သစ်ခက်သံလွင် ကဗျာ ၂ ပုဒ်- ဟာရှိန်း(မင်းတပ်)နှင့် မောင်ထိန်လင်း(မြို့သာ)တို့၏ကဗျာများ



အိမ်ရှေ့ကနေ့များ
ဟာရှိန်း(မင်းတပ်)

ရာသီက ၈၄ ကြိမ်ပြောင်းသွားပြီ
မှည့်နေတဲ့ပိုးစာသီးက လတ်ဆတ်နေဆဲ
မြေဇာမြက်စိမ်းစိမ်းတွေပေါ် လှချင်သလိုလှနေတဲ့ စိန်ပန်းနီနီတွေ
အားပါးတရပွင့်နေတဲ့ ငုပန်းဝါဝါတွေ
ပျဉ်ထောင် ပျဉ်မိုး ရေနံချေးဝနေတဲ့ အိမ်ရှေ့မှာ
မြင်ကွင်းက နှစ်စဉ်အရောက်လာခဲ့
ငယ်ငယ်က ငါမုန်းတဲ့ မောင်းဆုံကြီး မရှိတော့
ငယ်ငယ်က ကျောက်စရစ်ရေတွင်းလေးမရှိတော့
ငယ်ငယ်က ယုန်မွှေးဆွယ်တာတွေ လက်အိတ်တွေ မာဖလာတွေမရှိတော့
ယုန်ချေးနံ့ကိုတော့ ငါ အလွတ်ရနေဆဲ
အလေအလွင့်နည်းနည်းနဲ့ ငါ မှတ်မိနေဆဲ နေ့စွဲတွေ
အရာရာ အသစ်ဖြစ်ခဲ့ ရေဒီယိုသီချင်းတွေ
လွမ်းလို့မှမဝခင်
မြို့ပတ်လမ်းဟာ အိမ်ရှေ့မှာ ဖြတ်ဆင်းသွားပြီ
ငါ ငယ်ငယ်က ဓာတ်ပုံလေးထဲမှာ ငုပန်းတွေ ထိန်ထိန်ဝါလို့
စိန်းပန်းတွေ ရဲရဲကြွေလို့
ဓာတ်ပုံထဲကငါဟာ သိပ်ပျော်နေတာပေါ့


၂၀၁၈။


နှင်းဆီဖူးပေါ် အိပ်ပျော်နေတဲ့ လိပ်ပြာ

မောင်ထိန်လင်း(မြို့သာ)

တစ်ပင်လုံး
အရိုးပြိုင်းပြိုင်းဆွေးမြေ့အောင်
ကြွေညောင်းဖဲကြဉ်လည်း
မြစ်မတချောင်းပေါ် အပ်နှံထားသလို
ခေါင်းမော့ထားတယ်
ကျေးငှက်သာရကာ ပျော်မြူးခွန်းတုံ့ပါစေကွယ်။

နီဆွေးမောင်းမောင်း တောင်ကျချောင်းလေး
ရင်ဘတ်ပေါ် မျက်ရည်နဲ့ပွင့်တဲ့ ပန်းစံပယ်တွေ
ခူးခြွေရက်တယ်
တောင်က မိုးမညို ဘယ်ရှိစ
မမှိတ်မသုန် ခြောက်သွေ့နေလေရဲ့။

ကလေးတွေ
ဖြူစင်စွာ ရူးသွပ်ပါစေကွယ်
လိပ်ပြာတောင်ပံခပ် စောင်းလေညှင်းသက်
အငြိမ်းဓာတ် ခိုလှုံပါစေ
ပန်းချပ်ပေါ် မွေ့ပျော်သူ မနှိုးလိုက်လေနဲ့။


Comments