သစ်ခက်သံလွင် ကဗျာရေးရာ- ကိုနိုင်း - ဘဝရှင်သန်ခြင်းတိမ်တိုက်များ (ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်- ၈၁ )

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၈၁ )
ဘဝရှင်သန်ခြင်းတိမ်တိုက်များ
ကိုနိုင်း
သစ်ခက်သံလွင်၊ နိုဝင်ဘာ ၉၊ ၂၀၁၈

ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဘယ်ခေတ်မှာပဲဖြစ်ဖြစ်ဘဝဆိုတာ ရှင်သန်နေကြရတာပါပဲ။ ရှင်သန်နေတဲ့ဘတွေထဲမှာ သာသာယာယာနေ့တွေလဲရှိနေသလို၊မွန်းကြပ်တဲ့နေ့တွေလဲ ရှိနေပါတယ်။ ဖြစ်ပျက်မှုတွေနဲ့ယှဉ်တွဲနေတဲ့ဘဝမှာ အမြဲသာယာမနေသလို၊ အမြဲမွန်းကြပ်မနေတတ်ပါဘူး။ အနည်းနဲ့အများတော့ ကွာခြားမှုတွေရှိနေတတ်ပါတယ်။ သာယာနေတဲ့အချိန်မှာပျော်ရွှင်ပေါ့ပါးတတ်နေပေ မယ့် မွန်းကြပ်တဲ့အခါ ထွက်ပေါက်မဲ့သလိုခံစားနေရတတ်ပါတယ်။
အထီးကျန်မှုကိုခံစားနေရတတ်ပါတယ်။ စိတ်ဓာတ်တွေပါကျသွားတတ်ပါတယ်။ အဲဒီအချိန်မှာအားပြန်တင်းထားတတ်ရတာပါပဲ။ ကျဆင်းနေတဲ့စိတ်ဓာတ်ကိုအတတ်နိုင်ဆုံးထိမ်းပြီး ပြန် မြှင့်တင်ပေးတတ်ရပါတယ်။ တချို့တလေအနေနဲ့ အထီးကျန်ဆန်ဆန်နေထိုင်တတ်ကြတာမျိုးလဲ ရှိတတ် ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဘယ်လိုစိတ်ဓာတ်ထားရမလဲဆိုတာကို ကဗျာဆရာမ ”မရီဝေ” ရဲ့” တိမ်ညွှန့် စားတဲ့ငှက်” ကဗျာကို ဖတ်ကြည့်စေချင်ပါတယ်။

ပင်လယ်ပျော်
စင်ရော်ငှက်တွေ
အများကြီးထဲကမှ
စင်ရော်ငှက်တစ်ကောင်။

ယောနသံဆိုတဲ့
စင်ရော်ငှက်တစ်ကောင်
အများစင်ရော်
ထောင် သောင်းများစွာနဲ့
ဘာမှမတူတဲ့
စင်ရော်ငှက်တကောင်။

စင်ရော်ငှက်တွေဟာ အုပ်စုဖွဲ့ပြီးနေထိုင်တတ်တဲ့ငှက်မျိုးပါ။ အမွှေးအတောင်တူငှက်တွေက တစ်စုတစ်ဖွဲ့ထဲ နေတတ်ကြတယ်လေ။ အမွှေးအတောင်ရှိပေမယ့် တစ်ကောင်ထဲနေတတ်တာက သိန်းငှက်လိုငှက်မျိုးပါပဲ။ တစ်ကောင်ထဲနေတတ်ပြီး အထီးကျန်ဆန်တဲ့ပုံစံမျိုးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တတ်တဲ့ အစွမ်း ရှိနေတတ်ပါတယ်။ အခုကဗျာဆရာမပြောတဲ့စင်ရော်ငှက်ကတော့ တမျိုးထူးခြားနေတာလား၊ ဒါမှမဟုတ် သင်းကွဲငှက်တစ်ကောင်လား။ ဘာပဲဖြစ်ဖြစ် တစ်ကောင်ထဲဖြစ်နေတာကတော့ စိတ်ဝင်စားစရာကောင်းနေ ပါပြီ။

မိုးကောင်းကင်မိုင်ထောင်ခရီးမှာ
ပျံသန်းပြီး နေလိုက်တာ
ပြာလဲ့လဲ့ကောင်းကင်ပေါ်ကို
တရှိန်ထိုး လေဟုန်ခွင်း
ပျံသန်းရင်း လေ့ကျင့်ရင်း
ကြိုးစားခြင်းများစွာ။

ဟိုး…အမြင့်ကြီးကနေ ထိုးစိုက်လှိမ့်ဆင်းလိုက်
ပြန်တက်လိုက်
ကျောက်ကမ်းပါးကြီးတွေနဲ့
အရှိန်ပြင်းရိုက်ခတ်
ကျိုးပြတ်အတောင်
ဖူးရောင်အက်ကွဲ မေ့မြောဆဲမှာ…။

အအုပ်အသင်းနဲ့အုပ်စုဖွဲ့နေတတ်တဲ့စင်ရော်ငှက်ထဲမှာတော့ အင်မတန်ထူးခြားတဲ့ပုံစံမျိုးပါပဲ။ ဒီစင်ရော်ငှက် ငယ်ဟာ ဘယ်လိုရည်ရွယ်ချက်မျိုးရှိနေသလဲ။ အုပ်စုဖွဲ့တဲ့အထဲမှာမနေချင်လို့လား။ ဒါမှမဟုတ်လွတ်လပ်မှု ကိုနှစ်သက်လို့လား။ ဒီလိုမျိုးစုထဲမှာတစ်ကောင်ထဲခွဲထွက်ပြီးနေမယ်ဆိုရင် သူ့အတွက်အန္တရာယ်တွေ များ နိုင်ပါတယ်။ လူတွေရဲ့ရှင်သန်မှုမှာလဲ၊ အထီးကျန်နေတတ်သူတွေအတွက်၊ မိမိကိုယ်မိမိကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ အုပ်စုထဲကနေတစ်ယောက်ထဲ၊ တစ်ကောင်ထဲခွဲထွက်သွားသူကိုတော့ ကျန်သူတွေက အထင်အမြင်လွဲမှားတတ်ပါတယ်။

အခြားငှက်တွေက 
ရူးကြောင်နေတဲ့ကောင်
ငါတို့လို ပင်လယ်မှာ
အစာတွေ ပေါနေပါလျက်နဲ့
ပျော်ရွှင်စွာမနေ ဝိုင်းပယ်ကြပေမယ့်…။

သူ့အားသူကိုး
ဆတိုးကြိုးစား
ပျော်ပါးရင်း မသေ
ကြိုးစားရင်း သေချင်သေလို့…။

ကဗျာဆရာပြောတဲ့ငှက်တစ်ကောင်ဟာ အင်မတန်ထူးခြားတဲ့ပုံစံပါပဲ။ တော်တော်ထူးခြားသလို၊တော်တော် ရှားပါး ပါလိမ့်မယ်။ သိန်းငှက်၊ စွန်ငှက်တွေမှာပဲ ရှိတတ်တဲ့အကျင့်စရိုက်မျိုးကို ထူးထူးခြားခြားရေးဖွဲ့ပြနေ ပါတယ်။ ဘာကိုပြချင်တာလဲဆိုတာကိုတော့...

သူ့ကိုယ်သူ အားပေး
ကြိုးစားရင်း
အားထုတ်ရင်း
မျှော်လင့်ခြင်း
သည်းခံရင်း
လုံ့လဝီရိယစိုက်ထုတ်ရင်း…။

အမြင့်ပေပေါင်းများစွာ
မိုင်ပေါင်းများစွာ
ခရီးပေါက်မြောက်
ရွှေရောင်နေခြည်လင်းလက်အောက်မှာ
ဝင်းဝင်းလက်နေတဲ့ အတောင်ပံကိုဖွင့်
မြင့်မြတ်တဲ့အကျင့်စာရဏ
စင်ရောင်ငှက်တစ်ကောင်ရဲ့
ဘဝ
အားကျစရာ
ကြည်ညိုစရာ
လေးစားစရာ ကောင်းလိုက်တာ…။

အများနည်းတူပျော်စရာတွေ ညည်းငွေ့သွားပြီး၊ တစ်ကောင်ထဲလွတ်လပ်မှုနဲ့ငြိမ်းချမ်းမှုကိုရှာဖွေချင်တဲ့ နိမိတ်ပုံကို စင်ရော်ငှက်ငယ်လေးနဲ့တင်စားပြသွားပါတယ်။ လောကရဲ့သဘောကိုပြသွားသလို၊ ဘာသာ ရေးအယူအဆအရမြင့်မြတ်မှုစရဏတရားလို့ယူဆမယ်ဆိုရင်လည်းယူဆနိုင်ပါတယ်။ လူ့သဘာဝတရား အရ အများမိုးခါးရည်သောက်သလို မိုးခါးရည်မသောက်ပဲ မြတ်သောအကျင့်နဲ့ဘဝကို အားထုတ်သွားတာ တွေ့မြင်လိုက်ရပါတယ်။
အဲဒီလိုပဲ၊ ဘဝရှင်သန်နေတဲ့အခြေအနေတွေမှာ ရောင့်ရဲခြင်းတွေကိုလည်း မြင်ရပါတယ်။ ဘဝမှာရောင့်ရဲနိုင်ဖို့အတွက်စိတ်ထား တတ်ဖို့က အဓိက ကျနေပါတယ်။ စိတ်ကိုရုပ်ခန္ဓာထဲကနေပြင်ပကို ထုတ်ကြည့်လိုက်ရင် မိမိစိတ်အခြေအနေကိုပိုပြီး ပြန်မြင်နိုင်တယ် လို့ဆိုတတ်ကြပါတယ်။” စိတ်အပြင်ကို အလည်တခေါက် ရောက်တယ်” ဆိုပြီး ကဗျာဆရာ ”ဆောင်ယွန်းလ” က ရေးပြလိုက်ပါတယ်။

စိန်ခေါ်ကြည့်ဖို့ ရန်သူတော်တွေမရှိတဲ့နေရာနဲ့
တိမ်တွေကို ကျော်ကြည့်ဖို့ ကောင်းကင်မရှိတဲ့ကမ္ဘာမှာ
ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်စရာ
မှန်တစ်ချပ်လည်း မလိုပါဘူး
ကိုယ့်ဂုဏ် ကိုယ်ပြန်ထမ်းဖို့
ပခုံးနှစ်ဖက်ပေါက်နေတဲ့လမ်းလည်း မလိုပါဘူး။

ကိုယ့်ခြေထောက်ပေါ် ကိုယ်တက်မရပ်နိုင်ပေမဲ့
ချိုင်းထောက်ပေါ်တက်ရပ်နေရတော့ကော
ဘာအကြောင်းလဲ
မတော်တဆ ခေါင်းကွဲခြင်းဟာ
ဝမ်းနည်းစရာတွေထဲက ၀မ်းမြောက်စရာသတင်းပဲ
ခေါင်းထဲက ဉာဏ်တွေ လွယ်လွယ်ကူကူထည့်နိုင်တာပဲလို့
ဖြေတွေးကြည့်ရင် အားလုံးဟာ ကျေအေးစရာ။

စိတ်ကိုဖြေလျှော့နေတာတွေကို ရေးသွားပါတယ်။ ပြောမယ်ဆိုရင် လောကမှာဖြစ်ပေါ်လာသမျှ အဖြစ် အပျက်တွေကို အကောင်းဖက်ကမဟုတ်တောင်မှ၊ဖြစ်သမျှ အကြောင်းအကောင်းတွေပါပဲလို့ ယူဆနိုင်တာ ကိုရေးပြသွားပါတယ်။ အဖြစ်အပျက်တခုမှာ(သို့မဟုတ်) အဖြစ်အပျက်တခုကြောင့်ရရှိခဲ့တဲ့ နာကျင်မှု (ဒဏ်ရာ) တွေကို ဖြေသိမ့်နိုင်တာတွေဟာ ကျေအေးစရာတွေပါလို့ယူဆထားတာကိုပြောပါတယ်။

စိတ်ပျက်စရာအကြောင်းစုံကို
စိတ်မပျက်တမ်းပြောနေရတာလည်း
နေ့စဉ်ရွတ်ဖတ်နေရတဲ့ တရားပဲ။

ဖြေသိမ့်နေရခြင်းကို နှစ်သက်နေရ
မနှစ်သက်ခြင်းကိုပဲ ပြန်လည်ဖြေသိမ့်နေလိုက်ရနဲ့
ဒီသံသရာဟာ သံသယဖြစ်စရာမရှိအောင်ကိုလည်တယ်။
ကိုယ့်မျက်စိတွေကွယ်သွားတဲ့အခါ
ဒီညဟာ အလှဆုံးပဲလို့ ရေရွတ်မယ်။
ကိုယ့်နားတွေပင်းသွားတဲ့အခါ
ဒီသီချင်းဟာ အလင်းဆုံးပဲလို့ မြည်ကွေးတမ်းတမယ်။
ကိုယ့်အသိအာရုံတွေ ဆွံ့အသွားတဲ့အခါမှာတော့
ဘာမှမရှိတဲ့တရားကို
ပျားရည်ချိုတစ်စက်လို မက်မက်စက်စက်တောင့်တမိမှာပေါ့။

တကယ်ဖြေသိမ့်နိုင်ပြီလားဆိုတာကိုဖြေရမယ်ဆိုရင်တော့ တော်တော်ခက်ခက်ခဲခဲဖြေရမှာပါ။ လောကရဲ့လောဘတွေ မောဟတွေ ဒေါသတွေအပြင် စိတ်နဲ့ရုပ် ခံစားမှုတွေကိုပါမရှိနိုင်တော့မှ အရာရာ ဖြေသိမ့်နိုင်ပါလိမ့်မယ်။ ဒီနေရာမှာ တခုရှိတာက လူ့ဘဝကြီးကိုစိတ်ကုန်လို့လား လောကကြီးရဲ့ငြိမ်းအေး ရာအရပ်ကို ရောက်နိုင်အောင်ဖြေသိမ့်နိုင်ဖို့ကြိုးစားချင်တာလား။ အဲဒါကိုတော့ ကဗျာရဲ့နောက်ဆုံးအပိုဒ် မှာပြောပြလိုက်ပါတယ်။

လောလောဆယ်မှာတော့
ကြောင့်ကြခပ်သိမ်းစေရေးအတွက်
စိတ်ရဲ့အပြင်ဘက်ကိုငေးနေလိုက်တယ်။

တခါတရံမှာ ကျွန်တော်တို့ဘ၀ရဲ့ရှင်သန်ခြင်းထဲကနေထွက်ပြေးသွားချင်တဲ့စိတ်ဖြစ်ပေါ်မိပါတယ်။ ဖြစ်တည်မှုပဓာနဝါဒသဘောမှာလည်း ”ငြင်းပယ်ခြင်းအလှ” လို့ပြောထားတာတွေ့ရပါတယ်။ တခါတခါ မိမိ ဘဝကိုငြင်းပယ်မှုအတွက်အဖြေရှာကြည့်ရင် ထွက်ပြေးခြင်းကိုတွေ့နိုင်ပါတယ်။ တကယ်တော့ ခဏတာ ထွက်ပြေး ခြင်းဟာ ထာဝရလွတ်မြောက်ခြင်းမဟုတ်ပါဘူး။ အခုကဗျာမှာလည်း စိတ်ရဲ့အပြင်ဘက်ကို ခဏထွက်ငေးကြည့်ခြင်းဟာလည်း၊ ရှင်သန်မှုဘဝထဲကနေ ခဏတာထွက်ပြေးခြင်းပါပဲ

ကျွန်တော်တို့ခေတ်ပေါ်ကဗျာရေးသူတွေဟာ များသောအားဖြင့် ခေတ်ကိုစူးစူးစိုက်စိုက်ကြည့်ပြီး၊ ခေတ်ကိုပြန်ပစ်လွှတ်နေတတ်ပါတယ်။ ဒီလိုခေတ်ကိုပြန်ပစ် ခတ်နေကြတာတွေကလည်း၊ သဘာဝတရားကပြဋ္ဌာန်း ထားတဲ့ဥပဒေတွေကို အတတ်နိုင်ဆုံးလိုက်လျောညီထွေနေထိုင်နိုင်ဖို့အတွက်ပဲဖြစ်ပါလိမ့်မယ်။ တခါ တခါ ကျတော့ ခေတ်ကိုမကျေနပ်သံတွေ ခေတ်ကိုပေါက်ကွဲသံတွေဖြစ်နေမှာပါ။ အခုလို ခေတ်နဲ့လောကကြီးမှာ နေထိုင်ရတာတွေအတွက်ဖြေသိမ့်မှုတွေ ပေးချင်ပါတယ်။ ခေတ်ကြီးကနေထိုင်ကောင်းမယ်ဆိုရင် ဘဝရှင် သန်မှုတွေက ပိုလှပပြီးအဓိပ္ပာယ်ရှိနေမှာပါ။ ကဗျာဆရာ ”ငဇ”ရေးတဲ့” အရွေ့ငင်” ကဗျာတပုဒ်လို ခရေပင် ပေးမှာ၊ကြယ်ကလေးတွေရေးပြချင်ပါတယ်။

ခေတ်ကိုပစ်ခတ်ဖို့ မချိန်ရွယ်သင့်ဘူး
ခေတ်ရှေ့က ပိတ်မရပ်သင့်ဘူး
စက္ကူစွန်ကလေး ချော့လွှတ်သလိုမျိုး
ဝင်လေကလေး ကြိုးဖြည်ပေးသလိုမျိုး
ညင်သာစွာ… ပွတ်သပ်ပေးရမယ်
ဒါမှ
ခင်ဗျားရဲ့လမ်းလျှောက်ခွေးကလေး
ထွက်ပြေးခြင်းထဲက လွမ်းနေနိုင်မှာ။
နေ့ပြီးရင် ည
အဖြူနဲ့အနက်ဟာ
ရင်ဘတ်နဲ့ ကျောပြင်
ခရေပင်ပေါ်မှာ
ကြယ်ကလေးတွေ ရေးကြမယ်။

ခေတ်ရဲ့ရေစီးကြောင်းအတိုင်း အလိုက်သင့်စီးမျောပါတတ်ဖို့ လိုပါလိမ့်မယ်။ ကောင်းကင်ပေါ်မှာလွှတ်တင်ထားတဲ့ စက္ကူစွန်တောင်၊ ချည်နှောင်ထားတဲ့ကြိုးကို လိုသလိုလျှော့ပေးပြီး လွတ်လပ်ခွင့်ပေးရပါတယ်။ အိမ်မွေးခွေးဆိုတဲ့သတ္တဝါလေးတောင် လွတ်လပ်မှုကိုမြတ်နိုးတယ်ဆိုတာလည်း ကိုယ်ချင်းစာနိုင်ရပါလိမ့် မယ်။ နေ့ပြီးရင်ညဆိုတဲ့ တစ်လှည့်စီပုံမှန်ပြောင်းလဲရွေ့လျားနေတဲ့အရွေ့မှာ လိုက်လျောညီထွေနေထိုင် တတ်မယ်ဆိုရင် ခရေပင်ပေါ်မှာ လင်းလဲ့ပတဲ့ကြယ်ကလေးတွေ ရေးကြသလို ကြည်နူးစရာကောင်းပါလိမ့် မယ်။ လောကကြီးထဲကရှင်သန်နေတဲ့ဘ၀တွေမှာ မွန်းကြပ်မှုတွေရှိသလို၊ကြည်နူးစရာကာလလေးတွေ လည်း ရှိနေပါတယ်။ ကျွန်တော်တို့ရှင်သန်နေတဲ့ဘဝနေ့ရက်တွေမှာ တစ်နေ့ပြီးတစ်နေ့ဆိုနေရတဲ့ သီချင်း တွေလို ပျင်းစရာမကောင်းတာတွေလည်းရှိနေပါတယ်လို့ ကဗျာဆရာ ”တာရာမင်းဝေ” ရေးခဲ့ဖူးတဲ့” ကြာ ခဲ့ပြီ” ကဗျာလေးကို သတိရလိုက်မိပါတယ်။

တစ်နေ့ပြီး တစ်နေ့ ဆိုနေရတဲ့သီချင်းပေမယ့်
မပျင်းပါဘူး
ဘ၀က ခြေဆင်းထိုင်ရုံလေးနဲ့တော့
အဲဒီလို မပြောကြပါနဲ့။

တောင်စွယ်မှာ နေကွယ်တာကိုမြင်သားပဲ
ဘာဖြစ်လဲ
အဲဒီ ဓားက မလွဲခဲ့ဘူးဆိုရင်တောင်
ငါကလည်း မပြိုလဲခဲ့ပါဘူးကွယ်။

ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာ ကြာပြီ
တစ်ယောက်တစ်လမ်းစီမသွားရတာလည်းကြာပြီ
ကိုယ်ကတခြား သူကတခြားဖြစ်ခဲ့ကြပေမယ့်
ဘယ်သူကမှ မလွဲခဲ့ကြတာလည်း ကြာပြီ…
ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့
ဘယ်သူတွေ ဘယ်လိုပြောပြော
ငါ့အတွက်တော့
နေသံ လသံရောနှေခဲ့တာလည်းကြာပြီ…။

ဒီလိုပါပဲ။ ကျွန်တော်တို့ဘ၀ရှင်သန်ခြင်းတိမ်တိုက်တွေဟာ ရသရောင်စုံပြောင်းပြီးလောကကောင်းကင်ပေါ်မှာ လွင့်မျောနေကြဦးမှာပါပဲ။

ကိုနိုင်း
ခံစားမိသောကဗျာများ
၁။ မရီဝေ(တိမ်ညွန့်စားတဲ့ငှက်)၊ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၈။
၂။ ဆောင်းယွန်းလ(စိတ်အပြင်ကိုအလည်တခေါက်ရောက်တယ်)၊ မိုးမခမီဒီယာ၊ အောက်တိုဘာ ၂၀၁၈။
၃။ ငဇ(အရွေ့ငင်)၊မုခမဂ္ဂဇင်း၊ စက်တင်ဘာလ၂၀၁၈။
ကိုးကားကဗျာ။   ။ တာရာမင်းဝေ(ကြာခဲ့ပြီ)
The Sun Rays Journal No- 1, Vol -219, 13.10.2018

Comments