ကဗျာရေးရာ - ကိုနိုင်း ၏ စီးဆင်းနေဆဲမြစ်တစ်စင်း

စီးဆင်းနေဆဲမြစ်တစ်စင်း
ကိုနိုင်း

ကမ္ဘာကြီးပေါ်မှာကုန်းမြေတွေကိုပိုင်းခြားဖြတ်သန်းပြီးစီးဆင်းနေတဲ့မြစ်တွေရှိနေပါတယ်။ မြစ်တစ်မြစ်မှာ ရေနှစ်ခါမချိုးနိုင်ဆိုတဲ့ဟီလာကလီးတပ်ပြောခဲ့သလို၊ စီးဆင်းသွားတဲ့မြစ်ရေအလျင်ဟာ ရှေ့ကိုဆက်စီး ဆင်းနေမှာပါပဲ။ ဒါပေမဲ့ မြစ်ရေအလျင်အရှိန်အဟုန်နဲ့စီးဆင်းခဲ့တာတွေကိုတော့ မေ့ဖျောက်ပစ်လို့ မရနိုင်ပါ ဘူး။ စီးဆင်းနေတဲ့မြစ်တွေမှာလည်း အတိတ်ကာလတွေကျန်နေခဲ့မှာပါ။ ဒီအတိတ်မြစ်တစ်စင်းရဲ့စီးဆင်းခဲ့တဲ့ကာလတွေမှာ မုန်တိုင်းတွေထန်ခဲ့၊ အချိုးအကွေ့တွေများခဲ့၊ မငြိမ်းချမ်းပဲစီးဆင်းခဲ့ရတာတွေကိုကျော် ဖြတ်ခဲ့ရပါလိမ့်မယ်။ 
 
အဲဒီလိုပဲ လောကကြီးကိုငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့ငြိမ်းချမ်းရေးကဗျာဆရာကြီးမောင် အောင်ပွင့်ဟာ မုန် တိုင်းတွေ၊ အတားအဆီးတွေ၊ အချိုးအကွေ့တွေ ဘယ်လောက်ပဲကြုံတွေ့ကြုံတွေ့ခဲ့ပါစေ၊ ငြိမ်းငြိမ်းချမ်းချမ်း ညင်ညင်သာသာလေးဖြတ်ကျော်ခဲ့ပြီး ကြည်ပြာရောင်ကောင်းကင်ရှိတဲ့ပင်လယ်ကျယ်ကြီးဆီကို စီးဆင်း သွားပါပြီ။ 
 
သူဟာငြိမ်းချမ်းရေးကိုလိုချင်တပ်မက်ခဲ့ပေမယ့် သူ့ဘ၀သက်တမ်းတလျှောက်လုံးငြိမ်းချမ်းစွာမနေနိုင်ခဲ့ပါ ဘူး။ မြန်မာပြည်မှာဖြစ်နေတဲ့ပြည်တွင်းစစ်ဆိုတာကို မုန်းလို့ငြိမ်းချမ်းရေးကိုချစ်ခဲ့ရတာပါ။ ငယ်စဉ်ကတည်းကပြည်တွင်းစစ်ကြောင့် အမေပျောက်ဆုံးသွားခဲ့ပါတယ်။ ပြည်တွင်းစစ်မှာပျောက်ဆုံးသွားခဲ့တဲ့အမေတွေ၊ ပြည်တွင်းစစ်မှာ အမိမဲ့ကျန်ရစ်ခဲ့ရတဲ့သားတွေအတွက် ငြိမ်းချမ်းရေးကဗျာတွေရေးပြီး လူ့ လောကကိုကိုယ်စားပြုခဲ့သူတစ်ဦးပါ။ ငြိမ်းချမ်းရေးကဗျာဆရာကြီး တစ်ယောက်ပါ။

 စစ်ဟာ
 လူတွေရဲ့ရင်ထဲက”စ” ဖြစ်တာ
 ဒီတော့ ”ငြိမ်းချမ်းဖို့” ကိုလဲ
 လူတွေရဲ့ရင်ထဲကဘဲ”စ”ရလိမ့်မယ်။

သူအနေနဲ့အမြဲလိုချင်နေပေမယ့်၊ ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ့်လူတွေရင်ထဲမှာ ငြိမ်းချမ်းဖို့ဆိုတဲ့အရာ တွေမရှိခဲ့တာကို တောင်းဆိုခဲ့သလိုဖြစ်ခဲ့ရပါတယ်။ ဒီမရှိတဲ့ အရာတွေကိုတောင်းဆိုခဲ့တာကပဲ သူ့ကိုမငြိမ်း ချမ်းတဲ့နေ့ရက်တွေဖြစ်နေခဲ့ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေချင်သူအတွက် ငြိမ်းချမ်းရေးကိုတောင်းဆိုလို့ ထောင်ခဏ ခဏကျနေခဲ့ရတာကိုပြန်စဉ်းစားရင် ထူးဆန်းနေရမှာပါ။ ဘယ်လောက်ပဲထူးဆန်းထူးဆန်း ငြိမ်းချမ်းရေးကဗျာဆရာကြီးကတော့ လေးပင်မှုတွေကို အမြဲဖော့ထား တတ်ပါတယ်။

 ကောင်းကင်ပြာကို
 တွေ့ကရာဆေးအုပ်
 လုပ်မရအောင်
 မိုးပေါ်ပို့
 ဟိုး အမြင့်အဖျား
 တင်ထားလိုက်တယ်။

 စိတ်ကောင်းစိတ်မြတ်တရား
 ရင်ခေါင်းထဲကထုတ်
 မိုးတိမ်တွေလုပ်
 ခလုတ်မထိ ဆူးမငြိစေဘဲ
 လေထဲမျှောထားလိုက်တယ်။

 ကမ္ဘာမြေကြီးကတော့
 ရှိရှိသမျှ ညည်းညူမှုအပေါင်း
 ခိုတွေ ခေါင်းပေါ်ပုံချ
 ဂွမ်းလိုပေါ့ပါး
 ဖော့ထားတတ်လိုက်တာ။

ခေတ်ကြီးကိုအလှမ်းမမီနိုင်တဲ့မိုးပေါ်တင်ထားလိုက်ပေမယ့် ရင်ဘတ်တွေကိုပြန်စူးဝင်လာကြပါတယ်။ စိတ်ဖော့ပြီး ပေါ့ပါးမလိုအထင်နဲ့ရင်ဘတ်ထဲကအန်ချ လိုက်တဲ့ အခါ သွေးတွေပွက်ပွက်ကျလာတယ်။ ညည်းညူမှုတွေကိုခိုတွေခေါင်းပေါ်ပုံချလိုက်ပေမယ့်၊ လူတွေရင်ဘတ်ထဲကိုညည်းညူမှုနဲ့ပြန်ဝင်လာတယ်။ အခြေအတည်တကျနေထိုင်လိုပေမယ့်၊ ခြေသလုံးအိမ်တိုင်ဖြစ်ခဲ့ရတဲ့ဘဝတွေကို အကြိမ်ကြိမ် ထောင်သွင်း အကျဉ်းချလိုက်တယ်။ ဒီအဖြစ်အပျက်တွေကို လျစ်လျူရှုထားပြီး လေးပင်မှုတွေကိုဖော့ထားတတ်တဲ့သူအတွက် အင်မတန်ခဲယဉ်းပါလိမ့်မယ်။ ဒီလိုခဲယဉ်းတဲ့လူနေမှုဘဝကိုပဲ ငြိမ်းချမ်းရေးကဗျာတွေရေးပြီး အစဉ်အမြဲ တောင်းဆိုတတ်တဲ့ ကဗျာဆရာတစ်ယောက်ကို လောကကြီးက ချီးကျူးနေပါလိမ့်မယ်။

 ဟောဒီ မောင်အောင်ပွင့်ဟာ
 စက္ကူသားလို
 ပြားချပ် ပျော့ဖတ်သွားရင်တောင်
 လသာသာမှာ ဖြန့်ခင်း
 ဘောလုံးလို ပြည့်တင်းနေအောင်
 လရောင်ကို စုထုပ်
 ပီဘိမှောင်ကြီးကျနေတဲ့
 ပုရွက်ဆိတ်တွင်းတွေထဲ 
 လရောင်ကိုကဲ့ကဲ့
 ထည့်ထည့်ပေးချင်တယ်။

ဒါ ငြိမ်းချမ်းရေးကဗျာဆရာကြီးရဲ့ပုံသဏ္ဍန်နဲ့စိတ်စေတနာအမှန်ပါပဲ။ သူကိုယ်တိုင်လည်းပုရွက်ဆိတ်တစ်ကောင်လို လောကဝန် ပေါ့ပါးအောင် နေထိုင်တတ် ခဲ့ပါတယ်။ သူ့အတွက်လိုချင်တာထက်လိုအပ်ခဲ့တာက ငြိမ်းချမ်းတဲ့ လရောင်ဖျဖျလေးပါ။ တောက်ပတဲ့အလင်းရောင်တွေ မလိုချင်ခဲ့သူပါ။ အေးချမ်းတဲ့လရောင်ကို လိုချင်မက်မောတာကိုတော့ ခေတ်ကြီးက အနှောင့်အယှက်ပေးနေတယ်လို့ သူရိုးသားစွာမြင်ခဲ့ပါတယ်။

 ဆာကလည်း ဆာလောင်
 မြို့လယ်ခေါင်ကြီး
 လရောင်တောင် မရှိ။

 ကောင်းကင်မော့ကြည့်မှ
 ဟောဟို အမိုးတွေပေါ်
 ထိုးထိုးထောင် အပြိုင်အဆိုင်
 တီဗီတိုင်တွေ ရှုပ်ယှက်ခတ်
 လမျက်နှာ အရိုးငင်ပုံ
 မြင်ရုံနဲ့မော
 တောပဲပြန်ချင်ပါတော့တယ်။

ခေတ်ကြီးရဲ့တိုးတက်မှုတွေထက် လရောင်ရဲ့ငြိမ်းချမ်းမှုကိုပိုမက်မောတတ်တဲ့ကဗျာဆရာကြီးပါ။ ဒီ” ငါးရိုးငင်တဲ့ငွေလမင်း” ကဗျာဟာငြိမ်းချမ်းရေးကဗျာဆရာကြီးရဲ့ စိတ်နေစိတ်ထားနဲ့ လူနေမှုပုံသဏ္ဍာန်စရိုက်ကိုမြင်နိုင်ပါတယ်။ လရောင်အောက်မှာ ငြိမ်သက်စွာနေထိုင်ရခြင်းကိုမက်မောခဲ့ပေမယ့်၊ ငြိမ်းချမ်းရေးအရုဏ် ဦးနဲ့ လင်းပွင့်စေချင်သူပါ။ ဒါကို ငြိမ်းချမ်းရေးကဗျာဆရာကြီးက ”ကောင်းကင်တော်တမ်းချင်း” ကဗျာနဲ့ဖော် ပြခဲ့ပါတယ်။

 ညက လသာတုန်း
 ကျွန်တော့်ကိုယ်ကျွန်တော်
 သစ်ပင်ဖြစ်ချင်စိတ်
 ကျိတ်ဖြစ်ခဲ့ရတယ်။

 ဘုရားသခင်အလိုတော်ကျ
 နေကြရဖို့ဟာ
 ကျွန်တော်တို့လူတွေကသာ
 ဘုရားသခင်ကို
 အတားအဆီး အနှောင့်အယှက်တွေ
 မလုပ်ကြပါစေနဲ့။

 ကိုယ့်အိမ်ခေါင်တည့်တည့်
 ကောင်းကင်ကို
 ပိုမိုပြာစေချင်တဲ့ ဆန္ဒ
 အိမ်ပေါက်စေ့ မျှဝေထားနှင့်ကြ။

 အိမ်ထဲမှာ
 မျှော်လင့်ခြင်းတွေပြည့်သိပ်
 ပြူတင်းတံခါးတွေကိုတောင်
 ဆွဲပိတ်ရ ခက်နေတော့ရဲ့။

 ကဲလားတံခါး အချ
 ဘယ်လိုဆွဲစိလို့မရ
 ဟတတကြီးဖြစ်လို့။

 မိတ်ဆွေတို့
 နံနက်မိုးသောက် လှပလင်းရင်
 ပြူတင်းတံခါးတွေ
 သတိကလေးထားဖွင့်ကြဖို့ပါ။

 
ဒီလိုငြိမ်းငြိမ်းချမ်းချမ်းကာရန်တွေရေးဖွဲ့ပြီး ခေတ်ကြီးကိုဖြတ်သန်း နိုင်ခဲ့တယ်။ သူကခေတ်ကြီးကိုတာဝန်ကျေထမ်းထားခဲ့ပေမယ့် ခေတ်ကြီးထဲမှာ မြစ်တစ်စင်းလို ကြမ်းတမ်းတဲ့အခက်အခဲတွေနဲ့ ကျော်လွန်ဖြတ် သန်းစီးဆင်းခဲ့ပါတယ်။ မုန်တိုင်းတွေကိုရုန်းကန် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အတားအဆီးတွေကိုအရှိန် အဟုန်နဲ့ စီးဆင်းနိုင်ခဲ့ပါတယ်။ အကွေ့အကောက်တွေကို ညင်ညင်သာသာတိုက်စားခဲ့ပါတယ်။ သူ့အတွက်သူသေချာတာကို ယုံကြည်ချင်ခဲ့သူပါ။ ယုံကြည်တာကိုသေချာခဲ့သူပါ။

 သုံးဆယ့်တစ်ဘုံ မယုံဘူးလားတဲ့
 တမလွန်ဘဝမယုံဘူးလားတဲ့
 “ဒီမဟာ စကြ၀ဠာထဲမှာ
 နေက ကောင်းကင်ဘုံမှာ
 သိမ်းမြစ်က ဒီမြေကမ္ဘာမှာ
 ဒါသေချာတဲ့တရားပါဗျာ” လို့
 ဆာဝေါလ်တာစကော့ရဲ့စကား
 ခဏ ငှားသုံးလိုက်ဖူးရဲ့
 ငါသေချာတာကို ယုံချင်တယ်
 ယုံကြည်တာကို သေချာချင်တယ်။

 နွေဦးသန့်မှ မြစ်သန့်တယ်
 နွေဦးသန့်ပါသလား
 မိုးဦး ဆောင်းဦးကော သန့်ပါသလား
 မြစ်ဝှမ်းသားတွေက
 သောက်ရေကို
 မြစ်လယ်ထွက် ခပ်ရင်တော်သေးရဲ့သိကြတယ်။

 ငါဟာ မြစ်တစ်စင်းဖြစ်တယ်
 ငါ့ကမ်း ဝဲယာတစ်လျှောက်
 ဥယျဉ်တွေဖြစ်တယ်
 စိုက်ပျိုးမြေတွေ ဖြစ်တယ်
 ကဗျာတွေ ပွင့်တယ် သီးတယ်
 ထပ်ပြောတယ်
 ငါဟာ မြစ်တစ်စင်းဖြစ်တယ်။

ကျွန်တော်တို့သေချာပြောနိုင်တာကသူဟာ ကဗျာမြစ်တစ်စင်းဖြစ်တယ်။ ပိုပြီးသေချာတာကတော့ သူဟာ ငြိမ်းချမ်းရေးကဗျာ ပင်မရေစီးကြောင်းဖြစ်တယ်။ သူစီးဆင်းရာကဗျာမြစ်ဝဲယာကမ်းတွေပေါ်မှာ အနာဂတ် မျိုးဆက်ကဗျာပန်းတွေပွင့်နေလိမ့်မယ်။ ခေတ်ပေါ်ကဗျာသီးတွေ သီးလာလိမ့်မယ်။ ဒါက အသေချာဆုံး တရား။ သူနဲ့အတူလိုက်ပါစီးမျောနေကြမယ့်ကာရန်တွေ ပေါက်ဖွားလာနေကြတယ်။ သူယုံကြည်မှုသေချာသလို၊ ခေတ်အဆက်ဆက်မှာ သူ့ကာရန်တွေသေ ချာစီးဆင်းနေလိမ့်မယ်။ ဒါကိုသူယုံကြည်ပြီးငြိမ်းချမ်းတဲ့ ကောင်းကင်ပြာကြီးအောက်က ပင်လယ်ကျယ်ကြီးဆီကို စီးဆင်းသွားခဲ့ပြီ။ သူ့ရဲ့လွတ်လပ်တဲ့ ကောင်းကင် ပြာပြာပင်လယ်ကြီးဆီ စီးဆင်းသွားတာကို လိုက်ပါပို့ဆောင်တဲ့ကာရန်တွေများပြားလှပါရဲ့။ သူ့ရဲ့ခေတ်ပြိုင်ကဗျာဆရာအောင်ဝေးက မစ္စစပီမြစ်ဝှမ်းကနေ စိတ်နဲ့လှမ်းပြီး ငဝန်မြစ်ဝအထိ ပို့ဆောင်ပေး ခဲ့တာကို အမှတ်တရရှိလိုက်ပါတယ်။

 အလွမ်းပင်တောဟာ
 အလွမ်းတွေနဲ့
 ငြိမ်းချမ်းရေးကိုလွမ်းနေခဲ့ဖူးတယ်။

 ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်
 အလွမ်းတွေသာတောထကျန်ရစ်။
 ငြိမ်းချမ်းရေးကိုမြင်မသွားရဘူး။

 ဆရာဒဂုန်တာရာလည်း
 ငြိမ်းချမ်းရေးကိုမြင်မသွားရဘူ
 အလွမ်းတွေသာတောထကျန်ရစ်။

 နှစ်တွေကြာလာတော့
 စစ်တွေကြာလာတာပေါ့။

 ခေတ်တွေရှည်လာတော့
 စစ်တွေကြာလာတာပေါ့။

 ငြိမ်းချမ်းရေးလိုလားတဲ့
 ကဗျာဆရာတွေ၊သေသေသွားကြတယ်။

 ငြိမ်းချမ်းရေးတေးသံတွေ
 မသေမရှင်ကျန်ရစ်ခဲ့ကြတယ်။

 နောက်ဆုံးတော့
 သစ်တောကြီးတစ်ခုလုံးကြွေတဲ့နေ့ဟာ
 ငါတို့မရောက်စေချင်ပေမယ့်
 ငါတို့ရှေ့မှောက် ရောက်လာခဲ့ပြီ။

 “မောင်အောင်ပွင့်”ဆိုတာ
 (ငြိမ်းချမ်းရေးကို) လွမ်းလို့သေတဲ့တော။

 အလွမ်းပင်တော…တဲ့
 အလွမ်းပင်တွေတောထနေလို့
 အလွမ်းပင်တောလို့ခေါ်တယ်။

ကဗျာဆရာအောင်ဝေးဟာ အဝေးမြေတစ်နေရာကနေလှမ်းပြီး ငြိမ်းချမ်းရေးကဗျာဆရာကြီးမောင်အောင် ပွင့်ကို အလွမ်းနဲ့ပို့ဆောင်ပေးလိုက်ပါတယ်။ မြန်မာပြည်ကိုချစ်တဲ့သူတွေ၊ ငြိမ်းချမ်းရေးကိုချစ်တဲ့သူတွေကို လွတ်လပ်တဲ့ကောင်းကင်ပြာကြီးရှိရာ ပင်လယ်ကျယ်ကြီးဆီကို ပို့ဆောင်ပေးနေရဦးမှာပါ။ ကျန်နေရစ်ခဲ့တဲ့ သူတွေရဲ့ကောင်းကင်ကြီးကတော့ မှိုင်းညို့မှောင်နေပါတယ်။ ကွေ့ကောက်ပြီး မုန်တိုင်းထန်နေတဲ့မြစ်ထဲမှာ ရုန်းကန်ပြီးရှင်သန်နိုင်ဖို့ ကြမ်းတမ်းတဲ့နေ့ရက်တွေကို ဖြတ်သန်းနေကြရဦးမှာပါ။

(၃၀ နိုဝင်ဘာ၂၀၁၈ နေ့ကကွယ်လွန်သွားတဲ့ငြိမ်းချမ်းရေးကဗျာဆရာကြီး မောင်အောင်ပွင့်သို့လွမ်းဆွတ်
ခြင်းနဲ့အတူ အမှတ်တရ ဂါဝရပြုလိုက်ပါတယ်)
ကိုနိုင်း

၁။ မောင်အောင်ပွင့်ကဗျာများ (စစ်၊ မှော်၊ ရင်ပူည၊ ငါးရိုးငင်တဲ့ငွေလမင်း၊ ကောင်းကင်တော်လွမ်းချင်း၊ မြစ်များစီးဆင်းတဲ့အကြောင်း)
၂။ အောင်ဝေး (ချစ်လို့ရေးတဲ့ကဗျာ၂၀) ဒီဇင်ဘာ၂၀၁၈
+ THE SUN RAYS JOURNAL , Vo- 1,No-  227, December 8,2018 မှ ...

Comments