သစ်ခက်သံလွင်ကဗျာများ- မောင်သစ်ကြည်၊ စိုးရိမ်၊ ဉာဏဉာဏ် တို့၏ ကဗျာများ

သစ်ခက်သံလွင်ကဗျာများ
မေ ၁၉၊ ၂၀၂၂
-
ယုတ္တိ ယုတ္တာမဲ့ စွပ်ပြုတ်ဟင်းချိုတပွဲ
မောင်သစ်ကြည်

၂၁ ရာစုမှာ ရှင်ပြန်ထမြောက်လာတဲ့
ဒေါက်တာ အာနက်စတို ချေဂွေဗားရားဟာ
ကမ္ဘာကြီးရဲ့ရင်ဘတ်ကို ဘယ်ပြန်ညာပြန်
နားကျပ်နဲ့ထောက်ကြည့်လိုက်တော့
နှလုံးသွေးကြောကျဉ်းနေသံကို ကြားရတယ်
ပိုမိုသေချာအောင် E C G ဆွဲကြည့်ရမယ်တဲ့
ဘုရားသခင်လည်း သေသွားပြီ ဆိုတော့
အင်းပါ...အင်းပါ...အင်းပေါ့​လေ
နားကြားပြင်းကတ်လိုက်တာ
နလပိန်းတုံးဘီးကျဲတွေ ယုံကြည်နေတဲ့ငြိမ်းချမ်းရေး 
လှောင်အိမ်ထဲမှာ ပီကာဆိုရဲ့
ချိုးငှက်ကို အတောင်ပံ ညှပ်ထားတယ်
ရေဒီယို ဝါရှင်တန်ဒီ စီ ရဲ့အသံကိုတော့
အစုတ်ပလုတ်ဘဲနာတွေ မကြားမိဘူး ထင်ရဲ့
ဟန်ကိုယ့်ဖို့ပါပဲ
မကြာတော့ပါဘူး
စွပ်စွပ်ရွပ်ရွပ် သူတို့မျက်ခုံးပေါ်စကြင်္န်လျှောက်နေတဲ့
ယုန်က တောင်ဘက် ပြေးတော့
စွပ်စွပ်ရွပ်ရွပ် အမဲရိုးကိုက်တဲ့ခွေးတွေကလည်း
မြောက်ဘက်ခြေသလုံးပေါ် လိုက်နေရဲ့
ကြားလား...မောဟိုက်သံတွေ..ဟောဟဲ..ဟောဟဲ..
ယုတ္တိ ယုတ္တာမဲ့စွပ်ပြုတ်ဟင်းချိုတပွဲ
တပွဲတိုးဉာဏ်နဲ့
ခွေးသံ လူသံ ညာသံပေးလို့
 တောခြောက်နေကြတုန်း။    ။

၁၄ မေလ ၂၀၂၂
...
လျှောက်
စိုးရိမ်

နောက်ပြန်လှည့်မနေနဲ့ 
ရှေ့ဆက်လျှောက်မှ ခရီးပေါက်မယ်
ဆူးခင်းလမ်းလား ဆက်လျှောက်
မီးသထားတဲ့နှလုံးသားနဲ့ ဆက်လျှောက်
နောက်ကျတဲ့ခြေထောက်ဟာ သစ္စာဖောက်ပဲ
ဆက်လျှောက်
ငါတို့ရောက်ရမယ်
ငါတို့ရောက်ကိုရောက်ရမယ်စိတ်နဲ့...။ ။ 

...



ခြွေ
ဉာဏဉာဏ်
(သစ်ခက်သံလွင်) မေ ၁၉၊ ၂၀၂၂

လက်နဲ့ခြွေမလား
စက်နဲ့ ခြွေမလား
အကြိမ်ကြိမ်အဆက်ဆက်ခြွေခံရ

ငါတို့ အနာဂတ်များ
ငါတို့ လွတ်လပ်မျှတခြင်းများ
ငါတို့ စိတ်ဝိညာဉ်များ

သည်းခံခြင်းတရားတွေ ‌ခြွေ
အသက်ရှင်ရပ်တည်မှုတွေ ခြွေ
မျိုးဆက်သစ်ဘဝတွေ ခြွေ
သတ္တဝါတခု ကံတခုပဲပါလာသတဲ့

ပညာတတ်တွေလည်း ကြွေ
ကာယလုပ်သားများလည်း ကြွေ
ဝန်ထမ်းဝန်ရာများလည်း ကြွေ
လူငယ်လူရွယ်များလည်း ကြွေ
ကလေးသူငယ်တွေလည်း ကြွေ
ကျည်ဆံ အမြှောက်သံတွေနဲ့ ခြွေ

ခြွေပြန်ပြီပေါ့
ကြွေပြန်ပြီပေါ့
ကောင်းကင်ကို မော့ကြည့်ပြန်တော့
ကြယ်တွေ ကြွေပြန်ပြီပေါ့ ။ ။

Comments