သစ်ခက်သံလွင် ကဗျာစင်မြင့်၊ သင်းရည်လွင်၊ ဒီလူညနှင့် မိုနေးသစ်တို့၏ကဗျာများ

ယုန်များနဲ့ နေထိုင်ခြင်း
KT#
လမ်းဆိုတာ လျှောက်ရမယ်
ဘယ်အချိန်ရောက်မယ် အချိန်ပေးမထား
သစ်ပင်တွေဆီ
ကောင်းကင်ရဲ့ တိမ်တွေဆီ
သန်းခေါင်ယံချိန် ပွင့်တဲ့ပန်းကလေးလည်း
မိုးခေါင်ခဲ့ဖူးမယ် ။

ကိုယ်စီ ကိုယ်စီ
ကြိုးတွေချည်နှောင်ခံရင်း ပျော်ကြတာ
လုံခြုံတယ်ထင်ရတာ မလုံခြုံခြင်းတမျိုး
စိတ်ချနေကြတယ်
လှည့်ဖျားခြင်းခြင်းမှာ ကျေကျေနပ်နပ်
စက္ကန့်အနည်းငယ်……
မျက်စိတမှိတ်………
ဖြစ်သွားတယ်
ဖြစ်နေတယ်
ဖြစ်နိုင်တယ်
ပုံသဏ္ဏာန် တခုခုရွေးချယ်လို့
စိတ်ချင်းဆက်သွယ်ကြတယ်
ဆန္ဒပြီးမြောက်ခဲ့တယ်
အမြဲဆာလောင်နေသူမှာ ပြီးမြောက်ခြင်းဆိုတာ
ဟုတ်ပါ့မလား
အခန်းတခုပိတ်ထားတာ
မီးအမှောင်ချထားတာ
အချိန်ကိုလှည့်စားခြင်းပါပဲ
တောအုပ်လေး အလွန်
စမ်းချောင်းလေးရဲ့ဟိုဖက်……

သင်းရည်လွင်
၂ ၀ ၁ ၆

ဓာတ်ပုံ-၁ 
KT#
ရှုခင်းတွေက စိမ်းစိုနေတာပဲ
အပြုံးတွေက စိမ်းစိုနေတာပဲ။

မလိုတော့တဲ့အခါ ဖြုတ်လို့ရတယ်
လိုအပ်တဲ့အခါ ချိတ်လို့ရတယ်။

အလင်းအမှောင်က အစပ်အဟပ်တည့်တယ်
နေ့ နဲ့ ညက အပေးအယူမျှတယ်။

ချောင်းတွေ မြစ်တွေပါတယ်
ကော့နေအောင် မီးယူထိုးထားတဲ့အင်္ကျီလေးပါတယ်။

ရွှေရောင်ဘောင်တွေကတလက်လက်
ခူးခပ်မိတဲ့ဘဝတွေက တဖဲ့ဖဲ့။

အဲ့ဒီတုန်းက
ကျုပ်ဖြင့် လူသေတယောက်လို မလှုပ်မယှက်

အဲ့ဒီတုန်းက
ကျုပ်ဖြင့် ပြောသမျှ လုပ်ရတာပဲ

ခုတော့
ဓာတ်ပုံထဲမှာ လှလှကြီးနဲ့ခံ့ခံ့ကြီး။  ။


ဒီလူည

တကြောင်းစာလောက်ပဲ
KT#
မီးခွက်ထွန်းပေးပါ
ဖယောင်းတိုင်ထွန်းပေးပါ
အလင်းရှာပေးပါ
အရိုးများတဲ့ ကမ္ဘာမှာ
ပြတင်းပေါက်
အောက်မှာ
ထိုင်နေပေမယ့်လည်း
ခန်းဆီးစကို
မတွေ့မမြင်နိုင်ဘူး
သစ်သားကို
ဖောက်ရတော့မယ်
သံချောင်းတွေကို
ကွေးညွှတ်ရတော့မယ်
တဖြည်းဖြည်းနဲ့
အမြစ်တွေချလို့
ကျောက်သားပေါ်
မပေါက်ရောက်နိုင်ဘူးလေ
ပစ်ကွင်းကနေ
နှစ်ကြိမ်တိုင်တိုင် ခုန်ရှောင်နိုင်ခဲ့
ပြီးပါပြီ
နောက်တကြိမ်ဟာ
မသေချာတော့ပါဘူး
ဘယ်သူပစ်ချသွားမှန်းမသိတဲ့
အမှိုက်တွေ
စကောတွေနက်နေတယ်
မီးတွေအေးနေတယ်
လိုအပ်ရင်
ကမ်းပါးကနေခုန်ချရဲရမယ်
လူဟာ
တွေးခေါ်မှုသတ္တ၀ါ
အတည့် ကို ပြောင်းပြန်မြင်ရင်မြင်မယ်
ပြောင်းပြန်ကို
အတည့်မြင်ရင်မြင်နေမယ်
ချည်အိမ်ကိုရက်လုပ်ပြီးခဲ့ပါပြီ
ပိုးအတုဖြစ်နေတော့ရော
ပိုးအစစ်ဖြစ်နေတော့ရော
ခိုင်ခံ့တဲ့ အာရုံတွေထဲမှာ
အနံ့ခံကောင်းတဲ့
ရနံ့တွေ မဆိုနိုင်တော့တာ
ကွင်းပြင်တခုတည်း
မကတော့ပါဘူး
နေတတ်သလိုနေနေရင်းနဲ့ပဲ
တခုစာဟာ
တခုစာလောက်ပဲ
တခြမ်းစာဟာ
တခြမ်းစာလောက်ပဲ
လေးလံသင့်ပါတယ်
ပိတ်ဆို့နေကျ တေးတွေ
တပုဒ်ပြီးတပုဒ်
အကူအညီ
မလိုပါဘူးဆိုတဲ့
ဘူးစင်လေးမှာ
ဖရုံနွယ်တွေအဆင်သင့်တက်နေလိုက်တာ

မိုနေးသစ်

Comments