မောင်ခေတ်စည် - ဖေ့စ်ဘွတ်စာပေ(၁၄- ၁၅)၊ အခန်းဆက်ဆောင်းပါး

Image- Crd
ဖေ့စ်ဘွတ်စာပေ(၁၄- ၁၅)
မောင်ခေတ်စည်
(သစ်ခက်သံလွင်) နိုဝင်ဘာ ၁၇၊ ၂၀၂၂

ဖေ့စ်ဘွတ်စာပေ(၁၄)
13.11.22

အထက်တွင်ဖော်ပြခဲ့သည့် ဆောင်းပါး (အမှတ်-၁၃) နိဂုံးပိုင်းတွင်  ဤစာဖတ်ချိန်၌ စာ​ရေးသူဒေါ်ခင်ကြီးလည်းမရှိလောက်တော့သည်ကို တွေးဆမိ၍  ကျွန်တော် ရော်ရမ်းကာလွမ်းမိကြောင်း ရေးထားသည်မှာ အမှန်တကယ်ခံစားရသည့်အတိုင်း ရေးခြင်းဖြစ်ပါသည်။
ဒေါ်ခင်ကြီးရေးသည့်စာကိုဖတ်၍  စာကဆုံးသွားပြီဖြစ်သော်လည်း  စာထဲမှ l love you very long,long ago ဟူသည့် ချစ်ရေးဆိုစာကို  ချစ်ရေးဆိုလာသူ ကိုဗဟိန်း၏မျက်စိအောက်မှာပင်ဖတ်ကာ၊ ရှက်ကိုးရှက်ကန်း ရှက် သွေးဖြန်းလျက်ဖြင့် ဘာပြောရမှန်းမသိအောင် ကြောင်စီစီဖြစ်နေသည့် အသက် နှစ်ဆယ်ကျော်အရွယ် မခင် ကြီး၏ ချစ်စနိုးရုပ်သွင်သည်လည်းကောင်း...
ကိုဗဟိန်းက ခရီးထွက်ခါနီး လာနှုတ်ဆက်ကာ အိမ်ပေါ်မှဆင်းအပြန်တွင်  ခြံတံခါးပေါက်ဝမှထွက်သွားသော ကိုဗဟိန်းအား အိမ်အပေါ်ထပ်ပြတင်းပေါက်မှ ငေးကြည့်ကျန်ခဲ့သော မခင်ကြီး၏ ချစ်ရည်ဆမ်းသည့်အလွမ်းမျက်နှာအမူအယာကိုမှန်းဆ,၍လည်းကောင်း..
ခရီးထွက်ရာမှ ပြန်ရောက်လာသည့် ကိုဗဟိန်းအား မခင်ကြီးက အဖြေပေး၍ ၊ကိုဗဟိန်းက မခင်ကြီး၏ ညာဖက်လက်မှ လက်သန်းကလေးကို လှမ်းယူဆွဲကိုင်ကာ "အောင်မြင်တဲ့ နေ့တစ်နေ့ပါပဲ"ဟု၊ အသံကျယ်ကျယ်
ဖြင့်ပျော်မြူးစွာဥဒါန်းကျူးလိုက်ချိန်၌  "ဘာတွေအောင်မြင်နေတာလဲ" ဟုမေးမြန်းရင်း အခန်းထဲမှ(ဒေါ်ခင်ကြီး ၏အစ်မကြီး) မမအုန်းထွက်လာသည့် မြင်ကွင်းတို့သည်လည်းကောင်း ...
ကျွန်တော့်စိတ်အာရုံထဲတွင် ရုတ်ချည်း မပျက်ပြယ်နိုင်ဘဲ ဝဲလည်နေရာမှ ယခုပစ္စက္ခ၌ သူတို့တွေ မရှိကြတော့ပြီဆိုသည်ကို သတိဝင်သောကြောင့်  စိတ်ထဲတွင်စူးနင့်စွာ လွမ်းဆွေးသွားမိခြင်းဖြစ်ပါ၏။
ဒေါ်ခင်ကြီးရေးသည့်စာမှာ အချစ်ဝတ္ထုမဟုတ်သော်လည်း၊ သူ့စာတွင် အလှပါသည်ဖြစ်သောကြောင့်သူ့စာကိုဖတ်ပြီး အလှရသကိုကျွန်တော်ခံစားမိသည်။
လူစွန့်စားတို့အကြောင်း ရေးဖွဲ့သည့် ရာဇဝင်ဇာတ်လမ်းမဟုတ်သော်လည်း၊ သူ့ဘဝအတွေ့အကြုံထဲတွင် သမိုင်းဝင်သူရဲကောင်းတို့အကြောင်းပါသည်ဖြစ်သောကြောင့် ထိုသူတို့၏စွမ်းစွမ်းတမံ လက်တွေ့ရွက်ဆောင်မှုများကိုဖတ်ကာ  ရဲရင့်ခြင်း အံ့သြခြင်းတို့ကို နှစ်သက်အားရစွာ ခံစားရသည်။
ထို့ကြောင့် ဒေါ်ခင်ကြီးရေးသည့်ဆောင်ပါးကို၊ စာဖတ်ပရိသတ်အများ ဖတ်မိစေရန် မဂ္ဂဇင်းဂျာနယ် စသည် တစ်ခုခုတွင် ထည့်သွင်းဖေါ်ပြနိုင်လျှင် ကောင်းပေစွဟု တောင့်တခဲ့မိသည်၊၊ ဤသိုထည့်သွင်းနိုင်စေရန်ကား ကျွန်တော်မဆောင်ရွက်ဖြစ်ခဲ့။ ဆောင်ရွက်ခဲ့သည်ဆိုစေဦးတော့ လိုလိုလားလား ထည့်သွင်းဖော်ပြချင်သည့်၊ (မဂ္ဂဇင်းဂျာနယ်) အယ်ဒီတာ ရှိလိမ့်မည်ဟု ကျွန်တော်မထင်ပါ။
မထင်ရသည့်အကြောင်းမှာ  ဒေါ်ခင်ကြီး၏စာမှာ "လေးစားခင်မင်ရသော ဦးအုန်းမောင်ရှင့်" ဟုခေါင်းစဥ်တပ်ထားလင့်ကစား သူ့ဘဝအတွေ့အကြုံကို ရေးသည့်စာဖြစ်ရာ သူတွေ့ကြုံရသည့်အချက်များထဲမှ  သူ့စိတ်ဘဝင်တွင်စွဲထင်နေသမျှတို့ကို သိမ်းကျူံးရေးထည့်ထားသည့် စာမျိုးဖြစ်နေသည့်အလျှောက် အကြောင်းအရာအရ ကျယ်ပြန့်သည်နှင့်အညီ စာကလည်းရှည်လျားနေသည့်အတွက် မဂ္ဂဇင်း ဂျာနယ်စသည်များ၌ ဖော်ပြလေ့ရှိသောဆောင်းပါးစာ ပုံစံများနှင့် လွန်စွာခြားနားနေခြင်းကြောင့်ဖြစ်ပါသည်။
စင်စစ်အားဖြင့်  လူပုဂ္ဂိုလ်တဦးတယောက်က သူ့ဘဝတလျှောက် တွေ့မြင်ကြားသိခဲ့ရသည့်လူမှုအတွေ့အကြုံများအနက်မှ သူ့စိတ်အစဥ်၌ မှတ်ထင်ထင်စွဲဝင်နေသည်များကို ပြန်ပြောင်းရေးသားသည့် စာမျိုးများမှာ လို လားအပ်သော စာပေမျိုးသာဖြစ်ပါသည်။
ထိုစာမျိုးများတွင် သတိမူမိစရာ လောကဓံတခုခုအား ဆင်ခြင်သတိပြုဖွယ်တို့ကို ရသနှင့်ယှဥ်စပ်လျက် ဖတ်ရတတ်ပါသည်။ ခေတ်တခေတ်၏ကောင်းမှုဆိုးမှုအား  ဝေဖန်ပိုင်းခြား သိမြင်စရာများကိုလည်း၊ ခံစားမှုနှင့်ယှဥ်စပ်လျက် ဖတ်ရတတ်ပါသည်။
ဤနေရာတွင် ကြားဖြတ်အဖြစ် "ခေတ်" ဟူသော အသုံးအနှုန်း၏ အနက်အဓိပ္ပာယ် မတိမ်းမယိမ်း မသိမသာကွဲပြားနေပုံကို  ပြောချင်လာ၍ ပြောလိုက်ပါဦးမည်။
ခေတ်ဟူသောဝေါဟာရသည်  မင်းစိုးရာဇာအာဏာပိုင်စိုးမှုကာလတခုကိုလည်း ညွှန်းဆိုတတ်၍၊ ထိုခေတ်ကာ လအတွင်းသက်ရှိထင်ရှား နေထိုင်ရသူတို့၏နေ့စဥ်ဘဝကြုံတွေ့ရသည့်အဖြစ် သနစ်များကိုလည်း၊ ရည်ညွှန်းတတ်ပါသည်။
ကိုနီ 'ခေတ်", ဦးနု"ခေတ်" ,မဆလ"ခေတ်" ဟူသည်များ ၊ "ခေတ်" ဆို သည်မှာ ထိုထိုအာဏာပိုင်စိုးသူတို့၊ ကျင့်သုံးသောစံနစ်နှင့် ကာလကို ရည်ညွှန်းခြင်းဖြစ်ပါသည် ။ 
လူခွန်ဆောင်ရသည့်"ခေတ်,"ဘုန်းကြီးတွေ "စန်း"ထတဲ့ "ခေတ်", ပညာ ရှင်များအနှိမ်ခံရနေရသည့် "ခေတ်" စသည်များမှ၊ "ခေတ်" အသုံးကား၊ကိုလိုနီခေတ် ဦးနုခေတ် မဆလခေတ်တို့အတွင်း၊ ပြည်သူများကြုံတွေ့သိမြင်နေရသည့် အဖြစ်သနစ်တို့၏သရုပ်ကို ဖော်ပြသည့် "ခေတ်" များဖြစ်ပါသည်။
ထို့ကြောင့်၊ ကာလတခုအတွင်း အသက်ရှင်နေထိုင်ဖြတ်သန်းခဲ့သော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ဘဝအတွေ့ အကြုံကိုရေးသည့်စာတို စာရှည်များမှာ၊ ထိုကာလတွင်းအုပ်စိုးနေသော အာဏာစက်အောက်၌၊လူ့အဖွဲ့အစည်းအတွင်း၌ လက်တွေ့ဖြစ်ပျက်နေသည်များကို သရုပ်ဖော်သည့် စာများချည်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ခေတ်ကာလတစ်ခု၏ ပုံပန်းကို ဖော်ပြထားသည့် သမိုင်းကျမ်းတစောင်ကို၊ တောအုပ်တခုဟု ဥပမာပြုပါက ထိုခေတ်ကာလရှိ၊ လူပုဂ္ဂိုလ်တဦးချင်းစီက ရေးသားသည့် ဘဝအတွေ့အကြုံ ရသစာများကို၊ ထိုတောအုပ်ထဲရှိ သစ်ပင်ဝါးပင်များဟု ဆိုနိုင်ပါသည်။
သမိုင်းကျမ်းတဆူကို သလဲသီးတစ်လုံးဟုဆိုလျှင် ထိုသမိုင်းကာလအတွင်း အသက်ရှင်နေထိုင်သူတဦး၏ ဘဝအတွေ့အကြုံရေးသည့်စာကို၊ ထိုသလဲသီးအတွင်းထဲမှ သလဲစေ့ တစ်စေ့ ဟုဆိုရပါမည်။
ဤအယူကြောင့် လူပုဂ္ဂိုလ်တဦး၏ဘဝအစအဆုံးအတွေ့အကြုံရေးထားသည့်  အတ္ထုပ္ပတ္တိမှအစ ထိုပုဂ္ဂိုလ်၏ တစ်နေ့တာ ဘတ်စ်ကားစီးရသည့် အတွေ့အကြုံရေးထားသည့် ရသဆောင်းပါးမျိုးအထိ စာပေအရာဝင်သည့်စာမျိုးဟု မှတ်ယူကာ ကျွန်တော်တလေးတစား ဖတ်ပါသည်။ 
 စာဖတ်မိတ်ဆွေများလည်း ဖတ်စေချင်ပါသည်။
********
ဖေ့စ်ဘွတ်စာပေ(၁၅)
16.11.22

မြန်မာစာပေထဲတွင် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိများအနေဖြင့်  ဆရာကြီး ရွှေဥဒေါင်း၊ ဆရာဒဂုန်တာရာ၊ သခင်ဖေဌေး၊ ဦးဘညိန်.. အစရှိသည့်ပုဂ္ဂိုလ်တို့က သူတို့အကြောင်းကို သူတို့ဘာသာရေးသည့်စာများအဖြစ် စာအုပ်နာမည်တပ်လျက်လည်းကောင်း ...
 အရှင်ဇနကာဘိဝံသ၊ ဦးနု၊ သခင်တင်မြ၊ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ၊ ဝတ္ထုရေးဆရာမ စိန်စိန် ...စသည့်ပုဂ္ဂိုလ်တို့က သူတို့ဘဝအကြောင်းများကို 'တစ်ဘဝသံသရာ'၊ 'တာတေစနေသား '၊ 'ဘုံဘဝမှာဖြင့်'၊ ' ဆိုင်းစုမှသည်မန်ဟိုင်းဆီသို့ '၊  'ခရီးဝင်္ကဘာ' ...စသည့် စာအုပ်နာမည်များတပ်လျက်လည်းကောင်း ..ရေးထားကြသည်ကို စာဖတ်ပရိသတ်များသိကြပြီးဖြစ်ပါသည်။
"အတ္ထုပ္ပတ္တိ" ဟု အတိအကျ နာမည်မပေးနိုင်သည့်တိုင် ကိုယ်တွေ့ဘဝဖြတ်သန်းမှုတွင် ကြုံခဲ့ တွေ့ခဲ့ ကြားမြင်ခဲ့သည်များကို ခေါင်းစဥ်တခုတည်းအောက်တွင် ရေးသားထားသည့် ဆောင်းပါးများလည်း ရှိနေပြီးဖြစ်ပါသည်။
သာဓကအဖြစ် နတ်နွယ်၏" တောအကြောင်းတောင်အကြောင်း"၊ မန်းတင် ၏ "မြို့ပိုင်မောင်ပြုံးချို" စသည်များ။
ထို့အအပြင် စာရေးသူတဦးဦးက မိမိ၏အလုပ်ခွင်တွင် ကြုံတွေ့ရသည့် အဖြစ်တခုအကြောင်း၊ သို့မဟုတ် မိမိ၏အမိအကြောင်း အဖအကြောင်း ၊အဘိုးအဘွား မောင်နှမ ညီအစ်ကိုမိတ်ဆွေအပေါင်အသင်း ..စသည်ကိုယ် တွေ့အကြောင်းရေးသည့်ဆောင်းပါးများ အမြောက်အမြားကိုလည်း ဖတ်ရှုခဲ့ကြ ဖတ်ရှူနေရသည်ပင်ဖြစ်ပါသည်။
မြန်မာစာလောကရှိ  ရသဆောင်းပါးအများစုမှာကိုယ်တွေ့ (တနည်းအား ဖြင့်)  မိမိကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည်ကို ပြန်ပြောင်းရေးသားသည့်ဆောင်းပါးများက အများစုဖြစ်နေမည်ဟု ထင်မိပါသည်။
ခေတ်ကာလတခုအတွင်း  အသက်ရှင်နေထိုင်ခဲ့သူ တဦးတယောက်သောပုဂ္ဂိုလ်၏ ကိုယ်တွေ့ဆိုသည်များမှာ ထိုခေတ်ကာလအတွင်း လူမှုဝန်းကျင်ထဲ၌ အမှန်တကယ် ပေါ်ပေါက်ခဲ့သောအရာများဖြစ်၍  ထိုအဖြစ်များထဲမှ ချစ်သင့် လွမ်းသင့် ကရုဏာသက်သင့် ချီးမွမ်းအံ့သြသင့်သည်များကို ချစ်စရာဖြစ်အောင် လွမ်းစရာဖြစ်အောင် ကရုဏာသက်စရာဖြစ်အောင် ချီးမွမ်းအံ့ဩစရာဖြစ်အောင် ရေးဖွဲ့ထားသောစာမျိုးကို ကိုယ်တွေ့ရသစာပေအမျိုးအစားဟုဆိုလျှင်  ဆိုနိုင်ကောင်းမည်ထင်ပါ၏။

ဤဆောင်းပါမှာ ဖေ့စ်ဘွတ်ပလက်ဖောင်းတွင် တွေ့ရဖတ်ရသော ရသစာများ၏အကြောင်းကို တင်ပြရန်ရေး သားသည်ဖြစ်သော်လည်း၊ တွေ့ရဖတ်ရသည့်စာများအနက်မှ ဟာသအတွက်ရေးသည်မဟုတ်သော်လည်း ဆက်စပ်ဖတ်သောအခါ၊ ရယ်မောစရာဖြစ်ရသည့် ရသစာများနှင့် ကိုယ်တွေ့ဆောင်းပါးများတင်ပြပုံမှာ  ဖေ့စ်ဘွတ်ပလက်ဖောင်းမှာသာတွေ့ရဖတ်ရပြီး ဖတ်ရိုးဖတ်စဥ်စာစောင် မဂ္ဂဇင်းစသည်များ၌ တွေ့ရခဲလှသော တင် ပြပုံများဖြင့်ရေးသားထားသည့် ရသစာများဖြစ်သည်ကို စာသမားတို့ဂရုမူ၍  သတိပြုဖတ်ရှုမိစေရန်သာ ရည် ရွယ်ပါသည်။
ဖေ့စ်ဘွတ်တွင်  တဦးသောအကောင့်ပိုင်ရှင် ပို့စ်တင်ထားသည့်စာနှင့်  ထိုပို့စ်အား ကွန်မင့်ပေးသောစာတို့  အခံအအုပ်တစ်စုံက ရသစာတပုဒ်ဖြစ်တတ်ပုံကို အထက်တနေရာတွင် သာဓကနှင့်တကွ တင်ပြခဲ့ပြီးဖြစ်ပါ သည်။
 ယခု ဖေ့စ်ဘွတ်တွင်ဖတ်ရလေ့ရှိသော ကိုယ်တွေ့ဆောင်းပါးများအကြောင်း ဆက်လက်တင်ပြချင်ပါသေးသည်။ 
"အကြောင်း" ဆိုရာ၌ တင်ပြထားသည့် အကြောင်းအရာကို ဆိုလိုသည်မဟုတ်ပါ။ တင်ပြပုံတင်နည်းကိုသာ  ပြောလိုခြင်းဖြစ်ပါသည်။ 
(ဆက်ရန်)
16.11.22

Comments