သစ်ခက်သံလွင်အက်ဆေး
သြဂုတ် ၁၇၊ ၂၀၂၁
....
ငြိမ်းချမ်းရေးကဗျာဆရာ " ပွင့် " သို့......
(လွန်ခဲ့သော အနှစ် ၃၀ နီပါးက သြဂုတ်လအမှတ်တရ)
ခင်လွန်း (၁၇.၈.၂၀၁၈)
ဆရာမ နန်း(တောင်ဇလပ်ဖြူ) ဆုံးပါးသွားတော့ အကိုပွင့်ကို အဝေးကနေ
မြင်ရသလောက် လှမ်းကြည့်နေမိတယ်။
ကျနော် မြင်ခွင့်ရအောင် လုံမ(လုံမငြိမ်းချမ်း) ကလဲ သူ့ဖခင်နဲ့ပတ်သက်တာမှန်သမျှ
စိတ်ခံစားမှုကနေ အတွေးစဉ်တွေအထိ အသေးစိတ်ကျကျ အကုန်တင်ပေးနေတော့
အရင်ကလို အနေနီးနီး နေခဲ့ရသလိုမျိုး ခံစားနေမိတယ်။
ကျနော်က မငိုတတ်ပေမယ့်လွမ်းမိတယ်
မလွမ်းတတ်ပေမယ့် ငိုမိတယ်။
ဟုတ်တယ်။
ညဦးပိုင်းခပ်ယွန်းယွန်း၊ ရန်ကုန်မြို့လယ်ခေါင်ကနေ ဆင်ခြေဖုံးရပ်ကွက်လေးဆီပြန်ဖို့တာစူနေတဲ့ ကျနော်တို့နှစ်ယောက်ရဲ့ညတညကို
ပြန်မြင်မိနေပြန်တာပါ။
ကျဆုံးလုတဲတဲမဂ္ဂဇင်းလေးကို အဖတ်ဆယ်နိုင်နိုးနိုး ဘဝကိုထိုးကျွေးနေရချိန်လေးတွေပေါ့။
ကျနော်တို့ကိုယ်စီမှာ ချွေးစေးတွေနဲ့စီးထန်းလို့။
မျက်နှာတွေမှာ ..လက်ဖဝါးတွေ ခြေဖဝါးတွေမှာ
အဆီပျံ ချွဲပစ်လို့။
မင်းဆိုးဘေးက လွတ်အောင်ပြေးလာတဲ့ ငြိမ်းချမ်းရေးကဗျာဆရာဟာ ပါးချောင် နချောင်(နားချောင်)တွေကျလို့။
ရန်ကုန်ဆူးလေလမ်း ခရေပင်ရိပ်ကားမှတ်တိုင်နဲ့မျက်နှာချင်းဆိုင် ဗဟိုမီးသတ်စင်ရဲ့ အထက်ကောင်းကင်မှာ
မိုးပြာပြာနောက်ခံနဲ့လမင်းကြီးက မသိလိုက်ဆိုးဝါး လောကွတ်ချော်ပြီး သာလို့ ထိန်လို့ ဝင်းလို့ ပလို့။
ကျနော်တို့နှစ်ယောက်သား လမင်းဘက်ကိုမျက်နှာမူကြည့်ဖြစ်တော့ြ မင်ကွင်းက တခုခုငြိနေသလိုလိုခံစားရ။
ကျနော်က " အကိုပွင့် ဟိုမှာကြည့်စမ်း၊ လမင်းကြီးငါးရိုးစူးနေတာနဲ့မတူဘူးလား
အကိုပွင့်တို့ပုသိမ်မှာလို ငဝန်မြစ်ကမ်းက အုန်းပင်တန်းတွေ အုန်းလက် အုန်းခက်တွေနဲ့
လမင်းကြီးချိတ်နေရင် ကဗျာဆန်ပေမယ့် ဒီမှာကျတော့ လမင်းကြီး ရုပ်ဆိုးနေတယ်ဗျာနော် ..." လို့
ကျနော်က ဆိုတော့ ....
' ကိုခင်လွန်း ကိုခင်လွန်း ... ခင်ဗျားဗျာ... ခင်ဗျားဗျာ ' နဲ့ မျက်ရည်တွေ တွေတွေကျ ငိုပါတယ်။
လရောင်ကြောင့်လား လမ်းမီးအလင်းကြောင့်လား မျက်ရည်တွေက တလက်လက်ထ နေသလိုပေါ့။
ကျနော်စိတ်မကောင်းဖြစ်သွားတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ကတဲက မိသားစုနဲ့ အိမ်ကိုခွဲခွာလာခဲ့ရတဲ့ သူ့အဖြစ်ကိုမေ့ပြီး
ကျနော်ဟာ လသာညကိုခံစားရတာလေးနဲ့ မဆင်မခြင်ပြောမိခဲ့တဲ့အတွက်ပါ။
နောက်နေ့မနက်ကျေတော့ ...
'ဟေ့ ကိုခင်လွန်း၊ ဟောဒီမှာ ညကအဖြစ်လေးကို ကဗျာရေးဖြစ်တယ်ဗျ၊ ခင်ဗျားဖတ်ကြည့်ပါအုံး'
(ကျနော်တို့နှစ်ယောက်ဟာ ညတွေမှာလဲ ခြင်ထောင်တလုံးထဲအတူ အိပ်ကြတာပါ။ အဲဒီ့တုန်းက အိပ်မက်ဖူးနောက်တန်းစခန်ဖြစ်တဲ့
ယမုံတို့ မိသားစုအိမ်မှာပါ။ မောင်သာချိုတို့ဇနီးမောင်နှံလဲ အတူနေကြပါတယ် )
'' ငါးရိုးနင်တဲ့ ငွေလမင်း " တဲ့။
ကျနော်က ဖတ်ပြီးပြီးချင်း ကြိုက်သွားပြီ။
ညက သူကျခဲ့ ငိုခဲ့တဲ့မျက်ရည်ဟာ
တလောကလုံးကို ကိုင်လှုပ်လိုက်ပြီ။
ညက လရောင်ထဲမှာလက်ပခဲ့တဲ့ မျက်ရည်ဟာ အခုတော့ တလောကလုံးကို လင်းလက်လို့။ တောက်ပလို့။
ခေတ်ဆိုးကြီးတခေတ်လုံးဟာ ဒီကဗျာထဲမှာ အရှင်းသားကြီး ပေါ်လို့။
အတ္တကြီးမိသလိုဖြစ်သွားတဲ့ကျနော်က
' ကျနော်တို့ရဲ့မဂ္ဂဇင်း(အိပ်မက်ဖူး)ကိုပဲပေးပါလား' ဆိုတော့...
" ဒီအတွက်ပဲပေါ့ဗျာ " တဲ့။
ဒီအကြောင်းလေးကို အိမ်နဲ့ဝေး၊ တိုင်းပြည်ကနေပြေးနေရတဲ့ ကျနော်အနှစ် ၂၀ နားနီးလို့ အိမ်ပြန်ဖြစ်တဲ့အခါ လူချင်းဆုံကြတုန်း အကိုပွင့်က
မှတ်မှတ်ရရ ပြန်ပြောတယ်၊ ကဗျာကိုလဲ ဆိုင်းမဆင့် ဗုံမဆင့် ကောက်ကာ ငင်ကာ ရွတ်ပြသွားသေးတယ်။
ညီငယ်ကဗျာဆရာ သင်းရည်လွင်က ဒီမြင်ကွင်းလေးကို တယ်လီဖုန်းနဲ့အမိအရ ရုပ်သံရိုက်လိုက်နိုင်တာ ကျေးဇူတင်ရ။
နှစ်တွေအကြာကြီး ကွဲသွားကြတဲ့ ကျနော်တို့နှစ်ယောက်ကို ကြည်ကြည် နူးနူးဝိုင်းကြည့်နေကြသူတွေထဲမှာ အကိုပွင့်ရဲ့ဘဝအဖော် ရဲဘော်မ ဒေါ်နန်းညွန့်ရွှေ ( တောင်ဇလပ်ဖြူ ) လဲ အပါအဝင်ပေါ့။
အခုတော့ တောင်ဇလပ်ဖြူ မရှိတော့ဘူး၊ ချစ်ဇနီးလေး နန်းမရှိတော့ဘူး။
မောင်ကြီးငြိမ်းချမ်း၊ လုံမငြိမ်းချမ်းတို့မေမေ မရှိတော့ဘူး၊မြေးချောလေး ငြိမ်းချမ်းခေတ်ရဲ့ဘွားဘွား မရှိတော့ဘူး။
ကျနော်တို့ရဲ့ရှေ့က စံထားအားကျ တုပယူရမယ့် ဘဝလက်တွဲဖော်မျိုး ၊ ရဲဘော်မမျိုး မရှိတော့ဘူး။
နတ်ဆိုးတွေကိုတောင် နတ်ကောင်းဖြစ်အောင် လုပ်နိုင်စွမ်းတဲ့ ငြိမ်းချမ်းရေးကဗျာဆရာဟာ
ချစ်သူကို ယုံကြည်ချက်အတွက် တိုက်ပွဲဝင်ရဲမေဖြစ်လာစေတာ ဘာမှမဆန်းဘူး။
သူဟာ ကဗျာသာသာနာပြုခဲ့သူဖြစ်တယ်၊ ပြုနေသူဖြစ်တယ်
သူဟာ ငြိမ်းချမ်းရေးသာသနာ ပြုနေသူလဲဖြစ်တယ်။
အကိုပွင့်ဟာ ကျနော့်ကို ယုံခဲ့တယ်။
ငြိမ်းချမ်းရေးသမားရဲ့ယုံကြည်မှုကိုခံရတဲ့ကျနော်ဟာလဲ
ငြိမ်းချမ်းသောဓာတ်ကို ရသူဖြစ်ပါတယ်။
အကိုပွင့်ရေ ၊ လွမ်းပါတယ်ဗျာ
ဒါပေမဲ့ ကျနော်တို့ တခါက ပြောခဲ့ကြသလို
တက်ကြွသော အလွမ်းသမားဖြစ်အောင်
ကျနော်ကြိုးစားလျက်ပါ။
အကိုပွင့် ကျန်းမာပါစေ ငြိမ်းချမ်းပါစေ အသက် ၁၀၀ မက ရှည်ပါစေ။ ။
-
ညီ- လွန်း
၁၇.၀၈.၂၀၁၈
ည- ၂၁း၃၅
ဟမ်မီလ်တန်၊ နယူးဇီလန်
*ဓာတ်ပုံကိုယ်တိုင်ရိုက်၊ ဒီဇိုင်းကိုယ်တိုင်လုပ်*
Comments
Post a Comment