မှိုင်းခေတ်အောင်(ရေကျော်)
(သစ်ခက်သံလွင်) ဧပြီ ၁၃၊ ၂၀၂၂
မနက်က အလုပ်သွားခါနီး အွန်လိုင်းပေါ်သတင်းတွေတက်ဖတ်၊ ဖေ့ဘုတ်ထဲခဏဝင်လည်ရင်း ရုပ်သံ ဖိုင်လေးတခုကိုကြည့်လိုက်ရတော့ စိတ်ထဲ နင့်နင့်နဲနဲခံစားရမှုနဲ့အတူ လူကလိပ်ပြာနှုတ်ခံလိုက်ရသလို ဖြစ်သွားပြီး တော်တော်လေးကြာအောင် ငုပ်တုတ်ကြီးမေ့သွားခဲ့တယ်။
အဲဒီ့ဖိုင်လေးကို အားလုံးကြည့်ဖူးလောက်ပါပြီ။ စစ်ယူနီဖောင်းအပြည့်အစုံဝတ်ထားတဲ့ နွေဦးတော်လှန် ရေးရဲမေလေးတယောက် ခေါင်း ခါး ခြေ လက် စည်း ချက်ဝါးချက်ကျကျ၊ ရသမ် နရီမိမိ၊ အကပညာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ သင်္ကြန်တေးသွားတပုဒ်မှာ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ နစ်မျောကခုန် နေတာ။ ကောင်းကင်ပြာပြာနောက်ခံ တောကစိမ်းစိမ်း တောင်ကစိမ်းစိမ်းမှာ ချိုမြမြမျက်နှာလေးနဲ့ တူးပို့ တူးပို့ကနေတာ ။
ဒီလိုမြင်လိုက်ရတော့ ရင်ထဲရှိန်းမြ ဆွတ်ပျံ့မှုနဲ့အတူ တပြိုင်ထဲခံစားမိတာက အော် ဖြစ်မှဖြစ်ရလေကွာ ...ဆိုတဲ့အတွေးပေါ့...
ကိုယ့်သားသမီးအရွယ် မိန်းကလေးငယ်တယောက်ဟာ တောကြီးမြိုင်ကြီးထဲ စစ်ယူနီဖောင်းဝတ်စုံကို ဟန်ကျ ပန်ကျဝတ်ပြီး သင်္ကြန်တေးတပုဒ်နဲ့ကနေတာ ဒါ ထွင်လုံးသက်သက်လုပ်နေတာတော့ မဟုတ်ရှာ ဘူးပေါ့။ ဒီအဖြစ်ရဲ့နောက်ကွယ်မှာ အကြောင်းတရားတွေရှိတယ်။ ခါးသီးစက်ဆုပ်ရင်နာစရာအတိနဲ့ နာကျည်းခံခက်ရမှုတွေ အနမတဂ္ဂအပြည့်ရှိတယ်။ အဲဒါတွေကိုတော့ အားလုံးသိပြီးသားမို့ ချဲ့ကားပြော မနေလိုတော့ပါဘူး...အတိုဆုံးပြောရရင် အာဏာရူးစစ်မိစ္ဆာတွေစနက်ကြောင့် ကျနော်တို့တိုင်းပြည်ဟာ မကြားဝံ့မနာရက်စရာအနိဋ္ဌာရုံမီးတောက်အောက် အဖြစ်ဆိုးသနစ်ဆိုးကြီးခံစားနေကြရတာတွေ...
ဒါပေမဲ့ စစ်ဘီလူးတွေက ဒီအဖြစ်ဆိုးသနစ်ဆိုးတွေကိုဖုံးကွယ်ပြီး ကမ္ဘာကိုလှည့်စားဝါဒဖြန့်ဖို့ကြိုးစား တဲ့အနေနဲ့ ဒီနှစ်သင်္ကြန်ပွဲကို အရင်လိုဟန်မပျက်လူ စည်စည်ကားကားနဲ့ကျင်းပနိုင်ကြောင်း ပြချင်တယ်၊ ပြည်သူ ပြည်သားတွေဟာ သူတို့စီမံအုပ်ချုပ်မှုအောက်မှာ လုံခြုံအေးချမ်းပျော်ရွှင်စွာ နှစ်သစ်ကူးအတာ သဘင်ပွဲ ဆင်နွှဲနေကြတယ်ဆိုတာမျိုးပေါ့။ ပြီးတော့ တနေ့ထက်တနေ့အရှိန်အဟုန်ကောင်းလာတဲ့ အောင်ပွဲနဲ့လဲ နီးသထက်နီးလာတဲ့ နွေဦးတော်လှန်ရေးကို ပုံဖျက်လိုတဲ့သဘောလဲ ပါတယ်ပေါ့။ ဒါပေမယ့် ဒီအဆင်ဒီအကွက်ကိုသမိုင်းမအတဲ့ပြည်သူတွေကကြိုမြင်ထားပြီးသားဆိုတော့ သူတို့ စိတ် ကူးရုပ်လုံးမပေါ်လာဖို့ တော်လှန်သင်္ကြန်အဖြစ် ရေ သဘင်ပွဲ မပျော်ပါး မဆင်နွှဲရေး ...ဗျူဟာမြောက် နွေဦးတော်လှန်ရေး တန်ပြန်စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲကြီးဆင်နွှဲကြမယ်ဆိုပြီး တညီတညွတ်ထဲသစ္စာတိုင်ခဲ့ကြတယ်။ တိုင်းပြည်တွင်းမှာရှိတဲ့ပြည်သူတွေသာမက တကမ္ဘာလုံးမှာပျံ့နှံ့ ရောက်ရှိနေတဲ့ မြန်မာပြည်သားဟူသမျှ ဒီအပေါ် သဘောညီကြမယ်ပေါ့။
အားလုံးရဲ့အမြင်မှာ ရှင်းတယ်။ ဒီနှစ်သင်္ကြန်ဟာ သွေးချောင်းစီး သွေးညှီနံ့ဟောင်ဟောင်ထနေတဲ့ သင်္ကြန်။ မဟာပထဝီမြေကြီး မီးကျွမ်းလောင်ရုံမက မိုးပါမီးလောင်နေတဲ့ သင်္ကြန်။ ကမ္ဘာပျက်နေတဲ့သင်္ကြန်။ ဒီအမြင်အရ အားလုံးသောနိုင်ငံသားတွေဟာ ရောက်ရာရှိရာကနေ ကိုယ့်ရိုးရာအစဉ်အလာ၊ ကိုယ့်အသွေး အသား နှလုံးသားထဲက ချစ်မြတ်နိုးတဲ့သင်္ကြန်ဆိုတဲ့အရာကိုစတေးပြီး ဆန့်ကျင်ကြမှာ။
သို့သော် ဒါဟာ ရိုးရာသင်္ကြန်ပွဲကို မေ့ဖျောက်ပစ်ခဲ့ကြတာမဟုတ်ဘူးဆိုတာတော့ အထက်ကပြောခဲ့တဲ့ နွေဦးတော်လှန်ရေးရဲ့သမီးပျို ရဲမေလေးတဦးက သူရဲ့သင်္ကြန်ချစ်စိတ်ကို သူ့အက၊ သူ့အနုပညာနဲ့ တောစိမ်းစိမ်း တောင်စိမ်းစိမ်းအကြားဆင်နွှဲနေတာ ဒေါင်းပျိုမလေးတကောင် ကနေသည့်အလား ဖော် ကျူးပြခဲ့တာလို့ ကျနော်နားလည်ခံစားရပါတယ်။ အော် .. အဖြစ်တွေကလဲဆန်းလှသလို မြင်ကွင်းကလဲ အမြင်ဆန်း၊ အသွင်ဆန်းလှပါတယ်။
သေသေချာချာတွေးကြည့်တော့ အသည်းနာဖို့လဲကောင်းလှသလို လွမ်းဖို့ ဆွေးဖို့လဲ ကောင်းလှပါတယ်။ ငယ်ရွယ်နုပျိုသူတို့ဘဝ တနှစ်တာကုန်ဆုံးလို့ တနှစ်တာကူး ပြောင်းမယ့်အခါသမယမှာမှ ဒီလောက်ကြမ်းတမ်းခက်ထရော်လှတဲ့ အနိဋ္ဌာရုံအဖြစ်ဆိုးကြီးကို ရင်ဆိုင် တွေ့ကြုံနေရခြင်းများ...။
ရဲဘော်မလေးရေ ... ဒေါင်းပျိုမလေးရေ ... သမီးတို့ခေတ်ခါးခါးကြီးထဲ မြိုင်ယံကြားကနေ တူးပို့တူးပို့ တော်လှန်သင်္ကြန်ဆင်နွှဲနေတာ မြင်ရတဲ့အခါ ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ တချိန်သောအခါက ဦးလေးတို့ ဆင်နွှဲခဲ့ဖူးတဲ့ သင်္ကြန်နေ့လေးတနေ့အကြောင်းကိုလဲ ပြန်ပြောင်းသတိရနေမိပါသေးတယ်ကွယ်...။
နှစ်တွေ ခေတ်တွေကွာခြားခဲ့ပြီဖြစ်ပေမယ့် အဖြစ်တွေသနစ်တွေက ဟောဒီ့ စစ်အာဏာရှင်စနစ်ဆိုးကြီး မတွန်းလှန်မရိုက်ချိုးနိုင်သေးသ၍ အဆုံးသတ်နိုင်ပါအုံးတော့မလား....
....
အချိန်က ၁၉၉၃ ဧပြီလလယ်ကြီး...
အရှေ့ရိုးမတနေရာ ...
ခရီးစဉ်က ကေအင်ယူ တပ်မဟာ ၃၊ တပ်ရင်း ၈ ညောင်လေးပင်ခရိုင်ကနေ ဗဟိုဌာနချုပ်ရှိရာ မာနယ် ပလောကို တာဝန်တခုနဲ့အတူ ၈၈ ကာလအလွန်ရက်တွေမှာ ရန်ကုန်ကထွက်လာကြတဲ့ ကျနော်ရယ်၊ အခု ဩစီမှာရောက်နေတဲ့ စိုးလွင်ရယ် (သက်စိုးလွင်) ပြန်တက်လာခဲ့ကြတယ်။ ကျနော့်ပခုံးတဖက်မှာ အမ် ၁၆ လွယ်လို့။ လည်ကုပ်ပေါ်မှာက တောင်ပေါ် ကရင်ရွာလေးတရွာက လက်ဆောင်ပေးလိုက်တဲ့ မျောက်လေးတကောင်က ခွစီးလိုက်ပါလို့။ သက်စိုးလွင်က အေကေ ၄၇ မောင်းပြန်သေနတ်လွယ် လျက်သားနဲ့။
ရန်သူစိုးမိုးရာဒေသတွေမှာ ရက်သတ္တပတ်လောက်ကြာမယ့်ခရီးကို တိုက်ကင်းတွေ လှည့်ကင်းတွေ လွတ်အောင် သိုသိုသိပ်သိပ်လှုပ်ရှားသွားလာကြရတာဆိုတော့ ၄ ရက်လောက်မှာ တော်တော်ပြိုင်း တော်တော်မောနေကြပြီ။ မတ်စောက်လှတဲ့ နာကျတောင်(နွားကျတောင်)ပေါ်မှာလဲ ခေါင်းမီးတောက်မတတ်အောင် ဧပြီလနေက မညှာမတာ ပူပြင်းပြနေပြီ။ နှစ်ယောက်သား ဆံပင်တွေကြားက စီးကျ လာတဲ့ချွေးတွေက မျက်လုံးတွေ မျက်နှာတွေပေါ်ဖြတ်ပြီး အပေါက်လိုက်အပေါက်လိုက်ကျလို့။ နေရာစုံက စို့စို့တက်လာတဲ့ချွေးတွေ တဒီးဒီးကျပြီး တကိုယ်လုံးနစ်နစ်ရွှဲလို့။
ဒီအချိန်မှာပဲ ယွန်းစလင်းချောင်းဘက်ကို စီးဆင်းသွားပုံရတဲ့ စမ်းချောင်းလေးတခုဆီ ရောက်လာကြ။ စမ်းချောင်းလေးမှာ ခဏနားရင်း လက်ခုပ်ဖောင် ထဲရေအပြည့်ထည့်ပြီး မျက်နှာတွကုပ်ပိုးတွေကိုသပ်။ နွမ်းဖတ်နေတာကို ခဏတော လန်းသွားအောင် လုပ်ရတာပေါ့။ ကျနော်တို့နှစ်ယောက်သား အဲဒီလိုလုပ်နေတာမြင်တော့ ကျနော့်ပခုံးပေါ် ပါလာတဲ့ မျောက်လေးကလဲ အားကျတယ်ထင်ပါရဲ့။ ကျနော့်ပခုံးပေါ်ကနေ စမ်းချောင်းထဲ ခုန်ဆင်းပြီး ကမြင်း ပါလေရောဗျာ....
အဲဒီလိုသူကမြင်းလိုက်တာ ရေစက်ရေမွှားတွေဖွာထွက်ပြီး ကျနော့်ဆီလာစင်ပါလေရော....တမင်ပဲ ပက်လိုက်သလိုလို အထိအတွေ့မျိုး...
အဲဒီ့ခံစားမှုက ဖျတ်ခနဲကျနော့်ကိုပုတ်နှိုးလိုက်သလိုဖြစ်သွားပြီး လက်မှာပတ်ထားတဲ့ နာရီကိုသတိထား ကြည့်မိလိုက်တော့ ... ဒေးအဲန်ဒိတ် စီကိုနာရီလေးမှာ ဧပြီ ၁၃ ရက်ကိုပြလို့....။ မနေ့က ၁၉၉၃ ခုရဲ့ ဧပြီ ၁၂ ရက်နေ့ဟာ သင်္ကြန်အကြိုနေ့၊ ဒီနေ့က သင်္ကြန်အကျနေ့ဖြစ်မှန်း အစောပိုင်းထဲက ကျနော် မှတ်ထား တာသတိရသွား....။
ဘာမှတွေးမနေတော့ဘဲ ကျနော့်ဟာ စမ်းချောင်းလေးအစပ် သစ်တပင်အောက်ထိုင်နေတဲ့ သက်စိုးလွင် ကို ရေနဲ့တဗွမ်းဗွမ်းလှမ်းပက်လိုက်တယ်။
အမှတ်တမဲ့ဆိုတော့ နဂိုကမှမျက်လုံးပြူးလှတဲ့ သက်စိုးလွင်ဟာ ပါးစပ်ကြီးဟောင်းလောင်းနဲ့ သူ့ မျက် လုံးပြူးပြူးကြီးတွေကို ပြူးသလက်ပြူးအောင် ကျနော့်ကိုကြည့်လို့... သူ့အကြည့်ထဲမှာ ဘာလဲဟ ဘာလဲဟ ...ဆိုတဲ့အဓိပ္ပာယ်တွေရောလျက်သားနဲ့ပေါ့..
'' ဟေ့ကောင်စိုးလွင် ... ဒီနေ့ သင်္ကြန်အကျနေ့ကွ၊ သင်္ကြန်အကျနေ့ ... ဒါသင်္ကြန်ရေပဲကွာ ဟေ့ သင်္ကြန်ရေဟေ့ သင်္ကြန် .."
ကျနော်က သူ့ကိုလက်ခုပ်ထဲကရေနဲ့ လှမ်းလှမ်းပက်ရင်း အဲဒီလိုပြောလိုက်တော့ သူလဲ မျက်လုံးတွေ အရောင်လက်ထသွားပြီး ပခုံးပေါ်လွယ်ထားတဲ့သေနတ်တွေ ကျောပိုးအိတ်တွေကို သစ်ပင်မှာလှမ်းမှီ ထားလိုက်တယ်။ ပြီးတော့ တလက်စထဲ ရေထဲကိုသူပါခုန်ဆင်းလိုက်ရင်း …
'' ဟေ့ သင်္ကြန်ကွ သင်္ကြန် ... ..သင်္ကြန်ကွ သင်္ကြန် " နဲ့ ပါးစပ်ကအော်ပြီး ကျနော့်ကိုပြန်ပက်တော့ တာပေါ့။
တော်တော်ကြာကြာသူပက်ကိုယ်ပက် အပြန်အလှန်ပက်ကြတာပေါ့....
အတူပါလာတဲ့မျောက်ကလေးကိုပါ ကျနော်တို့လှမ်းပက်ကြတော့ မျောက်လေးကပါ အတုခိုးပြီး ကျနော်တို့ကို ပြန်ပက်ပါလေရော....
ဒီလိုနဲ့တော်တော်လေးကြာသွားတော့မှ ကမ်းပေါ်ပြန်တက်ကြပြီး အပျော်အမေကိုဖြေရင်း သူနဲ့ကျနော် တယောက်မျက်နှာ တယောက်ကြည့်စေ့စေ့ကြည့်ဖြစ်ကြတယ်... ရေတွေဝင်ထားတဲ့ သူ့မျက်လုံးနီရဲရဲထဲမှာ မျက်ရည်ကြည်တွေက ပြည့်လို့...
" ဟေ့ကောင် ... စိုးလွင် မင်းငိုနေပါလား"
သူက ကျနော့်ကိုပြန်ကြည့်ပြီး " မင်းက ဘာလို့အရင်ငိုနေတာလဲ " တဲ့....
ကျနော်တို့ ဘယ်သူအရင်မျက်ရည်ကျခဲ့တာလဲဆိုတဲ့အဖြေတော့ မသေချာဘူးပေါ့...
ကျနော်တို့ဘဝမှာ ကျနော်တို့ချစ်တဲ့သင်္ကြန်ဟာ ဘယ်လိုပျောက်ဆုံးနေခဲ့သလဲပေါ့...
ငယ်ငယ်က ရေသေနတ်နဲ့အပြန်အလှန်ပစ်ခဲ့ကြတဲ့ ချစ်စရာကောင်းလှတဲ့သင်္ကြန်အစား ပခုံးမှာသေနတ်လွယ်ထားတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်ရဲဘော်ညီအကိုနှစ်ယောက်ရဲ့ တော်လှန်ရေးသင်္ကြန်ဟာ အစားထိုးနေရာယူလို့ပေါ့....။
စစ်ဘီလူးမိစ္ဆာကောင်တွေလက်အောက် ခေတ်ဆိုးစနစ်ဆိုးကြီးမှာ အရာရာဟာ ပျောက်ဆုံးနေခဲ့ရတာပဲ မဟုတ်လား...
ဒါကို အကုန်လုံးပြန်ရချင်ရင် ကျနော်တို့ဘာလုပ်ကြမှရမယ်ဆိုတာ ရန်သူက ပြဋ္ဌာန်းခဲ့တာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီပဲ...
အော် ...မြိုင်ယံကြားမှာ တူးပို့တူးပို့ ကတဲ့ သင်္ကြန် ...ရင်ခုန်သံ နည်းနည်းမြန်ခဲ့လို့ သွားလေသူ ဆရာ မောင်သာရကြီးပြောသလိုသာ ပြောလိုက်ချင်ပါတယ် နွေဦးတော်လှန်ရေးရဲ့ ခွပ်ဒေါင်း သမီးပျိုလေးရေ ....
မှိုင်းခေတ်အောင် (ရေကျော်)
ဧပြီ ၁၃၊ ၂၀၂၂
* သူငယ်ချင်း စိုးလွင်(သက်စိုးလွင်သို့ အမှတ်တရရှိစွာ)
Comments
Post a Comment