သစ်ခက်သံလွင် ကဗျာရေးရာ- ကိုနိုင်း၏ လေညင်းကလေးလာနေပြီ

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၉၀ )
လေညင်းကလေးလာနေပြီ
ကိုနိုင်း
(သစ်ခက်သံလွင်) ဇန်နဝါရီ ၅၊ ၂၀၁၉

လညင်းကလေးကပန်းအလှလေးများနဲ့မွှေ့ရမ်းပွေ့နမ်းကစားဖို့လယ်ကန်သင်းရိုးပြတ်ကွင်းဆီလာနေပြီတဲ့။ ဒီလိုလှပနေတဲ့လောကရွာလေးတွေလည်းရှိနေကြပါတယ်။ ရွာကလေးတွေရှိနေသမျှ လူတွေဆိုတဲ့ပြည်သူ တွေလည်း ရှိနေမှာပါ။ ရွာကလေးတွေရှိနေရင် မြို့တွေလည်း တည်ရှိလာမှာပေါ့။ မြို့တွေတည်ရှိနေပြီဆို ရင် တိုင်းပြည်ဆိုတာလည်း တည်ရှိစေနိုင်ပါတယ်။ ဘယ်လိုဆိုဆို၊ နောက်ဆုံးမှာ ပြည်သူတွေတည်ရှိပြီး ရှင်သန်နေမယ်ဆိုရင် တိုင်းပြည်ကဖြစ်လာမှာပါ။ တိုင်းပြည်ဘယ်လိုပျက်ပျက် ပြည်သူတွေရှိနေသမျှတော့ တိုင်းပြည်ပြန်တည်ဆောက်နိုင်ပါတယ်။ ပြည်သူတွေရှိနေဖို့သာ အဓိကကျပါတယ်။ လူမျိုးစုတွေကွဲပြားရင် သာ ကွဲပြားပါလိမ့်မယ်။ တူညီတဲ့လူမျိုးစုတွေပေါင်းစပ်ပြီး တိုင်းပြည်ကိုတည်ဆောက်နိုင်ပါလိမ့်မယ်။ ဒီတိုင်းပြည်တခုဖြစ်ပေါ်လာဖို့ကလည်း တောရွာလေးတွေက အစ ပြုရမှာပါ။

(၁)

တောင်ကြားထဲ
မှောင်မဲစွတ်စို၊ အကျဉ်းခန်းလို လျှိုထဲမှာ
အိပ်ပျော်ရာက၊ လန့်နိုးလာတဲ့ကျနော်။
ဖြူစင် ချစ်ခင်စရာ့အရွယ်
လူသူငယ် ကလေးများ၊ ပွေ့နမ်းကစားဖို့
        ပန်းအလှကလေးများ၊ မွှေ့ရမ်းမလားလို့
        လမ်းမ ခြံဝ မြောင်းစပ်နဲ့၊ မြက်ခင်းတွေအပေါ်
       ကျနော်နဲ့ ခွေးသူငယ်များ
       ပျော်မြူးပြေးလွှား ဆော့ကစားဖို့
       ရိုးပြတ်ကွင်း လယ်ကန်သင်းတွေပေါ်
      ကျော်နင်းတိုးဝှေ့၊ ကျနော့်ကိုမျှော်နေရှာသူ
      စမ်းချောင်းကလေး တေးသီနေတဲ့၊ ရွာကလေးဆီ။

လယ်ကန်သင်း၊ ရိုးပြတ်ကွင်း၊မြက်ခင်းတွေနဲ့လမ်းမခြံဝမြောင်းစပ်တွေရှိနေတဲ့ တောရွာလေးကိုစတည်လိုက်ပါတယ်။ ဒီစတည်လိုက်တဲ့တောရွာလေးကိုကြည့်ရင် ချစ်ခင်စရာ့အရွယ်ကလေးငယ်တွေ ပွေ့နမ်းကစား ချင်စရာ ပန်းအလှလေးတွေ၊ ပျော်မြူးပြေးလွှားနေတတ်တဲ့ခွေးတွေကိုသဘာဝအတိုင်း မြင်နေရပါတယ်။ စမ်းချောင်းလေးဆိုတဲ့ငြိမ်းငြိမ်းချမ်းချမ်းတေးသီဆိုပြီး စီးဆင်းတတ်တဲ့အေးချမ်းမှုကိုလည်းမြင်နေရမှာပါ။

(၂)

ကျနော်လာပြီ
ရွာရဲ့မိတ်ဆွေ လေညင်းကလေးပါ
သတိရလျက်၊ တမ်းတလျှက်
ခါတိုင်းကဆို၊ ရွာအ၀င် ကျောင်းယင်ပြင်မှာ
ခွန်းဆက်ခင်မင်၊ ကိုရင်ကလေးတွေ
ပန်းအလှကလေးတွေ
...ဆိုပြီး ရွာကလေးရဲ့ပုံရိပ်ကိုတွေ့နိုင်မှာပါ။ ဒီရွာလေးကိုသတိရတမ်းတပြီးလာမယ်ဆိုရင် တောရွာကလေး တွေမှာ မြင်တွေ့ရတဲ့အတိုင်း ရွာဦးစေတီနဲ့ရင်ပြင်ရဲ့ငြိမ်းချမ်းမှုတွေရယ် တောရွာဓလေ့အရရှိနေတတ်တဲ့ ကိုရင်ငယ်လေးတွေတွေ့ရမှာပါပဲ။ ဒါတွေအားလုံးဟာ မြန်မာ့ယဉ်ကျေးမှုဓလေ့တွေပါပဲ။ မြန်မာ့ဓလေ့တောရွာလေးတွေဟာလူတွေရဲ့ရင်ကိုအေးချမ်းစေပါတယ်။ လူသားတွေရဲ့စိတ်တွေကို လှပစေနိုင်တဲ့ ပန်းကလေးတွေလိုပွင့်ပေးကြပါတယ်။

အခုတော့
ပန်းယမင်းတို့ရဲ့
သင်းရနံ့ကလေးရယ်
ဘယ်မှာလဲကွယ်။

အခုဆိုရင်တဲ့။ ဒီတောရွာကျေးလက်လေးရဲ့အလှတွေ အေးချမ်းမှုတွေခင်မင်ဖော်ရွေနွေးထွေးတဲ့လူမှု ဆက် ဆံရေးတွေ တောရွာလေးတွေမှာ ငြိမ်းချမ်းမှုပုံရိပ်ဖြစ်တဲ့ရွာဦးစေတီနဲ့ရွာဦးကျောင်းတွေ၊ ကိုရင်ကလေးတွေ စာရွတ်ဆိုသံလေးတွေဘယ်ရောက်ကုန်ကြပြီလဲဆိုပြီးစိုးရိမ်မိသွားပါတယ်။ ဘယ်ရောက်ကုန်ပြီလဲဆိုတာနဲ့ အမျှ တောရွာလေးတွေမှာကျရောက်တတ်တဲ့အန္တရာယ်တွေကို တွေးလိုက်မိပါတယ်။ လူ့တွေအတွက်ကျရောက်နိုင်တဲ့ဘေးအန္တရာယ်တွေကတော့ ”မီး” ”မင်း” တွေအပါအဝင်ပေါ့။ အင်မတန်ကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေပါ။

(၃)

အို
ဒီမှာသွေး၊ မနုဿသွေးနံ့
ညှီစို့ပျံ့လျက်၊ ဇရပ်ပေါ်ကသွေးကွက်တွေ
ဟိုမှာ..ကျောင်းကြီးအို၊ ပြိုမလိုယိုင်လဲလု
စေတီအိုဟာ ဗုံးဒဏ်ရာသည်း၊ ထီးမြတ်ငိုက်ကျ
အက်ကြောင်းဟလို့၊ ပျိုကျလုတည်းတည်း
ကျေကွဲစရာ့ စိတ္တဇပန်းချီ။

အော်..။ စစ်ဘေးအန္တရာယ်ကျရောက်သွားလို့အလှတရားတွေ၊ ရိုးရာယဉ်ကျေးဓလေ့တွေနဲ့အတူ ငြိမ်းချမ်း ခြင်းပါပျောက်ဆုံးကုန်တာကို သိလိုက်ရတယ်။ ”စစ်”တဲ့။ အင်မတန်ကြောက်စရာကောင်းပါတယ်။ ကျူးကျော်စစ်ကြောင့်လား၊ နယ်ချဲ့စစ်ကြောင့်လား။ နယ်မြေလုစစ်ပွဲကြောင့်လား။ ပြည်သူအချင်းချင်းဖြစ် နေတဲ့ ပြည်တွင်းစစ်ကြောင့်လား။ ဘယ်စစ်ဖြစ်ဖြစ်လူတွေသေကြရမှာပါပဲ။ စစ်ပွဲတွေကို ဘယ်လိုလူတွေက ဖန်တီးနေကြသလဲ။ ပြည်သူအချင်းချင်းဖြစ်တဲ့စစ်တွေကတော့နာကျင်ကြေကွဲစရာတွေပါပဲ။

ဟော..သေနတ်သံတွေ
ကျည်ဆံတွေက၊ ငါ့ကိုယ်ထဲများ ဖောက်သွားမလား
ကျနော်ကြောက်သွားမိတယ်လေ။

စစ်ကိုမွေးဖွား၊ စစ်ကြေးစားများရဲ့
စစ်ဖိနပ်သံ,ကန်ကြောက်သံ,ဆဲဆိုသံ
အော်ငေါက်သံ,ညည်းသံညူသံ၊ ညှင်းပမ်းသံ
“လူတစ္ဆေသရဲ ငရဲသားတွေ၊ သေနတ်တကားကားကိုင်ထားပေမဲ့
ကြောက်စိတ်တဖွားဖွားနဲ့၊ စစ်ကြေးစားတွေ”
ငါ သင်တို့အနားကပ် ခဏရပ်ခိုက်၊ စကားတပိုဒ် အော်လိုက်မိတယ်
“ခင်ဗျားတို့ဟာ၊ ဟိုးအဝေးကြီးရွာတွေက၊ လယ်သမားတွေ
ဒီရွာသားတွေဟာလည်း
လယ်သမားတွေပဲမဟုတ်လား၊ စဉ်းစားစမ်းဟေ့”

အင်မတန်မှကြေကွဲစရာပါပဲ။ ဒီတိုင်းပြည်ထဲမှာနေကြတဲ့လူအချင်းချင်း ပြည်သူအချင်းချင်းသေအောင် သတ်နေကြတဲ့ ပြည်တွင်းစစ်တွေဟိုဘက်က သေကြေပျက်စီးကြရင်လည်း ဒိပြည်သူတွေ ဟိုဘက်က ကျဆုံးသွားကြတဲ့ရင်လည်း ဒီပြည်သူတွေ၊ အဲဒီအပြင်တောင်ပေါ်မြေပြန့်မှာတည်ရှိနေတဲ့ကျေးလက်တော ရွာလေးတွေလည်း ပျက်စီးသွားကြမှာပါပဲ။ စစ်တိုက်နေတဲ့ပြည်သူတွေအပြင် စစ်ဘေး အန္တရာယ်ကိုရှောင်တိမ်းနေကြရတဲ့သူတွေကလည်း ပြည်သူတွေပါပဲ။ ဒီစစ်ကုန်ကျစရိတ်တွေကလည်း ပြည်သူတွေပိုင်တဲ့ငွေ ကြေးတွေပါ။ ဒါတွေကိုပြန်စဉ်းစားကြည့်မယ်ဆိုရင် ပြည်တွင်းစစ်ကြောင့် ဘယ်လောက်တိုင်းပြည်မှာဆုံးရှုံး မှုတွေရှိနေကြသလဲ။ လယ်သမားအများစုရှိနေတဲ့တိုင်းပြည်မှာလယ်သမားတွေကလယ်မလုပ်ရပဲစစ်တိုက် နေရတာ ရင်နာကြေကွဲဖို့ကောင်းပါတယ်။

` ကျောင်းလှေကားအုတ်တိုင်ဘေး
ထိုင်ငေးလေသူ၊ကြေးစားကလေးတစ်ဦးရဲ့အတွေးတွေ
“အို..ယေရှုသခင်မြတ်
လူတွေကိုသတ်နေရတဲ့၊ ဒီစစ်ဇာတ်ပွဲ
ရပ်စဲပါတော့၊ ကောင်းကင်ဘုံအောက် ဒီမြေပြင်မှာ
ကြည်လင်အေးမြ၊ နေ့သမယများ
တွေ့ပရစေ ဘုရားသခင်”
ကြေးစားကလေးရဲ့၊တောင်းဆုရေအလျင်တွေလဲ
ကျောင်းပုရ၀ဏ်ထဲ၊ ဝဲကတော့ လည်ဆဲပါ။

ဘယ်ဘာသာတရားမှာပဲကြည့်ကြည့်လူလူချင်းသတ်တဲ့စစ်တွေကိုအားပေးတဲ့တရားတွေ မဟောပြခဲ့ကြပါ ဘူး၊ ဘယ်ဘာသာဘုရားကမှမကြိုက်တဲ့လူသတ်ပွဲတွေ အခုတိုးတက်ပါတယ်ဆိုတဲ့ကမ္ဘာကြီးမှာ ဘာ ကြောင့် ဆက်တည်ရှိနေရပါသလဲ။ အခုအချိန်မှာ တတိုင်းပြည်ကတတိုင်းပြည်ကို ကျူးကျော်နယ်ချဲ့ စစ်ပွဲ တွေလည်းမရှိတော့ပါဘူး။ ကိုယ့်တိုင်းပြည်နဲ့ကိုယ့်ပြည်သူတွေကိုကာကွယ်ဖို့ လက်နက်ကိုင်စစ်တပ်တွေ ထားကြတာပါ။ ပြည်သူအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း၊ ဖအေနဲ့သား၊ ဦးလေလးနဲ့တူ၊ အစ်ကိုနဲ့ညီ တွေပြန်သတ်နေတဲ့စစ်ပွဲတွေမှာ စစ်တိုက်ခိုင်းသူတွေက တရားခံတွေပါပဲ။
(၄)

ရွာအဝင်
ကျနော့်ရင်တွေ ဆတ်ဆတ်ခါလျှက်၊ မီးကျည်ခဲတို့ရွာလုံးဖုံးပေါ့။
စကားတသံ၊ ကြားဖူးနေကြ ရင်းနှီးလှတဲ့အသံ
“မိတ်ဆွေခလေးရေ၊ ငါတော့အိမ်ကြီးရခိုင်ခေါင်တိုင်ကနေ
မီးသွေးဘ၀ကူးခဲ့ရပြီ၊ ငါ့ရင်ထဲဆူ ပူလောင်ရပြီ”
ကျနော့်ရင်ထဲလဲ၊ အပူမီးငရဲစွဲရပေါ့
ကျနော်ချစ်တဲ့လူသူငယ်လေးတွေ၊ ခွေးသူငယ်လေးတွေကော မိတ်ဆွေ
ရှာကြည့်တော့ကွာ၊ ငါမသိတော့ဘူး
အို..ခုဆိုရင်၊သင့်ရဲ့ကလေးတွေလဲ
မီးကျည်ခဲတဖြစ်လဲရှာရော့မယ်။

စစ်ပွဲတွေဖြစ်တဲ့အခါမှာ တောရွာလေးတွေပြာကျခဲ့ရသလို၊ တောရွာလေးမှာနေတဲ့ကလေးတွေ၊ ကိုရင်လေး တွေ အစခွေးကလေးတွေပါမကျန် သေကြေပျက်စီးရတော့တာပါပဲ။ ကလေးငယ်လေးတွေပျက်စီးဆုံးရှုံးနေ တာကို ရင်နာနာနဲ့ပြန်တွေးကြည့်ရင် ကလေးငယ်လေးတွေကိုဆုံးရှုံးခြင်းဟာ ကျွန်တော်တို့တိုင်းပြည်မှာ အနာဂတ်ဟာ မီးကျည်ခဲဘဝဖြစ်ခဲ့ရတာများပါပြီ။ အနာဂတ်ကိုဆုံးရှုံးခြင်းပါပဲ။

(၅)

ကွေ့ကောက်ကောက်၊လမ်းတလျှောက်၊ ကဆုန်ပေါက် ကျနော်စိုင်းချလာတယ်
ပြာပုံ ၊ ကျည်ဆံခွံ၊ ဒုက္ခသောက၊ချောင်းချောင်ပွက်ထ သောက
(ဟေ့..စစ်တရားခံတွေ၊ ငါမုန်တိုင်းဖြစ်လို့ ချိမ့်ချိမ့်အသဲမှာ၊ မင်းတို့ဆီလာခဲ့မယ်ဟေ့)
လမ်းတကွေ့ချိုးအချ၊ခြံဝတံခါးပေါက်မှာ၊ ဆင်းရဲသားလယ်သမားနှစ်ယောက်အလောင်း
ရွံမုန်းစရာ ယင်ကောင်တွေ၊ မီးလောင်နံ့ ညှီနံ့ သွေးနံ့ ယမ်းနံ့ မိုးအနံ့၊ အသားစညှော်နံ့ ပြာမှုန့်နံ့။
ဒီနေရာမှာလေ၊ လွန်ခဲ့တဲ့နေ့တ၀က်က၊ ပွက်လောရိုက် ငိုသံ၊ ညည်းသံ ပေါက်ကွဲသံ 
အော်သံ ဆူသံ သံရှည်ဆွဲသံ၊ အသံနက်ကြီးတသံ၊ စက်သေနတ်အသံ ထိမှန်တဲ့အသံ အမြောက်ကြီးအသံ လဲကျသံ ငရဲဟက်တက်ကွဲအက်သလို၊ ဆူသံ ဆူညံခဲ့ပါပကော။
ဘယ်ကြမ္မာတို့ ညှိုးလာရက်တယ်။

ကျွန်တော်တို့မြန်မာပြည်ရဲ့ကံကြမ္မာကိုပြောပါဆိုရင် စစ်ပွဲတွေကြားက အသက်တွေကိုလုပြီးရှင်သန်နေခဲ့ရ တဲ့ ကံကြမ္မာထဲရောက်နေတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ စစ်ရဲ့အနိဋ္ဌာရုံမြင်ကွင်းတွေမြင်ရပါများလာလေ လေ စိတ်ထဲကြေကွဲသောကတွေဆူပွက်လာလေလေပါပဲ။ ဘာကြောင့်များ ဒီပြည်တွင်းစစ်ကို မရပ်တန့်နိုင်ကြရတာလဲ။

(၆)

ဟိုးတုန်းက၊ စိမ်းပြာရေကြော၊ ၀ါးတော ရိပ်အောက်၊ ကျနော်လျှောက်ပြေးရတာ၊ သိပ်ပျော်တာပဲ။
စမ်းချောင်းကလေးတေးဆိုပြတော့၊ ကျနော်ကလိုက်တာပေါ့။
စမ်းရေစီးပေါ်မှာ၊ ကျနော်အိပ်မှေးတဲ့အခါ၊ စမ်းပုခက်ကလည်း၊ ဒန်းလွှဲလျက်ပါ။
အခုတော့၊ စမ်းချောင်းကလေးရေ၊ ကျွန်ုပ်လည်း လူသွေးညှီနှောက်လို့၊ အရူးတစ်ယောက်လို၊ နောက်ကျိနေရပါပကောဗျာ..တဲ့။

(၇)

ဆည်းဆာနေညို၊ နွေပန်းချီလည်း မှုန်ရီဝါး၊ ဆေးသားပျက်လွင့်။
အမှောင်စများ မညီမမျှ၊ ဒီတစ ဟိုတစနဲ့၊ စမ်းချောင်းဝမှာ၊ ပျပျညို့ပြီ။

ဟိုအရင်ကဆို၊ ဒီတဲအိုကလေးမှာ၊ သူတို့လင်မယား၊ အကြည်စားသန်တုန်း၊ နှစ်ယောက်ကြားကျနော်ဝင်ထိုင်လို့၊ သူတို့စကားနားထောင်ရတာ၊ ကြည်နူးစရာ့ ရွှင်စရာ့ ပျော်စရာ့ညနေ ညနေများစွာ။
ဟိုးတုန်းကလို့ပြောပြလိုက်ပေမယ့်၊ အခုအချိန်မှာလည်း စမ်းချောင်းကလေးထဲမှာရေကြည်ပြာပြာတွေ ပျောက်ပြီး သွေးညှီနဲ့တွေနဲ့အညိုရောင်တွေနဲ့နောက်ကျိနေတုန်းပါ။ ကြည်နူးစရာညနေတွေလည်း ခေတ် အမှောင်ထဲမှာလမ်းပျောက်နေတုန်းပါ။ မြန်မာပြည်သူတွေရဲ့စိတ်တွေကိုကြည့်လိုက်မယ်ဆိုရင်လည်း အရူး တွေလိုမြင်ရမှာပါ။

(၈)

အခုတော့၊ ထရံနဲ့တဲတိုင်တွေဟာ၊ ကျည်ဆံရာအထပ်ထပ်၊ စစ်တံဆိပ်အမှတ်အသားတွေ၊ တဲပေါ်က မိခင် အလောင်း၊ သွေးစီးကြောင်းပျက်၊ ချောင်းကလေးနဲ့ဆက်လို့၊ လူသားကလေးလေ၊ လေးဘက်တွားတက်၊ အမေ့အလောင်းရင်ခွင်ထက်မှာ၊ နို့ချိုရှာလျက်၊ ပေးလိုက်စမ်းပါ၊သားကလေးအတွက်၊ နို့တစက်၊ အို လောကသခင်၊ သင်ဘယ်မှာလဲ၊ မတရားတာတွေမတားဘူးလား၊ ငါကလူ သူငယ်လေး ကိုပွေ့လျက်။ ကလေးရာ၊ မင်းအနားမှာ ငါ၊ ငါ့ရင်ခွင်မှာ မင်း၊ မင်းကိုယ်စား ဟောဒီမှာ ငါ။

(၉)

နေဟာလေ၊ အိပ်ရာပေါ်မှာပဲ လဲလျောင်းလို့၊ လူ သူငယ်လေးကို ပစ်ထား၊ ထွက်ခွာသွားပြီကို၊ လူကလေးက ငိုတော့တယ်။
ငှက်ကလေးတွေကလဲ၊ စမ်းချောင်းဘေး ၀ါးရုံများမှာ၊ ချစ်စကားခွန်းမဟ၊တေးအလှမသီဆို၊ငိုကြပြီကော ကွယ်။

စစ်အပြီးမြင်ကွင်းတွေက အင်မတန်ရင်ကွဲနာကျစရာတွေပါပဲ။ စစ်ကိုတိုက်နေရသူထက် စစ်ပွဲတွေကို ဖန် တီးနေကြတဲ့ကို မေးလိုက်ချင်ပါတယ်။ ဒီလိုလူသားတွေကိုစစ်တိုက်ခိုင်းနေကြတာ တိုင်းပြည် ကာကွယ်ဖို့ လား၊ အာဏာရမ္မက်တွေကြောင့်လား၊ လောဘဇောတွေကပ်နေလို့လား၊ စစ်ပွဲတွေကဆုတံဆိပ်တွေ လို ချင်တပ်မက်လို့လား။ လူလူချင်းနိုင်ထက်စီးနင်းပြုချင်လို့လား။

(၁၀)

ငါလေ၊ သူငယ်လေးကိုနှုတ်ဆက်၊ တဲတံခါးဝကနေထွက်ခဲ့တယ်၊ ဟိုဒီ ပြေးကာ၊ ကမ္ဘာကုန်ခြေဆန့်၊ မတန့်မနား၊ လောကကိုတိုင်တန်းသွားဖို့လေ။
ခရီးစတင်နှင်လိုက်ပြီ။
လူကလေးရဲ့ဖေဖေ့ဆီ..၊ လူကလေးအတွက် နာကျင်တတ်သူတွေဆီ၊ လူကလေးကိုစာနာတတ်သူတွေဆီ၊ တရားမှုမြတ်နိုးသူတွေဆီ၊ မတရားမှုခါးသီးသူတွေဆီ၊မတရားမှု မှန်သမျှ၊ မသာချမြုပ်နှံရန်၊ သုဿာန်ပြင် နေသူတွေဆီ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ မတရားမှုမှန်သမျှမသာချမြုပ်နှံရန်သုဿာန်ရှာနေသူတွေက အခုအချိန်ထိ ရှာ မတွေ့သေးပါဘူး။ ကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေ လိုက်ရှာကြရဦးမှာပါပဲ။

ဒီရင်နာကြေကွဲစရာကဗျာရှည်ကြီးကိုရေးသားခဲ့တဲ့သူကတော့ မြန်မာပြည်မှာအလွန်နာမယ်ကြီးခဲ့တဲ့စာရေးဆရာ”နိုင်ဝင်းဆွေ”ပါပဲ။ ထူးထူးခြားခြားရှားရှားပါးပါးရေးထားခဲ့တဲ့ ကဗျာရှည်ကြီးတပုဒ်ပါ။ သူရေးခဲ့တဲ့ ”နွေတည”” မသိန်းရှင်ဆီပို့ပေးပါ ””မြစပယ်ရုံ ””ရေဆန်လမ်း” တို့ဟာ နာမယ်ကြီးဝတ္ထုတွေပါ။ သူအနေနဲ့ မတရားမှုကို တဘ၀လုံးတော်လှန်နေရင်း နယ်စွန်နယ်ဖျားမှာကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတဦးပါပဲ။ သူ့ကိုအလေးပြုရင်း အမှတ်တရဒီကဗျာခံစားမှုကိုရေးလိုက်ပါတယ်။

ကိုနိုင်း
ခံစားမိသောကဗျာရှည်
နိုင်ဝင်းဆွေ(လေညင်းကလေး လာနေပြီ )၊
Min Lwin ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည့်ကဗျာရှည်။

ညွန်း-သူရိယနေဝန်းဂျာနယ်, Vol 1. No 231.5 Jan 2019

Comments