သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း ၏ " ခေတ်ပေါ်ကဗျာရဲ့ပုံသဏ္ဍာန်နဲ့အကြောင်းအရာအရွေ့"

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၁၁ )

ခေတ်ပေါ်ကဗျာရဲ့ပုံသဏ္ဍာန်နဲ့အကြောင်းအရာအရွေ့

 ကိုနိုင်း


ခေတ်ပေါ်ကဗျာတွေရဲ့အခြေခံဟာခေတ်အဆက်ဆက်ကို ဖြတ် သန်းလာတဲ့ဂန္တ၀င်ကဗျာတွေက စတင်ဖြစ် တည်ခဲ့တာပါ။ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ ရတု ရကန်၊ ကာချင်း အဲချင်းကနေ လေးလုံးစပ် ကဗျာတွေကနေ တဆင့်ပြီးတဆင့် ပေါ်ပေါက်လာခဲ့ရပါတယ်။ ရှေးဘုရင်ပဒေသရာဇ်တွေတုန်းက ဘုန်းတော်ဘွဲ့၊ မယ်တော် ဘွဲ့ ကဗျာတွေဖြစ်ခဲ့ပါတယ်။ နောက် ကျနော်တို့မြန်မာနိုင်ငံဟာ အင်္ဂလိပ်တို့ရဲ့ ကျွန်ဘ၀ရောက်ခဲ့ရပြီး ပဒေသရာဇ်ခေတ် နိဂုံးချုပ်ခဲ့ရပါတယ်။ အဲဒီအချိန်မှာဘုန်းတော်ဘွဲ့၊ မယ်တော်ဘွဲ့ခေတ်လည်း ကုန်ခဲ့ပြီး၊ ကဗျာဟာ လွတ်လပ်ရေးတိုက်ပွဲနဲ့အတူ သူ့ကျွန်ဘ၀ ရောက်နေတဲ့ပြည်သူတွေဖက်က ရပ်တည်တဲ့ခေတ် ဖြစ်ခဲ့ပါတယ်။ အဲဒီခေတ်ကာလမှာခေတ်စမ်းကဗျာခေတ်အဖြစ် ပေါ်ပေါက်လာခဲ့ ပါတယ်။ 

ခေတ်စမ်းကဗျာတွေဟာ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ လေးလုံးစပ်ဆိုတဲ့စည်းစနစ်ကျတဲ့ကဗျာတွေပုံသဏ္ဍာန်မပြောင်းပေမယ့် လွတ်လပ်ရေးကြိုးပမ်းမှု၊ အဖိနှိပ်ခံပြည်သူတွေဖက်ကရပ်တည်ပြီးရေးတဲ့ကဗျာတွေဟာ သဘောတရားအကြောင်းအရာတွေပြောင်းလဲခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ လေးလုံးစပ် ကဗျာရဲ့စည်းစနစ်ကျမှုကို လွတ်လပ်ကာရန်အဖြစ်ဖောက်ထွက်ခဲ့ပါတယ်။ 

စာပေသစ်ခေတ်၊ တာရာခေတ်ကဗျာတွေအဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၇၀ ကျော်ခေတ်မှာ တော်လှန် ကဗျာခေတ်၊ မိုးဝေကဗျာခေတ် ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်နဲ့တပြိုင်တည်းမှာ ဂန္တ၀င်ကဗျာတွေအဖြစ် လည်း ရှိနေပါတယ်။ မဆလအစိုးရကထုတ်တဲ့ ငွေတာရီ၊ မြ၀တီ၊ စစ်ပြန်မဂ္ဂဇင်းတွေမှာ ဂန္တ၀င်ကဗျာတွေကို အဓိကဖော်ပြခဲ့ကြပါတယ်။ မဆလအစိုးရရဲ့ပေါ်လစီအရ ဂန္တ၀င်ကဗျာတွေဖြစ်တဲ့ ဒွေးချိုး၊ တြိချိုး၊ လေးချိုးနဲ့လေးလုံးစပ်ကဗျာတွေဟာ ပုံသဏ္ဍာန်အရမလွတ်လပ်ခဲ့သလို အကြောင်းအရာကိုလည်း ဘောင်ခတ်ခံထား ရပါတယ်။ ဇန်န၀ါရီလဆို လွတ်လပ်ရေးကဗျာများ၊ ဖေဖော်ဝါရီလဆိုရင် ပြည်ထောင်စုကဗျာများ၊ မတ်လ ဆိုရင် တပ်မတော်နေ့(သို့မဟုတ်)တော်လှန်ရေးနေ့ ကဗျာများ စသဖြင့် လတိုင်းမှာ မဆလအစိုးရအကြိုက် ရေးဖွဲ့ခဲ့ကြပါတယ်။ အဲဒီတော့ မဆလအစိုးရတော်ဘွဲ့ကဗျာများ ဖြစ်ခဲ့ရပါတယ်။


မဆလအစိုးရရဲ့ပြည်သူတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှု၊ လူ့အခွင့်အရေး တားဆီးပိတ်ပင်ထားမှု၊ စီးပွားရေးကျဆင်းလာမှုနဲ့အတူ ပြည်သူတွေအနေနဲ့ဆန့်ကျင်လိုစိတ်တွေပေါ်ပေါက်နေခဲ့ရပါတယ်။ 

မဆလတစ်ပါတီအာဏာရှင်စနစ်ကိုပြည်သူတွေ မုန်းတီးနေမှုနဲ့အတူ မြန်မာ့ရိုးရာဂန္တ၀င်ကဗျာတွေဟာလည်း မဆလပေါ်လစီအတိုင်း လိုက်ပါခဲ့တာကြောင့် ကျဆုံးခန်းကိုရောက်ခဲ့ရပါတယ် ဂန္တ၀င်ကဗျာ ဖွဲ့နည်းဖွဲ့ဟန်ကိုနှစ်သက်တန်ဖိုးထားကြပေမယ့် မဆလတစ်ပါတီအာဏာရှင်စနစ်ကို ပြည်သူတွေမုန်းတီးမှုနဲ့ အတူ ရောပါ မုန်းတီးတဲ့အခြေအနေကို ရောက်ခဲ့ရပါတယ်။

တော်လှန်ကဗျာခေတ်ကနေဖြစ်ပေါ်လာခဲ့တဲ့ ခေတ်ပေါ်ကဗျာတွေ ဟာ မဆလတစ်ပါတီအာဏာရှင်အစိုးရရဲ့ တားဆီးပိတ်ပင်မှုတွေကို ခံနေရတာကို ပြည်သူတွေသိတဲ့အတွက် ပြည်သူတွေရဲ့တိတ်တဆိတ်အားပေးမှုကိုခံရပြီး ရှင်သန် ကြီးထွားလာခဲ့ပါတယ်။ စာပေဟာ ပြည်သူတွေလက်ခံရင် ရှင်သန်ရတာပါပဲ။

မြန်မာ့ရိုးရာအစဉ်အလာဂန္တ၀င်ကဗျာနဲ့ ခေတ်ပေါ်ကဗျာရဲ့အခြေအနေနှစ်ရပ်ကို သဘောပေါက် လက်ခံနိုင် ကြလိမ့်မယ်လို့ ထင်ပါတယ်။ ပြည်သူကလက်ခံဖို့ အဓိကလိုပါတယ်ဆိုတာကို အမှာပါးလိုက်ချင်ပါတယ်။ ဒီလိုအမှာ ကို ၈၈- ကျောင်သားခေါင်းဆောင်၊ ကဗျာဆရာ မင်းကိုနိုင်က မိုးမခမဂ္ဂဇင်းထဲမှာ ဒီလိုရေးသွားပါ တယ်။

တောရိုင်းဝါဒဟာ

သူ့ဗျူဟာခင်းကျင်းလို့

မြင်းခြောက်ကောင်က ရထားနဲ့

ရှေ့ကသွားနှင့်ပြီ

ဖုန်လုံးတွေ အီလို့

ဒီမှာ

ရိက္ခာပါပြီ

ရေဗူးပါပြီ

သီတာခုနှစ်တန်ကျော်နင်းဖို့

လွှာချင်းဖိနမ်လေးစီးကာ

ညီမလေးက မှာတယ်

“ပျိုးခင်းကိုစောင့်ရစ်ပါတဲ့”

စိတ်ချ ညီမလေး

ဓားရေးတွေဘယ်လောက်လာပြပြ

မျိုးစေ့ကောင်းမှန်သမျှ

မတွန့်မဆုတ် သီးပွင့်ကြတာပဲ။   ။

ကဗျာဆရာတယောက်အနေနဲ့ ညီမလေးဆိုသူက ပြည်သူတွေကိုမှာခဲ့ပါပြီ။ ကျနော်တို့တိုင်းပြည်အရေးမှာပဲဖြစ်ဖြစ်၊ စာပေအရေးမှာပဲဖြစ်ဖြစ် မျိုးစေ့ကောင်းရင်ဘ ယ်သူတွေဖျက်ဖျက် ပျက်စီးမသွားဘဲ ရှင်သန်နေကြ မယ်။ ကြီးထွားလာကြမယ်။ အချိန်တန်တဲ့အခါ သီးပွင့်ရမှာပါပဲ။ အမှာပါးခံရတဲ့ ပြည်သူတွေအနေနဲ့ ဒီအမှာလေးကို အလေးအနက်ထားစေချင်ပါတယ်။

ခေတ်စနစ်တွေတဖြေးဖြေးပြောင်းလဲရွေ့လျားနေပါတယ်။ ကဗျာခေတ်တွေလည်း ပြောင်းလဲရွေ့လျားနေပါ တယ်။စောစောကပြောသလို အခုအချိန်မှာလိုက်ပါမှုအမှားကြောင့် ဂန္တ၀င်ကဗျာဟာ ကျဆုံးသွားခဲ့ပါပြီ။ ကျဆုံးတဲ့အနေအထားကိုလက်ခံရပါလိမ့်မယ်။ ၀ါဒတခုမှာတောင်မှ ပုဂ္ဂိုလ်ကိုးကွယ်မှုအမှားကြောင့် အဖတ်ပြန်ဆယ်လို့မရနိုင်အောင် ကျရှုံးခဲ့ရတာတွေ အများကြီးပါ။ ဒီအမှားကိုလက်မခံနိုင်ကြတဲ့ သူတွေ ရှိနေပါလိမ့်ဦးမယ်။ ဒါဟာလည်း အသိတရားရှိတဲ့လူတွေပါပဲ။ ဒီအကြောင်းကို အရိပ်အမြွက်ရေးထားတဲ့ ကဗျာတပုဒ်ကို ပုဂံညောင်ဦးတနင်္ဂနွေစာပေစကားဝိုင်းထဲမှာ ဇာနည်သွေး(ပုလိပ်)ရဲ့ လူတွေကမလွယ်ဘူး မှာ ဖတ်လိုက်ရပါတယ်

ခက်တယ်

လောဘ ဒေါသ မောဟတွေနဲ့

ကျော်မကောင်း ကြားမကောင်းအောင်

မျက်နှာဖုံးတွေဖောင်းပွနေကြ

ပြုသူအသစ် ဖြစ်သူအဟောင်းမှာ

ဟောင်းပေးယူစနစ်နဲ့

သံသရာတစ်ပတ်ရိုက်တယ်။


မြစ်ကိုကြည့်ပြီးမှ၊ မြို့ကိုလမ်းဖောက်မှာလား

ခက်တော့တာပဲ

အဆိပ်အမျိုးမျိုးနဲ့စိတ်တွေဟာ

တံဆိပ်အမျိုးမျိုးနဲ့ယမကာတွေလိုပဲ

လိပ်စာအားလုံးအလွတ်ရတယ်။

ခြုံမထွင်ပဲ၊ ယုန်မြင်ချင်တဲ့ခေတ်မှာ

လမ်းတွေအပေါ် အပြုံးသေတွေပြည့်လို့

ပိုက်ဆံမရပဲ၊ တစ်ညလုံးလင်းနေတဲ့အခန်းထဲ

စိတ်တစ်ခုလုံးအမှောင်ချပေးလိုက်ရတဲ့

သနားစရာပြည့်တန်ဆာမလေးလို

ငါတို့အသည်းနာတယ်၊


ပြောရရင်

စေတနာနဲ့မတန်သူတွေဆီ

ကိုယ့်အကြွေးကိုယ် ပြန်တောင်းရသလိုပဲ

ခက်တယ်။  ။

 ဒီကဗျာထဲမှာအကြိုက်ဆုံးအပိုဒ်က မြစ်ကိုကြည့်ပြီးမှမြို့ကိုလမ်းဖောက်မှာလားဆိုတဲ့အပိုဒ်ပါ၊ ဒီလိုလူတွေ များပြားနေတဲ့ခေတ်မှာ အကြည့်လွဲနေတာတွေ များလှပါတယ်။ မြစ်ဆိုတာ သူ့သဘာဝအတိုင်း စီးဆင်းနေမြဲ စီးဆင်းနေမှာပါပဲ။ မြို့ကိုလမ်းဖောက်မယ့်လူတွေက မြေပြင်အနေအထားကိုကြည့်ပြီး ဖောက်ရမှာပါ။ လမ်းမဖောက်တတ်တော့ ခြုံမထွင်ပဲ ယုန်မြင်ချင်သူတွေများပြီး အပြုံးသေတွေပြည့်နေသလို ဘယ်အရာမှ အသက်မ၀င်ဖြစ်နေပါလိမ့်မယ်။

အသက်မ၀င်တဲ့ခေတ်ကြီးထဲမှာ လူဖြစ်ရတာမတန်ဘူးဆိုတဲ့စိတ်တွေခိုအောင်းလာနိုင်ပါတယ်။ ဒီလို လူဖြစ်ရတာမတန်တဲ့အကြောင်းကို အခန်းတွေနဲ့ ပုံဖော်ရေးပြသွားတဲ့ကဗျာထဲမှာကဗျာဆရာမ ရွှေပိုးအိမ်(ပဲခူး) ကအဲဒီမှာ နောက်ထပ်အခန်းတစ်ခုဆိုပြီး လှလှပပဖော်ပြသွားပါတယ်။
 
အခန်း ၁

ဆိုင်တံခါးမပိတ်မချင်း ဖန်ခွက်တို့မီးပွင့်

မိတ်ဖြစ်ဆွေဖြစ် ထိုင်ခုံတွေ

စကတ်အနီ၊ ဆံပင်အ၀ါနဲ့လူတစ်ယောက်

ဈေးဘယ်လောက် ကိုယ့်လူ။


အခန်း ၂

ဂျက်မထိုးထားတဲ့ တံခါးရွက်တွေထဲ ချောင်းကြည့်လိုက်

ဘရိတ်ဓားတစ်ချောင်း

လက်ကောက်ဝတ်မှာ ဒဏ်ရာသုံးမြှောင်း

ကြေကွဲမှုက ဒီဂရီကိုးဆယ်

ဒီလိုနည်းနဲ့လူဖြစ်ရတာ မတန်ဘူး

ရောင်းပန်းမလှ ကုတ်ခြစ်ရာများ ရင်ဘတ်မှာ။


အခန်း ၃

ဘ၀ထဲက ဘ၀ကိုထပ်နုတ်၊ သုညကြွင်းမှန်း မသိတဲ့မောဟတွေ

ဇာတ်လမ်းက၊ အစကပြန်ရစ်ကြည့်လို့မရတော့ဘူး၊ မူးရစ်ကြ။

ရေခဲရိုက်အခန်း

မမျှော်လင့်ခဲ့ရသမျှ အမျှော်လင့်ဆုံး

ရပြီ

နောက်တစ်ခန်း

အရှင်လတ်လတ်

ပြီးတော့ နောက်ထပ် တစ်ခန်း၊  ။


ကဗျာကိုဖတ်ရင်း လှလှပပကြက်သီးတွေထသွားတယ်။  ဒီကဗျာမှာ ကျနော်တွေ့ရှိလိုက်တာက အခန်းတွေ ပြောင်းသွားသလို ခေတ်အခြေအနေကလည်း လိုက်ပြောင်းနေတာကိုတွေ့ရှိလိုက်ရတယ်။ လူတယောက်ရဲ့တန်ဖိုးကလည်း အခန်းတခန်းပြောင်းသွားတဲ့နောက် လိုက်ပါ တန်ဖိုးပြောင်းနေတယ်လို့ ခံစားနေရပြီး၊ ဈေးစကားပြောရင်း ရောင်းမကုန်တဲ့အချိန်မှာ လူတယောက်ရဲ့တန်ဖိုးဟာ ရောင်းပန်းမလှ ဖြစ်သွားရတယ်။ ဒီအချိန်မှာ ကြေကွဲမှုဟာ ဒီကရီအမြင့်ဆုံးကိုရောက်သွားတယ်။ တန်ဖိုးက သုညဖြစ်ခဲ့ပြီး နောက်ထပ်အခန်းကိုရောက်တဲ့အချိန်မှာတော့ အရှင်လတ်လတ် ရေခဲရိုက်ခံလိုက်ရသလိုဖြစ်သွားပါတယ်။

အဲဒီလိုပါပဲ၊ ကျနော်တို့ရဲ့ခေတ်ပေါ်ကဗျာ(သို့မဟုတ်)ခေတ်ပြိုင်ကဗျာတွေကိုငြင်းခုန်ရင်း ပုံသဏ္ဍာန်တွေ ပြောင်းလဲခဲ့ရတယ်။ အကြောင်းအရာတွေများပြားလာရပါတယ်။ ခေတ်ကိုလိုက်ပါရွေ့ပြီး ပိုမိုကောင်းမွန်တဲ့ ခေတ်ပေါ်ကဗျာပုံသဏ္ဍာန်တွေ ခေတ်ကိုဖော်ပြတဲ့အကြောင်းအရာတွေကို ရေးဖွဲ့နိုင်ကြပါစေ။

ခေတ်ပေါ်ကဗျာများပွင့်လန်းလွတ်လပ်နိုင်ပါစေ။

 ကိုနိုင်း


ထုံကူးခဲ့သောကဗျာများ

၁။ မင်းကိုနိုင်( အမှာ )၊ မိုးမခမဂ္ဂဇင်း၊ဧပြီလ ၂၀၁၇။

၂။ ဇာနည်သွေး(ပုလိပ်) ၊(လူတွေကမလွယ်ဘူး)၊ပုဂံညောင်ဦးတနင်္ဂနွေစာပေစကားဝိုင်း၊ မေ ၂၀၁၇။

၃။ ရွှေပိုးအိမ်(ပဲခူး)၊ (အဲဒီမှာ နောက်ထပ်အခန်းတစ်ခု)၊ရွှေပိုးအိမ်ဖေ့ဘုတ်၊ မေ ၂၀၁၇။

-သူရိယနေဝန်းဂျာနယ် -
Vol 1. No 147. 13 may 2017

Comments