ခင်လွန်း - ' မြန်မာ့ဘောလုံး လုံးဖို့ဆိုရင်...(၂၀၁၈) ''

အာရှအကျော်အမော် မြန်မာဘောလုံးကြယ်ပွင့် ဗဟာဒူး

' မြန်မာ့ဘောလုံး လုံးဖို့ဆိုရင်...(၂၀၁၈) ''
ခင်လွန်း
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၃၊ ၂၀၂၁

( ဒီရက်များ ဒီဗွီဘီက ပုလုပ်မယ့် ဒီဘိတ်မှာ မြန်မာ့ဘောလုံးအကြောင်း ဆိုတော့ ကိုယ်လဲ ဝင်လုံးချင်လာတာနဲ့ရေးပါတယ်)
-
မြန်မာတွေ ဘောလုံးစကန်တော့ မျက်နှာဖြူတွေအောက်မှာ သူတို့နဲ့ရင်ဘောင်တန်းပြီး ကန်ခဲ့ကြတာ။
အဲဒီ့မှာ သူတို့ဆီကနေ အသင်းလိုက်အတွက်ရော တဦးချင်းအတွက်ရော ဘောလုံးနည်းပညာ၊ စနစ်၊ ဘောလုံးအတွေး၊ ဘောလုံးဉာဏ် (စိတ်တွက်)၊ ဖန်တီးမှု(အကွက်မြင်မှု)တွေရခဲ့တယ်။
ဘောလုံးသမားတဦးချင်းအတွက်ရော ဘောလုံးနည်းပြတွေအတွက်ပါ ကောင်းမွန်တဲ့အတွေ့အကြုံပညာတွေပါ။

လွတ်လပ်ရေးရချိန်ကနေ နောင် အနှစ် ၂၀- အစိတ်ထိ အဲဒီ့အလျဉ်လေး အရှိန်လေးဟာ ကျန်နေသေးတယ်။ ကျွန်ဘဝကနေ လွတ်လပ်လာတဲ့ လူမျိုးအဖြစ် မာန်လေးကလဲရှိနေသေး၊ တိုင်းပြည်စီးပွားရေးကလဲ အိမ်နီးချင်းတွေထဲမှာ တော်တော်လေးကောင်းနေသေးတော့ လူတွေက စားနိုင်သောက်နိုင် အာဟာရပြည့်စုံနေသေးလို့ သန်တယ်၊ မြန်တယ်၊ မာတယ်။ ဇွဲနဘဲကောင်းတယ်။ ဆိုလိုတာက ဘောလုံးရဲ့စိတ်ဘာဝ၊ ရုပ်ဘာဝ ၂ မျိုးလုံး အမြင့်ဆုံးမှာရှိတယ်။

မြန်မာတွေဘောလုံးဘယ်လောက်မြင့်ခဲ့လဲဆိုရင် အိမ်နီးချင်းနိုင်ငံတွေက မြန်မာပြည်က ဘောလုံးအကျော်အမော် ဗဟာဒူးတို့၊ လှဌေးတို့ ဂိုးသမား တင်အောင်တို့၊ အေးမောင်ကြီး အေးမောင်လေးတို့ကို အခုလူငယ်တွေ မက်ဆီတို့ ဒိုလေးတို့ကို နှုတ်ခမ်းဖျားပေါ်တင်ထားသလို စွဲနေကြ မှတ်မိနေကြတာ။

လက်ရှိ ထိုင်းမှာ စတားလေးဖြစ်နေတဲ့ အောင်သူလောက်ကို မဆိုထားပါနဲ့၊ ၁၉၇၀ များခေတ်က ကမ္ဘာ့အဆင့် ဂျာမနီ မြူးနစ် အိုလံပစ်ပွဲမှာ မြန်မာနိုင်ငံလက်ရွေးစင်အသင်းဝင်ပြိုင်ရတော့ ကစားသမား ၄ ယောက်လောက်ကို ဂျာမာန်က ကလပ်တွေက အငှားခေါ်ဖူးတယ်။ (အေးမောင်လေး၊ ဂိုးတင်အောင်၊ မျိုးဝင်းညွန့်နဲ့ နောက်တန်းမောင်မောင်တင် ထင်မိတယ်) ဒုတိယတန်း တတိယတန်း ကလပ်တွေလောက်က ခေါ်တာပဲလို့လဲ မှတ်မိတယ်။ ခေတ်က စစ် အာဏာသိမ်းအစိုးရဆိုတော့ ပြည်ပကိုပေး မလွှတ်ခဲ့ကြလို့ ပေါ့။ အဲဒါ အာဆီယံလောက်နိုင်ငံက ထိုင်းကလောက်မဟုတ်ဘူးနော်၊ ဂျာမနီလို ဘောလုံးဖွံ့ဖြိုးပြီးနိုင်ငံကပါ။

(ကိုအောင်သူလေးကို အဆင့်နှိမ့် ပြောဆိုချင်တာမဟုတ်ရပါ၊ ဝမ်းသာ ဂုဏ်ယူအားပေးနေပါတယ်။ မြန်မာ ဘောလုံးအဆင့်အတန်းကို အကျဉ်းမျှ ချဉ်းကပ်ပြချင်လို့)

နောက်တခုက အဲဒီ့အချိန်မှာ မြန်မာတနိုင်ငံလုံးလိုလို ကျေးလက် မြို့ငယ်လေးတွေတိုင်းမှာတောင် ဘောလုံးကွင်းတွေရှိတယ်။ ဘောလုံးသမားတွေရှိတယ်။
အခုခေတ် တောရွာတွေမှာ ဘောလုံးကွင်းမရှိကြတာများတယ်။ ဘောလုံးလဲမကန်ကြတော့တာများတယ်။ ပြည်ပထွက်အလုပ်လုပ်နေကြရတာအပါအဝင် အခြားအကြောင်း တရားတွေရှိမယ်။

မြို့ငယ်လေးတွေမှာတောင် စံမီပေမီ သုံးရာသီလုံးကစားနိုင်တဲ့ ဘောလုံးကွင်းတွေ မရှိကြတော့ဘူး။ လူငယ်တွေကလဲ ဘောလုံး မကန်ချင်ကြတော့ဘူး။ ဟိုခေတ်ကလို ဗဟာဒူးလိုအားကျစရာ ကိုယ့်အမျိုးသားစံဘောလုံးသမားက ရှိမှမရှိဘဲကိုး။

ဒီလိုပဲ ကျနော်ကြီးပျင်းခဲ့တဲ့ မြောက်ဥက္ကလာတဝိုက်မှာလဲ ဘောလုံးကွင်းတွေမရှိဘူး။ လူငယ်တွေ ဘောလုံးတခါကစားဖို့ နှစ်ဖက်သင်းသား ငွေလေးစုပြီး ကွင်းပတ်ငှားတာတောင် ငှားမရဖြစ်နေကြတယ်။ အဲဒီတော့ ကလေးတွေ ဘောလုံးကန်မယ့် စုငွေလေးကို သောက်စားပစ်တာမြင်ဖူးတယ်။ ကစားသမားဘဝဖြစ်မလာဘဲ အသောက်သမားဖြစ်သွားတာမျိုးပေါ့။

ကွင်းမရှိဘူးဆိုတော့ ဘောလုံးရောရှိလား၊ စံမီဘောလုံးအဆင့်မပြောပါနဲ့၊ အာသာပြေကန်ဖို့ဘောလုံးတလုံးများ လွယ်လွယ်ရှိမလား၊ ကျနော်ရောက်ဖူးခဲ့တဲ့မြို့ငယ်လေးတမြို့မှာဆို လော်စပီကာတပ်ပြီး ဘောလုံးရှိရင် ခဏငှားပေးကြပါဆိုတာတောင် မရခဲ့ဖူးတာရှိတယ်။

ဘောလုံးပြီးပြန်တော့ ဖိနပ်၊ ဘောကန်ဖိနပ်။ တချို့ဘောလုံးသိပ်ကောင်း တယ်။ ဖိနပ်မဝယ်နိုင်၊ ဖိနပ်နဲ့မကစားတတ်၊ ဒီမှာတင် ရတောင့်ရခဲ ဘောလုံးကောင်းတယ်ဆိုတဲ့ကစားသမား တယောက်ဆုံးရှုံးလိုက်ရ။
နောက် ဘောလုံးကန်ကြမယ်ဆိုတော့ အဆင့်လိုက်အဆင့်လိုက် ဘောလုံးနည်းပညာဖြည့်ဆည်းသင်ကြားပေမယ့်ဆရာ၊ နည်းပြ။
ဘောလုံးသမားတယောက်အဖြစ် စတင်ရမယ့် ပြိုင်ပွဲ၊ ကျောင်း၊ ကျေးရွာရပ်ကွက် မြို့နယ်၊ တိုင်းနဲ့ပြည်နယ် ...။

ဘောလုံးသမားအဖြစ် အသက်အရွယ်အလိုက် မြှုပ်နှံကျင်လည်နိုင်ဖို့ အခြေအနေဖန်တီပေးထားမှု၊ (နိုင်ငံတချို့မှာ အလားအလာကောင်းတဲ့ ကလေးတွေကို ကလပ်တွေကို သင့်ရာငွေပေးပြီးမွေးထားကြ၊ ထိုင်းတွေလဲ လုပ်နေတာကြာပြီပြောတယ်)

နောက် နိုင်ငံအဆင့်ကိုယ်စားပြုကစားဖူးသူတွေ၊ အဆင့်မြင့်တန်း ကစားဖူးသူ အရွယ်လွန်ဘောလုံးသမားကြီးတွေကို လူငယ်မျိုးဆက် သစ်တွေရဲ့ဘောလုံးအနာဂတ်အတွက် ထိုက်သင့်သလို ချီးမြှင့် ထောက်ပံ့ပြီး ဘောလုံးနည်းပညာ ဖြန့်ဝေသူတွေဖြစ်ဖို့ လုပ်ပေး၊ (ဒီလိုပြောရတာက ကိုယ့််ဆရာသမားများက ဘောလုံးနားလိုက်ရင် ဘီယာဘက် ပြောင်း ဗိုက်ကလေးရွဲ၊ ဘေးရောက်သွားဖြစ်ကုန်တော့) နိုင်ကြဖို့ပါ။

အရေးအကြီးဆုံးက ဘောလုံးသမားကို အမိန့်မပေးနဲ့ အမိန့်နဲ့ မအုပ်ချုပ်နဲ့၊ ဘောလုံးကို ဉာဏ်နဲ့ အားကစားစိတ်နဲ့မကန်ဘဲ ကျွန်လို ကျွဲလိုကန်တဲ့ကစားသမားဖြစ်သွားကြမှာစိုးရင်ပြောတာပါ။ (လွတ်လပ်တဲ့စိတ်ရှိရမယ်၊ ဒါမှ မှ စိတ်ကူးဉာဏ်ကွန့်မြူးကစားတတ်တဲ့ ဘောလုံးသမားတွေ၊ အမိန့်သြဇာဖိအားမပါဘဲ ဆုကြေးမက် တကိုယ်ကောင်းမဆန်တော့ဘဲ ပင်ကိုယ် အနိုင်မခံအရှုံးမပေးတဲ့စိတ်နဲ့ ကစားလာမယ့် သူရဲကောင်း အစစ်အမှန်လေးတွေပေါ်လာမှာ)

အများကြီးရှိသေးတယ်။
ဘောလုံးသမားကောင်းတွေလိုချင်ရင် ဘယ်လိုစိတ်နဲ့မွေးမြူ ထူထောင်ပေးရမလဲဆိုတာ ။

အတိုဆုံးပြောရရင်တော့ ကျောက်သမားကသာ ကျောက်တလုံးကို အရည်အသွေးအကဲဖြတ်နိုင်သလို ဘယ်လိုတောက်ပလင်းလက်အောင် သွေးရသလဲဆိုတာ သိနိုင်တာ။

ဓားရောင်း လှံရောင်း နွားပွဲစား ကျွဲပွဲစားလုပ်နေတဲ့လူတွေက ကျောက်တလုံးကို ဘယလိုအကဲဖြတ်တတ်ကြမှာလဲ။
မြင်းက မြင်းအလုပ်လုပ်၊ လူက လူအလုပ်မလုပ်တာတွေကြောင့်လဲ မြန်မာဘောလုံးဟာ လုံးဖို့ ခက်နေအုံးမှာပါပဲဗျား....
-
လွန်း
ဒီဇင်ဘာ ၃၊ ၂၀၁၈
ည- ၁၁းဝ၀ နာရီ
(ဓာတ်ပုံ - အာရှအကျော်အမော် မြန်မာဘောလုံးကြယ်ပွင့် ဗဟာဒူး- ဂူဂယ်က ယူပါသည်)

Comments