သစ်ခက်သံလွင်အက်ဆေး၊ ချမ်းငြိမ်းနိုင် ၏ အိုမင်းခြင်းအနုပညာ

အိုမင်းခြင်းအနုပညာ
ချမ်းငြိမ်းနိုင်
သည်နေ့နံနက် သန်လျင်မှာ မြူနှင်းများအတော်ကျနေသည်။ ဝန်းကျင်တခွင်လုံး ခရမ်းပြာရောင် မြူနှင်း တွေဖြင့် ဝေလျက်။ စောစောထပြီး အိမ်ရှေ့ခြံထဲ လမ်းလျှောက်လိုက်သည်။ မြူနှင်းကြားထဲ လမ်းလျှောက် ချင်သည်။ မျက်နှာပြင်ကို မြူနှင်းတွေ လွင့်စင်ထိမှန်လာသော အေးမြ စိုစွတ်မှုကို ဟိုဘက်နှစ်တွေထဲက စွဲလမ်းခဲ့သည်။ လမ်းလျှောက်နေရင်းနှင့် ဖျတ်ခနဲတွေ့လိုက်ရသည် ပန်းအကြွေလေး..။ ရင်ထဲလှိုက်ခနဲ ဖြစ်သွားသည်။ မျက်စိကို ညင်ညင်ဖွဖွလေးမှိတ်ပြီး သူ့ရဲ့ရနံ့သင်းသင်းရီရီလေးကို အသာရှိုက်နမ်းမိသည်။ မရသေး။ မဟုတ်သေးပါ။ သည်အပွင့်တွေ့ရင် သည်ရနံ့လေးကို အပင်အောက်မှာ ရနေကြဖြစ်သည်။ အပွင့်ကြွေကို သေသေချာချာ ပြန်ကြည့်သည်။ 

ဟုတ်ပါသည်။ ခံပွင့်အကြွေပါ။ မကြေနပ်၍ ခံပင်ကို လှမ်းကြည့်မိတော့ ကြေကွဲစိတ်ဖြင့် ရင်ထဲမှာ လှိုက်ခနဲ ဖြစ်သွားသည်။ ခံပင်က အပင်အိုမင်းနေပေပြီ။ ပင်မကိုင်းကြီးတွေက ခြောက်ပြီးအက်ကွဲနေလေပြီ။ ကိုင်းအသစ်လေးတွေက ထွက်နေတုန်း။ ကိုင်းအသစ်တွေထွက်လာတော့ လမ်းပေါ်ကို ထိုးထွက်သွားလို့ အိမ်က ခုတ်ကြသည်။ မခုတ်ဖို့ပြောရသည်။ ခုတော့ အပင်အိုကြီးက အရင်ကလို အပွင့်တွေ ဝေဝေ ဆာဆာ မပွင့်နိုင်ရှာတော့။ ခံပွင့်နည်းလျှင် ခံသီးလည်း နည်းပေတော့မည်။

 "ပန်းစံပယ် နန်းအလယ်မပေါ်ခိုက်ဟာမို့ အလိုက်တော်တန်သင့်ရုံပ ခံပွင့်ကိုကုံး။ နန်းရဝေ မန်းမြေမှာ စံပယ်လှိုင်တော့ ခံပန်းခိုင်ယာယီရွှေ့တယ် တောလေ့ရွာသုံး" 

တခါတလေ ကျနော်ဘဝင်မကျချင် ဖြစ်မိသည်။ စံပယ်မပေါ်ခင်ကတည်းက ခံပန်းသည် တော်ဝင်နန်းတော် သုံးပန်း ဖြစ်ခဲ့သည်။ စံပယ်ပေါ်လာတော့ ခံပန်းကို နန်းတော်ကမသုံးတော့ပဲ ကျေးလက်တောအရပ် တွင် သာသုံးသည်ဟု ဆိုလေသည်။ ရနံ့ကြောင့်သာ ရွေးခြယ်ခြင်းဟု နောက်မှသိရသည်။

နန်းတော် သုံးပန်းများကို ရွေးခြယ်ရာတွင် ပန်းများကိုချထား၍ အဝေးမှမျောလွင့်မွှေးရီလာသော ပန်းများကို သာ ရွေးချယ်အသုံးပြုလေ့ရှိသည်ဟု ဆိုပါသည်။ သည်လိုနှင့် ရနံ့သင်းသင်းလေးမွှေးရီသော ခံပန်းသည်။ ကျေးလက်သို့ရွှေ့သွားရခြင်း ဖြစ်တော့သည်။ 

“အဖြည့်ခံ(သို့) ခံပွင့်” 

ခံပွင့်ခိုင်နုနုထွေး 
ပန်းမုလေးပမာနှယ် 
ပန်းနုသွေးခြယ် 
သီးခိုင်လှပန်ချင်ဖွယ် 
လုံမငယ်သူထင်ငြား၊ 
နံ့မကြွယ်ဆူးထောင်ကား 
ဆွတ်ငင်သူရှား။ 

ကဗျာဆရာ ကျော်ဇောဟန်ကလည်း ခံပွင့်ဘက်က ထူးထူးခြားခြား ခံစား၍ စာဖွဲ့ထားသည်။ အဖြည့်ခံဘဝ။ စံပယ်ပန်းလောက် အနံ့မကြွယ်လို့လား။ အပင်မှာ အဆူးတွေပဲ ပါနေလို့ကြောင့်လား။ ဒါတွေကြောင့် အဖြည့်ခံဘဝရောက်ခဲ့ရသည်ဟု ကဗျာဆရာက အဖြည့်ခံဘက်က ဝင်ခံစားပေးခဲ့သည် ထင်ပါသည်။  

ကျနော်က ခံပန်းပင်ကို နှစ်သက်သဘောကျမိသည်။ ခံပန်းက သူ၏အဆင်းဖြင့် သူနိုင်သလောက် လောကကိုအလှဆင်ပေးရှာသည်။ အပွင့်ကြွေသွားလျှင်လည်း အသီးဖြင့် လောကကို အလှဆင်ပြန်လေ သည်။ ခံပင်သည် ခြုံပင်မျိုးနွယ် ဖြစ်သည်။ သူ့ကို Carissa carandas ဟုခေါ်သည်။ ခံပန်း၏ရနံ့သည် စိတ်အနှောက်အယှက်ဖြစ်လောက်အောင် စူးစူးရှရှ မွှေးမွှေးအီအီမဖြစ်လှပါ။ ခံပန်းက သစ္စာရှိသည်ဟု ဆိုရမည်။ သူ့နားကပ်ပြီးနမ်းရှိုက်မှ သင်းလွှသော ရနံ့မွှေးမွှေးလေး ရလာပါသည်။  

ကျနော်တို့အိမ်က ခံပင်သည် အိုမင်းနေပေပြီ။ ကျွန်တော်တို့ငယ်စဉ်ဘဝက သူ့၏အကိုင်းအလက်များ ပေါ်တွင် တက်ကစားခဲ့ရသည်။ သူက ကျနော်တို့ ညီအစ်ကိုတွေကို စိတ်ရှည်သည်းခံပြီး ထိန်းကျောင်း ချော့မြူပေးခဲ့သော ကလေးထိန်းဟု ဆိုရပေမည်။ အခု ကျနော့်တူလေးကို ဆက်ထိန်းနေရ ပြန်သည်။ အိမ်ကခံပင်သည် ဆူးတွေပါသော်လည်း သူ၏ကိုင်းတကိုင်းကတော့ ကျနော်တို့ ငယ်စဉ်ကတည်းက ပုခက်လိုညွှတ်ကျနေ၍ ထိုကိုင်းပေါ်တွင် ကျနော်တို့ တက်ကစားခဲ့ကြသည်။ ခံပွင့်ပွင့်သောအချိန်တွင် ပန်းကိုလိုချင်၍ ပန်းခိုင်လိုက်ချိုးသောသူများကို ကျနော်တော်တော် ဒေါသထွက်ရသည်။ သူတို့ကိုပြောပြရသည်။ ကြွေကျရင်ကောက်ကြပါလို့။ 

ခံပန်းသည် တခြားပန်းတွေလိုမဟုတ်။ စံပယ်ပန်းကြွေသွားလျှင် ပြီးပြီ။ ဘာမှမပေါ်။ ခံပွင့်ကတော့ ကြွေ သွားပြီးလျှင် ထိုအပွင့်နေရာမှာ ခံသီးဖြစ်ပေါ်လာသည်။ ကိုင်းကိုချိုးလျှင် အသီးမရတော့ကြောင်း ပြောပြရ သည်။ အိမ်ကခံပင်ကတော့  ကျနော်တို့ကိုထိန်းကျောင်းပဲ့ပြင်ခဲ့သည်သာမက လောကသုံးပါး၏အရွေ့များ ကိုလည်း စိတ်ရှည်ရှည်ဖြင့်သင်ကြားပေးခဲ့သော ဆွေတော်မျိုးတော်တဦးပင် ဖြစ်သည်။ ခက်နေသည်က ကျနော်အမျိုးအဆွေတွေထဲမှာပဲ သည်ခံပင်ကို အမျိုးမျိုး ရန်ရှာနေကြသည်။ ညီတယောက်မင်္ဂလာဆောင်တော့ မဏ္ဍပ်ထိုးရန်အကြောင်းပြုပြီး ခံပင်ရှင်းလင်းရန် ကြံကြတော့သည်။  ကျနော်က တလက်မှအခုတ်မခံပဲ ခံပင်ကိုငုံ၍ ထိုးခိုင်းသည်။  ကျနော်တို့ကို မညီးမညူပဲထိန်းလာသော ကလေးထိန်းကြီး၏အကိုင်းအခက်တွေ ခုတ်ထစ်ဖြတ်ပစ်မှာကို ကျနော်မမြင်ရက်ပါ။ 

ခံပန်းကိုပန်ကြသည်။ ခံသီးကို စားကြသည်။ ငယ်ငယ်က ခံသီးများဖြင့် ကစားကြသည်။ ခံသီးကို ငရုတ် သီး၊ ငါးပိစိမ်းစားဖြင့် ထောင်းစားကြသည်။ တချို့က ခံသီးအမှည့်များကို နှစ်သက်ကြသည်။ ခံသီးရဲ့ အရသာက ချဉ်တင်တင်လေး ဖြစ်သည်။ စူးစူးရှရှ ချဉ်ခြင်းမျိုးမဟုတ်သလို၊ အချိုမြမြဘက်နွယ်သော အချိုမျိုးမဟုတ်သည့်အတွက် သည်ချဉ်မြမြအရသာကိုသာ ကျနော်စွဲလမ်းခဲ့ပါသည်။ ကလေးထိန်းကြီးသည် လေဒဏ်၊ မိုးဒဏ်ကိုလည်း ခံရသည်။ သူ့ကိုခုတ်ထစ်ဖြတ်တောက်လိုသူများ၊ ရန်ရှာသူများကိုလည်း တွေ့ကြုံတွေ့ခဲ့ရသည်။  ကျနော်တို့၏အနွံအတာကိုလည်း ခံခဲ့ရသည်။ နာဂစ်ကို လည်း ကြံ့ကြံ့ခံခဲ့ရသည်။ လောကကြီးကိုအရှုံးမပေးဘဲ သူ့စည်းသူဖောက်သွားတာကို ကျနော် တကြိမ် တခါ တွေ့ကြုံခဲ့ရသည်။ 
ကျနော်အမြင်အရဆိုလျှင် သူ့ကိုယ်သူ အမြဲတစေ နှိမ်ချရိုကျိုးပြီး လောကကြီးကို သူ့စွမ်းရှိသမျှ အလှလေး များဖြင့် ဆင်ယင်ထုံးဖွဲ့ပေးခဲ့သော လောကသစ်ပင်တမျိုးဟုတောင် တင်စားလိုက်ချင်သည်။ ခုတော့ခံပင်သည် ဇရာပိုင်းကို ချင်းနင်းဝင်ရောက်လာလို့ဖြစ်လိမ့်မည်။ နုသစ်စဉ်တုန်းကလို ရဲရင့်သန်စွမ်းမှု မျိုး သူ့မှာမတွေ့ရတော့ပါ။ သို့ငြား…… သူ့မှာကျန်ရှိ နေသေးသော သူ၏အားမာန်ဖြင့် ရနံ့သင်းသင်းလေး မွှေးရီသင်းပျံ့နေသေးသော အနည်းငယ်လောက်သော ခံပွင့်လေးတွေကို တည်ငြိမ်လေးနက်စွာ ပွင့်ဖူးလေ နေသောအခါ……။
 
ချမ်းငြိမ်းနိုင်

Comments