သစ်ခက်သံလွင် ကဗျာ၊ စည်သူဦး၊ နေလွဏ်းအိမ်နှင့် မောင်ထိန်လင်း(မြို့သာ)တို့၏ ကဗျာများ

Pinterest
ခရစ်နှစ်ကူးရဲ့လားရာ
စည်သူဦး

ဘဝအပေါ်
ကိုယ့်ကိုယ်ကို ပစ်ချထားရတာ

တိမ်လို လေလို ရေလို
အားလုံးလိုလို ဖြစ်ခဲ့ရပေါ့

လောကဓံအရ
ဒဏ်ရာနဲ့ဘဝင်ကျမှု
တခုခု

သက်တမ်းဝက်နီးနီး
အချိန်စီးခဲ့ရ
ဖြတ်သန်းကြည့်မှ
အတိမ်အနက်သိရတာ

ရှိစုမဲ့မဲ့ မေတ္တာတရားပေါ်
ရွာချခဲ့သော ကန္တာရမိုး

အစိုးမရတဲ့စိတ်နဲ့
အဆိုးရတဲ့ ခန္ဓာကိုယ်

နောက်ကိုလှည့်ကြည့်ရင်း
သစ်သွားသော နေ့များ

ခြေထောက်အပေါက်
ကျောဗလာနဲ့
ရင်ဖွင့်ထားပြီးနောက်

ကိုယ့်ကိုယ်ကို ပစ်ချထားရတာ
ဘဝအပေါ်။  ။
....
Pinterest
လက်ချောင်းလေးများ
နေလွဏ်းအိမ်

သဘာဝတရားကြီးရဲ့
မညှာမတာခြင်းကြားမှာ
လက်ချောင်းလေးတွေအသက်ရှူတယ်
ရှည်ထွက်လာတဲ့လက်သည်းတွေဟာ
ပေါက်ဓားတစ်ချောင်းဆိုရင်
အမဲရောင်သစ်သီးတစ်လုံးကို
လက်ဗွေရာချန်ခဲ့ပြီး ပစ်ပေါက်လိုက်မယ်
ငါ့လက်ချောင်းတွေဟာ
ငါ့အမှန်တရား
ငါ့လက်ချောင်းတွေဟာ
ငါ့နိုင်ငံတော်
ငါ့လက်ချောင်းတွေဟာ
ငါ့မွေးဖွားလိုက်တဲ့သားကောင်
အကြောပြိုင်းပြိုင်းထနေတဲ့လက်ချောင်းတွေနဲ့
ကိုယ့်ရာဇဝင်ကိုယ်ရေးကြတာပေါ့။
Pinterest
နဖူးပြင်နဲ့ မှတ်ထားတဲ့ သံပူစာ
မောင်ထိန်လင်း(မြို့သာ)

ခလုတ်မတိုက်လောက်ပါဘူးဆိုပြီး သေတ္တာထဲဝင်ပုန်းနေသူကိုမှ
ကောင်းကင်က တည့်တည့်ပါးလျလို့
ခေါက်ထည့်ထားသမျှ တိုက်ဆွေးနာဖြစ်လို့
ရိုသေလို့ကို မရပါဘူးလေ။

မြင်းခွာမှာ သံမှိုမယ်နတချက်ပါပဲ
ရေငုတ်သင်္ဘောဝမ်းဗိုက်မှာ ဂေဆက်တချက်ပါပဲ
မျက်လုံးထဲမှာ ဆံခြည်မျှင်သွေးကြောတချောင်းပါပဲ
နှလုံးသားအဆို့ရှင်မှာ သွေးခဲလေးပါပဲ
ငါ့မြို့တော်ကြီး ကျဆုံးခဲ့ရတယ်။

မိစ္ဆာနတ်တွေရဲ့
နဖူးမှာ ကပ်ပေးလိုက်တဲ့ သံပူစာ
ကျွန်သဘောက်လို့ မထွန်းပေါက်စေတဲ့ သံပူစာ
ဘယ်ကြားမှာဖြစ်ဖြစ် ရူးလောက်စေတဲ့ သံပူစာ
မြစ်ကမ်းနဖူး သောင်ခုံပေါ်မှာ တဗြီးဗြီးပွတ်တိုက်
သွေးအလိမ်းလိမ်းထွက်ပါစေပွတ်တိုက်
ငါ နဖူးအမာရွတ်နဲ့ မြစ်ထဲ နှစ်ခါရေချိုးခဲ့ပေါ့။


Comments