ခင်လွန်း - အသက် ၆၀ ကျော်လက်ဝှေ့သမား

အသက် ၆၀ ကျော်လက်ဝှေ့သမား
ခင်လွန်း
(သစ်ခက်သံလွင်) အောက်တိုဘာ ၈၊ ၂၀၂၀

ပြန်တွေးကြည့်တော့ အသက် ၆၀ ကျော်ခါမှ ဟိုး ကလေးလေးဘဝထဲက အရုပ်ဆွဲတဲ့ဝါသနာပါခဲ့တာ သတိရတယ်။

သူငယ်တန်းလေးကျောင်းသားဘဝမှာ ဗလာစာအုပ်မကိုင်ရသေးပေမယ့် ကျောက်သင်ပုန်းပေါ်  ရုပ်ရှင်ထဲကလွဲလို့ အပြင်မှာ တခါမှမမြင်ဖူးတဲ့ သံချပ်ကာကားတွေ၊ မိုးပေါ်ထောင်ထားတဲ့အမြောက်ကြီးတွေကို ကားရှေ့မှာတင်ထားတဲ့ တင့် ကားကြီးတွေ၊  ပုဇင်းကောင်နဲ့တူတဲ့ ဟယ်လီကော်ပတာတွေ၊ ပြီးတော့ ဝမ်းလျားမှောက်ပြီး မြေကြီးမှာဒေါက်ထောက်ပစ်ရတဲ့ သေနတ်ပစ် စစ်ခမောက်ဆောင်း စစ်သားတွေကို ကျောက်တံလေး တဂျစ်ဂျစ်မြည်အောင်ဆွဲခဲ့တာ သတိရတယ်။

အဲဒီလို ကိုယ်ပုံဆွဲနေတာကိုမြင်တဲ့ ဗိုက်ပူတို့ ချွတ်တားတို့ ဘုန်းမောင်တို့က သဘောတွေကျပြီး သူတို့ကျောက် သင်ပုန်းမှာလဲ ဆွဲပေးခိုင်းကြ၊ ပူဆာကြတယ်။ ကိုယ်ကလဲ ကိုယ့်ကျောက်သင်ပုန်းပေါ် ရေးလိုက်၊ တံတွေးပစ်ခနဲထွေးချပြီးပြန်ဖျက်လိုက်လုပ်နေရတာကနေ သူများကျောက်သင်ပုန်းပေါ် ခြစ်ခွင့်ရတော့ အကြိုက်ပေါ့။ အဲ ကိုယ်ကြိုက်သလို သူတို့ကလဲ ဟုတ်တာမဟုတ်တာအပထား၊ ကိုယ့်ရဲ့ အရုပ်လေးတွေကိုသဘောကျကြတယ်။ ဟော..အဲဒီလိုနဲ့စလိုက်တာ နောက်တော့ မုန့်စားကျောင်းဆင်းချိန်ဆိုရောက်ရင် ကိုယ့်ထိုင်ရတဲ့ခုံစောင်းပေါ်မှာ ကျောက်သင်ပုန်းတွေ လာလာထပ်ထားတတ်ကြတဲ့ အရုပ်ဆွဲပေးပါဆိုတဲ့အော်ဒါတွေကအပြည့်ဖြစ်လာတယ်။

အော်ဒါတွေ ဘွတ်ကင်တွေများလာတော့ ဆရာမစာသင်နေတုန်းတောင် ခေါင်းငုံ့အရုပ်ဆွဲမိတာ ဆရာမမိသွားလို့ ခုံပေါ်တက် လက်ပိုက်၊ မတ်တပ်ရပ်နေရတဲ့ဒဏ်ထိတော့တာပေါ့။
ဒါပေမဲ့  နံမယ်က တက်လာပြီ။ အောင်မြင်လာရင် ဘာနဲ့မှတားမရတော့ဘူး။ ဘယ်လောက်တောင်လဲဆိုတော့ နံမည်က တက်လာသလဲဆိုတော့ ကျောင်းအုပ်ဆရာကြီးဦးထွန်းရီ နား ပေါက်သွားတယ်၊ ကျောင်းအုပ်ကြီးက အဖေအမေတို့နဲ့သိနေတော့ မဆူရှာဘဲ ကောင်းကောင်းမွန်မွန်ပြောပါတယ်။ အတန်းထဲမှာ ပုံမဆွဲဖို့၊ ကျောင်း ပိတ်ရက်ကျမှ အိမ်မှာ ဆွဲဖို့ ပြောပါတယ်။
၄ တန်းအောင် ၅ တန်းတက် အလယ်တန်းရောက်တော့ ကျောင်းသုံးဗလာစာအုပ်ပေါ်မှာ ဆွဲပြီ။

ဒါပေမဲ့ စနေ တနင်္ဂနွေညတွေမှာ ကြည့်နေရကြ စစ်ကားထဲက(ရုပ်ရှင်ကား)ပုံတွေကိုအတုယူဆွဲတဲ့ ပုံတွေမဆွဲဖြစ်တော့ဘဲ ဘောလုံးကန်တဲ့ပုံတွေ၊ ဂိုးသမားဘောလုံးဖမ်းတဲ့ပုံတွေ လက်ဝှေ့ထိုးတဲ့ပုံတွေ ဖြစ်လာတယ်။ ဘာဖြစ်လို့အဲဒါတွေပြောင်းသွားသလဲလို့ ခုနေပြန်စဉ်းစားကြည့်တော့ (ငယ်ငယ်က သတိမထားမိခဲ့) ကိုယ်တိုင်လဲ ဘောလုံးကစား၊ လက်ဝှေ့ (အင်္ဂလိပ်ဘောက်ဆင်) လဲ ထိုးနေတာမို့ ငယ်ငယ်ကဆွဲခဲ့တာတွေ ဖီးလ်မလာတော့တာလဲဖြစ်နိုင်ပါတယ်။ ပြီးတော့ အဲဒီကာလက မြန်မာဘောလုံးလောကကမှ ဗဟာဒူးတို့၊ ဂိုးသမားတင်အောင်တို့ဆိုတာက ကလေးကအစ မယ်သီလအဆုံးသိကြတာကိုး။ လက်ဝှေ့ကျတော့ ငယ်ငယ်ကဖတ်ရတဲ့သတင် းစာထဲမှာ ဆန်နီလစ္စတန်ဆိုတဲ့လူ့ဘီလူး ဟဲဗီးဝိတ်ချန်ပီယံကြီးကို ကားစီးယဲ့စ်ကလေးခေါ် မိုဟာမက်အလီဆိုတဲ့ ကောင်လေးက အလဲထိုးအနိုင်ယူခဲ့တာတွေဘာတွေကို အားကျတာလဲဖြစ်တော့ ကိုယ်တိုင်လဲ လက်ဝှေ့ထိုးကြည့်၊ အရုပ်လဲဆွဲကြည့်တဲ့သဘောပါ။ ပြီးတော့ အဲဒီ့အရွယ်မှာထဲက ကိုယ်ဟာ စစ်ကားတွေဘာတွေလဲ မကြည့်တော့ဘူးမဟုတ်လား။ ရုပ်ရှင်ထဲမှာဖြစ်စေဦးတော့ စစ်တိုက်လို့လူသေတာမြင်ရင် ဘယ်ဘက်ကသေသေ တမျိုးကြီးပဲ။ အသည်းကပဲ ငယ်သလား စကြောက်ကြီးဖြစ်လို့လား ကိုယ့်ကိုယ်ကိုယ်လဲ ဝေခွဲမတတ်ပါဘူး။ သေချာတာက အဲဒီ့အရွယ်မှာ ဗဟိုသတင်းစဉ်ရုပ်ရှင်ကပြတဲ့ ပထမကမ္ဘာစစ်လား ဒုတိယကမ္ဘာစစ်လားမမှတ်မိတော့တဲ့ တကယ့်ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကိုကြည့်ပြီးကတည်းက စစ်ကား (စစ်တိုက်ကားလို့ခေါ်တဲ့ရုပ်ရှင်) ကိုမုန်းသွားတာ၊ စစ်ကိုမုန်းသွားတာ။ စစ်ဆန့်ကျင်ရေးသမားဖြစ်သွားတာ။ 

ဒါနဲ့ပဲ အရုပ်ဆွဲဝါသနာပါတဲ့ ၁၃-၄ နှစ်သားလူချောလူလှလေးဟာ အားကစားဘက်ကပုံတွေချည်း သူ့ကျောင်းစာအုပ်(ဗလာစာအုပ်)ရဲ့နောက်ကျောမှာ ရေးပေတော့တာပေါ့။

အောင်မြင်မှုက အဲဒီ့အရွယ်ထိလဲ ထိန်းထားနိုင်ဆဲပြောမလား။ အလယ်တန်းကျောင်းသားဘဝထိ ကိုယ့်ပုံလေးတွေကိုသဘောကျပြီး ပုံလာအပ်တဲ့အတန်း ဖော် ၃-၄ ယောက်ရှိသေးတာ။ လက်မကျသေးတဲ့သဘော။
ဒါပေမယ့် သချာင်္ဆရာမ (.....)  က အိမ်စာပေးလိုက်တဲ့စာအုပ်တွေအမှတ်ခြစ်ဖို့သူ့စားပွဲပေါ်လာထပ်ခိုင်းရာက ဘယ်လိုဘယ်လိုဖြစ်တယ်မသိ၊ နောက်ကြောမှာရေးထားတဲ့ ဘောက်ဆင်ထိုးနေတဲ့ပုံတွေ .. ဘောလုံးကန်တဲ့ပုံတွေမြင်သွားပြီး စည်းကမ်းမဲ့လှချေလား ဘာလား ညာလားနဲ့ ပုံဆွဲဆရာ လူချောလူလှလေးခမျာ ခုံပေါ် လက်ကလေးပိုက် မတ်တပ်ရပ်ရပြန်ပါတယ်။

အဲဒီလိုရပ်ရတော့ အတန်းထဲက ကိုယ်တိတ်တိတ်လေး ရင်ဖိုနေမိတဲ့ မျက်လုံးဝိုင်းဝိုင်းနဲ့ (---) ဆိုတဲ့ကောင်မလေး ( နံမယ်မဖော်ရဲဘူး၊ သူ ဖတ်မိသွားရင် ရှက်စရာကြီးဗျ) လှမ်းကြည့်လိုက်တာမြင်ရတဲ့အခါ ကိုယ့်မှာ စစ်ကားထဲက သေနတ်ပစ်ခံလိုက်ရတဲ့ကောင်လိုပဲ ကားခနဲ လဲကျမသွားအောင် အံကြိတ်ထားလိုက်ရတာလဲ ရှက်ရှက်နဲ့မှတ်မိနေပါသေးတယ်။

ဒီလိုနဲ့ အထက်တန်းရောက်လာတော့ ပန်းချီဆရာလုပ်ရင်ကောင်းမယ်လို့ယူဆပြီး အမေ့ကိုပြောပြတာပေါ့၊ အမေက စာမတတ်တော့ သိပ်နားမလည်ရှာဘူး။ အဲ ကိုယ်ကိုယ်တိုင်ကလဲ ပန်းချီဆရာသာလုပ်ချင်တာ ဘယ်က ဘာစလုပ်ရမယ်ဆိုတာလဲမသိဘူး။ ဘေးပတ်ဝန်းကျင်မေးရအောင်လဲ ပန်းချီဆိုတာကိုတောင် သိပ်သိကြပုံမရတဲ့ အခြေခံလူတန်းစားစစ်စစ်ဘဝသမားတွေ။ အမေ့သဘောက ကိုယ့်ကို စာဘက်ပဲ လိုက်စေချင်တာပဲလို့ ပြောတယ်။ ဒါနဲ့ပဲ
အဖေနဲ့အမေကွဲကွာနေကြတာမို့ အဝေးမှာနေတဲ့အဖေ့ကို အသိပေးကြည့်ပြန်တယ်။

ဂျပန်တော်လှန်ရေးသမား စစ်ပြန်ကြီးက ခပ်ပြတ်ပြတ်ပဲပြောတယ်၊ ဟေ့ကောင် ...အရူးမထနဲ့. ဒို့မှာ မျိုးရိုးမရှိဘူးတဲ့။ ကျောင်းနေချင် ကောင်းကောင်းဆက်နေ၊ မနေချင် ထွက်၊ ရထားပေါ် စျေးလိုက်ရောင်းတဲ့။ ရှေ့နေငှားခါမှ ထောင်လုံးလုံးကျတဲ့ကိန်းဆိုတာ ဒါမျိုးထင်ပါရဲ့။
ဒီလိုနဲ့ အဖေ့စကားမှန်ခဲ့ပါတယ်၊ မျိုးရိုးမရှိခဲ့တာမို့ ပန်းချီသင်ကြားခြင်း၊ ရေးဆွဲခြင်း စတာတွေလက်လွှတ်ခဲ့ရ။

ဒါပေမဲ့ ငုပ်နေတဲ့စိတ်ကလေးဟာ သူငယ်ချင်းတွေနဲ့ စာပေဦးစားပေးမဂ္ဂဇင်းတစောင် (အိပ်မက်ဖူးမဂ္ဂဇင်း) ဝိုင်းလုပ်ဖြစ်ကြတဲ့အရွယ်အသက်ရောက်တဲ့အခါ ဘွားခနဲ ခေါင်းထောင် ပြန်ထလာပါတယ်၊ မထခံနိုင်ရိုးလားဗျာ။ ကိုယ်သိပ်ကြိုက် သိပ်ကြည်ညိုတဲ့စာနယ်ဇင်းပန်းချီဆရာကြီးတွေကို အရှင်လတ်လတ်ကြီး တွေ့ရပြီကိုး။ ပန်းချီဆရာကြီးများဖြစ်ကြတဲ့ မောင်ဒီ၊ စံတိုး၊ ဝသုန်၊ ကျော်သောင်း ...တို့မှသည် ..ကိုယ်တွေအသက်အပိုင်း အခြားလောက်ပေမယ့် အောင်မြင်ထင်ရှားကြပြီးဖြစ်တဲ့ ကိုမုတ်( မုတ်သုံ)၊ ကေမြိုး၊ ဝင်းမော်ဟန်၊ လှထွဏ်းအောင်၊ သန်းဌေးမောင်၊ သည် မောင်မောင်ဉာဏ်၊ မောင်နိုး၊ ကိုကိုနိုင်   စသည်စသည်တို့နဲ့ ကိုယ့်ထက်အသက်နဲနဲပိုငယ်ကြတဲ့ ပန်းချီစိုးနိုင်၊ ဇော်ညွန့်ဖေ၊ မောင်မောင်သူရ..စတဲ့ အရွယ်စုံ ဆရာအကျော်အမော်တွေကို အရှင် လတ်လတ်ကြီးဆုံရ ဖူးရတော့တာကိုးဗျာ။ ကြည်ညို၊ အားကျ၊ ကျားကျားချင်း တိတ်တိတ်ကြိတ်ပိုးကြီးကိုဖြစ်လို့...။

ရူးသွပ်ဖို့ကံက ကောင်းချင်တော့ မဂ္ဂဇင်းမှာဖော်ပြဖို့စီစဉ်ထားတဲ့စာမူတွေအတွက် သရုပ်ဖော်ပန်းချီအပ်ဖို့ရာတာဝန်ကလဲ ကိုယ်ပဲယူရတာများတော့ အဲဒီ့ ဒေဝတာကြီးတွေနဲ့ကိုယ်နဲ့က လုံးလားထွေးလားပေါ့။ (အဲဒီလိုသုံံးလိုက်တာ ဟုတ်မှဟုတ်ရဲ့လားမသိ?)။ ထားတော့ ... သူတို့ကိုပုံအပ်လိုက်လို့ ပုံရပြီဆိုတဲ့နေ့ဟာ ကိုယ့်အတွက် ဘယ်လိုရင်ဖိုရမှန်းမသိအောင်ဖြစ်ရချိန်များပေါ့.။ ကိုယ့်ဆရာသမားတွေ ဘယ်လိုဘယ်နှယ် ဖန်တီးရေးဆွဲလာမလဲဆိုတာ ရင်ထဲတလှိုက်လှိုက် စောင့်ကြည့်ရတာဟာ ပြန်ပြောလို့တောင်မတတ်ဘူး။ ဒါ အပိုဖွဲ့နွဲ့ပြောတယ်မထင်ပါနဲ့။ ကိုယ့် အရူးစိတ်ကို ကိုယ်ထုတ်ပြချင်တဲ့ အရိုးခံစိတ်သက်က်ပါ။

မှတ်မှတ်ရရတခုက ကိုမုတ်ကြီး (ကိုမုတ်သုန်ကို ကျနော်တို့က ချစ်စနိုးနဲ့ ဒီလိုခေါ်ကြတာကိုး) ကို ၄ ရောင်ခွဖောင် ( စာအုပ်ဖြန့်လိုက်ရင် စာမျက်နှာနှစ်ဖက်စုံ မြင်ရတဲ့အနေ အထားကိုပြောတာ) အပ်တုန်းကနေ့လေးပဲ။

အဲဒီတုန်းက ကိုမုတ်ကြီးကို ကိုယ်အပ်လိုက်တဲ့ စာမူက မြန်မာနိုင်ငံမှာ မြန်မာစာလာသင်တဲ့ တရုတ်ပြည်က မြန်မာစာ ဒုပါမောက္ခတယောက်ရဲ့ စာမူပဲ။ သူက အိုင်အက်ဖ်အယ်လ်လို့ခေါ်တဲ့ နိုင်ငံခြားဘာသာသင်ကျောင်းမှာ မြန်မာစာလာသင်နေတဲ့သူ။ သူ့ကိုစာမူတောင်းတာက သူ့ကိုမြန်မာစာသင်ပေးနေတဲ့ ယခုမြန်မာစာပါမောက္ခကြီးဖြစ်နေတဲ့ သူငယ်ချင်း ကဗျာဆရာ စာရေးဆရာ အယ်ဒီတာ မောင်သာချို။ သူက သူ့တပည့် ကျောင်းသားရဲ့ မြန်မာစာနဲ့ကလောင်စွမ်းကို မြန်မာတွေပြန်ဖတ်နိုင်အောင် စာမူတမင်တောင်းတင်ဆက်တာ။ ကလောင်အမည်က ဝူဆူမင်း ထင်ပါရဲ့ (ခပ်ရေးရေး)။ အဲ သူရေးတဲ့ဝတ္ထုကလဲ ကောင်းပါ့ဗျာ။ (ရှည်မှာစိုးလို့ ထည့်ပြောမနေတော့ပါဘူး)

ဝတ္ထုအမည်က '' အိပ်မက်ထဲမှာ တယောက်တကမ္ဘာ" ..လားမသိ။ ဒါလဲခပ်ရေးရေးပဲ။ ထားတော့ ...'' ကိုမုတ်ကြီးရေ.. ဒီစာမူလေး ဖတ်ပြီး လေးရောင်ခွဖောင်လေးရေးပေးပါဗျာ " လို့ ပုံအပ်တော့ ကိုမုတ်ကြီးက စာမူကိုခပ်သော့သော့လေးဖတ်လိုက်ပြီ ..." ဟေး ကိုခင်လွမ်း (သူက သူတို့ဒေသအသံထွက်အတိုင်း လွန်း ကို လွမ်း လို့ထွက်) စိတ်ချ၊ ခင်ဗျားကို တခါထဲ ဘီကျင်းကိုပို့ပစ်လိုက်မယ် " တဲ့။
ဟုတ်ပဗျာ။ ပုံလာပေးတော့ သူပြောထားတဲ့အတိုင်း ကိုယ့်မှာ ဘီကျင်းကိုရောက်ချသွားတော့တာပါပဲ။

အဲဒီလိုအဲဒီလိုပါရမီကြီးလှတဲ့ပန်းချီကျော်တွေနဲ့နေရတော့ ကိုယ့်မှာ ငုပ်နေတဲ့စိတ်လေးဟာ လိပ်ခေါင်းများလို ပြူတစ်ပြူတစ်နဲ့အပြင်ထွက်ချင်နေတာပေါ့ဗျာ။ ဒါပေမဲ့ သူတို့ရှေ့မှာ ထုတ်မပြောရဲဘူး...အသက်ကလဲကြီးလှပြီ။ ဖြစ်နိုင်ဖို့ကလဲ အခွင့်မသာပြီ၊ အဖေပြောတဲ့မျိုးရိုးမရှိဆိုတာကြီးကလဲ သေရာပါလို စွဲနေပြီဆိုတော့ ဒီလိုသာကြိတ်မှိတ်နေရတာပေါ့။
အေးပေါ့... နောက်တဘဝ လူလာဖြစ်ရင်တော့ တွေ့ရချေသေးပေါ့။

ဆိုကြပါတော့ ...စာလဲရှည်ပါပြီ။

လူ့ဘဝဆိုတာ အိပ်မက်တွေထက်ထူးပါတယ်။ ကိုယ်ဟာ တခါဖူးမှ အိပ်မက်တောင်မမက်ဖူးတဲ့ပြည်ပ (နိုင်ငံခြားပေါ့ဗျာနော်) ကို အသက်ကြီး ကြီးကာမှ ရောက်လာပါတယ်။ ရောက်လာတော့ ငယ်ငယ်က ဘောလုံးအသင်းမှာ ရှေ့နောက် လွန်းပျံထိုးကစားရတဲ့ အလယ်တန်းသမားလဲဖြစ်၊ မီတာတသောင်းနဲ့ မာရသွန်အပြေးသမားတပိုင်းလဲဖြစ်၊ လက်ဝှေ့လေးဘာလေးလဲ ထိုးဖူးတဲ့ကောင်ဟာ ဘယ်လိုဘယ်လိုဖြစ်တယ်မသိ(အထိုင်များလွန်းရာက ဖြစ်တယ်ဆိုပါတယ်) အာရုံကြော ခါးဆစ်ရိုးထဲညှပ်တဲ့ဝေဒနာနဲ့ မသန်မစွမ်းတပိုင်းဖြစ်ရပါတယ်။
အလုပ်လုပ်ခွင့်လဲမရ၊ ကားလဲ ခရီးရှည်ရှည်မမောင်းနိုင်၊ ထိုင်လဲ ကြာကြာမထိုင်နိုင်သလို လျှောက်လဲ ကြာကြာမလျှောက်နိုင်တဲ့လူအဖြစ် စိတ်ပျက်ငြီးငွေ့ဖွယ်ဘဝပေါ့။
ဆိုတော့ တိုတိုပြောရရင် မြန်မာလူမျိုးလဲအနေနည်းပါးတဲ့ကိုယ်ရောက်ရာနေရာလေးမှာ အထီးကျန်အဖော်မဲ့မှုကိုတန်ပြန်စစ်ထိုးဖို့အတွက် နည်းလမ်းရှာရင်းကိုယ်ဟာ အမှတ်မထင် ကလေးဘဝအရုပ်လေးတွေကိုပြန်ဆွဲဖို့သတိရလာပါတယ်။
ဒီလိုနဲ့ အရုပ်လေးပြန်ဆွဲပါတယ်။ ဒါပေမဲ့ ငယ်ငယ်ကဆွဲသလို စစ်သားတွေ စစ်ကားတွေ စစ်တိုက်နေတာတွေမဟုတ်တော့သလို လက်ဝှေ့ထိုးတာတွေ ဘောလုံးကန်တာတွေလဲ မဟုတ်တော့တဲ့ပုံတွေပေါ့။

ကိုယ့်ပုံလေးတွေက သစ်ပင်လေးတွေ တောင်တန်းလေးတွေ တိမ်ရောင်စုံတွေပေါ့။ တခါတခါလဲ စိတ္တဇဆန်ဆန်ပေါ့။ ပန်းချီဆရာကြီးတွေလို ဆွဲချင်ပေမယ့် ငယ်ငယ်ထဲက သင်ကြားခဲ့ဖူးခြင်းမရှိတော့ ပန်းချီဆွဲတာလို့မပြောဘဲ အရုပ်ဆွဲတယ်လို့ပဲပြောချင်ပါတယ်။
ရီတော့ရီရတယ်။ အခုဆို စုတ်တံနဲ့ဘာနဲ့ ဆွဲကြည့်နေပြီ။ ရေဆေးတဲ့... ဆီဆေးတဲ့၊ အခရိုင်းလစ်တဲ့။ ပါစတယ်တဲ့... အစုံပဲ .. စျေးပေါပေါလေးတွေချည်းရွေးဝယ်ပြီး ဆွဲနေတာ...။

အသက် ၆၀ ကျော်မှ စုတ်တံ စကိုင်ဖူး။ ဆေးနဲ့စုတ် တို့ကာထိကာ ဆွဲကြည့်ဖူးပါတယ်။ အိပ်မက်ထက်တောင် အိပ်မက်ဆံတဲ့ ဘဝပါ။
တကယ်တော့လဲ ကိုယ်အရုပ်လေးတွေဟာ စစ်မတိုက်တော့တဲ့အရုပ်လေးတွေ လက်ဝှေ့မထိုးတော့တဲ့အရုပ်လေးတွေဆိုပေမယ့် ကိုယ်ဟာ စစ်ပွဲတပွဲကို တိုက်နေရသလိုပဲမဟုတ်လား။ လက်ဝှေ့တပွဲကို ထိုးနေရသလိုပဲမဟုတ်လား။
အဲဒီ့စစ်ပွဲက အဲဒီ့လက်ဝှေ့ပွဲက တဘဝလုံး တိုက်၊ တဘဝလုံး ထိုးသွားရမှာမဟုတ်လား။ ။

လွန်း
၈၊ ၁၀၊ ၂၀၂၀
ည .. ၁ဝး ၁၀ နာရီ

Comments