သောလူရွှင်တော်အား တောင်းပန်သည်။ သူပြောခဲ့သောမောက်မာသည့်စကားအတွက် ထိုရန်ပွဲမှာသူ့ကြောင့်ဖြစ်ရသောရန်ပွဲဟု ဝန်ချသည်။
- တောင်းပန်မှုက်ုလူရွင်တော်က ကြည်ဖြူစွာ လက်ခံသည်ဖြစ်၍ ရှေးနည်းအတိုင်းပင်ချစ်ခင်မပျက် ပြန်လည်ဆက်ဆံပြောဆိုကြသည်ဟူ၍ ..ဖြစ်သည်။
 ဤဆောင်းပါးကို ရသဆောင်းပါးတပုဒ်ဟုဆိုပါလျှင် "တကယ့်အဖြစ်" ကိုတင်ဆက်ထားသော "အကြောင်း အရာ" ကြောင့်ဟု ကျွန်တော်ဆိုချင်ပါသည်။ (စိတ်ကူးဖြင့်ရေးထားသော ဝတ္ထုဖြစ်ခဲ့သော် ရသမြောက်လှသေ ာ"ဝတ္ထု" ဟု ကျွန်တော်အမှတ်ထင်ထင်ဆိုမိမည်မဟုတ်ပါ)။

**********
ဖေ့စ်ဘွတ်စာပေ(၂၁)
30.11.22

ယေဘုယျအားဖြင့်ဆိုရလျှင် ဦးထင်ပေါ်ရေးသည့်ကိုယ်တွေ့ ရသဆောင်းပါးများမှာ ဖတ်ပျော်သော ဖေ့စ်ဘွတ်စာပေမျိုးဖြစ်သည်။
အကြောင်းအရာအားဖြင့် တကယ့်ကိုယ်တွေ့များဖြစ်ခြင်းကြောင့်လည်းကောင်းများ ဆောင်းပါးရေးရာ၌ စာပိုဒ်များ စည်စဥ် စည်းရုံးပုံကောင်းမွန်သောကြောင့်လည်းကောင်း၊ သူပြောလိုသည့်သတင်းစကား (message) ကို စာဖတ်သူထံသို့ သူ့စာများက ချောမောစွာရောက်အောင် ဆောင်ကြဥ်းပေးပို့နိုင်သည်ဟု ဆိုရမည်ထင်ပါသည်။
ဦးထင်ပေါ်၏ ဖေ့စ်ဘွတ်ဆောင်းပါးများကို အီးဘွတ် (e-book)အဖြစ် စီရင်ကာ on-line တင်ခဲ့သည်မှာ အမှတ်စဥ်- ၅-အထိရောက်ပြီဟု ဦးထင်ပေါ်၏ fb စာမျက်နှာတွင်ပေါ်ပြထားချက်အရသိရသည်။
ယင်း e_book စီစဥ်သူ၏အမည်မှာ (ကို)ကျော်ထွန်းဦးဖြစ်၍ စာစောင်ကို-  "ဦးထင်ပေါ်(မန္တလေး)- အွန်လိုင်းပေါ်ကအတွေး အရေးစာစုများ" ဟုအမည်တပ်ထားကြောင်း e-book အပိုင်း ၅- ကြော်ငြာအရသိရသည်။
 e -book တစောင်လျှင် ဦးထင်ပေါ်အတွက် ပိုက်ဆံတစ်ထောင်လှူဒါန်းကာ ဒေါင်းလုတ်ရယူဖတ်ရှုနိုင်ကြောင်းနှင့် ရပြီးငွေမည်၍မည်မျှ ၊ စာစောင်စီစဥ်သူ (ကို)ကျော်ထွန်းဦးက ဖြည့်စွက်လှုူဒန်းငွေ မည်၍မည်မျှတို့ကို လက်ခံရရှိသည်ဖြစ်သောကြောင့် ကျေးဇူးတင်ပါကြောင်း ဦးထင်ပေါ်ရေးထားသသည့်စာများကိုလည်း စာ စောင်ကြော်ငြာနှင့်အတူ ဖတ်ရ၏။
ဤ e_book လုပ်ဖြစ်သည့်အကြောင်း ဖတ်ရှုသူများရှိကြောင်းသိရသဖြင့် ကျွန်တော်ဝမ်းသာရပါ၏။ ဦးထင် ပေါ်အနေဖြင့်လည်း သူရေးသည့်စာများကိုဝယ်ယူအားပေးဖတ်ရှုကြသည့်အတွက် နောက်ထပ် စာများများရေးရန်အားတက်ဝမ်းမြောက်လိမ့်မည်ဟု မျှော်လင့်ရပါ၏။
ဦးထင်ပေါ်၏ fb profile တွင်ဖော်ပြထားချက်အရ ဦးထင်ပေါ်အား follow လုပ်ထားသူအရေအတွက် ၁၁၈၅၆ ဦးရှိသည်ဟုဆိုရာ ဖေ့စ်ဘွတ်နံရံ ( wall) တွင်ရေးထားသောဦးထင်ပေါ်၏စာဖတ်ပရိသတ်အရေအတွက် နည်းလှမည်မဟုတ်ကြောင်း ခန့်မှန်းနိုင်ကြမည်ဖြစ်သည်။ ဦးထင်ပေါ်၏ e-book ပရိသတ်မှာလည်း ဦးထင်ပေါ်၏ fb မိတ်ဆွေများထဲကပင်ဖြစ်မည်ဟုယူဆရပါသည်။
ဦးထင်ပေါ်၏ e-book စာစောင်တစ်စောင်ကိုမျှ ကျွန်တော်မဖတ်ရသေးသော်လည်း e -book ၌ဖော်ပြရာ၌ ဖေ့စ်ဘွတ်တွင်ရေးထားသည့်စာများကိုတော့ အနည်းဆုံးအားဖြင့် ဝါကျအသွားအလာနှင့် ဝါကျအဖြတ်အရပ်များကိုဖြစ်စေ အထိုက်အလျောက် ပြန်လည်တည်းဖြတ် ပြင်ဆင်လိမ့်မည်ထင်ပါသည်။
ဝါကျအသွားအလာဟု ကျွန်တော်ဆိုခြင်းမှာ စကားပြောဟန်ဖြင့်ရေးထားသည့်အထဲတွင် စကားပြောခန်းများပါလာသောအခါ၌ မူလစကားပြောအရေးနှင့် စကားပြောခန်းများကို 'ကော်မာ' အစရှိသော စာသုံးသင်ကေတများဖြင့် ခွဲခြားမပြတော့ဘဲ တဆက်တည်းရေးထားသည့်အတွက် စာအသွားရှုပ်ထွေးသည့်အချက်ကိုပြောလိုခြင်းဖြစ်ပါသည်။
အောက်တွင်ဦးထင်ပေါ်၏ "ရှေးကတော့ပိုချစ်ကြတယ်" ဆောင်းပါးထဲမှ စာတပိုဒ်ကို (မိုဘိုင်းဖုန်း screen တွင့်ဖတ်ရသည့်) မူရင်းဝါကျအဖြတ်အရပ်အသွားအလာအတိုင်း သာဓကထုတ်ပြထားပါသည်.....

××(နောက် နှစ်ရက်လောက်နေတော့ တင်စောကဖေးမှာလူရွှင်တော်အဖွဲ့နဲ့ ဝင်းမြိုင်တို့တွေ့ကြပြန်ပြီဗျာ ကျွန်တော်တို့စာပွဲကို ဝင်းမြိုင်ဝင်ထိုင်ပြီး သူငယ်ချင်းကြည်ဌေး၊ ငါအဲဒီနေ့ကအရက်နည်းနည်းသောက်ထားမိလို့ ငါမှားတာပါကွာတောင်းပန်ပါတယ်၊ မင်းငါ့ကိုထိုးတာမင်းလုံးဝမမှားပါဘူး၊ ငါအပြောရိုင်းတာ သူငယ်ချင်းမကြေနပ်သေးရင် ငါ့ကိုကြိုက်သလိုလုပ်န်ုင်ပါတယ်ကွာ၊ ဟ ..ဝင်းမြိုင်၊ မင်းနဲ့ငါစိတ်ဆိုးစရာလား၊ ငါလည်းအဲဒီညကမူးနေတာ၊ မင်းလဲမမူး၊ ငါလဲမသောက်ဆိုရင် ဘာပြဿနာမှဖြစ်မှာမဟုတ်ဘူး၊ မင်းကျေနပ်သလို
ငါလဲခွင့်လွှတ်တယ်)...
ဤသို့ဝါကျများအရောရောအနှောနှော ဖြစ်နေတတ်သည်မှာ ဦးထင်ပေါ်ရေးသည့်စာများတွင်ချည်းသာတွေ့ရသည်တော့မဟုတ်ပါ။ စကားပြောဟန်ဖြင့်ရေးတတ်ကြသော ဖေ့စ်ဘွတ်စာ အတော်များများတွင်လည်း တွေ့နေရသည်ပင်ဖြစ်သည်။
(ဖေ့စ်ဘွတ်ခေတ်မတိုင်မီကတည်းက စကားပြောဟန်ဖြင့်ရေးလာကြသည့်စာရေးဆရာတို့၏စာများ၌ပင် ထိုကဲ့သို့သော ဝါကျရောထွေးမှုမျိုးကို ရံခါ ရံခါတွေ့ရတတ်ပါသေးသည်။)
ဤနေရာတွင် စကားပြောဟန်ဖြင့်ရေးချင်သည့် ဖေ့စ်ဘွတ်ဆရာများအနေဖြင့် "အ​ပြောစကားပြေ" သည် အပြင်တွင်ပြောကြဆိုကြသည့်အတိုင်းရေးသည့်အရာမဟုတ်ဆိုသည်ကို သတိချပ်ထားသင့်ကြောင်းကျွန်တော်အကြံပြုလိုပါသည်။
{အရေးစကားပြေ အပြောစကားပြေများနှင့်စပ်လျဥ်း၍ မောင်ခင်မင်(ဓနုဖြူ)၏ "စကားပြေသဘောတရားစကားပြေအတတ်ပညာ" ကျမ်း၊ အခန်း (၂)တွင် အကျယ်တဝင့် ရှင်းပြထားပါသည်}*
(ဆက်ရန်)
*********

Comments