Credit- Myat Hlaing 's FB |
ဘယ်တစ်ခြမ်း
မြတ်လှိုင်း
(သစ်ခက်သံလွင်) ဧပြီ ၁၂၊ ၂၀၂၀
(၁)
ညာတစ်ခြမ်းကိုအနားပေးခဲ့ရတာကြာပြီဆိုပြီးတွေးနေမိတယ်။ ကျွန်တော်ဘယ်လိုမွေးဖွားပြီးရှင်သန်ခဲ့ရတာလဲ။ သေချာတာကတော့ လမ်းလျှောက်တတ်ခါစအချိန်တွေကိုတော့မမှတ်မိတော့ဘူး။ အသိမှတ်ဉာဏ်ရှိတဲ့အချိန်မှာတော့ ဘယ်လက်ထက် ညာဘက်ကို အားထားခဲ့တယ်။ စာ စရေးတတ်စဉ်က ညာလက်နဲ့ခဲတံကိုင်ပြီးစလေ့ကျင့်ခဲ့တာကိုတော့ အလိုအလျောက်မှတ်မိနေတယ်။ ဆော့ကစားတတ်တဲ့အရွယ်မှာလည်း ညာ ဘက်ကိုအားထားတတ်ခဲ့တယ်။ ဘောကန်တတ်တဲ့အချိန်မှာလည်း ညာဘက်ခြေထောက်ကိုအဓိကထားခဲ့တယ်။ ဒါပေမယ့် ဘောကန်တတ်တဲ့အခါ ညာဘက်ခြေကိုအားပြုခဲ့တယ်ဆိုပေမယ့် ဘယ်ခြေရဲ့အကူအညီကိုယူခဲ့ရတယ်။ လူတစ်ယောက်လမ်းလျှောက်တဲ့အချိန်မှာ ဘယ်ညာနှစ်ဖက်စလုံးဟန်ချက်ညီအောင်လျှောက်ရသလိုပေါ့။
ကျွန်တော်တို့လူတွေသဘာဝအရမြင်အောင်ကြည့်တတ်တဲ့အခါမှာ ဘယ်မျက်လုံးရေ ာညာမျက်လုံးနှစ်ဖက်ကိုကြည့်နိုင်မှ ဆုံမှတ်တစ်ခုမှ ာကြည်လင်ပြတ်သားတတ်တယ်မဟုတ်လား။ နှာခေါင်းနှစ်ပေါက်နဲ့နားနှစ်ဖက်က အနံ့ရတာ၊ ကြားသိတာတွေကလည်း ဘယ်ညာစုံမှာပြည့်စုံတတ်တယ်လေ။ ဒီအကြောင်းတွေကိုစာတွေဖတ်ရင် အပြည့်အစုံသိနိုင်ပါလိမ့်မယ်။
ဘယ်ညာနှစ်ဘက်ဟန်ချက်ညီညီလှုပ်ရှားနိုင်ဖို့အတွက် အဓိကကျတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်ရဲ့ရှင်သန်လာခဲ့မှုမှာ ညာလက်ကအဓိကကျခဲ့တာကို တွေးမိတယ်။ ပန်းချီစဆွဲတတ်တဲ့အချိန်မှာလည်း ညာလက်တစ်ဘက်ထဲနဲ့ရေးဆွဲခဲ့တယ်။ စာရေးတဲ့အချိန်မှာလည်း ညာလက်ကိုတာဝန်ပေးခဲ့တယ်။ ကျွန်တော့်လိုစာရေးခြင်းအတတ်နဲ့သက်မွေးကြောင်းအဓိကပြုခဲ့သူတစ်ယောက်အတွက် ဒီအကြောင်းဟာ အဓိကကျပါလိမ့်မယ်။ အစစအရာရာညာလက်နဲ့ဖန်တီးခဲ့ရတာတွေချည်းပါပဲ။ နောက်ဆုံးလက်မှတ်ထိုးရင်တောင် ညာလက်နဲ့ရေးထိုးခဲ့တယ်။ ခဲတံ,ဘော့ပင်ကိုတောင်မကိုင်တတ်တော့တဲ့အထိ ဘယ်ဘက်လက်ကို ဘယ် လောက်တောင်ညှာတာခဲ့သလဲဆိုတာကို တွေးတောင်မတွေးမိခဲ့ဘူး။
(၂)
ဒီလိုမတွေးခဲ့မိတာကို အမှားလို့ပြောရမလား။ တကယ်လို့တွေးမိခဲ့မယ်ဆိုရင် ဘယ်လက်နဲ့စာရေး တတ်အောင်ကြိုတင်ပြင်ဆင်ခဲ့မိမှာပါ။ လူတစ်ယောက်အတွက်ရောက်လာမယ့်ကံကြမ္မာကို မသိနိုင်ဘူးမဟုတ်လား။ တခြားသူတွေအတွက်ညာလက်ကိုအဓိကအားပြုတတ်တာတွေထက်၊ ညာ လက်နဲ့ အမြဲစာရေးပြီးအသက်ရှင်သန်နေသူတစ်ယောက်အတွက် သူ့ဘဝတစ်ခုလုံးက ညာလက် အပေါ်မှာမူတည်နေတယ်လေ။
သူ့ရဲ့ကံကြမ္မာကလည်း ညာလက်ရဲ့ရှင်သန်မှုပါပဲ။
ကျွန်တော်ညာဘက်ကိုယ်တစ်ခြမ်းသေသွားတဲ့အချိန်မှာ ညာလက်ကိုမဖြစ်မနေ အနားပေးလိုက် ရတယ်။
ခဏတာအနားပေးလိုက်ရတာမဟုတ်ဘူး။ ဘယ်တစ်ခြမ်းမသေအောင်ကြိုးစားနေနိုင်သမျှကာလအထိ ညာလက်ကိုအနားပေးလိုက်ရပြီ။
ပြန်ရှင်သန်မလာနိုင်တော့တဲ့ညာလက်ကံကြမ္မာဆိုးကြီးက ကျွန်တော့်ဘဝရှင်သန်နိုင်ရေးစိတ်ကို
ပြိုကျ သွားစေခဲ့တယ်။ ဘယ်လက်ကိုအားကိုးနိုင်မလားလို့တွေးမိလိုက်ရင်လည်း ပိုစိတ်ဓါတ်ကျသွားခဲ့ရတယ်။
ဘယ်လက်ကိုငါဘာဖြစ်လို့အလို လိုက်ညှာတာထားခဲ့ရတာလည်းလို့ စဉ်းစားနေမိတယ်။
တစ်ခုတွေးမိတာက ကျွန်တော်ငယ်ရွယ်စဉ်အချိန်မှာချော်လဲပြီး ဘယ်ဘက်လက်တစ်တောင်ဆစ် ကျိုးခဲ့ဖူးတယ်။ နောက်ပိုင်းမှာလည်း ဘယ်လက်တစ်တောင်ဆစ်က အဆစ်ခဏခဏရောင်တတ်သလို နဂိုမူလလက်လိုမဖြောင့်တော့ဘူး။ ခပ်ကောက်ကောက်ဖြစ်သွားတယ်။
အဲဒီအခြေအနေတစ်ခုကြောင့် သိပ်ပင်ပင်ပန်းပန်းလုပ်ရမယ့်အလုပ်တွေကိုမခိုင်းပဲ ညှာတာခဲ့တယ်။ ဒါပေမယ့် လက်နှစ်ဘက်စလုံးကိုမထိခိုက်အောင် ဂရုစိုက်နေခဲ့ရတာတော့ အတူတူပါပဲ။ အခုလိုညာလက်ကိုတစ်သက်တာအနားပေးလိုက်ရတဲ့အချိန်ကျမှ ဘယ်လက်ကိုညှာတာခဲ့တာ နောင်တရနေမိတော့တယ်။
အမှန်တကယ်ဆို လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ သူ့နေရာနဲ့သူ ပုံမှန်လုပ်ရမယ့်တာဝန်တွေကျေအောင်ခိုင်းစေခဲ့ရမှာပါ။ ရှေးခေတ်ဘုရင်တွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေက လက်ဝဲရံ၊ လက်ယာရံဆိုပြီးထားတတ်ကြတယ်။ လက်ဝဲပဲဖြစ်ဖြစ်၊ လက်ယာပဲဖြစ်ဖြစ် သူ့အစွမ်းအစထက်မြက်မှုတော့ ရှိရမှာပါပဲ။ဘယ်လက်နဲ့ညာလက်လိုပေါ့။ တစ်ဖက်နေရာမှာအစားထိုးဝင်ရောက် တာဝန်ယူနိုင်ရမယ်။ ဒီလိုအခြေနေမှာအဓိကကျတဲ့ခန္ဓာကိုယ်လှုပ်ရှားမှုက ဟန်ချက်ညီနိုင်မယ်။ လူတွေယုံကြည်ခဲ့ကြတဲ့ဝါဒတွေမှာလည်း လက်ဝဲအယူအဆနဲ့ လက်ယာအယူအဆတွေရှိခဲ့ကြတယ်။တစ်ချို့လူတွေမှာ ဘယ်လက်သန်နေတာတွေ့ရပါတယ်။ဒီဘယ်လက်သန်သူတွေက မွေးရာပါလား။ လေ့ကျင့်ယူခဲ့တာလားဆိုတာတော့ မသိနိုင်ပါဘူး။ တစ်ခါကစာရေ းဆရာမောင်စိမ်းနီရေးဖူးတဲ့ ”ဘယ်သန်ကြီးများ” ဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ကို အမှတ်ရမိလိုက်တယ်။
(၃)
ကျွန်တော့်ကိုယ်ခန္ဓာညာဘက်တစ်ခြမ်းကပြန်ရှင်သန်လာခဲ့ပေမယ့်၊ မသန်စွမ်းတော့သလို ညာဘက်လက်ကလည်းဘာကိုမှမကိုင်တွယ်နိုင်တော့တဲ့အခြေအနေ ရောက်သွားပါပြီ။ ကျွန်တော်ဒီဝေဒနာကိုစဖြစ်စဉ်အခါကသတင်းလာမေးကြတဲ့အပေါင်းအသင်းအကုန်ပြောကြတယ်။ ”မရတော့ဘူး၊ လွှတ်ပစ်လိုက်ရပြီ”တဲ့။ ကျွန်တော်ပြန်မပြောနိုင်ခဲ့ဘူး။ ဒါပေမယ့်၊ ”ငါ့ခန္ဓာကိုယ်ဘယ်တစ်ခြမ်းမသေ သေးဘူး၊ ငါပြန်ရှင်နိုင်ရမယ်” ဆိုတာကို စိတ်ထဲက ပြောနေမိခဲ့တယ်။ ကာလအတန်ကြာတော့ မသန် စွမ်းဖြစ်သွားပေမယ့်မသေသွားခဲ့ဘူး။
ဘယ်သန်ကြီးများလိုဘယ်လက်နဲ့စာရေးကျင့်ယူမယ်ဆိုတဲ့စိတ်မွေးခဲ့တယ်။
ဘယ်သန်ကြီးတွေကိုလေ့လာကြည့်လိုက်ရင် စိတ်ဓါတ်ခိုင်မာသူများဖြစ်တယ်ဆိုတာကို သိလိုက်ရတယ်။
ဘယ်လက်နဲ့ဘော့ပင်ကိုင်ပြီးစာရေးကြည့်တာမဖြစ်နိုင်ပဲ ခက်ခဲတာကိုတွေ့ရတယ်။ ကွန်ပြူတာလက်တော့နဲ့
ဘယ်လက်တစ်ဖက်တည်းစာတစ်လုံးစီနှိပ်ပြီး လေ့ကျင့်ခဲ့ရတယ်။ အရင်ကကွန်ပြူတာနဲ့စာမရေးတတ်ခဲ့ဘူး။
အပျင်းပြေ ကွန်ပြူတာဂိမ်းကစားရုံလောက်ပဲ။ ညာလက်နဲ့နေ့ရောညပါ စာတွေရေးခဲ့တာ။ စာပေနယ်ကိုစရောက်ကတည်းက
ညာလက်နဲ့စာတွေရေးခဲ့တာ နှစ်ပေါင်းသုံးဆယ်မကတော့ဘူး။ အခုအချိန်မှာတော့ သိတတ်စအရွယ်ကတည်းက
ညာလက်ကိုအားထားခဲ့သလို၊ နှစ်ပေါင်းများစွာမနားရအောင်စာတွေရေးခဲ့တဲ့ ညာလက်ကို တစ်သက်တာအနားပေးလိုက်ရပြီ။ ရှင်သန်နေတဲ့ဘယ်လက်နဲ့ စာတွေပြန်ရေးနိုင်ခဲ့ပြီ။
တကယ်လို့ ဘဝရှင်သန်မှုကိုလက်လျှော့လိုက်ခဲ့မယ်ဆိုရင် သေသွားတာကြာပြီ။ လူတစ်ယောက်ရဲ့ဆက် လက်ရပ်တည်ရှင်သန်မှုက စိတ်ဓါတ်ကအဓိကကျပါတယ်။ ကျွန်တော် သိလိုက်တာကလူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုဆက်လက်ရှင်သန်မောင်းနှင်ဖို့အတွက် ဖြစ်ပေါ်လာတဲ့အခြေအနေအပေါ်မှာ မှန်ကန်တဲ့စိတ်ဆုံးဖြတ်ချက်ချနိုင်ဖို့ပါပဲ။
(၄)
"တိုက်ပွဲဆိုတာ သာချင်သာမယ်
တိုက်ပွဲဆိုတာ နာချင်နာမယ်
ဘယ်မှာ ခန့်မှန်းသိနိုင်မလဲ။
နာနာသာသာ ဘာမှမဖြုံ
စိတ်လုံခြုံရင်၊ မတုန်မလန့်ဖျပ်ပါဘူး
အဟုန်မတန့်ရပ်ပါဘူး၊
ရှေ့ကဆီး၍၊ လမ်းခရီးထဲ သစ်ပင်လှဲမလား
ရှေ့ကကန့်၍၊ အဟန့်အတား ဆူးတွေထားမလား။
ယောက်ကျားဟေ့နော်
တိုက်ပွဲပျော်
ကျွန်တော်တိုက်ရင်း တက်မှာပဲ"
ဆရာကြီးဓနုဖြူကျော်ထွန်း (အီကြာကွေး) ရဲ့’တိုက်ပွဲပျော်’ကဗျာကိုပြန်ဖတ်မိတယ်။ ငယ်စဉ်ကတည်းကဒီ ”တိုက်ပွဲပျော်” ကဗျာကိုကြိုက်နှစ်သက်ပြီး စိတ်ထဲစွဲနေခဲ့တယ်။ အခုကျွန်တော့်ရဲ့ဘဝအခြေအနေဟာဒီကဗျာလိုစိတ်ဓါတ်အင်အားမွေးမြူပြီး ခရီးဆက်ရတော့မယ်။ ကိုယ်ခန္ဓာတစ်ခြမ်းမသန်စွမ်းဖြစ်နေတော့သာမန်လူတစ်ယောက်နဲ့စာရင် သေချိန်စောလိမ့်မယ်ဆိုတာကို တွေးမိပါတယ်။ သေမှာကိုကြောက်လို့မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်ထိဘဝရှင်သန်နေမှုဟာ ’ဘယ်တစ်ခြမ်း’ ရှင်သန်နေသေးတာကို အသုံးချတတ်အောင် အသုံးပြုနိုင်ရမယ်ဆိုတဲ့စိတ်ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပါလိမ့်မယ်။
ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် မတူညီတဲ့အစိတ်အပိုင်းတွေကိုသူ့နေရာနဲ့သူ အသုံးချတတ်ဖို့အရေးကြီးပါလိမ့်မယ်။ ကိုယ်အဓိကအားထားရတဲ့ညာဘက်တစ်ခြမ်း မစွမ်းဆောင်နိုင်တော့ဘူးဆိုပြီး စိတ်ဓါတ်ကျသွားမယ်ဆိုရင် ဆက်လက်ရှင်သန်မှုဟာ ဆုံးရှုံးသွားရမှာပါ။ ဒီလိုအခြေအနေဆိုးတစ်ခုကိုကြုံတွေ့လာမယ်ဆိုရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ကအရေးကြီးသလို အခြေအနေဆိုးကိုရင်ဆိုင်ပြီး ဆက်လက်ရှင်သန်နိုင်အောင်တိုက် ပွဲဝင်နိုင်ဖို့ လိုအပ်ပါတယ်။
ကျွန်တော့်ဘဝမှာတွေ့ကြံရတာတွေကဖြစ်လာတဲ့ကံကြမ္မာဆိုးကိုမသိမမြင်နိုင်ဖြစ်ပြီးအခြေအနေအပေါ်မှာရင်မဆိုင်နိုင်ပဲထွက်ပြေးခဲ့ကြတာတွေ၊ ဖြစ်လာနိုင်တဲ့ကံကြမ္မာဆိုးကိုကြိုတင်တွေးပြီး မစီစဉ်ခဲ့တာတွေ၊ ဖြစ်ပေါ်လာတဲ့အခြေအနေအပေါ်မှာဖြစ်သလို ပေါ့ပေါ့လျော့လျော့သဘောထားတတ်ကြတာတွေများပါတယ်။
ကံကြမ္မာဆိုးရောက်လာခဲ့ရင် ချက်ချင်းပြန်ခုခံရင်ဆိုင်တတ်တဲ့စိတ်အင်အားရှိနိုင်ဖို့အရေးကြီးပါတယ်။
ကျွန်တော်အနေနဲ့ကတော့ ဘယ်တစ်ခြမ်းနဲ့ဘဝတိုက်ပွဲ ဆက်ဝင်သွားနိုင်ပါလိမ့်မယ်။
ကျွန်တော်အနေနဲ့ကတော့ ဘယ်တစ်ခြမ်းနဲ့ဘဝတိုက်ပွဲ ဆက်ဝင်သွားနိုင်ပါလိမ့်မယ်။
မြတ်လှိုင်း
- Daily Eleven ပါ စာရေးသူ၏အက်ဆေးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
Comments
Post a Comment