သစ်ခက်သံလွင် ကဗျာစင်မြင့် ၂၀၁၇၊ နရီမင်း၊ အောင်မော်ဦး နှင့် ကေဇော်မိုးတို့၏ ကဗျာများ

ဘူနှစ် သို့မဟုတ် ၂၀၁၇  
Absolutearts.com
 နှစ်ဟောင်းက
ဖောက်ထွင်းဝိဇ္ဇာတယောက်လို
ငါတို့ ပိုင်သမျှအရာရာကို ခိုးယူပြီး
တိတ်တဆိတ် ထွက်ခွာသွားတယ်။ 

ဘိုးစဉ်ဘောင်ဆက်အမွေဖြစ်တဲ့
ရှိစုမဲ့စု ဂုဏ်သိက္ခာလေးတောင်
မကျန်ဘူး။

အခု နှစ်သစ်ဟာ
လူသတ်သမားရဲ့ခြေလှမ်းတွေနဲ့
ချဉ်းကပ်လာနေပြီ။ 

ကိုယ့်အသက်ကိုယ်
ဖက်နဲ့ထုပ်ထားရတဲ့အခါ
ဘယ်သူ့အတွက်မှ
စဉ်းစားချိန်မရှိဘူး။ 

ဂုဏ်သိက္ခာနဲ့ လဲလှယ်ခဲ့ရတဲ့ အသက်က
မတရားတန်ဖိုးကြီးတယ်။ 

``အသက်မသေချင်ရင်
ခင်ဗျားတို့ပါးစပ်တွေ
ပိတ်ထားကြ´´

နရီမင်း
၁- ၁- ၂၀၁၇
လက်ဆုပ်လက်ကိုင် အရှိတရား
Laura Gomez
အဲလ်ဗစ် ပရက်စ်လေတို့လိုပေါ့
ဦးသိန်းတန်လည်း နှစ်သက်သလို ဆင်ယင်ထုံးဖွဲ့ပါစေ
မျက်ရည်ပေါက်ကြီးငယ်ကျရတဲ့
စစ်ပွဲကြီးငယ်တွေ ဆင်နွှဲနေတာမှမဟုတ်တာပဲ
ကွန်ဂရက်ကျူလေးရှင်းပါ အန်ကယ်
ကျနော်တို့ကတော့ မ (No) ရက်ပါဘူး။

ဘယ်သူ့ဘယ်သူမှ ဂိုးမသွင်းနိုင်သေးခင်လေးမှာပဲ 
လက်ပွေ့သတင်းစာသည်က အော်တယ်
“Sanction တွေ ရုပ်ပြီ၊ သိမ်းပြီ
ခရိုနီတွေအတွက် ရေကြည်တွေထွက်နေပြီ” တဲ့
ခမျာများ ပြောပါတယ်
ဒင်းတို့ဆင်းသွားတာပဲကောင်းတယ်ဆိုတဲ့ နင်းပြားတွေ
ဂိုးပေါင်းလည်း မထိ၊ Focus လည်း မမိနဲ့ 
နောက်ဆုံးတော့လည်း အသင်းကြီးပဲ စားသွားတာပါပဲ။

ကျွဲပခုံးထနေသူတွေက ပြောတယ်
“ကျုပ်တို့ကတော့ ထမ်းတင်ပေးလိုက်ကြတာပဲ”တဲ့
ထာဝရဘုရားသခင်
ထွန်ယက်စိုက်ပျိုးရာမြေကြီးအား
စေတန်တို့ရန်မှ ကာကွယ်ပေးတော်မူပါ
ကျောတခင်းစာ အခန်းကျဉ်းငယ်အား
ဘူဒိုဇာလက်မှလွတ်ကင်းအောင် ဆောင်ကြဉ်းတော်မူပါ
ဤအိမ်ပေါ်၌ ကောင်းချီးမင်္ဂလာရောက်စေသောဝ်၊ အာမင်။

ဆယ်တန်းကျောင်းသားများစကားနဲ့ဆိုရင်တော့ မေးခွန်းသတ်တာပေါ့
အစိုးရကိုရော မပြောတော့ဘူးလားတဲ့
နေပြည်တော်နောက်ခံနဲ့ဆွဲထားတဲ့ရှုခင်းပဲ
အစိမ်းတော့ နည်းနည်းကဲပေမပေါ့
ငြိမ်းချမ်းရေးလည်း ဆွေးနွေးတာ ဆွေးနွေးပါ
တိုင်းရင်းသားအရေးလည်း ဆွေးနွေးတာ ဆွေးနွေးပါ
ဘာပဲဖြစ်ဖြစ်
နှစ်သစ်မှာ စစ်မဖြစ်ရင်ကိုပဲ တော်လှပါပြီ။

မပြောမဆိုနဲ့ တောခိုသွားခဲ့ကြသလိုမျိုး
ပြန်လာတော့လည်း တိတ်တိတ်ဆိတ်ဆိတ်ပါပဲလား သားရယ်တဲ့
ဟုတ်တယ်အမေ
ကောင်းကင်မှာ ပန်းဝင်ခွင့်မရတဲ့ အမြင့်ပျံငှက်တွေပါ
ကိုယ့်အိမ်ကိုယ် တစိမ်းတရံဆန်ဆန် ပြန်ခဲ့ကြတယ် 
နှစ်ဆယ့်ရှစ်နှစ်စာ အိပ်မက်တွေအတွက်
နှစ်ဆယ့်ရှစ်ရက်စာ ဗီဇာတရွက်က
ကျနော်တို့ ရရမယ့် ဆုတဲ့လား
အိပ်မက်တွေ လက်ဖဝါးထဲ တင်းတင်းဆုပ်ထားလျက်ပေါ့ ။ ။

အောင်မော်ဦး
၃၁၊ ဒီဇင်ဘာ၊ ၂၀၁၆။
လမ်း
mulpix.com
အဝေးကြီးက
လာခဲ့မိသလိုပဲ
အားတွေလျော့ပြီးမောလာတယ်
တလွှာချင်းပြန်ရေတွက်ကြည့်တော့
ဖုန်းသံလေးတွေ
တတီတီမြည်လာတယ်
ဘဝတဲ့......
သုညလက်ဖဝါးမှာ
ဝလုံးလေးရေးမိတဲ့ ပုံပြင် ။  ။

ကေဇော်မိုး

Comments