ဘဖေငြိမ်း - မေတ္တာတရား၊ အေကေတလက်၊ အနာဂတ်ကိုခေါ်တဲ့ခေါင်းလောင်းသံ

ကျောင်းဆရာကြီး  ဦးခိုင်ဦးမောင်
မေတ္တာတရား၊ အေကေတလက်၊ အနာဂတ်ကိုခေါ်တဲ့ခေါင်းလောင်းသံ 
ဘဖေငြိမ်း
(သစ်ခက်သံလွင်) ဇွန် ၈၊ ၂၀၂၂

၉ဝ-ခုလွန်နှစ်များ၏ နှောင်းပိုင်းကာလများ...။

ထောင်စုနှစ်သစ်၏ပျိုနုသောရနံ့သည် တကမ္ဘာလုံးရှိ အရပ်ရပ်မျက်နှာတွင် လွင့်ပျံရိုက်ခတ်လျက်ရှိ နေလေပေပြီ။

စိမ်းလန်းသောထိုရနံ့က ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူသားတိုင်းအပေါ် သစ်လွင်လတ်ဆတ်သော စိတ်ကူးစိတ်သန်းများ ရှင်သန်နိုးထစေသလို ကျနော်တို့နိုင်ငံသားများ၏ မျက်နှာများ ဟန်အမူ အရာများတွင်လည်း တစုံတရာ မျှော်လင့်ရည်သန်မှုများက ခါတိုင်းထက် ပိုမိုတောက်ပ ရွှန်းမြ လျက်ရှိနေ သည်ဟု ကျနော်ခံစားနေမိသည်။

စင်စစ် ထောင်စုနှစ်တခုမှ ထောင်စုနှစ်တခုဆီသို့ ကူးပြောင်းသည့် စပ်ကူးမတ်ကူး ကာလတခုအား ကြုံတောင့်ကြုံခဲ ဖြတ်သန်းခွင့်ရကြရသူများအဖြစ် လူသားတိုင်းကိုယ်စီ၏ပုံရိပ်တွင် အနာဂတ်ကြို တေးများ ဖွဲ့စပ်သီဆိုနေဟန်ကို ကျနော်မြင်တွေ့နေခြင်းဖြစ်သည်။ ထိုတေးသံတို့တွင် ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအဓိပ္ပာယ်တို့ စိမ့်ပျံ့ရောယှက်နေသည်။ ထိုမျှသာမက တေးသွားနှင့်သံစဉ်အားလုံးတို့၌ မကြာခင်လွန် မြောက်ကျန်ရစ်ခဲ့တော့မည့် ထောင်စုနှစ်ဟောင်း၏ ခါးသီးစက်ဆုပ်နာကျည်းဖွယ် နှစ်ပရိစ္ဆေဒများအား ထောင်စုနှစ်ကူး ခေါင်းလောင်းထိုးသံနှင့်အတူ နိဂုံးကမ္ပတ်အဆုံးသတ်လိုသည့် အရိပ်နိမိတ်များ ထုံသင်းပါဝင်နေသည်ဟု ကျနော် ခံစားရသည်။

ထိုကာလများတွင် ကျနော်သည် ဒီမှာဘက်ကမ်းနှင့်ဟိုမှာဘက်ကမ်း (ပြည်တွင်း) ကို အိမ်ဦးနှင့် ကြမ်းပြင်ပမာသဘောထားလျက် ကူးချည်သန်းချည် လူးလားခေါက်တုန့် ဖြစ်နေခဲ့သည်။ အ ကြောင်းမဲ့တော့မဟုတ်။ ထောင်စုနှစ်သစ်နှင့်အတူ ကျနော်တို့တိုင်းပြည်ကို အခြားကမ္ဘာ့နိုင်ငံများ နည်းတူ အစွမ်းကုန်လင်းလက်လှပစေလိုသည့်ဆန္ဒက ပြင်းပြထက်သန်နေခြင်းကြောင့်လည်း ဖြစ်သည်။

တခါတခါများမှာတော့ ကျနော်သည် ဒီမှာဘက်ကမ်း၌ အကြောင်းအကြောင်းသော အကြောင်း များကြောင့် ကြာချင်လည်း ကြာနေတတ်၏။ ထိုထိုသောရက်များ၏တနေ့တွင် ကျနော်တို့ မထင်မမှတ် ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။ အထင်ကရမဟုတ်သော်လည်း ထိုကာလများသည် ကျနော့်ဘဝ၏ဝါကျများထဲတွင် မမေ့နိုင်သောအချိန်ပြပုဒ်များအဖြစ် တစိတ်တပိုင်း စွဲထင်ပါဝင် နေခဲ့သည်။ စင်စစ် ထိုစဉ်ကကျနော်တို့ ဆုံတွေ့ခဲ့သည်မှာ ရက်သတ္တပတ်မျှပင် မရှိခဲ့။

တွေ့စကပင် သူ့ကို “ဆရာကြီး”ဟု ကျနော်က လေးလေးစားစား ခေါ်ခဲ့သည်။ အမိမြေတွင် ကျောင်း ဆရာဘဝဖြင့်နှစ်ပေါင်းများစွာ မွေ့လျော်ခဲ့သူ၊ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် အထက်တန်း ကျောင်းအုပ်ကြီးဘဝဖြင့် တပါတီအာဏာရှင်စနစ်ပျက်သုဉ်းရေး ဒီမိုကရေစီရေးတို့အတွက်၊ သူချစ်သော ကျောင်းသူကျောင်းသားများ၊ ပြည်သူများနှင့်အတူ တာဝန်ကျရာမြို့ကလေး၌ တက်ကြွ စွာပါဝင်ခဲ့သူ၊ စက်တင်ဘာအာဏာသိမ်းမှုအတွင်း စစ်တပ်က ရက်ရက်စက်စက်ပစ်ခတ် ချေမှုန်း ခဲ့သ ဖြင့် သားသမီးသဖွယ်ဖြစ်နေသော တပည့်လေးများ မျက်စေ့ရှေ့မှောက် သွေးမြေကျ ဆုံးရှုံး ခဲ့သည်ကို အလွန်အမင်းနာကျည်းပြီး အမိမြေမှကျောခိုင်းစွန့်ခွာလာခဲ့သူ။ ထို့နောက် တိုက်ပွဲမုန်တိုင်း တွေအမျိုးမျိုးကြားက သူထက်သန်ရာပညာရေးလောကတွင်သာ ယနေ့ထက်တိုင် မွေ့လျော်မြတ် နိုးစွာ ဘဝကိုမြှုပ်နှံထားသူ။
အသက် ၆ဝ ဝန်းကျင်၊ ရခိုင်သံဝဲဝဲ၊ ညိုညိုမောင်းမောင်းအသားအရည်၊ ကွမ်းတမြုံ့မြုံ့၊ ဖော်ရွှေလေး နက်သည့်အပြုံးကို ပွင့်လင်းလွတ်လပ်စွာပြုံးလျက်။

ဆရာကြီးဦးခိုင်ဦးမောင် တဲ့။ သည်နှယ် ကျနော်နှင့်မိတ်ဆက်ပေးတော့ ဆရာကြီးက “ တနေ့နေ့ ဒို့ တိုင်း ပြည်မှာ ပျော်ပျော်ရွှင်ရွင် ပြန်ဆုံကြတာပေါ့ကွာ၊ အောင်မြင်ပါစေ”တဲ့။
ထိုစဉ်တုန်းကဖြင့် ကျနော့်လုပ်ငန်းသဘာဝအရ သည်မျှသာ သိရှိနိုင်ခွင့်ရခဲ့ပါသည်။ ပြန်တွေးကြည့် တော့ ၉ဝ-ခုလွန် နှောင်းပိုင်းကာလများ။
.....

“ ပညာရေးဆိုတာ လူက လူဖြစ်လာတဲ့လမ်းစဉ် ”
အတွေးအခေါ်ပညာရှင် - ကန့်

ခုတော့ဖြင့် နယ်စပ်မြို့လေးတမြို့၏အစိတ်အပိုင်းတခုတွင် အိမ်ချင်းကလည်းအလှမ်းမဝေးလှသည့် အတွက် ကျနော်တို့မကြာမကြာ ဆုံဖြစ်ကြပါသည်။ တချိန်ကပြောခဲ့သလို ကိုယ့်တိုင်းကိုယ့်ပြည်မှာ ပြန်ဆုံရပုံမျိုး တော့မဟုတ်။
အခါအားလျော်စွာ ကျနော်က ဆရာကြီးကျောင်းကလေးသို့ရောက်သွားတတ်သလို ဆရာကြီးက လည်း ကျနော်ရှိရာအိမ်လေးသို့ ရောက်ရောက်လာတတ်သည်။ “မိဘမဲ့နဲ့အကူအညီမဲ့ကလေးများ အဆောင်နေအလယ် တန်းကျောင်း” ကလေးတကျောင်းကို ဆရာကြီးက ဖွင့်ထားသည်။ ကျောင်းလေး၌ ဆုံဖြစ်ကြလေတိုင်း ရှေး ဟောင်းနှောင်းဖြစ် အောက်မေ့ဖွယ်များအား တမ်းတမ်းတတပြန် ပြောဖြစ်ကြသလို မှုန်ရီဆိုင်းတိုင်းပြည်ဖြစ် နေရသည့် ကျနော်တို့နိုင်ငံ၏အနာဂတ်အရေးကိုလည်း တွေးတွေးဆဆ။

“မင်းစဉ်းစားကြည့်လေ၊ ငါ့မှာက နက်ဖြန်ဆိုတာကိုတွေးတိုင်း ဒီကလေးတအုပ်ကြီးရဲ့အရေးကိုပါ ထည့်စဉ်းစားနေရတာ၊ မလွယ်ဘူးဟေ့ကောင် မလွယ်ဘူး” ခပ်ညည်းညည်းလေးပြောနေသည့် ဆရာကြီးကိုတလှည့်၊ ကျောင်းလွှတ်ချိန်မို့ ကလေးများသဘာဝ အပြစ်ကင်းစွာ လွတ်လပ်ပျော်မော ဆော့ကစားနေကြသည်ကို တလှည့်ကြည့်မိသည်။ ကလေးအုပ်ကဖြင့်မနည်းလှ။ ပြောလက်စ စကားကိုရပ်ရင်း ဆရာကြီးသည် ထိုကလေးအုပ်ကို ငေးရီကြည့်နေလေသည်။

“ကျောင်းသားအားလုံး ဘယ်နှစ်ယောက်ရှိလဲဆရာကြီး၊ ဒီမှာနေတဲ့ အဆောင်နေကျောင်းသားက ရော”

“အဆောင်နေ (၃ဝ)၊ အဲဒီထဲမှာ မိဘမဲ့ကချည်း (၈)ယောက်ကွာ၊ တချို့ကျတော့ မိဘကမကျွေးနိုင်လို့ ငါ့ဆီမှာ ကျောင်းအိပ်ကျောင်းစား လာထားကြတာ၊ အား လုံး ကျောင်းသား (၈ဝ) နီးပါးရှိတယ်၊ ဒီ တာဝန်သေးမလား”
ဆရာကြီးက ပြောရင်းမောနေသလို နားထောင်နေရသည့် ကျနော်ပင် အသက်ရူမဝချင်။ အငယ်ဆုံး မိဘမဲ့ကလေးက(၄)နှစ်သမီးလေး။ ပြည်တွင်းစစ်မီးက သူ့မိသူ့ဘများကို လောင်မြိုက်ဝါးမြိုပစ်ခဲ့စဉ် ဆရာကြီးတို့ဇနီးမောင်နှံသည် ထိုအခါလယ်သမီးလေးကိုကောက်၍ မိရင်းဖရင်မခြား ကျွေးမွေး စောင့်ရှောက်ထားခဲ့ခြင်းဖြစ်၏၊

ပြည်တွင်းစစ်၏ သားကောင်များဖြစ်သည့် သည်လိုမိဘမဲ့လေးတွေကို မိရင်းဖရင်းလို ကျွေးမွေး စောင့်ရှောက်ထားဖို့ဆိုသည်မှာ မလွယ်ကူမှန်း ကျနော်မှန်းဆကြည့်ဖြစ်ပါသည်။ အားကိုးမဲ့ အကာ အကွယ်မဲ့ အအုပ်ထိန်းမဲ့ဘဝလေးတွေကို အခြားကလေးများနည်းတူ လူလားမြောက်ရေးဆိုသည် မှာ တော်တော့်တာဝန်မဟုတ်။ ပြီးတော့ ဒီဝန်းကျင် ဒီအရပ်ကလည်း ကိုယ့်နိုင်ငံကိုယ့်ဒေသမဟုတ်။ ကလေးတွေရှေ့ မားမားမတ်မတ်ကြီး ရပ်ပြနေသည့် ဆရာကြီးသည်ပင် တပါးနိုင်ငံတွင် တရားမဝင်နေထိုင်နေရသူမဟုတ်လား။

အချို့ကလေးမလေးတွေက အုပ်လုံးသိမ်းစအရွယ်၊ ယောက်ျားလေးတွေက လူပျိုပေါက်လေးတွေ ဖြစ်နေ ကြပြီ။ သည်ကလေးတွေ စားရေး၊ ဝတ်ရေး၊ ကျန်း မာရေးမှအစ၊ အစစအရာရာ ဘဝမှာ နွေးထွေးလုံခြုံစွာနေနိုင်ဖို့၊ ပြီးတော့ လွတ်လပ်ကျယ်ပြောသောမိုးကောင်းကင်ကို လူချင်းတူတူ  သူ ချင်းမျှမျှ ပိုင်ဆိုင်ခွင့်ရဖို့ဆိုသည်မှာ ဆရာကြီးတို့ဇနီးမောင်နှံ၏တာဝန်တွေလိုဖြစ်နေလေသည်။
“ဟိုကလေးမလေးဆို ၉၄-ငါ ဟိုးတောင်ပိုင်းတောထဲမှာနေတုန်းကတည်းက သူ့မိဘတွေကို နအဖ က သတ်ပစ်လိုက်လို့ ဒို့ပဲမွေးလာရတာ၊ ခုမင်းမြင်တဲ့အတိုင်းပဲလေ ဘယ်အရွယ်ရောက်နေပြီလဲ ဆိုတာ”
ဆယ်ကျော်သက်ရွယ်လေးရောက်နေပြီဖြစ်သည့် ထိုကလေးမလေးက ကရင်သွေးကရင့်နွယ်၊ ဆရာကြီး က ရခိုင်အမျိုးသား၊ ပါရမီဖြည့်ဖက် ဇနီးဒေါ်မြကြွေက ဘိတ်(မြိတ်)သူ။
အော် ၊ ဆုံလည်းဆုံစည်းတတ်သည့် ဘဝရေစက်။

သည်လိုပါပဲ၊ ဆရာကြီးကျောင်းမှာက ပြည်ထောင်စုကျောင်းလေးလို့ ဆိုရမလောက် မွန် ကရင် ရခိုင် ဗမာ စသည့် တိုင်းရင်းသားကလေးငယ်တွေ စုံသည်။ ဆုံကြသည်။ ကလေးတွေသာမဟုတ်။ ဆရာတွေကလည်း သည်နည်းနှင်နှင်၊ တိုင်းရင်းသားစုံ ဘာသာစကားမျိုးစုံ။ အဖြစ်သနစ်တွေက စစ်၏သားကောင်များအဖြစ်။ စစ်အာဏာရှင်လက်အောက် မိဘများက မီးစာ၊ သားသမီးတွေက လောင်စာ။ ခိုလှုံရာနေရာဒေသ အတည် တကျ မရှိကြရသူများ။

“ ဒါနဲ့ဆရာကြီးကျောင်းမှာ ဘယ်နှစ်တန်းအထိသင်ပေးတာလဲ”ဟုမေးတော့ ဆရာကြီးက “ဘာလဲ မင်း ငါ့ကိုလာဗျူးနေတာလား” ဟုပြုံးရင်း ပြန်မေးသည်။ ကျနော်က မိဘမဲ့လူမမယ်လေးတွေ၏ အနာဂတ်ကို တွေးဆကြည့်မိနေခြင်းဖြစ်သည်။ ပြီးတော့ ဆရာကြီး၏ဘဝပုံရိပ် တစေ့တစောင်းကို ပါသိချင်နေ၍ ငြိမ်နေလိုက်သည်။

“ငါကျောင်းမှာက ကလေးတွေကို Creative thinking လို့ခေါ်တဲ့ ကိုယ်ပိုင်စဉ်းစားတွေး ခေါ်နိုင်တဲ့လူ တွေဖြစ်လာဖို့အဓိကထားသင်တယ်၊ မင်းသိတဲ့အတိုင်း သူတို့တွေက မိဘမဲ့အားကိုးရာမဲ့တဲ့သူတွေ၊ ဘဝကို အဖိနှိပ်ခံခဲ့ရခြင်းနဲ့စခဲ့ရတဲ့သူတွေဖြစ်တဲ့အတွက်၊ ဒါကို ငါအဓိကထားရတာ။ လူဟာ အမှန် တရားနဲ့ တရားမျှတမှုကို ချစ်မြတ်နိုးတတ်ဖို့၊ ကိုယ့်ကိုယ်ကိုအားကိုးစိတ်နဲ့တာဝန်သိတတ် တာဝန် ယူတတ်တဲ့ လူတွေဖြစ်လာဖို့၊ ဒါ ငါအလေးအနက်ထားပြီးသင်တယ်၊ ဒါငါ့ကျောင်းရဲ့ ပညာရေးပဲကွ”

“စစ်တပ်ကအာဏာသိမ်းတဲ့နေ့မှာ ငါ့ကျောင်းက ကျောင်းသားလေး(၇)ယောက် ကျဆုံးတယ်၊ အပြစ်မဲ့တဲ့ကလေးတွေကိုကွာ ငါ့မျက်စေ့ရှေ့မှာ ဒီကောင်တွေ ရက်ရက်စက်စက်ပစ်သတ်ခဲ့တာ။ ဘယ်လောက် လူမဆန်သလဲဆိုတာ ခုထိပြန်တွေးတိုင်းဒေါသဖြစ်တုန်းပဲ၊ အဲဒီကစပြီး ငါ ဒီ အာဏာ ရှင်လက်အောက်မှာတော့ နေလို့မဖြစ်တော့ဘူး ဒို့တိုင်းပြည်မှာ ဒီစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့ အထိ၊ ကျဆုံးသွားတဲ့ငါ့သားသမီးလေးတွေ (ကျောင်းသားလေးတွေ) တိုက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးအောင်မြင်တဲ့အထိ ငါဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်”

သည့်နောက်မှာတော့ နယ်စပ်ဒေသသို့ ဆရာကြီးထွက်လာခဲ့သည်။ မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်အပြီး တိုင် မပျက်မသုဉ်းမချင်း၊ ဒီမိုကရေစီမရမချင်း၊ စစ်ခွေးတွေ၏လက်အောက် ဘယ် တော့မှ ဒူးမထောက်တော့ဆိုသည့်သန္နိဋ္ဌာန် ခိုင်ခိုင်မာမာချသည်။

စင်စစ် စစ်အာဏာရှင်စနစ်၏ဖောက်ပြန်ပုံလူမဆန်ပုံကို ယခုမှမဟုတ်၊ ၁၉၆၂-တက္ကသိုလ်ကျောင်း သား ဘဝကတည်းက သူ နဖူးတွေ့ဒူးတွေ့ ခံစားခဲ့ရဖူးပြီ။ ရခိုင်ပြည် မင်းပြားမြို့နယ်က တက္ကသိုလ် ပညာကို အင်္ဂလိပ်စာအဓိကဖြင့် ရှားရှားပါးပါး တက်ရောက်သင်ကြားခွင့်ရခဲ့သူ မောင်ခိုင်ဦးမောင်သည် စစ်အာဏာရှင်က သူ့မျက်စေ့ ရှေ့မှောက်မှာပင် သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦ ကို ဒိုင်းနမိုင်းဖြင့် လက်စတုံးဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။ ထိုအဆောက်အဦကြီးနှင့်အတူ သူလေး စားချစ်ခင်သည့်ကျောင်းသားသမဂ္ဂခေါင်းဆောင်အချို့ အသက်နှင့်ခန္ဓ ာစွန့်လွှတ်သွားခဲ့ရသည်။ သည်မျှမက ကျန်သမဂ္ဂခေါင်းဆောင်များ၊ တက္ကသိုလ်ကျောင်း သားများကိုလည်း ဖမ်းဆီးထိန်းသိမ်း ခဲ့သည်။ ပညာတတ်ဟူ၍မရှိသလောက် ရှားပါးလှသည့် ရခိုင်ပြည်မြို့လေးတမြို့က မြို့ အုပ် ဖြစ်ချင် ခဲ့ဖူးသည့်သူ့ကိုလည်း စစ်ခွေးတို့ကဖမ်းဆီးကာ“ဘဝတက္ကသိုလ်”သို့ ပို့ခဲ့သည်။ သို့တိုင် ထိုစဉ်က သမဂ္ဂခေါင်းဆောင်များဖြစ်ကြသည့် ကိုဘဆွေလေး၊ ကိုတင်ထွန်း၊ ကိုသက်တို့၏ ကျေးဇူးကြောင့် နိုင်ငံရေးအသိရှိလာသည့်သူ့တွင် မြို့အုပ်အိပ်မက်ပျက်ပြယ်သွားပြီး အာဏာရှင်စနစ်အမြစ်ပြတ် ချေ မှုန်းလိုစိတ်က အစားထိုးဝင်နေရာ ထောင်အတွေ့အကြုံသည် သူ့ကိုမီးထိုးပေးသလို ဖြစ်ခဲ့လေသည်။

ခုတော့ဖြင့် သူမုန်းသောစနစ်၊ သူအလိုမရှိသောခေတ်အတွက် ပြတ်ပြတ်သားသား သူရွေးချယ်ခဲ့ပြီ။ မြေဖြူကိုသာ နှစ်ရှည်လများကိုင်ခဲ့သည့်လက်က သေနတ်ကိုပါစွဲကိုင်ခဲ့ရပြီ။ နယ်စပ်တလျှောက် နှစ်ပေါင်းများစွာ မရပ် မနားဖြစ်နေသည့်စစ်ပွဲတွေကြား ကျောပိုးအိတ်ကိုလွယ်ရင်း နေစရာထိုင်စရာ အိုးမဲ့အိမ်မဲ့၊ အတတ်ပညာမဲ့၊ အနာဂတ်မဲ့နေသည့် တိုင်းရင်းသားလူမျိုးစုများ၏ရင်သွေးငယ်တွေကို စာသင်သည်။ အခွင့်ရလျှင် တဲကလေးထိုးပြီး ကျောင်းဖွင့်သည်။ ရန်သူထိုးစစ်ဆင်ချိန်များတွင် သစ်ရိပ်ဝါးရပ်သည်ကျောင်း။ လျှိုမြောင်ချောက်ကမ်း ပါးများသည်ကျောင်း။

“ ပြောရရင် ကျောပိုးအိတ်ကျောင်းဆရာပေါ့ကွာ၊ မဟုတ်ဘူးလား ”

ဆရာကြီးက နှောင်းဖြစ်များကိုပြောပြနေရင်း ပြန်ပြောင်းသတိရနေဟန် ဖြစ်နေလေသည်။
“ဆရာကြီးကိုယ်တိုင်ရော စစ်တိုက်ဖူးလား၊ သေနတ်တွေဘာတွေ ဖောက်ဖူးလား ”

“စစ်တိုက်တာတော့မဟုတ်ဘူးပေါ့ကွာ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အနေနဲ့ ပြန်ပစ်ဖူးတာပေါ့ ”
တခါက မွန်အခြေစိုက်ဒေသတွင် မွန်ခေါင်းဆောင်တချို့၏အကူအညီတောင်းဆိုမှုအရ အထက် တန်းကျောင်းနှင့် ဆရာဖြစ်သင်တန်းဖွင့်နိုင်ရန်ခရီးထွက်ခဲ့စဉ် နအဖတပ်များနှင့်ဆုံပြီး တိုက်ခိုက်ခံ ခဲ့ရသည်။ သည်မှာပင် မြေဖြူကိုင်သောလက်က သေနတ်ပစ်ခဲ့ရပြီ။ လက်နက်အားကိုး နိုင်လို မင်းထက်လုပ်နေသည့်ရန်သူကို လက် နက်နှင့် ပြန်လည် မခုခံမကာကွယ်၍မရ။

“ရန်ကိုရန်ချင်းတုံ့နှင်းတာတော့မဟုတ်ဘူးပေါ့လေ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုကာကွယ်ခဲ့ရတာ မျိုးပေါ့”
ကျနော်က ထိုစဉ်ကာလက ဆရာကြီး၏ပုံရိပ်ကို မှန်းဆကြည့်မိလေသည်။ ကျောပိုးအိတ်ကိုလွယ်၊ အေကေသေနတ်ကိုစွဲ၊ တောထဲတောင်ထဲ တိုက်ပွဲမုန်တိုင်းတွေကြား သစ်ရိပ်ဝါးရိပ် စစ်ရိပ်တွေ ကြားမှာ။

“၉၄-က ၉၇-ကြားမှာ ငါတို့တောင်ပိုင်းကို ရန်သူက မြေလှန်ထိုးစစ် ဆက်တိုက်လုပ်တယ်၊ နယ်စပ် ဒေသမှာရှိတဲ့ပြည်သူလူထုကို အမဲလိုက်သလိုလိုက်ပြီိး မျိုးဖြုတ်စစ်ပွဲတွေလုပ်ခဲ့တယ်။ အဲဒီကာလမှာ ဒီကျောင်းလေးခဏရပ်သွားပြီး ငါတို့ဒီဘက်ကို ထွက်ခဲ့ရတယ်။ ငါနဲ့အတူပါလာတဲ့ ကလေးတွေ ပညာရေးအတွက်၊ ပြီးတော့ ဒီဘက်မှာ အခြေအနေအမျိုးမျိုးနဲ့ ရောက်နေတဲ့ကလေး တွေ ပညာဆက်သင်ဖို့အတွက် မဖြစ်မနေ ငါကြိုးစားခဲ့တယ်။ အထူးသဖြင့် နအဖစစ်တပ်ရဲ့စနက် ကြောင့် အိုးအိမ်အခြေအနေမဲ့နေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ သားသမီးတွေပညာသင်ကြား ရေးကိုမဖြစ်ဖြစ်အောင်လုပ်ပေးရမယ်ဆိုတဲ့တာဝန် ငါ့မှာရှိတယ်လို့ ခံယူထားတာ မဟုတ်လား “

“ဟာ ဒါဆိုဆရာကြီးကျောင်းက ဟိုး တောထဲမှာကတည်းက စခဲ့တာပေါ့နော်၊ ဟုတ်လားဆရာကြီး”

“အဲဒီကတည်းကပေါ့ကွ၊ တောထဲမှာကိုယ်တိုင်တောင်ယာစိုက်၊ ကိုယ့်စရိတ်နှင့်ကိုယ် အမှီအခိုမဲ့ စာသင်ခဲ့တဲ့ တကယ့်တော်လှန်ရေးကျောင်းကွ”

ဆရာကြီးဘာကိုဆိုလိုသည်ကို ကျနော်သိသည်။ နယ်စပ်တလျှောက် တောတောင်အနှံတွင် အခြေခံ ဒေသများအဖြစ် အခိုင်အမာရပ်တည်ခဲ့ကြသည့် ဒီမိုကရေစီအင်အားစုများကို လုံးဝရပ်တည်ခွင့်မရ ရန် ရန်သူက ထိုးစစ်ဆင်တိုက်ထုတ်သည်။ သည်အခါ အဖွဲ့အစည်းအချို့မိိမတို့ အခြေခံဒေများတွင် ဆက်လက်ရပ်တည်၍မရတော့။ စစ်မီးလျှံများကြားက ဘဝများစွာကို လင်းလက်စေလိုသည့် ဆရာကြီးတို့လိုပညာရေးခံကတုတ်များလည်း ထို့အတူသာ။
ရန်သူက သူတို့စစ်အာဏာတည်မြဲရေးအတွက် တရားမမျှလူမဆန်သည့်လူမျိုးတုန်းစစ်ပွဲများကို ဆင်နွှဲနေသည်မှာ ရာစုနှစ်ထက်ဝက်ကျော်ပင် တိုင်ခဲ့ပြီ။ ဘယ်သောအခါမှ ငြိမ်းချမ်းမျှတ တရား နည်းလမ်းကျစွာ ဖြေရှင်းဖို့ရန် မရည်ရွယ်လေပြီ။
ခုတော့ ဆရာကြီးတို့လို ပညာရေးခံကတုတ်များလည်း နယ်စပ်ဒေသတွင် ခက်ခက်ခဲခဲနှင့်ရပ်တည် နေရပြီ။ ရန်သူ့အကြိုက်။ ရန်သူက မျိုးဆက်သစ်များ ပညာတတ်မြောက် ထူးချွန်ထက်မြက်လာမှာ ဘယ်တုန်းကမှမလို လားခဲ့။
ယခင် တောထဲမှာတုန်းကလို တောင်ယာစိုက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ပင် ခက်ခဲ့လေပြီ။
“အခုရော ဆရာကြီးတို့ကျောင်းဘယ်လိုရပ်တည်နေလဲ ဆရာကြီး”

“အဲန်ဂျီအိုတွေဆီကတော့ အကူအညီပေးတာပေါ့ကွာ၊ ဒါပေမယ့် သူတို့အကူအညီက ပညာရေး အတွက်ပဲ အဓိကထားတာ၊ ငါ့ဆီမှာက မင်းသိတဲ့အတိုင်း ကလေးတွေရဲ့ဝေယျာဝစ္စ အစအဆုံးကို တာဝန်ယူရတာ၊ ငါပဲဆရာ ငါပဲမိဘ၊ ကဲကွာ ကလေးတွေကို ဘယ်သူအဝတ်ဆင်မလဲ၊ ထီးလေး ဖိနပ်လေးကအစ၊ ဟုတ်လား။ ထားပါတော့၊ ကျန်းမာရေးတခုခုဖြစ်ပြီတဲ့ကွာ၊ ဘယ်သူတာဝန်ရှိလဲ၊ ငါပဲ ဖြေရှင်းရတာမဟုတ်လားကွ၊ ဒါကြောင့်ပြောတာ မလွယ်ဘူးလို့”

ဆရာကြီးက ပြောရင်းစိတ်မောလာဟန်ရှိ၍ အပြင်သို့ငေးရီကြည့်နေလေသည်။ ဆရာကြီးကျောင်းလေးက အဲန်ဂျီအိုတွေ၏ အကူအညီရသည်ဆိုငြားသော်လည်း လုံလောက်ပုံမရ။ အင်္ဂလိပ်စာနှင့် မာစတာဒီဂရီရခဲ့သည့် ဆရာကြီးက ဘေးပန်းအဖြစ် ဘာသာလေးဘာလေးပြန်၍ ရသည့်ဝင်ငွေနှင့် အဝေးသင်ပညာ ရေးအစီအစဉ် DEP ကရသည့်လစာလေး ကျားကန်ထားလို့သာ တော်တော့သည်ဟု ဆရာကြီးကပြောပြသည်။ ထို့ကြောင့်ပဲထင်ပါသည်။ သည်ကျောင်းလေးသို့ ကျနော်ရောက်ခဲ့လေတိုင်း၌ ဆရာကြီးကို အေးဆေးသက်သာစွာနေနေ သည်ဟူ၍ တခါဖူးကမျှမကြုံခဲ့။ ကျောင်း ဝိုင်းလေးအနောက်ဖက် ဝါးရုံပင်ရိပ်လေးအောက် တကိုယ်စာတဲ လေးပေါ်တွင်ဖြစ်စေ၊ အိမ်ရှေ့ဝရန်တာတွင်ဖြစ်စေ တကုပ်ကုပ်နှင့်ဘာသာပြန်နေတတ်သည်ကိုသာ ကျနော်မြင်တွေ့ရမြဲဖြစ်လေသည်။

၆ဝ - ကျော်၍ ၄ နှစ်စွန်းခဲ့ပြီဖြစ်သော်လည်း ဆရာကြီးမှာ ယနေ့ထက်တိုင် နားနေရသည်ဟူ၍မရှိ။ စာသင်ကြား ရေးတွင်လည်း တနေကုန်တနေခမ်းပင်ပမ်းထားပါလျက် ကျောင်းချိန်ပြီးသွားပြန်တော့လည်း ဟိုမှသည်မှ အကူ အညီတောင်းခံလာသည့် ဘာသာပြန်ရေးကိစ္စများနှင့် နပန်းလုံးရပြန်ပါ သည်။ ဒါသည်ပင် ကျောင်းစရိတ်လေးဖာနိုင်ထေးနိုင်သည့် တခုတည်းသောအရာမဟုတ်လား။

တခါတုန်းမှာတော့ ဆရာကြီးက ကျနော့်ကို သည်နှယ်ပြောပြဖူးသည်။

“ကျောင်းဆရာဆိုတာ မင်းတို့စာရေးဆရာတွေ ကဗျာဆရာတွေပြောတဲ့အတိုင်း ဖယောင်းတိုင်တို့ ဓားသွေး ကျောက်တို့နဲ့ အလားသဏ္ဍန်တူတယ်ဆိုတာ အမှန်ပဲကွ၊ ဟောဒီ့ကလေးတွေလူလား မြောက်လာဖို့ ဒို့ ကိုယ်ပေါ်မှာ အမြဲတမ်းအတိုက်အစားအပွမ်းအရှခံပြီး သူတို့ဘဝတွေ တင်သွေးနေ ရင်း ဒို့က လုံးပါးပါးကြရတာ။ ဖယောင်းတိုင်လဲအတူတူပဲ။ သူများတွေအလင်းရောင်ရဖို့ သူက အ လောင်အကျွမ်းခံပြီး စတေးရတာမဟုတ်လား”
ဒါပေမယ့်...။

စကားစကိုအနားသတ်ရန် ဆရာကြီးကြိုးစားခဲ့သော်လည်း အသံကတိုးတိမ်နစ်ဝင်သွားလေသည်။ တချိန်တည်းတွင် မှိုင်းညို့ရင့်မှောင်အရောင်များက ဆရာ ကြီး၏မျက်နှာပေါ်တွင် ဖြတ်၍ဖြတ်၍ ပြေးနေပေသည်။ ထိုအရောင်များ၌ တောက်ပသောအလွမ်းဓာတ်သည် အမှောင်ထုကြီးကိုအန်တု ရင်း အလင်းစများဖြာ ထွက်နေသည့် ဖယောင်းငယ်တတိုင်၏အားမာန်နှင့်ပင် တူနေသေးတော့ဟု ကျနော်ကခံစားနေဖြစ်သည်။

ထိုအလွမ်းက ဖျော့တော့သော၊ ချိနဲ့သော၊ ငိုကြွေးသောအလွမ်းမဟုတ်။ မည်းညစ်မှိုင်းခိုးများ တအူ အူထနေသည့်အမှိုက်မီးစတခု၏နှမြောတသ ပူဆွေးနေသောအရောင်မဟုတ်။ တလောကလုံး တမိုးတခွင်လုံးအမှောင် ကျနေသည့်အမိုက်တိုက်ကြီးအား ကိုယ်တိုင်အလောင်အကျွမ်းခံလျက် ထွက်ပေါ်လာသည့်အလင်းအားဖြင့် ဖြိုခွင်းတွန်းလှန်နေသော မီးစွယ်မီးတောက်အောက်က ဖယောင်းတတိုင်၏ တက်ကြွသည့်အလွမ်းမျိုး။

ထိုခဏလေး၌ ဘဝဆိုတာ လွမ်းဖွယ့်ပြဇာတ်ရှည်ကြီးတပုဒ်ဟုဆိုခဲ့ပါလျှင်လည်း တက်ကြွစွာ လွမ်းဆွတ်တတ်သူများအတွက်တော့ ထိုအလွမ်းသည်ပင် ဘဝ ၏အားမာန်ဆိုသည်ကို ကျနော် ခံယူတတ်ခဲ့လေသည်။
“အေး ဒါပေမယ့်ပေါ့ကွာ စတေးတယ်ဆိုတာက စတေးထိုက်တဲ့ရလဒ်တွေအတွက်ပေးဆပ်ကြ ရတာ၊ လူဆိုတာ ကိုယ်အသက်ရှင်နေထိုင်တဲ့လောကကို ပိုကောင်းလာဖို့ပိုမြင့်မားလာဖို့ ပေးဆပ်ရဲမှ တာဝန်ကျေတာကွ၊ ငါတကိုယ်တည်းကောင်းစားဖို့ ငါတကိုယ်တည်း မြင့်မားသွားဖို့ဆိုရင်၊ ဒီအလုပ် မျိုးငါမလုပ်ဘူး ”

တကြိမ်မှာတော့ ဆရာကြီးသည် သူမြှုပ်နှံကျင်လည်နေရသည့် ယမ်းငွေ့ တိုက်ပွဲ ဗုံးသံ အမြောက်သံ ကျည်ဆန်တွေကို တဒင်္ဂကျောခိုင်းရင်း ဘဝလှေခါးထစ်တခုကို တက်လှမ်းရန် စဉ်းစားခဲ့ဖူးလေ သည်။ မှတ်မှတ်ရရ ၉၄-ခုနှစ်တုန်းက။ မဟာဝိဇ္ဇာကို ၆၃-ကတည်းက လွန်မြောက်ဖြတ်သန်းခဲ့ပြီး ဖြစ်သော်လည်း အခွင့်အလမ်းရပါက D.Litt ခေါ် “စာပေပါရဂူ” ဘွဲ့ကို ရယူလိုသည့်ငယ်အိပ်မက် အတွက် အိန္ဒိယသံရုံးတွင် ဝင်ခွင့်ဖြေခဲ့ရာ ဆိုက်ဆိုက်မြိုက်မြိုက်ပင် အောင် မြင်ပါလေသည်။ ဝင်ခွင့်အောင်တော့ ကာလကတ္တားတက္ကသိုလ်တွင် ၂ နှစ် နှစ်မိုးခန့် သွားရောက်ပညာသင်ဖို့က ရှိလာ သည်။ သည်ဘွဲ့သည်ဒြပ်က နိုင်ငံတကာအလည် တင့်တင့်တယ်တယ် ရပ်နိုင်သည်သာမက သည်ဝမ်းစာ သည်ဘဏ္ဍာဖြင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ပိုမိုပေးဆပ်နိုင်လိမ့်မည်ဟု ဆရာကြီး တွေးသည်။

ဒါပေမင့် ရန်သူက သည်လိုတွေး သည်လိုတွက်သည်မဟုတ်။ ပညာတွေ၊ နိုင်ငံတွေ၊ အနာဂတ်တွေ၊ မျိုးဆက်သစ်တွေအတွက် တာဝန်မသိ၊ မရှိ။ သူတို့သိသည်က သူတို့စစ်အာဏာတည်မြဲရေး။ သူတို့ အသိုင်းအဝိုင်း ရာသက်ပန် ရာထူးဥစ္စာစည်းစိမ် တည်မြဲရေး။ လူနည်းစု တိုင်းရင်းသားလူမျိုး ပေါင်းစုံနှင့် ပြည်သူလူထုတရပ်လုံးအပေါ် ထာဝရဗိုလ်ကျ လွှမ်းမိုးအနိုင်ကျင့်ရေး။
သည်တော့ သူတို့စစ်တပ်များ၊ စစ်သားများ၊ စစ်လက်နက်အင်္ဂါများ တနိုင်ငံလုံး မိုးအဆုံးမြေအနှံ လွှမ်းခြုံဖြန့်ကြက်ချထားရေးအတွက် တောကြိုအုံကြား နယ် စွန်နယ်ဖျားပါမကျန် ပြဲပြဲစင်အောင် စစ်ဆင်ရေးများ ဒလကြမ်းလုပ်နေချိန်။ သည်စစ်ဆင်ရေးတွေကြောင့် နယ်စပ်ဒေသတလျှောက်နေ ထိုင်ကြသည့် လက် နက်မဲ့အပြစ်မဲ့ တိုင်းရင်းသားလူမျိုးစုံပြည်သူတွေ ငရဲမက၊ သေကြ၊ ကျေကြ၊ ပြတ် ကြ ငတ်ကြ၊ ကျိုးကြ ကန်းကြ၊ ခိုကိုးရာမဲ့ကြ၊ သေကွဲရှင်ကွဲ ကွဲနေကြချိန်။

ဒါတွေကို ကာလတခုအထိကျောခိုင်းပြီး ငါက ပါရဂူဘွဲ့ကြီးယူမယ်တဲ့လား၊ သည်ကာလ တလျှောက် လုံးအရာရာကင်းမဲ့ဆုံးရှုံးသွားတဲ့ စစ်မီးလျှံတွေထဲက ကလေးငယ်တွေကို လျစ်လျှူရှုခဲ့ရမယ်တဲ့လား။ အသက်မဲ့နေတဲ့ မိခင်ရဲ့နို့သွေးကို ငတ်မွတ်စွာစို့နေတဲ့ ရင်ခွင် ပိုက်အရွယ်ကလေးငယ်လေးတွေကို လူမဆန်စွာ ငါ မျက်ကွယ်ပြုခဲ့မယ်တဲ့လား။
ဆရာကြီး၏ငယ်အိပ်မက်များ၊ ပစ္စက္ခအတွေးများ၊ ဝေဝါးထွေပြား ပဋိပက္ခဖြစ်ခဲ့ရပုံများ။

“ဟေ့ကောင်ရေ၊ အဲ့ဒီမှာ ပါရဂူဘွဲ့ရလူသားကြီးဘဝကို ငါစွန့်လွှတ်လိုက်တယ်ကွာ။ ဟောဒီ့ကလေးတွေကို တရက်လေးတောင်ပစ်ထားခဲ့ဖို့ ငါ့မှာသတ္တိမရှိဘူးကွ၊ အဲဒီလောက် မိုက်ရိုင်းတဲ့အတ္တလဲ ငါ့မှာမရှိဘူး ”

ဆရာကြီးက လေထဲကတိုက်အိမ်ကိုဖြိုချလိုက်ပြီး မျက်စေ့အောက်လောင်နေသည့်မီးလောင်မြေကို လက်တွေ့ကျကျ ဝင်ငြိမ်းသတ်ခဲ့သည်။ အနောက်တိုင်းဝတ်စုံ၊ အတက်ချီကေ့စ်နှင့် ဒေါက်ထရိတ် ဘွဲ့ကြီးကိုစွန့်၍ တောကြီးမျက်မည်းတိုက်ပွဲတွေထဲ ခိုကိုးရာမဲ့အခြေမဲ့တို့အတွက် ကျောပိုးအိတ် ကျောင်းဆရာ၊ ကံ့ကူလက်လှည့်ကျောင်းဆရာဘဝကိုသာ ဆက်လက်ရွေးချယ်ရပ်တည်ခဲ့ပါ သည်ကော။ အော် လွမ်းမောတက်ကြွဖွယ်ကောင်းသော အချို့အချို့တို့၏ဘဝဇာတ်လမ်းများ။
....

“နိုင်ငံတိုင်း၏အခြေခံအုတ်မြစ်သည် ထိုနိုင်ငံရှိလူငယ်များ၏ပညာရေးပင်”
ခေါမဒဿနပညာရှင် ဒိုင်အိုဂျင်န်

သည်လိုဖြင့် ဆရာကြီးဦးခိုင်ဦးမောင် ဖွင့်လှစ်လာခဲ့သည့် BMSOH (Boarding Middle School for Orphen and Helpless ) ခေါ် မိဘမဲ့နှင့် အကူအညီမဲ့ကလေးများ အဆောင်နေအထက်တန်း ကျောင်း လေးသည်လည်း အဖုအထစ်အကွေ့အကောက်များစွာတို့ဖြင့် လျှောက်လှမ်းဖြတ်သန်းရင်း ဆယ်စု နှစ်တခု ကျော်လွန်လာခဲ့လေပြီ။ ပြည်တွင်းစစ် မီးတောက်မီးလျှံများကတော့ ဟုန်းဟုန်းတောက် လောင်နေဆဲလောင်နေမြဲ။ ဌာနေရင်းကို စွန့်ခွာထွက်ပြေးလာကြသည့် နယ်စပ်ဒေသနေလူမျိုးပေါင်း စုံတို့၏သတင်းများကလည်း နေ့တဓူဝကြားနေ သိနေရဆဲ၊ ဖြစ်နေဆဲ။

စစ်ဘေးဒုက္ခသည်တွေ မိဘမဲ့အကူအညီမဲ့ကလေးတွေစာရင်းဇယားက တနေ့တနေ့တန့်ရပ်သွား သည် ဟူ၍မရှိ။ အချိန်နှင့်အမျှ ပို၍ပို၍သာ တိုးလို့လာနေလေသည်။ ဘယ်သောအခါ၌ ဆုံးနိုင် ကောင်းမည်လည်းမသိတော့။ ကမ္ဘာကြီးကတော့ သူ့အရှိန်သူ့အဟုန်နှင့်သူ မတန့်မနား ခရီးနှင်နေလေသည်။
စင်စစ် သမိုင်းဖြစ်စဉ်ဆိုသည်မှာ ထာဝရပြောင်းလဲခြင်းမရှိသောအရာမဟုတ်။ ခေတ်ရေစီးကရပ် တန့်နေ သည်မဟုတ်။ အဟောင်းအဟောင်းတို့ ပြိုကျပျက်စီးနေချိန်တွင် အသစ်အသစ်တို့ အစား ထိုးနေရာယူလာကြမြဲ။ တဖက်ပိတ်မျက်ကန်းအယူဝါဒများ တဝုန်းဝုန်းနှင့်ပြိုလဲကျနေပြီး အယူအဆအသစ်တို့အားစမ်းတိုးဝင်လာနေခြင်းကိုမျက်ကွယ်ပြုထား၍မရ။ သည်နေ့သည်အချိန်တွင် ကမ္ဘာပေါ်ရှိနိုင်ငံအများအပြား၌ နိုင်ငံ၏အလုံးစုံအာဏာကို တဦး တယောက်တဖွဲ့တည်းကသာဆုပ်ကိုင်၍ အရာရာဖန်တီးခြယ်လှယ်နိုင်သည့်အခြေအနေမျိုး မဟုတ်တော့။
နိုင်ငံသားအားလုံး၏လိုအင်ဆန္ဒနှင့်အရ တိုင်းပြည်၏ကံကြမ္မာကို ဖန်တီးနေကြရသည့်ခေတ်ဖြစ်ပြီး ခေါင်း ဆောင်ဆိုသူတို့ကလည်း လူထု၏ဆန္ဒနှင့်အညီ ဖော်ဆောင်ကြရသည့် ခေတ်ဖြစ်သည်။ တ ချိန်ကလို နိုင်ငံဥသျှောင်ဆိုသူတို့အား မော်ဖူးကြောက်လန့်နေရသည့် ခေတ်မျိုးမဟုတ်တော့။ သို့တိုင် မြန်မာပြည်မှာတော့ ပဒေသရာဇ်သက်ဦးဆံပိုင်အယူအဆစွဲကိုင်ထားသည့် ဗိုလ်ချုပ်ကြီးများက ၎င်းတို့၏အာဏာတံခွန်ကို တလူလူလွှင့်ထူနေဆဲ။ ပြည်တွင်းစစ် အနှစ်ငါးဆယ်ကျော်ခရီးတွင် တနိုင်ငံလုံး ဝရုန်းသုန်းကား ယိုယွင်းပျက်စီးသွားသည်ကို သူတို့ဂရုမထားခဲ့။

“ကလေးတွေ ပညာမတတ်တော့ဘူးကွ၊ ကြက်တူရွေးစကားသင်တွေ ဖြစ်နေကြပြီ။ ပါးစပ်ကသာ ပြောနေတာ အဓိပ္ပာယ်တွေမသိဘူး၊ သိဖို့လဲအသိမရှိဘူး။ ဒီကောင်တွေက သူတို့အာဏာတည်မြဲဖို့ မျှော်မှန်းတဲ့ပညာရေးမျိုးပဲလုပ်နေတာ။ သိပ်ကြောက်စရာကောင်းတယ်ကွ၊ ဒါ တိုင်းပြည်ရောလူ မျိုးရော တဖြည်း ဖြည်းတုန်းသွား ပျောက်သွားမယ့်အရေးပဲ”

ဗိုလ်ချုပ်ကြီးများ၏စစ်အာဏာတည်မြဲရေးခြေလှမ်းများကို ဆရာကြီးက စိုးရိမ်ပူပန်နေလေသည်။
တချိန်က နိပွန်ဂျပန်တို့၏အယူအဆများ။ ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီက ဂျပန်နိုင်ငံ၏ပညာရေး သည် မဟာဂျပန်ဖြစ်ရေး၊ မဟာအင်အားကြီးနိုင်ငံဖြစ်ရေးအတွက် ရည်ရွယ်ချက်များထားရှိကာ အစီအစဉ်ရှိရှိဖြင့် စီမံဆောင်ရွက်ခဲ့ဖူးသည်။ သို့တိုင် ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်များစစ်ရှုံးချိန် မှာတော့ ဖက်ဆစ်စနစ် ကြီးစိုးတည်မြဲရေး စီမံကိန်းများအား ဖျက်သိမ်းပစ်ခဲ့ပြီးနောက် စနစ်သစ် ပညာရေးနှင့် အစားထိုးခဲ့လေသည်။

အမှန်တရားနှင့်တရားမျှတမှုကို ချစ်မြတ်နိုးသော၊ ပုဂ္ဂလလူ့တန်ဖိုးနှင့် လုပ်အားကို ရိုသေလေးစား သော၊ တာဝန်ယူစိတ်ကို နက်နက်ရှိုင်းရှိုင်းခံယူသော၊ မိမိကိုယ်ကိုအားကိုးစိတ်အပြည့်အဝရှိသော၊ ကိုယ်ရောစိတ်ပါသန်စွမ်းသည့် ငြိမ်းချမ်းသောနိုင်ငံနှင့် လူ့အဖွဲ့အစည်းကိုထူထောင်လိုသော နိုင်ငံ သားများဖြစ်လာစေရေးအတွက်၊ လူတိုင်းလူတိုင်း ကိုယ်ရည်ကိုယ်သွေး အပြည့်အဝဖွံ့ဖြိုးစေရန် ရည်ရွယ်သည့်ပညာရေးမျိုးကို ပြောင်းလဲခဲ့သည်။

ပညာရေးစနစ်တခုလုံး အပြောင်းအလဲကြီးပြောင်းလဲလိုက်သည့်နောက်ပိုင်း ဂျပန်သည် တဟုန်ထိုး တိုးတက်ကြီးပွားခဲ့သည်။ စီးပွားရေးအင်အားကြီး နိုင်ငံတရပ်အဖြစ်လည်းကောင်း၊ အသိဉာဏ် ဖွံ့ဖြိုးသည့် နိုင်ငံသားများအဖြစ်လည်းကောင်း၊ အချိန်တိုတိုအတွင်း ပြောင်းလဲလာခဲ့သည်။ ဂျပန်ဂုရုကြီးများက သူတို့၏ ဖက်ဆစ်အလံတော်ကြီးကို ရိုက်ချိုးဖြဲဆုပ် ချေမွှလိုက်ပြီဖြစ်သော် လည်း၊ ရွှေဗမာ ဗိုလ်ချုပ်ကြီးများကတော့ ပြည်သူလူထုတရပ်လုံးအပေါ် ဖက်ဆစ်စရိုက် ဖက်ဆစ် အပြုအမူ ဖက်ဆစ်လုပ်နည်းလုပ်ဟန်များဖြင့် အနိုင်ကျင့်မင်းမူနေဆဲ ဗိုလ်ကျအုပ်ချုပ်နေဆဲ။

“တကယ်တော့ ဒို့နိုင်ငံပညာရေးက ဖဆပလခေတ်အထိ အာရှမှာထိပ်တန်းကကွ၊ မြန်မာနိုင်ငံက စကောလားရှစ်ရတဲ့ ကျောင်းသားတွေဆိုရင်လဲ နိုင်ငံတိုင်းက လိုလိုလားလားလက်ခံကြတာ၊ ဒို့တွေ က တခြားနိုင်ငံကျောင်းသားတွေနဲ့မသာရင်တောင် ရင်ဘောင်တန်းနိုင်ခဲ့ကြတာကိုး။ အဲဒီခေတ် ရန်ကုန်ယူနီဗာစီတီက မလေးတို့ စင်ကာပူတို့ ထိုင်းတို့က စကောလားရှစ်ရတဲ့ ကျောင်းသားတွေ တကူးတက လာတက်ရတဲ့အဆင့်ကွ”
ဆရာကြီးက ပြောရင်းပြောရင်း နာကျည်းရိပ်များဖုံးလွှမ်းလာသဖြင့် မျက်နှာပြင်တွင် တင်းမာခက် ထန်လာလေသည်။ လောကဓံမုန်တိုင်းတွေကြားက သက်ကြားရွယ်အိုပညာရေးခံကတုတ်ကြီးတွင် နိုင်ငံသားများ၏ အနာဂတ်အတွက် မချိတင်ကဲ စိုးရိမ်ပူပန်မှုများ ရင်နှင့်အမျှ ပြည့်သိပ်တင်းကျပ် နေဟန်က အထင်း သား။ နှစ်ပေါင်း ၄ဝ-ကျော် ကျောင်းဆရာဘဝ၊ ကျောင်းဆရာစိတ်ဖြင့် အနာ ဂတ်တိုင်းပြည်အတွက် မျိုးဆက်သစ်များ အနာဂတ်အတွက် ခံစားနေရခြင်းဟု ကျနော်နားလည်ရ သည်။

“တကယ်တော့ကွာ စစ်တပ်မှာလဲ ငါ့တပည့်တွေအများကြီးရှိပါတယ်။ ဗိုလ်မှူးကြီးတွေ တပ်မှူးကြီး တွေ အဆင့်အထိ၊ သူတို့တွေကို ပြောလို့ရရင် ငါပြောချင်တယ်ကွာ၊ တိုင်းပြည်ကြီးချောက်ထဲ ကျနေတဲ့အဖြစ် ပြည်သူတွေအားလုံး ဒီလောက်ဒုက္ခမိုးမှောင်ကျနေတဲ့ခေတ်ကြီးထဲမှာ ကိုယ့် ကိုယ်ကျိုးတခုတည်းအတွက် ကြည့်မနေပါနဲ့လို့၊ ကိုယ့်သားစဉ်မျိုးဆက်အကျိုးထက် တနိုင်ငံလုံးတမျိုးသားလုံးအကျိုးကို ကမ္ဘာနှင့်ယှဉ်ပြီး ကြည့်ကြပါလို့”

ဆရာကြီးက သူ့အမော သူ့ဝေဒနာတွေကြားက စိတ်ထဲမြင်ယောင်လာပုံရသည့်တပည့်ဟောင်း တွေကို မေတ္တာရပ်ခံရှာသည်။

“အေး ဒီလိုပဲပေါ့ကွာ၊ ဒီဘက်ရောက်လာတော့လဲ ငါ့တပည့်တွေအများကြီးရှိခဲ့တာပါပဲ၊ တချို့ နိုင်ငံခြားမှာတောင် မာစတာဒီဂရီတွေဘာတွေ ယူနိုင်ကြတဲ့တပည့်တွေအထိ ရှိပါတယ်။ သူတို့ကိုလဲ မေတ္တာရပ်ခံပြောချင်တယ်၊ ဒီနယ်စပ်ဒေသမှာရှိနေကြတဲ့ ကလေးတွေရဲ့ပညာရေးကို လျစ်လျှူရှု ပစ်ပယ်မထားကြဖို့ တတ်နိုင်သမျှ အားပေးကူညီကြဖို့ ငါအလေးအနက်မှာချင်တယ်၊ ဘယ်နိုင်ငံ ဘယ်ဒေသ ဘယ်လောက်ဝေးဝေးမှာ ရောက်နေရောက်နေ၊ ဒါ ကိုယ့်အမျိုးသားအရေး ကိုယ့်နိုင်ငံ အရေးပဲဆိုတာ မမေ့စေချင်ဘူးကွာ။ ဒို့တွေထဲကတယောက် ယောက်ဆုံးရှုံးနစ်နာသွားတာဟာ ဒို့ရဲ့အစိတ်အပိုင်းတခုခု အနည်းနဲ့အများ ဆုံး ရှုံးနစ်နာသွားတာပဲလို့ ခံယူစေချင်တယ် ”

စစ်အာဏာ၊ ပညာရေး၊ မေတ္တာတရား၊ အနာဂတ် စသည့်စသည့် ဆရာကြီး၏စကားများကား ဆုံးနိုင်ကောင်းမည်မထင်တော့။
ထိုင်းလူငယ်လေးတဦးက အသံစူးစူးဝါးဝါးလုပ်ထားသည့် ဆိုင်ကယ်ဖြင့် လမ်းမပေါ်အရှိန်ပြင်းပြင်း နှင့်ဖြတ် မောင်းသွားတော့မှ ကျနော်ရောဆရာကြီးပါ ခေါင်းထောင်ကြည့်ဖြစ်ကြ၏။ အပြင်မှာ ဆည်းဆာညနေကအမှောင်ဘက်သို့ တဖြည်းဖြည်းချင်း လှမ်းဝင်နေလေပြီ။

ကလေးတသိုက်သည်လည်း ညစာထမင်းကို အုပ်လိုက်ကြီးဖွဲ့ကာ စားနေကြပြီ။ ခေါင်းရင်းဘက်တနေရာတွင် အဘိုးအိုတဦးကို ကျောင်းသူလေးသုံးလေးယောက်က ထမင်းခွံ့ ကျွေးနေသည့်မြင်ကွင်းကိုမြင်ရ၏။ ထိုအဘိုးအိုကား မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့တော် လှန်ရေး ဖက်ဆစ်တော်လှန်ရေး ခေတ်အဆက်ဆက်၌ အရေးပါသောအခန်းကဏ္ဍမှ တက်ကြွစွာ တိုက်ပွဲဝင်ခဲ့သူ၊ ယနေ့အချိန်အထိ ဒုတိယမြန်မာ့လွတ်လပ်ရေးအတွက် ဦးလည်မသုန် ပါဝင်ဆောင် ရွက်နေသူ အထင်ကရပုဂ္ဂိုလ်ကြီး အဘိုးဦးစိုးလွင်ဖြစ်သည်။ အသက် ၉ဝ -နီးပါး အိုမင်းမစွမ်း အဘိုးအိုကို သူ့ ကျောင်းလေးတွင် ဆရာကြီးက မိဘသဖွယ်တလေးတစား ပြုစုစောင့်ရှောက်ထား ခြင်းဖြစ်သည်။

(၄) နှစ်အရွယ်မိဘမဲ့ကလေးငယ်မှသည် အသက်(၉ဝ)အရွယ် တော်လှန်ရေးသမားအဘိုးအိုအထိ ပခုံးပေါ်ထမ်းထားသည့်ဆရာကြီး၏ကျောင်းကလေးသည် ဂရုဏာမေတ္တာတရား အနာဂတ်ကြို ပန်းပွင့်လေးများဖြင့် ထုံသင်းကြိုင်လျောက်လျက် ရှိနေလေသည်။

လမ်းမီးများထွန်းညှိချိန်ရောက်တော့ ပြန်ဖို့ဆရာကြီးကို ကျနော်နှုတ်ဆက်သည်။ ရင့်ကျက်တည်ငြိမ်နေသော ဥယျာဉ်မှူးကြီးက ကျောင်းလေးအကြောင်းနှင့် ဆရာကြီး၏ပုံရိပ်လွှာ တပိုင်းတစကို ရေးခွင့်ပြုရန်ခွင့်တောင်းတော့ ... “ရေးတော့ရေးပေါ့ကွာ၊ ဒါပေမယ့် မင်းတို့ဆရာကြီး ကို သေနတ်ကြီးတကားကားနဲ့ တော်လှန်ရေးကျောင်းဆရာ လူကြမ်းကြီးဖြစ်သွားအောင်တော့ မရေးနဲ့ပေါ့” လို့ ရီမောစကားဆိုရင်း ချောချောချူချူ ခွင့်ပြုပါသည်။

ကျနော်က “ ဟာ ဆရာကြီးက ကျောင်းသားတပ်မတော်နဲ့အတူ ပြဇာတ်တွေဘာတွေ ရေးခဲ့ဖူးတဲ့ အနုပညာရှိတဲ့ ကျောင်းဆရာကြီးဖြစ်ကြောင်း ဘာညာတွေထည့်ရေးမှာပေါ့ ” ဟုဆိုတော့ ပြုံးနေလေသည်။
တကယ်ပင် ကျောင်းသားတပ်မတော်မှ ရဲဘော်များနှင့်အတူ အသံလွှင့်ပြဇာတ်နှစ်ပုဒ် ဆရာကြီးရေး ခဲ့ဖူးသည်။ ဆရာကြီးမှတ်မိသလောက်ပြန်ပြောပြတော့ ရှစ်လေးလုံးနောက်ခံ “ခွပ်ဒေါင်းသံ ကြောင့်ကျီးလန့်ပျံသည်” ဇာတ်လမ်းနှင့် တရုတ်တော်လှန်ရေးဝတ္ထုတပုဒ်ကို ဆရာကြီး ဘာသာ ပြန်သည့် “ရေကြည်လည်းနောက် ကြာလည်းပျောက်” ဇာတ်လမ်းဖြစ်သည်။
“ငါက အနုပညာအားနည်းပါတယ်ကွာ” ဟု ပွင့်ပွင့်လင်းလင်း ဆိုရှာသည်။
“တကယ်ရေးသင့်တာက ဒို့ဒီဘက်မှာရှိတဲ့ကျောင်းတွေကိုကိုယ်စားပြုရေးနိုင်ရင်တော့ ကောင်းတာ ပေါ့ကွာ၊ ပြီးတော့ထည့်ရေးသင့်တာက ဒီမှာဒို့တွေကလေးတွေကို ပညာသင်ပေးခွင့်ရအောင် လက်ခံပေးထားတဲ့ ထိုင်းလူထုတွေရဲ့စာနာမှုကိုလဲ ကျေးဇူးတင်သင့်တယ်ကွ၊ ဒီဘက်ကို ရောက်နေတဲ့ ကလေးတွေ ပညာမတတ် အသိမရှိရင် ထိုင်းနိုင်ငံအတွက်လဲမကောင်းဘူး။ အနာဂတ် ထိုင်း-မြန်မာ ဆက်ဆံရေးအတွက်လဲ မကောင်းဘူး၊ ဒါ ထည့်ရေးကွာ” ဟု ဆရာကြီးက ဆိုသည်။
တောင်ပြိုနေတာကို ရင်ဘတ်နဲ့ဆီးကာနေသည့် ဆရာအိုကြီး၏အမှာစကား၊ တာကျိုးနေတာကို ဘဝတခုလုံးနဲ့ ဆီးတားနေသည့်ဆရာအိုကြီး၏စကား။

ဆရာကြီး၏ကျေးဇူးစကားများတွင်တော့ သည်ကျောင်းကလေး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေး အတွက် စာနာမှုအပြည့်အဝနှင့် အဖက်ဖက်ကကူညီခဲ့သည့် နိုင်ငံတကာမှမိတ်ဆွေများ၊ ဘဝတူအမိ မြန်မာပြည်သားများ၊ ကျောင်းကလေးလုံခြုံချောမွေ့စွာရပ်တည်နေနိုင်ရေးအတွက် မဟာဂရုဏာ တရားထား၍ ရင် အုပ်မကွာ ကူညီစောင့်ရှောက်ပေးနေသော ထိုင်းနိုင်ငံမဲဆောက်မြို့ မယ်ပဝေဠုဝန် ဘုန်းတော်ကြီးကျောင်းမှ ထိုင်းဆရာတော်ဘုရားကြီး၏ကျေးဇူးတရားများအား ကျနော်မမေ့ မလျော့ ရေးသားရမည်ဖြစ်ပါသတည်း။

* စကားကြွင်း
-----
ဖော်ပြပါသည့်ဆောင်းပါးသည် လွန်ခဲ့သောဆယ်စုခန့်များက ထိုင်း-မြန်မာနယ်စပ်တနေရာတွင် အခြေစိုက်ထားသော မိဘမဲ့နှင့် အကူအညီမဲ့ကလေးများအတွက်ပညာသင်ကြားပေးနေသော ကျောင်းလေးတကျောင်း၏ ပုံရိပ်ကောက်ကြောင်း ဖြစ်ပါသည်။ အမှတ်ရရန်အ့ငှာ လွတ်လပ်လှိုင်းမှ ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်။
မူရင်း - ရခိုင်သတင်းစဉ် (၂၀၀၂-၃-ဝန်းကျင်ခန့်)
စာရေးသူ- ဘဖေငြိမ်း
* http://thitkhetthanlwin.blogspot.co.nz/2009/04/blog-post_22.html

Comments