သစ်ခက်သံလွင်ကဗျာ၊ မောင်နောင်မွန်၊ တေဇလင်း(နည်းပညာတက္ကသိုလ်) နှင့် ရာမညမင်းငြိမ်းချမ်းတို့၏ ကဗျာများ

ပြဇာတ်တပုဒ်အကြောင်း
Pinterest
ဒီကနေ့ မိုးလေဝသအစီအစဉ်မတိုင်ခင်
တိမ်တွေက လေပြေနဲ့လိုက်တမ်းပြေးတမ်းကစားနေကြ
နေမင်းကပြုံးတုံ့တုံ့ မျက်စိမှိတ်ပြသွား
မိုးတွေ သဲကြီးမဲကြီးရွာဖို့ဟန်ပြင်ခဲ့။

ကြိုတင်ဇာတ်တိုက်ထားသလိုမျိုး
ကမ်းခြေပေါ် ငါးတွေက အစုလိုက်အပုံလိုက်နေရာအနှံ့ရှိနေပုံက 
ရုပ်ရှင်တကားရဲ့ဇာတ်ဝင်ခန်းတခုနဲ့ လုံးဝမတူ။

ရှုတင်ဆန်ဆန် ဇာတ်လမ်းသဘောအရ
တီးလုံးသံ ကြိုးကြားကြိုးကြားထွက်လာခဲ့
နောက်ကနေ ကတ်ကိုဘိန်းရဲ့တယောသံနဲ့ 
ဒိုးလုံးရဲ့အော်တားနေတစ်သံတွေ ကပ်ပါလာခဲ့တယ်။

ဒီရေရဲ့အတက်အကျသဘောတရားကို
ကိုရွှေတံငါမေ့နေပုံရတယ်။

ကမ်းခြေအနှံ့က ခရုခွံတွေဟာ
သူမရဲ့ပန်းဆီရောင်လက်သည်းထက်မှာ နေရာဝင်ယူထားခဲ့တယ်
လက်သည်းဆိုးဆေး ဘာအရောင်က 
သူမနဲ့ပိုလိုက်မလဲဆိုတဲ့တွက်ချက်မှုတွေနဲ့
နွေခေါင်ခေါင်မိုးချုန်းသံတွေ တခါတရံကြားရတတ်ခဲ့
တိမ်ဆိုင်ဟာ တဖြည်းဖြည်းနဲ့ ကံဆိုးသူရဲ့ဝေးရာကို
လေပြေနဲ့အတူ ရွေ့ပစ်သွားကြတယ်
ကန့်လန့်ကာနောက်ကွယ်က နူးညံ့တဲ့လက်ချောင်းတွေဟာ
ကြိုးဆွဲတဲ့ကံကြမ္မာဖြစ်တယ်ဆိုတာ လူတွေမသိကြသလို 
ဆလိုက်မီးတွေက ပကတိအခြေအနေကို ဖုံးကွယ်ပစ်လိုက်တယ် 
နောက်ဆုံးတွေ ဆေးလိပ်ငွေ့ဖြူဖြူကြား
လေထုဟာ အရည်ပျော်သွားတယ်။   ။

မောင်နောင်မွန်
 
.....
မျက်မြင်သက်သေ
Viola24.ru
 သဏ္ဌာန်မဲ့ကြိုးစတွေနဲ့ …
ဆန္ဒကိုဆတ်ထားကြတဲ့လေဟာနယ်ထဲ
တလွင့်လွင့်လူးရတာကိုပဲခက်ခဲနေခဲ့ကြ

အခါတပါးများစွာ …
ဖြစ်ပြီးသမျှပြီးဆုံးခဲ့လေခြင်းတရားကိုပဲ
အထပ်ထပ်လှဲဝတ်အဖန်ဖန်ပြန်ခွာချခဲ့ကြ

ဘဝဟာ …
အသက်ရှုမဝခြင်းနိကာအထပ်ထပ်ထဲမှာ
အောက်စီဂျင်ပိုက်တပ်ထားသလိုရှည်လျားထွေပြားက

ပဉ္စလက်ဆန်တဲ့ပြကွက်ထဲ …
တိမ်းမူးပျော်ပါးရှင်သန်ဝေဝါးခြင်းတွေထဲမှာပဲ
လှောင်ချိုင့်ကိုသာမြတ်နိုးနေခဲ့ကြ ။။

တေဇလင်း [ နည်းပညာတက္ကသိုလ် ]
 ....
 ဆန္ဒတခု၏နောက်ကွယ်
work
  ပုလင်းပြားလေးကိုဖွင့်
စိတ်ခြင်းဆက်ဆုံချက်တွေ
ဖြည်းညင်းစွာမော့ချ
ရှတတဝိုင်ထက်ပြင်းတယ်
လက်ကျန်မိနစ်တွေ
ခပ်ပြင်းပြင်းရှိုက်
လေဟာနယ်ဆီမှုတ်ထုတ်
နဂါးငွေ့တန်းလိုလို
သက်တန့်လိုလိုယောင်ဝါးဝါး
စိတ်အဆာတွေ
ကဗျာတပုဒ်လိုရိုးသားမှုမရှိ
ညရင်ပြင်ကြယ်တွေ
ငါငေးကြည့်မိခဲ့
တချို့ကထွန်းတောက်ဆဲ
တချို့ကတဖြုတ်ဖြုတ်ကြွေကျခဲ့ရ
အချိန်မတန်သေးဘူး
ဘာလိုအကြွေစောနေသလဲ
နတ်မိမယ်လိုအရောင်ပြောင်းလွယ်
ဝှက်ထားတဲ့မြှုပ်ကွက်
ဘူးပေါ်သလိုပေါ်တော့
ခွေးတွေထဟောင်တယ်
လရောင်ကဝတ္တရားအရထွန်းလင်းဆဲ 
ကမ်းဝေးငှက်တွန်သံကြားနေရ 
စစ်တိုက်တမ်းမကစားချင်တော့ဘူး
ကလေးကသူအဖေကိုရင်ဖွင့်
ကလေးရဲ့ဆန္ဒကို
အဖေဖြည့်ဆည်ပေးနိုင်ပါ့မလား
ကလေးရဲ့မျက်ဝန်းမှာ
သောကတွေနဲ့။
                 
ရာမညမင်းငြိမ်းချမ်း

Comments