သစ်ခက်သံလွင် - '' ဦးစောနှင့် သေဒဏ်အမိန့်နောက်ဝယ် ''(ချစ်ကြည်ရေးကြည်ညွန့်ရေးသားခဲ့တဲ့ " သမိုင်းဝင် သူရိယမြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေး စာအုပ်မှ .._

'' ဦးစောနှင့် သေဒဏ်အမိန့်နောက်ဝယ် '
ချစ်ကြည်ရေးကြည်ညွန့်ရေးသားခဲ့တဲ့ " သမိုင်းဝင် သူရိယမြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေး စာအုပ်မှ ..
သစ်ခက်သံလွင်
(သစ်ခက်သံလွင်) ဇူလိုင် ၁၉၊ ၂၀၂၂

ဒီ ၇၅ နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကြီးများအပေါ် အငြှိုးအာဃာတကြီးစွာထားခဲ့ရာက မဟာ အမှားကြီး ကျူးလွန်ခဲ့လေသူ ဂဠုန်ဦးစောတယောက် (ဗိုလ်ချုပ်အောင်ဆန်းက ဦးစောအပေါ် အမြင်သဘောထား အပါအဝင်) ကြိုးမိန့်အပေးခံရပြီးနောက်ပိုင်း ကြိုးမိန့်အပေးခံခဲ့ရချိန်အထိ မည်သို့မည်ပုံ နေထိုင်ဖြတ်သန်းသွားခဲ့ လေသနည်းဆိုတဲ့ ပုံရိပ်ကို မြင်တွေ့နိုင်၊ သံဝေဂယူနိုင်ဖို့ ချစ်ကြည်ရေးကြည်ညွန့်ရေးသားခဲ့တဲ့ " သမိုင်းဝင် သူရိယမြန်မာ့အလင်းနှင့် မြန်မာ့နိုင်ငံရေး " ပါစာအုပ်မှာ စာမျက်နှာတချို့တို့ကို မဖတ်ရဖူးသေးသူများ၊ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များ သိမှတ်နိုင်ရန် စိတ်ဝင်စားရေးအလို့ငှာ “ ဦးစောနှင့် သေဒဏ်အမိန့် နောက်ဝယ်” ဟု အမည်တပ်လျက် တကူးတကန့် ရိုက်နှိပ်ဖော်ပြပေးလိုက်ပါသည်။
မှတ်ချက် - ဦးစောကို မင်းသားလုပ်ရေးထားသလို လွမ်းတောင်သွားရဲ့ဗျား

------
'' ဦးစောနှင့် သေဒဏ်အမိန့်နောက်ဝယ် ''
-
၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စီရင်ချက်ချခဲ့ရာ အစိုးရသက်သေဖော်ကောင်ဘညွန့်မှတပါး ကျန် တရားခံ ၉ ဦးဖြစ်သော ၁- ဦးစော၊ ၂- မောင်စိုး၊ ၃- သက်နှင်း၊ ၄- မောင်စိန်၊ ၅- ရန်ကြီးအောင်၊ ၆- သုခ၊ ၇- ခင်မောင်ရင် (ဦးစော၏တူ)၊ ၈- မောင်နီ၊ ၉- မှုန်ကြီးတို့အား သေဒဏ်အပြစ်ပေးခဲ့လေသည်။
၎င်းတို့အား ၇ ရက်အတွင်း အယူခံဝင်ခွင့်ကိုပါ အထူးခုံရုံးတော်ကပေးခဲ့ရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃ ရက် မြန်မာ့ လွတ်လပ်ရေးအကြိုနေ့တွင် ဦးစောက တရားလွှတ်တော်သို့အယူခံဝင်ခဲ့၏။ ဦးစော၏အယူခံကို ၁၉၄၈ ခု နှစ် ဧပြီ လ ၂၇ ရက်နေ့တွင် တရားလွှတ်တော်ချုပ်က ပယ်ချခဲ့၏။
အခြားတရားခံများက တရားလွှတ်တော်ချုပ်သို့လျှောက်ထားခြင်းမပြုကြတော့ဘဲ နိုင်ငံတော်သမ္မတကြီးထံ အသနားခံကြ၍ ဦးစော၏တူ ခင်မောင်ရင်ကို သေဒဏ်မှ တသက်တကျွန်းသို့လွှဲပြောင်းလျှော့ပေါ့ပေးခဲ့၏။
ထိုနည်းတူ သုခ နှင့် မောင်နီတို့ ၂ ဦးမှာလည်း မေလ ၆ ရက်နေ့နံနက်ပိုင်းတွင် ကြိုးပေးခန်း၌ သရဏဂုံတင်ထား ပြီးခါမှ ညနေပိုင်း၌ သမ္မတအမိန့်ရောက်လာ၍ သေဒဏ်မှတသက်တကျွန်းသို့ လွဲပြောင်းပေးလိုက်သည်။
၁၉၄၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်အတွင်း၌ ဦးစောသည် ဇနီးသည်ဒေါ်သန်းခင်၊ သမီး မေသန်းစော (ဘေဘီစော) တို့နှင့်အတူ မိုးညှင်းသိင်္ဂီကျောင်းတိုက် ရေလဲဆရာတော် ဦးပဏ္ဍိစထံမှ လက္ခဏာရေး သုံးပါး တရားကို နာယူသည်။
အယူခံတွင်ရှုံးခဲ့သော ဦးစောကိစ္စနှင့်ပတ်သက်၍ ၁၉၄၈ ခုနှစ် မေလ ၁ ရက်နေ့ထုတ် အိုးဝေသတင်းစာ "ဤမိုးနှင့် ဤမြေ" အခန်းတွင် မောင်သုမနအမည်ခံ အိုးဝေဦးညိုမြက "ဗမာ့ဝဋ်ကြွေး" ဟူသောခေါင်းစဉ်တပ်၍ အောက်ပါ အတိုင်း ရေးသားထားလေသည်။

မေလ ၈ ရက်နေ့မှာ ဦးစောကိုကြိုးပေးတော့မယ်၊ ဒီသတင်းမျိုးကြားရတာစိတ်ညစ်တယ်ဗျာ။
လွတ်လပ်မြန်မာပြည်ကြီးမှာ တရားဓမ္မအုတ်မြစ်များတည်မြဲခိုင်ခန့်ရေးအတွက် ဒီလိုစီရင်ချက်များလဲ ရှိရမှာပါပဲ။ ကျဆုံးခဲ့တဲ့ ခေါင်းဆောင်များကိုသတိရမိတဲ့အခါလဲ ဦးစောဟာ အခုလိုဖြစ်ရမယ်ဆိုတာ မျှော်လင့်ခဲ့ပြီးပါပဲ။ လောကကြီးမှာ တရားအတိုင်းဖြစ်ကြရမှာကိုး။
တစုံတယောက်ဘေးတွေ့နေရင် လူတိုင်းက ကယ်တင်ချင်တဲ့စိတ်ရှိတယ်၊ တစုံတယောက် အနာရောဂါရှိနေရင် ဆေးရုံကိုအမြန်ပို့ပေးပြီး ဆေးဝါးကုသပေးလေ့ ရှိကြတယ်။ လောကီထုံးတမ်းအရ လူတယောက်ရဲ့အသက်ကို အဲဒီလိုယုယထိန်းသိမ်းကြစမြဲပါပဲ။ သို့ပေမယ့် တရားအလျောက် စီရင်ရာမှာ ဦးစောလို မာမာချာချာလူကြီး တယောက်ဟာ မေလ ၈ ရက်နေ့မှာ သေရတော့မယ်။ ငါးပျံတလှည့် ဗုံလုံတလှည့် ဆိုသလို တန်ပြန်သဘော တရားများအရ စီရင်ကြရလို့ ဒီလိုပဲဖြစ်ကြရစမြဲပဲ။ ဒါမှလဲ တရားဉပဒေကိုရိုသေကိုးရှိူင်းကြပြီး တိုင်းပြည်မှာ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုများ နည်းပါးအေးချမ်းရှိနိုင်မယ်။
ခုအချိန်မှာတိုင်းသူပြည်သားအားလုံးလဲ ဒီသတင်းမျိုးကိုကြားချင်သူရှိမယ်မဟုတ်ဘူး။ အစက ဒီလိုအဖြစ်မျိုး ရောက်အောင်မဖန်တီးခဲ့ကြရင် ကောင်းမှာပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့လဲမသေမပျောက်ဘဲ၊ ပျော်ပျော်ရွှင်ရွှင် ရှိနေစေချင်တယ်၊ ဦးစောလဲ အခုလို သားမယားနဲ့ကွေကွင်းရမယ့်အဖြစ်ကို မမြင်ရက်ဘူး။ အမိမြန်မာပြည်ရဲ့ သားကြီးများပီပီ အချင်းချင်းသင့်မြတ်ခင်မင်စွာ တိုင်းကျိုးပြည်ကျိုး ဆောင်နေကြတာပဲတွေ့မြင်ချင်တာပဲ။

မောင်သုမနဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးစောတို့ ရင်းရင်းနှီးနှီးရှိခဲ့ကြတဲ့အချိန်ကို ပြန်ပြောင်းအောက်မေ့မိတယ်။ ၁၉၃၈ ခုနှစ်လောက်က ဦးစောက သူရိယသတင်းစာ အယ်ဒီတာချူပ်၊ ဗိုလ်ချုပ်အောင်ဆန်းကလဲ ကျောင်းသား ခေါင်းဆောင်အဖြစ်နဲ့ တက္ကသိုလ်သမဂ္ဂမှာ မောင်သုမနတို့နဲ့အတူ ရှိနေစဉ်ပဲ။
အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဦးစောကိုု အတော်ကြည်ညိုတယ်။ " ဦးစောဟာ ဘယ်လောက်ချီးမွှမ်း စရာကောင်းသလဲ၊ သူများလို ဘီအေ၊ အမ်အေမအောင်ပေမဲ့ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားပြီး ထိပ်တန်းခေါင်းဆောင် တဦးဖြစ်အောင် လုပ်နိုင်တဲ့လူပဲ " လို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က မောင်သုမနကိုပြောတာ မှတ်မိသေး တယ်။
ဗိုလ်ချုပ်နဲ့သခင်နုတို့က ဂဠုန်စောကိုတက္ကသိုလ်သမဂ္ဂသို့ဖိတ်ပြီး တရားပွဲလုပ်ပေးခဲ့ကြသေးတယ်။ အဲဒီတရားပွဲမှာ ဦးစောကလဲ ခပ်ရွှန်းရွှန်းနဲ့ ဒေါက်တာဘမော်အစိုးရာထူးခန့်ထားရေးအဖွဲ့ လက်ဝါးကြီးအုပ်ပုံကို ဖွင့်ချပြီး 'မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဒီလိုလုပ်ပုံဟာ အင်မတန် အရုပ်ဆိုးပါတယ်ခင်ဗျား' လို့ အင်္ဂလိပ်လို ခပ်တည်တည်မှုတ်ခဲ့ပုံတွေကိုလဲ အတော်ပွဲကျခဲ့ကြတယ်။
စစ်ဘေးစစ်ဒဏ်များဆိုက်ရောက်ပြီးခဲ့တဲ့ မြန်မာပြည်မှာ နိုင်ငံခေါင်းဆောင်များဟာ အချင်းချင်းခြေထိုးမှုများ မလျှော့နိုင်ကြပေမယ့် အကြမ်းပတန်း တရားလက်လွန်မဖြစ်အောင် အထူးဆင်ခြင်ပြီးနေကြမယ်လို့တော့ ဆုတောင်းခဲ့ကြတယ်။ ဆုတောင်းရင်းပဲ ဦးစောသေနတ်ပစ်ခံရမှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံကြရမှုကြီး တွေဟာ ကျနော်တို့အားလုံးကို ယူကြုံးမရ ဖြစ်စေခဲ့ပါတယ်။
ဒီအမှုကြီးကိုအစအဆုံးတရားအတိုင်းစီရင်ပြီးရင် အမိမြန်မာပြည်ကြီးဟာ နောင်အခါမှာ ဒီလိုပူဆွေးဒုက္ခမျိုး ဘယ်တော့မှမရောက်ပါစေနဲ့လို့ လှိုက်လှဲစွာ ဆုတောင်းပါတယ်။ ဒီလိုအဖြစ်မျိုး နောင်အခါမဖြစ်ကြရအောင် နိုင်ငံရေးခေါင်းဆောင်လုပ်သူများ အထူးသတိပြုကြပါခင်ဗျား။
ဒီအချိန်မှာ မောင်သုမနဟာ ဂဠုန်စောကြီးရဲ့ ဗမာခေါင်းဆောင်အဖြစ်နဲ့ ကောင်းသောဆောင်ရွက်ချက်များကိုလဲ သတိရမိပါတယ်။ နောက်ပြီး တနေ့က ထောင်ထဲမှာ ဘုန်းကြီးများရဲ့တရားပြချက်တွေကိုအာရုံပြုပြီး ဗုဒ္ဓဘာသာ ပီပီ ဘယ်လိုမှချောက်ချားခြင်းမရှိဘဲ ဇနီးနဲ့ သမီးကိုတောင် အားပေးနှစ်သိမ့်တယ်လို့ကြားရလို့ သာဓုခေါ်ပါတယ်။
တမလွန်ဘဝတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးစော ပြန်လည်မိတ်ဆက်ကာ လွတ်လပ်တဲ့ဗမာပြည်၌ ညီရင်းအကို များအဖြစ် ပြန်လည်မွေးဖွားပြီး တိုင်းပြည်အကျိုးကိုသယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ လွတ်လပ်သော ဗမာပြည်ကြီး တည်တံ့ပါစေသော်"။
၁၉၄၈ ခုနှစ် မေလ ၈ ရက်နေ့၊ နံနက် ၅ နာရီအချိန်တွင် ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုန်ကြီးတို့ကို အင်းစိန် ထောင်၌၎င်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို ရန်ကုန်ထောင်ကြီးတွင်၎င်း၊ တချိန်တည်းကြိုးပေး၍ သတ်ခဲ့လေ သည်။
အင်းစိန်အကျဉ်းထောင်ထဲတွင် ဦးစောအားကြိုးပေးသတ်ခဲ့ခြင်းကို ဖဆပလအစိုးရ ပြန်ကြားရေးဌာနမှ ရုပ်ရှင် ရိုက်၍ မှတ်တမ်းတင်ထားခဲ့လေသည်။
ထိုမှတ်တမ်းရုပ်ရှင်ရိုက်ကူးယူခဲ့ရသူမှာ ဦးမျိုးမြင့်၊ (ယခု ဗိုလ်မှူးမျိုးမြင့် ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့ ) ဖြစ်လေသည်။
ကြိုးမပေးမီနာရီပိုင်းလောက်သာကျန်ရှိတော့သည့်အချိန်အတောအတွင်း ဦးစောသည် ၎င်းသောက်ရန်ရရှိထား သောနံနက်လက်ဖက်ရည်ကိုသူ၏အခန်းထဲရှိဘုရားစင်၌ အာရုဏ်ဆွမ်းကပ်ပြီး ဖယောင်းတိုင်သုံးတိုင် ထွန်းညှိ ၍လည်း ပူဇော်ခဲ့လေသည်။
ဘုရားကိုပူဇော်ပြီးနောက် ဦးစောသည် အပြင်ဘက်၌စောင့်နေသော အကျဉ်းဌာနမင်းကြီး ဦးဘမောင်၊ ဦးသန်းနွဲ့၊ (ရန်ကုန်ခရိုင် ရာဇဝတ်တရားသူကြီးဟောင်းနှင့် အကျဉ်းဌာနမင်းကြီးဟောင်း) နှင့် ဆရာဝန်၊ တရားသူကြီး … စသူတို့ကို ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်သည်။
ဦးစောသည် ရှမ်းဘောင်းဘီမီးခိုးရောင်ကိုသေသပ်စွာ ဝတ်ဆင်ထားပြီး ကြိုးစင်ရှိရာသို့ ခပ်မှန်မှန်လမ်းလျှောက် လာသည်။ ထိုသို့လမ်းလျှောက်လာရင်း ဘုရားစေတီတော်တဆူတည်ထားကိုးကွယ်ရာကိုလွန်လာသဖြင့် နောက် ပြန်လှည့်ပြီး ဒူးတုပ်ကာ ဝပ်ချသည်။
ထိုနောက် ကြိုးစင်ဘက်သို့ဆက်လက်လမ်းလျှောက်လာရင်း မြင်တွေ့ရသူတို့အား လှမ်း၍နှုတ်ဆက်သည်။ မမြင်မတွေ့ရသူတို့ကို မေးမြန်းပြီး နှုတ်ဆက်သွားကြောင်း မှာကြားလေသည်။
သူ၏အမှုကိုစစ်ဆေးခဲ့ရသည့်အထူးခုံရုံးနာယက ဦးကျော်မြင့်နှင့် သူ့အပေါ်၌တာဝန်အရ ဆောင်ရွက်ခဲ့ကြသည့် သူများအား ရန်ငြှိုးဖွဲ့မုန်းထားမှု စိုးစဉ်းမျှမရှိပါဟု မှာကြားကာ ကြိုးစင်ပေါ်သို့ ဣ‌နြေရရ တည်တည်ငြိမ်ငြိမ်နှင့် တက်သွားလေသည်။ လည်ပင်းကိုကြိုးကွင်းစွပ်ခါနီးတွင် ဦးစောက အနီးအနားရှိပုဂ္ဂိုလ်အားလုံးတို့အား ''ဂွတ်ဒ်ဘိုင်" ဟု နောက်ဆုံးနှုတ်ဆက်သွားရှာ၏။
...
ဦးစောသည် သူ၏သမီး မေသန်းစော (ဘေဘီစော) ထံသို့ နောက်ဆုံးပေးစာ မှာတမ်းတစောင်ကို ကြိုးပေးခံရတော့မည့်ဆဲဆဲရက်ပိုင်းအတွင်း ရေးသားသွားခဲ့လေသည်။ ထိုစာကို သက်ဆိုင်ရာမှအာဏာပိုင်တို့က မေသန်းစောထံသို့ ပို့ပေးခဲ့သည်ဟု ဆိုပါသည်။
ဖခင်ဦးစောက သမီးမေသန်းစောထံသို့နောက်ဆုံးရေးသားသွားခဲ့သည့်မှာတမ်းစာထဲတွင် …

“ဒေါသနှင့် အာဃာတတရားသည် ကောင်းကျိုးကိုမပေးဘဲ ဆိုးကျိုးကိုသာ ပေးသည်။ သူတို့အမျိုးသည် သူများက တချက်ရိုက်လျှင် ကိုယ်က နှစ်ချက်ပြန်ရိုက်ရမှ ကျေနပ်သည့်အမျိုး၊ ထို့ကြောင့် သူသည် ဒေါသမီးကို ရင်ဝယ်ပိုက် ပြီး အာဃာ တတရားကြီးမားလွန်းခဲ့သဖြင့် သူ၏ဘဝကိုတိုတိုနှင့်ပိုင်းကာ ဇာတ်သိမ်းဆိုးခဲ့ရသည်။ အကယ်၍ဒေါသမီးကိုရင်ဝယ်မပိုက်ဘဲ ငြိမ်းသတ်နိုင်ခဲ့ပြီး အာဃာတတရားကိုလည်း ဖျောက်ဖျက်ပစ်နိုင်ခဲ့မည် ဆိုပါလျှင် ယခုလိုအသက်ငယ်ငယ်နှင့် ဘဝကိုတိုတိုပိုင်းရမည်မဟုတ်ချေ။ သူ မြတ်နိုးသောဇနီး၊ သူချစ်သော သမီး တို့နှင့်လည်း အိုအောင်မင်းအောင်နေထိုင်ရပြီး တိုင်းပြည်အကျိုးကို သည်ပိုးထမ်းဆောင်သွားနိုင်မည် ဖြစ်သည်။ ယခုကား လွန်ခဲ့လေပြီ။ ပြီးခဲ့လေပြီ။ သို့တစေလည်း ဖခင်ဖြစ်သူ၏အမှားမျိုး၊ နောင်တမျိုး၊ သံဝေဂမျိုးကို သမီး ဖြစ်သူမကြုံတွေ့ရလေအောင် ဖခင်၏ဘဝသင်ခန်းစာကိုယူ၍ ဒေါသမီးကိုရင်ဝယ် မပိုက်ထွေးဘဲ ငြိမ်းသတ်ပစ်ပါ။ မည်သူ့အပေါ်မျှ ရန်ငြှိုးဖွဲ့ ရန်ငြှိုးမထားဘဲ အာဃာတတရားကို ဖျောက်ဖျက် မေ့ပျောက်ပစ်ပါလေ ချစ်သမီး” ဟူ၍ ဖော်ပြပါရှိသည်ဟု သိရသည်။

Comments