လှရွှေ - ဒုက္ခသည်တဦးရဲ့ မီလီယံနာ အိပ်မက်

စာရေးသူ (ဝဲ) နှင့် တောင်ပေါ်သား ကိုသားငယ် (ယာ)
ဒုက္ခသည် တဦးရဲ့ မီလီယံနာ အိပ်မက်
လှရွှေ
(သစ်ခက်သံလွင်) ဇူလိုင် ၂၄၊ ၂၀၂၂

"ကျနော် ဒီကြက်ခြံ (၆) ခြံကို ၁.၆ သန်းနဲ့ဝယ်လိုက်တယ်၊ တနှစ်လောက် ကြာတော့ နောက် ထပ် (၅)ခြံကို ထပ်ဝယ်လိုက်တယ်။ လောလောဆယ် ဝင်ငွေသိပ်မကောင်းပေမဲ့ သားသမီးတွေ အနာဂတ်အတွက်ပေါ့”  ပြောသူက ကိုသားငယ်ပါ။ မြောက် ကာရိုလိုင်းနားပြည်နယ်က မြေဧက (၁၀၀) ကျော်မှာ ကြက်မွေးမြူရေး လုပ်နေတဲ့သူ။  အသက်က ၃၃ နှစ်မပြည့်သေးပေမယ့် ကာလပေါက်ဈေး ဒေါ်လာ ၅ သန်းလောက်တန်တဲ့ ကြက်မွေး မြူရေးကို လက်တွေ့လုပ်ကိုင်နေသူ၊ အမေရိကန် American Dream အကောင်အထည်ဖော်နေတဲ့ ချင်းတိုင်း ရင်းသားလူငယ်တဦးပါ။ 

အမေရိကားကို ရောက်စတုန်းက ဗမာစကား သိပ်မပြောတတ်ပေမယ့် စက်ရုံမှာ အလုပ်လုပ်ရင်း ဗမာစကား ပြောတတ်လာသူ။ အမေရိကားလိုနေရာမှာ ဒုက္ခသည်ဘဝကနေ ဒေါ်လာသန်းချီတန်တဲ့လုပ်ငန်းမျိုးကိုလုပ်ဖို့ ဆိုတာ သိပ်လွယ်တဲ့အလုပ်မဟုတ်ပါ။ ဒါပေမယ့် အမေရိကန်တွေပြောတဲ့ American Dream ဆိုတာ ပဲနိမရှိဘဲနဲ့ ဒေါ်လာသန်းချီတန်တဲ့လုပ်ငန်းမျိုးကို လုပ်နိုင်တာလည်း အမေရိကားပါ။ မြန်မာလိုပြောရင် ရိုးသား၊ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တဲ့ အမေရိကား။ Financial Institutions တွေအားကောင်းတဲ့ အမေရိကားမှာ ရိုးသား၊ ကြိုး စားရင်းနဲ့ သန်းကြွယ်သူဌေးဖြစ်သူတွေ ဒုနဲ့ဒေး။ 

အမေရိကားဆိုတာ Comfort Zone ဧရိယာကလည်း သိပ်ကျယ်ဝန်းပါတယ်။ ဘာပညာမှ တတ်စရာမလို လင် မယားနှစ်ယောက် တပတ် ၅ ရက်လုပ်ရင်လည်း ကမ္ဘာပတ်ပြီး ဘဝရပ်တည်လို့ရသလို၊ အလုပ်မလုပ်ဘဲ အစိုးရဆီက အစားအသောက်၊ ကျန်းမာရေးအာမခံ၊ နေစရာ အိမ်ခန်း တကျပ်မှပေးစရာမလိုဘဲ နေလို့ရတော့ Comfort Zone ကသိပ်ကျယ်ဝန်းပါတယ်။ အချို့ ရွှေမြန်မာမိသားစုဆို ဖယ်ဒရယ်အစိုးရက ချမှတ်ထားတဲ့ မိသားစုဝင်ငွေကို အသေအချာ လေ့လာ၊ အလုပ်ချိန်ကိုလျော့လုပ်ပြီး ဝင်ငွေနည်းမိသားစုအဖြစ်ရပ်တည်နေတဲ့သူတွေကလည်း အမေရိကားမှာ ရိုက်သတ်မကုန်။ ဒီလိုလူတွေက အမေရိကားမှာ ဘာပိုင်ဆိုင်မှုမရှိဘဲ အစိုးရငှားပေးတဲ့ တိုက်တန်းလျားပေါ်နေရင်း ဘဝကိုနှပ်နေသူတွေ၊ သတို့ကို သူတို့ တကယ်လူတော်၊ လူလည်လို့ထင်နေသူတွေ။

ဒါပေမယ့် တောင်စလပ်ပန်းတွေပွင့်တဲ့ တောင်ပေါ်သား ကိုသားငယ်က လူလည်၊ နတ်ယောင်၊ တတ်ယောင် ကားမဟုတ်ဘဲ ရိုးသားတာ၊ ကြိုးစားတာအပြင် အနာဂတ်အတွက် စဉ်းစားနိုင်တဲ့ လူတော်တဦး။ ဒါပေမယ့် သူဟာ မြန်မာပြည်ကအတန်းပညာ ကောင်းကောင်းမသင်ခဲ့ဘူးတဲ့သူ။ 

“ လတ်တလောမှာ ဆူရှီလုပ်ငန်းလောက်ဝင်ငွေမကောင်းပေမယ့် အနာဂတ်မှာတော့ ဝင်ငွေ ကောင်းမယ်ထင်တာဘဲ၊ ကျနော်က ဆူရှီလုပ်တာဝါသနာပါပေမယ့် ကုမ္ပဏီရဲ့ ခေါင်းပုံဖြတ်မှု၊ Market ဝန်ထမ်းတွေရဲ့ ဗိုလ်ကျမှု၊ နားရက်မရှိ တနေကုန်လုပ်ရတဲ့အလုပ်ချိန်၊ အနာဂတ် ပိုင် ဆိုင်မှုမရှိတာကြောင့် ကြက်မွေးမြူရေးလုပ်ဖို့ ရွေးလိုက်တာ” ဟုပြောပြန်သည်။ 

လောလောဆယ် Mortgage Payment ပေးပြီးရင် မိသားစုစားဝတ်နေရေး ဖူလုံတယ်၊ အနား ယူနိုင်တယ်၊ တနှစ်ကို တသိန်းလောက်တော့ စုမိနိုင်တယ်၊ ၁၅ နှစ်အတွင်း ဘဏ်ချေးငွေပေးပြီးရင်တော့ လုပ်ငန်းအားလုံး ပိုင်ပြီပေါ့၊ ဒါပေမယ့် ကြက်မွေးမြူရေးလုပ်ငန်းက Risk ကြီးတယ်။ ဆူရှီလုပ်ငန်းက Risk သိပ်မရှိဘူး။ ကျနော်တို့ ဘဝနဲ့ချီပြီး ပုံအပ်ထားရတဲ့လုပ်ငန်းပေါ့”။ 

အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခသည်ဘဝနဲ့ အမေရိကားကိုရောက်လာတဲ့ မြန်မာပြည်က တိုင်းရင်းသားတွေထဲမှာ ချင်းတိုင်းရင်းသားတွေကတော့ ပညာရေးနဲ့ စီးပွားရေးလောကကို နယ်ချဲ့လာတာ မြင်နေရပါတယ်။ ထူးခြားတာက တခြားတိုင်းရင်းသားတွေနဲ့ စာရင် စည်းလုံးမှု အားကောင်းပြီး၊ အချင်းချင်းကူညီဖေးမမှုနဲ့ တည် ဆောက်နေကြတာကို မြင်ခဲ့ရတာက အားရစရာ၊ ကြေနပ်စရာ။ 
ရည်မှန်းချက်တွေ အောင်မြင်ပါစေ ကိုသားငယ် ...

လှရွှေ

Comments