Sunday, November 27, 2016

Mimi Thaw

သစ်ခက်သံလွင် အက်ဆေး၊ မောင်နောင်မွန်ရဲ့ " ရေတိမ်နစ် အညွန့်တုံးနေတဲ့ ငါးတကောင်အကြောင်း"



ရေတိမ်နစ် အညွန့်တုံးနေတဲ့ ငါးတကောင်အကြောင်း
မောင်နောင်မွန်
Pinterest
မှန်ရေကန်ရဲ့ရေပြင်ထက်ကိုနှာပေါက်လေးပေါ်ကာ လေရှုသွင်းလိုက်တာကိုက ကျနော်အတွက် အင်မတန် အဓိပ္ပာယ်ပြည့်ဝနေတယ်။ ကျနော်ရဲ့ကိုယ်ထည်လေးရှည်မျောမျောနဲ့ အမြီးလေးလှုပ်ယမ်း လိုက်ပုံကို က မြင်သူငေးလောက်အောင် လှပခဲ့တယ်။ အရင်ကပါ။ ခုတော့ ဒါတွေက ရေအိုင်ထဲက လရိပ်ပမာလို ပါးစပ်အဟောင်းသားနဲ့နားထောင်နေရတဲ့ အိပ်ရာဝင်ပုံပြင်လို ဖြစ်သွားတာ အတော်ကြာရောပေါ့။

တကယ်ဆို ကျနော်က အသက် သိပ်မကြီးသေးပါဘူး။ လူတွေလိုပညတ်ခေါ်ဝေါ်မှုအရဆိုရင်တော့ အခုမှ လူလတ်ပိုင်းလောက်သာ ရှိဦးမယ်ပေါ့။ ဒါပေမဲ့ ကျနော့်မှာ ခြေကုန်လက်ပန်းကျနေတာ အတော်ကြာနေ ခဲ့ရ။ ရေနည်းတဲ့ကြာပင်လေးလို။

အခုတော့ ကျနော့်ခမျာ အခြားကောင်တွေ ကိုယ်လုံးလေးတချက်နှစ်ချက်လှုပ်လိုက်ရင်ကို အပေါ်ရောက်နိုင် တာကို ဒီမှာအားတွေအတော်သွင်းရင်း တကုတ်ကုတ်တက်နေရတော့ တာ။ ရေထဲမှာချွေးတွေတစီးစီး ကျနေတာ သေချာကြည့်ရင် မြင်နိုင်လောက်တယ်။ ခုဆို ဒီကိုယ်လုံးနဲ့ကိုယ်ထည်က တစက်မှ ပနံ မတင့်တော့ ဟန်ချက်မညီတော့။ 
ဟုတ်ကဲ့ပါ။ ကျနော်လေ ရေထဲမှာနေတဲ့မျက်လုံးပြူးပြူး ငါးတကောင်ရယ်ပါ။ သူများတွေမျက်လုံးပြူးတာ ကြည့်ကောင်းပေမယ့် ကျနော်ပုံက ကြိုးဆွဲချသေပြီး ပုပ်ပွနေတဲ့ လူသေအလောင်းကောင်လို အကျည်းတန် လွန်းနေခဲ့။
သို့သော် ကျနော်လိုကောင်ကို နိမိတ်ကောင်းတယ်ဆိုပြီး အလှမွေးထားတဲ့သူတွေလည်း ရှိလေသေးရဲ့။ ဒီတော့ ကျနော်က ရေကန်ထဲ တနည်းအားဖြင့် အောက်စီဂျင်ပိုက် သွယ်တန်းထားတဲ့ မှန်ကန်ထဲက အလှမွေးငါးတကောင်သာ။
အစားချိန်အစာ ပုံမှန်ကျွေးပါရဲ့။ ပြီးတော့ သန္တာကျောက်တန်းတွေနဲ့ အလှဆင်ထားတဲ့မှန်ကန်ထဲမှာ ကျနော့် ကိုမြင်နေရတော့ အခြားငါးတွေကတော့ ကျနော်ဟာ အလွန်ကံကောင်းလှပါကလားလို့ ထင်ကောင်း ထင်နေနိုင်တယ်။
တကယ်က ကျနော်ဟာ ရွှေရည်စိမ်လွတ်လပ်ရေးရထားတဲ့ အထီးကျန်ငါးတကောင်သာ။ ငါးမှန်းသိတတ်စအရွယ်ကတည်းက တကောင်တည်း ဒီမှန်ကန်ထဲမှာ ရှင်သန်နေခဲ့ရတဲ့ 

ကျနော်အတွက်တော့ သေလည်းတကောင်တည်းဆိုတာ လက်မခံလည်း ဒါဟာ လိပ်စာအတိအကျနဲ့ ကျနော့်ဆီ မလွဲမသွေရောက်ရှိလာမယ့်အမှန်တရားတခုသာ။ 

ကိုယ့်အဖြစ်ကိုယ်ပြန်ဆန်းစစ်တော့ ၂၁ ရာစုရဲ့ အခွင့်အရေးပေါင်းစုံအော်ဟစ်တောင်းခံနေတဲ့ခေတ်မှာ ကျနော်လိုကောင်အတွက် ဟစ်တိုင်အဖြစ် ရင်ဖွင့်စရာတနေရာရာဟာ ဘယ်ဆီမှာမှန်းမသိ။ ဘယ်မှာမှ မရှိ။
ကိုယ့်အသက်ရှုခွင့်ကိုက ဘယ်အချိန် ရပ်တန့်ခံရမှန်းမသိသေးတဲ့အခြေအနေမှာ ကျနော့် မျိုးနွယ်စဉ် ဆက် ဆွေမျိုးတွေအကြောင်းဆိုတာဟာ ကမ္ဘာမီးလောင် သားကောင်ချနင်းသလိုပါပဲ။ 

ကမ္ဘာကြီးကိုဒဏ်ရာဒဏ်ချက်တွေများနေတော့ ကျနော်တို့ဆိုတာ ဘာမှန်း ဘယ်ဆီမှန်းမသေချာ မရေ ရာတော့။
ခေတ်မီဆေးပညာတိုးတက်လာတာနဲ့အမျှ ခေတ်မီရောဂါဆန်းတွေက အပြိုင်တိုးတက်လာတော့လည်း အခက်သားရယ်။ အသက်ဇီဝဖြစ်တည်မှုနဲ့သေဆုံးမှုတို့မှာ အကြင်နာမေတ္တာတွေ အစား ငွေကြေး ပကာသနတွေက အစားထိုးလာတယ်။
နှလုံးသားမှာခံစားတတ်မှု ဒြပ်ထုအစား ငွေကြေးတွေ သိပ်ထည့်ခဲ့တယ်။ ကိုမာရောဂါသည်တယောက်လို အသက်ရှုနေရတာဟာ အဓိပ္ပာယ်မရှိတော့လည်း ဘေးနားက အသိုင်းအဝိုင်းတွေအတွက်တော့ မျှော်လင့် ချက်ရောင်နီ အလွန်သန်းနေပြန်ရော။ တခါတလေ အသက်ဓာတ်ဆိုတာ ဘာလဲ တွေးမိနေသေးတယ်။ 

ခံစားမှုကိုအသက်လိုခေါ်တာလား။ လေဝင်လေထွက်ရှိနေတာကိုက အသက်ရှိတယ်လို့ ခေါ်တာလား။ သတ်မှတ်ချက်တွေကိုက တခါတလေ ဗြောင်းဆန်နေခဲ့တယ်။ အမှောင်ကိုညခေါ်တာလား။ အိပ်စက်ခြင်းကို ညခေါ်တာလားတွေးမိတယ်။ ကျနော်ရဲ့မှန်ရေကန်လေးက နေရောင်ခြည်မဝင်တော့ ကျနော့်အတွက် ညက ကျနော့်မျက်လုံးမှိတ်ချိန်သာ။
လောလောလတ်လတ်ခံစားချက်ကတော့ ဘေးနားကရေကန်က တိုက်ငါးကလေးများရဲ့ဘဝကိုသာ။ သူက လှတယ် ငယ်တယ်။ သို့သော် ကြောက်ဖို့လည်း ကောင်းတယ်။ 

သူရဲ့ရုပ်ရည်နဲ့အလှကိုကြည့်ချင်သူတွေများလှပါတယ်။ ဒါပေမဲ့ သူကိုက်လို့ တုံးတိတိဖြစ်နေတဲ့ အမြီးနဲ့ ရေ ယက်ကိုအားပြုရင်း အသက်လုပြေးနေရတဲ့ တခြားတိုက်ငါးတကောင်ကိုတွေ့လိုက်တဲ့အခါ ပင်ပန်းဆင်းရဲမှု ကို မြင်တွေ့ရသလိုပါပဲ။
သူ့အကိုက်ခံရတဲ့ ငါးက ကျနော့်လိုပင် ရေပြင်ပေါ်ကို တကုတ်ကုတ်တက်နေရရှာတယ်။
ဘ၀ဆိုတာ ရုန်းကန်ရှင်သန်ခြင်းပဲ မဟုတ်လား။ 

ဘေးနားကန်က ဒဏ်ရာရတိုက်ငါးနဲ့ ကျနော်ဟာ အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေရသူချင်း အတူတူပါပဲလေ။ ကျနော်တို့ဘဝတွေက ငါးဖြစ်သော်လည်း ရေနစ်နေတဲ့ငါးများ။ 

ဒီဘဝကိုစွန့်ခွာသွားဖို့ကလည်း သံယောဇဉ်မပြတ်သေး။

ကျနော် အားယူရင်း မှန်ရေပြင်ပေါ်သို့ တဖြည်းဖြည်းတက်လိုက်ပါတယ်။ နှာပေါက်လေးဖော်ကာ လေကို အားရပါးရ ရှုရှိုက်လိုက်ပါရဲ့။ 

မှန်ရေကန်ထဲတကောင်တည်း ဟိုပတ်ဒီပတ်နဲ့ ကူးခတ်နေရတာကိုက ကျနော့်အတွက် ဘဝအဓိပ္ပာယ်တခုဖြစ်နေတာ အတော်ကြာခဲ့ပြီ။ 

တကယ်တော့ ကျနော်ဆိုတာ အညွန့်တုံးနေသော မျက်လုံးပြူးပြူး ရေတိမ်နစ်နေရတဲ့ ငါးတကောင်သာ။

 မောင်နောင်မွန်