သစ်ခက်သံလွင်၊ ဖြတ်သန်းမှုပုံရိပ်များ- မြတ်လှိုင်း ၏ "စီးဆင်းနေသောမြစ်များနှင့် ပြန်မစီးဆင်းနိုင်တော့သည့်မြစ်များ "
ပြည်သူ့တပ်ဦး အင်န်အယ်လ်ဒီ
အင်န်အယ်လ်ဒီတပ်ဦးက ကဗျာဆရာများ
(စီးဆင်းနေသောမြစ်များနှင့်
ပြန်မစီးဆင်းနိုင်တော့သည့်မြစ်များ)
မြတ်လှိုင်း
မူရင်းပိုင်ရှင်ကို credit ပေးပါသည် |
ကဗျာဆရာအောင်ဝေး
အခုဆိုရင် ကိုအောင်ဝေးက အမေရိကန်နိုင်ငံ ကိုနိုင်ငံရေးခိုလှုံခွင့်တောင်းပြီး
မြန်မာပြည်ရဲ့ အဝေးတနေရာကို ရောက်ရှိနေပါပြီ။
ကိုအောင်ဝေးနဲ့ကျွန်တော်က ၁၉၈၄ ခုနှစ်မှာ ကတည်းက ခင်မင်ရင်းနှီးခဲ့ရပါတယ်။
ကျွန်တော်နဲ့ကိုအောင်ဝေးကြားမှာ အမှတ်ရ စရာတွေလည်း များစွာရှိခဲ့ပါတယ်။ အခုအချိန်မှာပြန်တွေးမိရင်
လွမ်းစရာတွေဖြစ်နေပါပြီ။ ကိုအောင်ဝေးက မြောင်းမြမှာနေထိုင်ခဲ့သလို ကျွန်တော်က မအူပင်မြို့မှာ နေ ထိုင်ခဲ့ကြပါတယ်။
မြစ်ဝကျွန်းပေါ်က ကဗျာဆရာနှစ်ဦးပါ။
ငှက်ရိုင်းတကောင်က မြောင်းမြကိုပျံသန်းပြီးခရီးနှင်ခဲ့သလို၊
ကိုအောင်ဝေးနဲ့အတူ ပင်မရေစီးထဲက ကိုမြေနု၊ ကိုစိုးအိမ်၊ ကိုထွန်းဝေ(မောင်စိုးသစ်)၊
ကိုထူးရွှေမောင် (အလင်းသစ်)၊
မောင်လွင်ပြင်၊ ကောင်းလွန်း၊
ကိုဒေါင်း(မောင်ဒေါင်း) တို့နဲ့အတူ
ကူးခပ်ခဲ့တဲ့ အချိန်တွေပါ။ အဲဒီလိုပဲ မြင်းရိုင်းတကောင်ဒုန်းစိုင်းသလို
ကိုအောင်ဝေးကလည်း မအူပင်ကိုဒုန်းစိုင်းပြီး အပြင်းနှင်ခဲ့ပါတယ်။ နှစ်ယောက်အတူ
ရန်ကုန်စာပေလောက ထဲကိုလည်း ခြေဆန့်ခဲ့ကြပါတယ်။ အမှတ်တရအနေနဲ့ ပြောရမယ်ဆိုရင်
ကိုအောင်ဝေးရဲ့မဒီ ခင်ဆွေရီနဲ့ ရန်ဖြစ်ပြီး မြောင်းမြကထွက်လာတဲ့အချိန်ပါ၊ မအူပင်ကိုဝင်ပြီး ရန်ကုန်ကိုဆက်သွားခဲ့ပါတယ်။
မြောင်းမြကထွက်လာကတည်းက
ကဗျာရှည်တပုဒ်ကို စရေးလာခဲ့ပါတယ်။ ရန်ကုန်ရောက်တဲ့အချိန်မှာ ပြီးဆုံးသွားခဲ့ပါတယ်။ ၃၃လမ်း၊ ပေဖူးလွှာမဂ္ဂဇင်းက နောင်တော်ကဗျာဆရာ
အကိုကြီးဖြစ်တဲ့ ဖျာပုံနီလုံဦးက ချက်ချင်း ပေဖူးလွှာမဂ္ဂဇင်းထဲ ထည့်လိုက်ပါတယ်။
အဲဒီကဗျာရှည်က ယာမာဂူချီခင်ဆွေရီအဖြစ် လူကြိုက် များခဲ့ပါတယ်။
နောက်အမှတ်တရတခုက ကိုအောင်ဝေးဆေးရုံတက်ပြီးတဲ့အချိန် ကျွန်တော်နဲ့ရန်ကုန်ကဗျာ ဆရာများဖြစ်တဲ့
မြင့်ဦးဦးမြင့်၊ မင်းနွယ်စိုး၊ ချစ်ဝင်းမောင်၊ ချစ်ဝင်းလှိုင်တို့သွားရောက်ပြီး
အားပေးခဲ့တဲ့အချိန် ပါ။ ရန်ကုန်စာပေလောကမှာ ကဗျာဆရာတွေကို ကျွန်တော်ဦးဆောင်ပြီး
တောခိုသွားကြတယ်ဆိုပြီး
သတင်းဖြစ်ခဲ့ပါတယ်။ ဒီသတင်းကို ချယ်ရီမဂ္ဂဇင်းက တာဝန်ခံအယ်ဒီတာ ဆရာအောင်ပြည့်ဆီက
သတင်း ရောက်လာခဲ့တာပါ။ ရန်ကုန်က ကဗျာဆရာတွေရဲ့မိသားစုတွေဟာ
ဆရာအောင်ပြည့်ဆီကို ရောက်လာ ပြီး မေးကြ၊ စမ်းကြ၊ ငိုယိုကြနဲ့။ စိတ်ပူနေကြလို့ မြောင်းမြကနေ
ပုသိမ်က ကိုအောင်ပွင့်၊ ကိုတိုးဝေတို့ဆီ ခရီးဆက်မယ့်အစီအစဉ်ကိုဖျက်ပြီး ရန်ကုန်ကိုပြန်ခဲ့ရတာကလည်း အမှတ်ရစရာပါပဲ။
မြစ်ဝကျွန်းပေါ် ပြန် တောခိုသူပုန်ကဗျာဆရာများပေါ့။
(အဲဒီခေတ်အဲဒီအချိန်ကမပြောရဲဘူးလေ)။ ဒီအကြောင်းကို
ကိုအောင်ဝေးကလည်း မဟေသီမဂ္ဂဇင်းမှာ သူချစ်တဲ့သူနှစ်ဦး (ကျွန်တော်နဲ့ ထူးအိမ်သင်) အတွက် တသသဆိုပြီး
ရေးခဲ့ပါတယ်။
အခုကျွန်တော်ပြောချင်တဲ့ကာလကို ရောက်ပါပြီ။
ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှာ မြန်မာနိုင်ငံ တိုက်ပွဲဝင် ကဗျာဆရာသမဂ္ဂမှာ
ကိုအောင်ဝေးဟာ ရှေ့တန်းတိုက်စစ်မှူး တယောက်အနေနဲ့ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့သူပါ။
ကျွန်တော်တို့မအူပင်ကိုလည်း အကိုမင်းသစ်နဲ့အတူ လာရောက် ပြီး အာဏာရှင်ဆန့်ကျင်ရေးကို
နိုးဆော်ပေးခဲ့ပါတယ်။
စစ်တပ်ကတိုင်းပြည်တပြည်လုံးကို အာဏာသိမ်းယူ လိုက်တဲ့ကာလမှာ ကျွန်တော့်အနေနဲ့
မအူပင်မြို့က တိုးမြစ်ထဲမှာ သမ္ဘာန်တစင်းနဲ့ထွက်ခွာသွားပြီး၊ ငါးထပ်ကြီးဘုရား တန်ဆောင်း ထဲမှာခိုလှုံနေတုန်း ကိုအောင်ဝေးက လှမ်းခေါ်လိုက်ပါတယ်။
မြတ်လှိုင်းရေ ငါတို့အောင်စုတင်ဖွဲ့မယ့်ပါတီမှာ ဆက်လျှောက် ရမယ်။ ဆရာဦးဝင်းခက်က
ခေါ်ခိုင်းတယ်ဆိုတော့ ကျွန်တော်နဲ့ ၇၄ ကျောင်းသားဟောင်း ကိုသောင်းအေးတို့နှစ်ယောက်
ငါးထပ် ကြီးဘုရားကနေ
တက္ကသိုလ်ရိပ်သာလမ်းကို ခြေလျင်လျှောက် သွားခဲ့တယ်။ ကျွန်တော်တို့ တက္ကသိုလ်ရိပ်သာလမ်းရောက်တဲ့အချိန်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆို တဲ့အမည်မဖြစ်သေးပါဘူး။ အောင်စုတင်ပါတီဆိုပြီး ခေါင်းဆောင်တွေဟာ အစည်းအဝေးလုပ်နေကြ တုန်းပါ။
နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်လာပြီး
ကျွန်တော်နဲ့ကိုအောင်ဝေးဟာ ကိုယ့်တိုင်းကို စည်း ရုံး ရေး ပြန်ဆင်းရပါတယ်။
ဧရာဝတီတိုင်းမှာလည်း အဲဒီအချိန်က နာမည်ကြီးစစ်အာဏာရှင် ဗိုလ်ချုပ်မြင့် အောင်
အစွမ်းပြနေတဲ့ကာလပါ။ ဧရာဝတီတိုင်းကို စည်းရုံးရေးဆင်းဖို့ ကျွန်တော့်ကို သံဈေးမှာ ပင်နီ ကြမ်းတိုက်ပုံတထည်နဲ့
ကျောပိုးအိတ်တလုံး ကိုအောင်ဝေးက ဝယ်ပေးခဲ့တယ်။ သူနေတဲ့ အင်းလျား ကန်ဘောင်ရှေ့ကန်လမ်းအဆောင်ကိုခေါ်သွားပြီး
မင်းနဲ့ငါ့အတွက် ကတုတ်ကျင်းပေါ့ကွာလို့ ပြောလိုက် တယ်။ နောက် ကိုအောင်ဝေးက ဓနုဖြူ၊
ညောင်တုန်းဖက်ကိုဆင်းသွားပြီး ကျွန်တော်က ဒေးဒရဲ၊ ကျိုက် လတ်၊ ဖျာပုံ၊ ဘိုကလေးဖက်ကို ဆင်းခဲ့ရပါတယ်။
အဲဒီစည်းရုံးရေးဆင်းပြီးအပြန်မှာ ဧရာဝတီတိုင်း စည်းရုံး ရေးတာဝန်ခံ ဒေါက်တာသက်မင်းနဲ့ ဗိုလ်မှူးကြီးဟောင်းအောင်ဘွင့်တို့ ဆင်းသွားတဲ့ ပုသိမ်မြို့ကို လိုက် သွားခဲ့ရပါတယ်။
ပုသိမ်မြို့၊ တိုင်းရုံးမှာဧရာဝတီတိုင်းစည်းရုံးရေးအဖွဲ့ကို
ဖွဲ့လိုက်တယ်။
ကိုအောင်ဝေးနဲ့ ကျွန်တော်က ဧရာဝတီတိုင်းအရှေ့ခြမ်းစည်းရုံးရေး တွဲဘက်တာဝန်ခံအဖြစ်
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ် ၄၄ က ဌာနချုပ်မှာ နေရပါတယ်။ အမှတ်၄၄၊
တက္ကသိုလ် ရိပ်သာ လမ်းမှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကို တင် လိုက်တဲ့အချိန်ပေါ့။
ဒီအချိန်မှာပဲ ၃၃ လမ်းက စာပေလောကမှာ
ကျွန်တော်နဲ့ကိုအောင်ဝေးကို အမိုးအကာအောက် ရောက်သွားတဲ့ ကဗျာ ဆရာ နှစ်ယောက် ဆိုပြီး၊
အမည်တပ်ခဲ့သံတွေ ပေါ်ထွက် လာတော့တယ်။
ကျွန်တော်တို့ကလည်း ဒီတိုက်ပွဲကို အဆုံးထိတိုက်မယ်ဆိုတဲ့ ခံယူချက်ထားခဲ့ပါတယ်။ စစ်အာဏာရှင် စနစ်တော်လှန်ရေး အတွက်
အင်အယ်ဒီဆိုတဲ့ ပြည်သူ့တပ်ဦးကရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲ
ဝင်ခဲ့ပါတယ်။ ပြည်သူ့ တပ်ဦးကနေရပ်တည်ခဲ့ထဲမှာ
စာပေသမားတွေပါဝင်ခဲ့ကြတယ်ဆိုတာ၊ အင်အယ်ဒီသမိုင်းကို ပြန်လှန် ကြည့်ရင် သိနိုင်ပါတယ်။
ဟံသာဝတီဦးဝင်းတင်၊ ဦးဝင်းခက်၊ ဦးကိုယု (မောင်သစ်)၊ ဦးမိုးသူ၊ ဦးဘသော် (မောင်သော်က)၊ ဦးဘဂျမ်း(တင်မိုး)၊ ဦးတင်ရွှေ(မုံရွာတင်ရွှေ)၊ ဦးစိုးသိမ်း(မောင်ဝံသ) ၊
ဒေါ်စမ်းစမ်းနွဲ့ (စမ်းစမ်းနွဲ့-သာယာဝတီ)၊ ဦးစိန်လှဦး၊ ဦးအုန်းကြိုင်
စသည်ဖြင့်ပေါ့။
အင်အယ်ဒီဌာနချုပ်ရဲ့အနောက်ဖက်မှာ တဲတန်းရှည်ထိုးပြီး ကျွန်တော်တို့ ဧရာဝတီတိုင်း
အရှေ့ခြမ်းစည်း ရုံးရေးအဖွဲ့နဲ့ ရုံးအဖွဲ့ထိုင်တယ်။ စည်းရုံးရေးအဖွဲ့ကို
ကိုအောင်ဝေးနဲ့ကျွန်တော်တို့ နှစ်ယောက်ကဦးစီးပြီး မအူပင်ခရိုင်၊ ဖျာပုံခရ်ုင်တို့ကတက်လာတဲ့ပြဿနာတွေကို ဖြေရှင်းရတယ်။
ရုံးအဖွဲ့မှာ မသက်ဆွေ (ကျောင်း ကုန်း) က ရုံးအဖွဲ့မှူး၊
မသန္တာ(အခု အိမ်မဲမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်) တို့က တာဝန်ယူရ တယ်။ နောက်ပုသိမ်မြို့ကရောက်လာတဲ့
ကဗျာဆရာ မောင်အောင်ပွင့်က
ရုံးအဖွဲ့ကို ကူညီပေးတယ်။
ကျွန်တော်တို့ ညနေရောက်ရင် ၃၃ လမ်းက စာပေလောကကိုရောက်တယ်။ ကဗျာဆရာအောင်ချိမ့်
အမြဲ ထိုင်တတ်တဲ့ ဆူးလေလမ်းမပေါ်က လက်ရွေးစဉ်လက်ဖက်ရည်ဆိုင်ကိုလည်း ရောက်တယ်။
အဲဒီအချိန်က
ကိုအောင်ချိမ့်က စစ်အာဏာရှင် အစိုးရကို ဆန္ဒပြတဲ့အနေနဲ့ ကဗျာမရေးကြနဲ့လို့ စည်းရုံးခဲ့ တယ်။
တနေ့ ကိုအောင်ချိမ့်ဆီကထွက်လာပြီး လမ်းမှာ ကိုအောင်ဝေးက လက်တမ်းကဗျာစပ်တယ်။
“ဓားအိမ်ထဲက
ဓားမထုတ်ကြနဲ့လို့
သူကပြောတယ်
သူကိုယ်တိုင်က ဓားသွေးကျောက်” ။
ကျွန်တော်တို့လည်း ကဗျာတွေ သိပ်မရေးဖြစ်တဲ့ကာလတွေပါပဲ။
သိပ်မကြာပါဘူး။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းစည်းရုံးရေး ခရီးထွက်တယ်။
ဒီခရီးစဉ်အတွက် ကိုအောင်ဝေးနဲ့ ကျွန်တော်တို့နှစ်ယောက်က ခရီးစဉ် ရေးဆွဲရေး တာဝန်ယူရတယ်။
ဆရာဦးဝင်းတင်၊ ဆရာဦးဝင်းခက်တို့နဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းရတယ်။
မြတ်မေတ္တာနှစ်ထပ်သဘောင်္ကြီးနဲ့ ဧရာဝတီတိုင်းခရီးစဉ်ကိုထွက်လာတော့
မအူပင်မြို့ကစပြီး သေနတ်တွေ ပစ်ဖောက်
ပြည်သူတွေကြောက်အောင်လှန့်တဲ့ ခရီးစဉ်တခုပါပဲ။ ဧရာဝတီတိုင်းက စည်းရုံးရေးခရီးစဉ်မှာ ပါတဲ့မြို့နယ်တိုင်းက
မြို့နယ်အင်အယ်ဒီစည်းရုံးရေးခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချလိုက် တယ်။
ပုသိမ်မြို့ကိုရောက်တော့ လမ်းမတွေပေါ်မှာ ဘယ်သူမှ မထွက်ရ အမိန့်ထုတ်ထားလိုက်တယ်။
မြို့ပျက်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ချောက်ချားဖွယ် ကြိုဆိုနေခဲ့တယ်။
လမ်းမပေါ်လူမထွက်ရဆိုတဲ့အမိန့်ကို ဒေါ်အောင်ဆန်းစုကြည်က စက်ဘီးစီးပြီး
ဆန့်ကျင်ပြလိုက်တော့ ပုသိမ်မြို့ကြီး
လူအုပ်ကြီးလွှမ်းသွားတော့တယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ငပုတောဖက်ဆင်းတုန်း ပုသိမ်တိုင်းရုံးမှာကျန်ခဲ့တဲ့
ကိုအောင်ဝေး အပါ အဝင် တိုင်းစည်းရုံးရေးမှူးတွေကို ဖမ်းလိုက်တယ်။ ကျွန်တော်က
ကံကောင်းထောက်မစွာနဲ့ နာမည်မှားပြီး အဖမ်းမခံခဲ့ရပါဘူး။
ကျွန်တော်တို့ပုသိမ်ကနေဆက်ပြီးခရီးထွက်တော့ ကဗျာဆရာ ကိုအောင်ဝေးဟာ ပုသိမ်ထောင်ထဲမှာကျန်ခဲ့ရပါတယ်။
ကျွန်တော်တို့ အဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်း စုကြည်နဲ့ ဧရာဝတီတိုင်းထဲက လပွတ္တာ၊ ကျောင်းကုန်း၊ မြန်အောင်၊ ဟင်္သာတ၊ ကြံခင်း
စတဲ့မြို့နယ်တွေကို စည်းရုံးရေးခရီးစဉ်ဆက်ထွက်လာခဲ့ပြီး၊ ပဲခူးတိုင်း ပြည်မြို့မှ ရန်ကုန်ပြန်ရောက်လာခဲ့ပါတယ်။
ရန်ကုန်ကိုရောက်တော့ အင်းလျားကန်ဘောင်ရှေ့၊ ကန်လမ်းက အဆောင်လေးကို ပြန်ရောက်လာခဲ့ပါ တယ်။ ခရီးမထွက်ခင်က
ဒီအဆောင်လေးထဲမှာ ကိုအောင်ဝေးနဲ့အတူတူနေခဲ့ပြီး အခုပြန်ရောက်လာတော့ ကိုအောင်ဝေးက
ပုသိမ်ထောင်ထဲမှာကျန်ခဲ့ရပြီ။
ကျွန်တော်စဉ်းစားလိုက်မိခဲ့ပါတယ်။ အင်အယ်ဒီအမာခံတွေဟာ အခုစစဖွဲ့ချင်းမှာ
အဖမ်းခံရတာ မနည်းပါ ဘူး။ နောက်ဆို ဘယ်လောက်များ စစ်အာဏာရှင်တွေရဲ့အဖမ်းဆီးခံ၊
အသေခံပြီး ဆန့်ကျင်နေရဦးမယ် မပြောနိုင်တော့ပါဘူး။
ကျွန်တော် ဂုဏ်ယူမိတာက ပြည်သူ့တပ်ဦး အင်အယ်ဒီကနေ ကဗျာဆရာတယောက်အနေနဲ့ ရပ်တည်ပြီး
စစ်အာဏာရှင်တွေကို တိုက်ပွဲဝင်နေရတာကိုပါ။ကျွန်တော့်ရှေ့က
ရဲရဲကြီးတိုက်ပွဲဝင်သွားခဲ့တဲ့ ကဗျာဆရာ အောင်ဝေးကို ဂုဏ်ပြုလိုက်ပါတယ်။
ကဗျာဆရာအောင်ဝေးဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာရှေ့တန်းကပါဝင်ခဲ့တာကြောင့်
ကျွန်တော် တို့ မြန်မာပြည်က ရှောင်တိမ်းပြီး တိုင်းတပါးကို ထွက်ခွာသွားခဲ့ရတယ်။
ကဗျာဆရာတယောက်အနေနဲ့ စစ်အာဏာရှင်စနစ်ကိုရောက်တဲ့နေရာကနေ တွန်းလှန်နေခဲ့တယ်။
ကဗျာဆရာအောင်ဝေးဟာ ရှင်သန်စီးဆင်းနေတဲ့ မြစ်တစ်စင်းပါ။
မြန်မာပြည်ကိုပြန်လာနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
မြတ်လှိုင်း
-စာရေးသူ၏ ခွင့်ပြုချက်အရ တင်သည်။
မူရင်း- ရန်ကုန်တိုင်းဂျာနယ် အတွဲ၁၃၊ အမှတ် ၁၃၊ မတ်လ ၂၀၁၇
Comments
Post a Comment