နေသွင်ညိဏ်း - သရော်စာဆရာရဲ့ သံဝေဂ

သရော်စာဆရာရဲ့ သံဝေဂ 
နေသွင်ညိဏ်း
(သစ်ခက်သံလွင်) ဧပြီ ၂၂၊ ၂၀၂၀
ကျနော်တယောက်တည်း အနေနဲ့ သရော်စာဆိုရင် ဆရာညိုမြကို အရင်ဆုံး ပြေးမြင်ပါတယ်။ ကျနော်တို့ ငယ်ငယ်က သင်ရတဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းထဲက “ငရဲခွေး” ဆောင်းပါးကြောင့် ဖြစ်ပါတယ်။ အထက်တန်း ပြဋ္ဌာန်းစာအုပ်ပါ ဆရာညိုမြရေးတဲ့ “နွားနဲ့သပိတ်” ဆောင်းပါးကိုလည်း သရော်စာအနေနဲ့ သတ်မှတ်နိုင် မယ်ထင်ပါတယ်။ သိကြတဲ့အတိုင်း သရော်စာမှာ ဆရာညိုမြဟာ ဆရာတဆူပါပဲ။ တခါတခါ သရော်နေသလား၊ အတည်ရေးနေသလား မျက်စိလည်အောင် ပိရိပါတယ်။ အထူးသဖြင့် အသက်ရလာတဲ့အခါ ရေးတဲ့ စာတွေပိုဖတ်ရင် ကျနော်တို့လို ငချွတ်တွေအတွက် ဇဝေဇဝါ ဖြစ်စရာကောင်းပါတယ်။ ဉာဏ်မီအောင် မနည်းကြိုးစားရပါတယ်။

“ငရဲခွေး” သရော်စာကို အားလုံးသိပြီးဖြစ်လို့ လိုရင်းရောက်အောင် ပြောရရင် ညိုမြက တက္ကသိုလ်ထဲက အလိုတော်ရိ ဆရာတွေကို သူ့သူငယ်ချင်း ကိုအောင်ဆန်း အယ်ဒီတာလုပ်နေတဲ့ အိုးဝေ မဂ္ဂဇင်းကနေ သရော်ခဲ့ပါတယ်။ သခင်နုကို နိုင်ငံရေးခြေရှုပ်လို့ ဆိုပြီး ကျောင်းက ထုတ်လိုက်တာကို မကျေနပ်လို့ ကလော်တုတ်တဲ့ စာပါပဲ။ ညသန်းခေါင် အခန်းထဲ တယောက်တည်း ကျိတ်ရေးပြီး ဖောင်ပိတ်ခါနီးလေးမှာ အယ်ဒီတာကိုအောင်ဆန်းကို ပေးပါတယ်။ စာက တိုတိုလေးပါပဲ။ ဒါကြောင့် နောက်ပိုင်း တချို့ အလွတ်တောင် ကျက်ထားကြပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့စာရဲ့ လိုရင်းက အလိုတော်ရိလုပ်လို့ ငရဲကျတဲ့ငရဲခွေးတကောင်ဟာ ငရဲကနေ ထွက်ပြေးပြီ တက္ကသိုလ်ထဲသောင်းကျန်းနေလို့ ပြန်ဖမ်းပြီးပို့ပေးဖို့ အကြောင်းကြားစာဖြစ်ပါတယ်။ ရေးသူက ငရဲမင်း ကိုယ်တိုင်ပါပဲ။ ဒီစာဟာ သရော်စာလို့ ယေဘုယျနားလည်ထားကြပေမယ့် ဆရာညိုမြကိုယ် တိုင်က ကလော်စာလောက်ပဲ သဘောထားတာတွေ့ရပါတယ်။ “ကျနော်ဟာ ငရဲခွေးကြီး ဆောင်းပါး ရေးသူ တရားခံ အဖြစ်ဘာမှ အထူးတလည် ထုချေစရာ မရှိပါ။ အဲဒီ စာတိုကလေးဟာ အတော်ပဲ ကြမ်း ပါတယ်။ ..... စစ်ပရိယာယ်တစ်ခုအနေနဲ့ အသုံးပြုလိုက်ခြင်းကြောင့် ဖြစ်ပါတယ်” လို့ ဝန်ခံပါတယ်။ စစ်ပရိ ယာယ်ဆိုတာ တဖက်ရန်သူကို သွေးရူးသွေးတန်းဖြစ်ပြီး ခြေလှမ်းတွေမှားအောင် ခပ်ကြမ်းကြမ်း တိုက်ခိုက်တဲ့ပရိယာယ်ကို ပြောတာပါ။

သိကြတဲ့အတိုင်း အယ်ဒီတာ ကိုအောင်ဆန်းလည်း ကျောင်းထုတ်ခံရပြီး ဒုတိယ တက္ကသိုလ်သပိတ် ပေါ် ပေါက်ခဲ့ပါတယ်။ နောက်မကြာခင် ( ၁၉၄၀ လောက်) မှာပဲ (ဆရာ) ညိုမြဟာ သတင်းစာ ပညာသင်ဖို့ အမေရိကားကို ရောက်သွားပါတယ်။ တချိန်တည်းလောက်မှာ သခင်အောင်ဆန်းတို့ ဂျပန်ရောက်ပြီး အင်္ဂလိပ်ကို တော်လှန်၊ နောက်တော့ ဗိုလ်ချုပ်တို့ကျပြီး မြန်မာပြည် လွတ်လပ်ရေးရပါတယ်။ ၁၉၄၈။

၁၉၇၀ တဝိုက်လောက်မှာ ဆရာညိုမြရဲ့ အသက်က ၆၀ ဝန်းကျင် ဖြစ်နေပါပြီ။ သူ့ရဲ့ အိုးဝေသတင်း စာလည်း နှစ်အစိတ် သက်တမ်း ရှိပါပြီ။ ဒီနှစ်တွေအတွင်းမှာ ငရဲခွေး ဆောင်းပါး ထဲမှာ ရည်ညွန်းခံရတဲ့ မြန်မာလူမျိုး ဆရာကို ဆရာညိုမြက သူ့ရဲ့ အိုးဝေတိုက်ကို တလေးတစားဖိတ်ပြီး ခြေဖမိုးကို ရှိခိုးတောင်းပန်ခဲ့ပါတယ်။ ကလော်တုတ်ခံရဖူးတယ်လို့ အများဆုံး ထင်ကြေးပေးခံရတဲ့ ဆရာကြီး ဆလော့ရဲ့ လက်ထောက် မြန်အောင် ဦးတင်ကလည်း မျက်ရည် ပေါက်ပေါက်ကျခဲ့ရှာပါတယ်။ ဦးတင်ဟာ ဗိုလ်ချုပ်အောက်ဆန်းရဲ့ ဖဆပလခေတ်မှာ အမှုဆောင် ဖြစ်ခဲ့ပါတယ်။ ဦးနုခေတ်မှာ ဝန်ကြီး ဖြစ်ခဲ့ပါတယ်။

ဆရာညိုမြက “အမှန်ကတော့ ပုဂ္ဂလဓိဋ္ဌာန် မဟုတ်ပါ။ နယ်ချဲ့ကို အဓိကရည်စူးရာမှာ အနီးအပါးကို ရောက်နေသူ မြန်မာများလည်း မလွှဲမရှောင်သာ ရောနှောထိခိုက်ရခြင်းဖြစ်ပါတယ်” လို့ “ငရဲခွေး” ဆောင်းပါးရေးပြီး ၃၄ နှစ်အကြာမှာ ပြန်ရှင်းလင်းခဲ့ပါတယ်။ သူ့ရဲ့ အိုးဝေဂျာနယ်မှာ “ငရဲခွေး” ဆောင်း ပါးကို အမှတ်တရ ပြန်ပုံနှိပ်ဖို့ တိုက်တွန်းပေမယ့် ဆရာညိုမြက ငြင်းပါတယ်။ “ကျနော့်အဖို့မှာတော့ တရားခံတဦးဟာ သွေး စွန်းခဲတဲ့လက်နက်ကို ပြန်မကြည့်ချင်တော့သလို ဖြစ်မိတာပဲ။ မေ့ပစ်ချင်ပြီ” လို့ ညည်းတွားရှာပါတယ်။

“ငရဲခွေး” ဆောင်းပါးနဲ့ ပတ်သက်လို့ ကျနော်တို့ မကြာခဏ သတိရတတ်ပေမယ့် စာရေးသူ ဆရာညိုမြ ကိုယ်တိုင်က ဒီဆောင်းပါးကို ၁၉၇၀ လောက်ကတည်းက မေ့ပစ်လိုက်ချင်တယ်လို့ ဆိုခဲ့တာ အံ့သြရပါတယ်။ သတင်းစာ ဂုရုကြီးရဲ့ သဘောထားကလည်း အတုယူချင်စရာပါပဲ။ “ငရဲခွေး”ဆောင်းပါးဟာ သမိုင်းမှာ သူ့တာဝန်ကို သူကျေခဲ့တယ်။ ညိုမြကလည်း သူလုပ်ရမယ့် အလုပ်ကို လုပ်ခဲ့တယ်။ အယ်ဒီတာ ကိုအောင်ဆန်း ကလည်း “ကိုယ့်လူ အေးအေးနေပါ” လို့ တခွန်းပဲပြောပြီး ကျောင်းထုတ်ခံလိုက်တယ်။ ဒုတိယ တက္ကသိုလ် ကျောင်းသား သပိတ်ပေါ်ပြီး နယ်ချဲ့ဆန့်ကျင်ရေး ဇာတ်ရှိန် နောက်တဆင့် တက်ခဲ့တာ သမိုင်းဖြစ်ပါတယ်။

ဇာတ်ပေါင်းတဲ့အခါ မြန်မာပြည် လွတ်လပ်ရေးရတယ်။ အိုးဝေအယ်ဒီတာ ညိုမြက မြန်အောင် ဦးတင်ကို တောင်းပန်တယ်။ ဝန်ကြီးချုပ်ဦးနုနဲ့ ကျောင်းအုပ်ကြီး ဒီဂျေစလော့တို့ ကျေအေးကြတယ်။ (ကျောင်းအုပ် ဆရာကြီးစလော့ကို ကျောင်းသားခေါင်းဆောင် ကိုနုက ပညာပြတာတွေကို ဦးနုရေးတဲ့ “တာတေစနေသား” မှာ ဖတ်ပါ။) ဒါကို ဆရာညိုမြက သံဝေဂနဲ့ ဒီလို ရေးပါတယ်။ “သံသရာမှာ ရေစက်မကင်းလို့ ဆုံတွေ့ သူများဟာ အခိုက်မသင့်ချိန်မှာ တဖက်တလမ်းစီ ဖြစ်တတ်ကြစမြဲ။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင် အချင်းချင်းအဖို့မှာ ဇာတ်ကြီး ၁၀ ဘွဲ့ထဲက ဇာတ်ပေါင်းခန်းတွေကို နမူနာ ကျင့်သုံးနိုင်ရင် အကောင်းဆုံးပဲ မဟုတ်လား” တဲ့။
ပြန်ချုပ်ရရင် “ငရဲခွေး”ဟာ ခေတ်အခြေအနေအရ ပေါ်ပေါက်လာတဲ့ စာတပုဒ်ဖြစ်ပါတယ်။ ပေမီဒေါက်မီ သရော်စာတပုဒ် မဟုတ်တာ စာရေးသူကိုယ်တိုင်က နောက်ပိုင်း ဝန်ခံခဲ့ပါတယ်။ ငရဲခွေးကို ရေးတဲ့ အချိန်မှာ ညိုမြရော အောင်ဆန်းပါ အသက်နှစ်ဆယ် အရွယ်တွေပဲ ရှိပါသေးတယ်။ နယ်ချဲ့ကို ရတဲ့နည်းနဲ့ တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားချိန် ဖြစ်ပါတယ်။
(The Ladies News။ 1 July 2017) 
https://www.facebook.com/nethwin.nyein/posts/952387575178331 တွင် ဖော်ပြခဲ့သည့်ဆောင်းပါးကို စာရေးသူ၏ဖေ့ဘုတ်  ပြန်လည်ကူးယူပါသည်။

Comments